“ဝါးးးးး…”
စုရှောင်ရှန် ပြူတင်းပေါက်ကိုဖွင့်လိုက်သောအခါ နေရောင် ဖြာကျလာခဲ့သည်။
ထို့နောက် အညောင်းအညာပြေအောင် အကြောဆန့်လိုက်ရာ ပဲများကြော် နေသလို တဂျွတ်ဂျွတ်မြည်သံများထွက်လာ၏။
“ကောင်းလိုက်တာ”
အိပ်ယာထက်တွင် လူသေကောင်ကြီးလို နှစ်ရက်တာ လဲလျောင်းနေပြီးနောက်မှာ စုရှောင်ရှန် တဖန်ပြန်ပျော်ရွှင်လာခဲ့သည်။
တောင်အောက်ဆင်းဆင်းလာချင်းကို ပြဿနာများဖြင့်ရင်ဆိုင်ရသောကြောင့် အဓိက မူရင်းလာရခြင်း၏ရည်ရွယ်ချက်ကို နှောင့်နှေးခဲ့ရသည်။
စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ်နားရက်ပေးလိုက်ပြီး ဖင်ဘူးတောင်းထောင်အိပ်တော့သည်။ ယခု ပြန်ထိုးထလာသောအခါ သူ့မူလနန်းတော်အလယ်ပိုင်းကျင့်ကြံမှု တည်ငြိမ်သွားတာတွေ့ရ၏။
လမ်းအသွယ်သွယ်တို့က လူများ သွားလာလှုပ်ရှားမှုတို့ဖြင့် စည်ကားသိုက်မြိုက်နေခဲ့သည်။ သူသာ ပြဿနာမရှာရင် ကမ္ဘာကြီးက ပုံမှန်အတိုင်းလည်ပတ်ပေသည်။
“ကဲ… အလုပ်စဖို့ အချိန်ကျပြီ”
မှော်ဆေးပညာရှင်တံဆိပ်ပြားကို သွားယူဖို့အချိန်ကျလေပြီ။ ထိုပစ္စည်းဖြင့်ဆို အနည်းဆုံးတော့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို သက်သေပြနိုင်ပေမည်။
၎င်းကို ကုန်ဖလှယ်ရာမှာလည်းကောင်း၊ အပေးအယူလုပ်ရာမှာလည်းကောင်း အသုံးပြုန်ိုင်သည်။
ရှန်းရှန်ကုန်းမြေကြီးတွင် မှော်ဆေးပညာရှင်များက အင်မတန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြ၏။ ပိုဆင့် အဆင့်မြင့်သော မှော်ဆေးပညာရှင်ကြီးများဆိုလျှင် လူတိုင်း၏ လေးစားခြင်းကိုခံရသည်။
ခရီးသွားနေရင်းနှင့် ထိုတံဆိပ်ပြားကို သူ့နဖူးမှာ ကပ်ထားမယ်ဆိုရင် ပင်ကိုယ်မှတ်များဘယ်လောက်ရလိမ့်မလဲ စုရှောင်ရှန် သိချင်မိသည်။
ပြူတင်းပေါက်ကိုပြန်ပိတ်ပြီးတော့ အိပ်ယာကြီးကိုကြည့်လိုက်၏။
“ကောင်လေး။ မင်းသေးသေးလေးလုပ်လို့ရလား”
အလိုရမက်လေးက အလွန်မျက်စိ ပဒါသဖြစ်စေသည်။ ၎င်းက ကိုယ်ပျောက်နေတယ်ဆိုပေမယ့် တစ်ယောက်ယောက်မြင်နိုင်သွားရင် ဘယ်နှယ့်လုပ်မတုန်း။
ထိုကြောင်ဖြူကိုမြင်နိုင်သောသူများက အများသူငှာထက် တမူထူးခြားသောသူများသာ ဖြစ်ကြချေသည်။ သို့ဆိုလည်း အခြားတစ်ဘက်က စုရှောင်ရှန်ကို ဘယ်လိုထင်လိမ့်မည်နည်း။ မလိုအပ်သည့် အာရုံစိုက်ခြင်းကို သူမခံချင်ပါပေ။
“ညောင်”
စုရှောင်ရှန်၏ အမေးကို ကြောင်ဖြူလေးက ညောင်သံပေးပြီးနောက် သူ၏ ပုခုံးအထက်ကို ခုန်တက်လိုက်၏။
သူတို့နှစ်ယောက် နှစ်ရက်တာမျှ ကုတင်တစ်ခုပေါ်တွင် အတူအိပ်ခဲ့လေရာ နှစ်ယောက်အကြားရင်းနှီးမှုက တိုးတက်လာခဲ့သည်။
သူ့တွင်ရှိသော ကလေးနှစ်ကောင်မှာ တစ်ကောင်က “မေမေ” လို့သာ ပြောတတ်ပြီး နောက်တစ်ကောင်က “ညောင်” ဟုသာ အသံပြုတတ်သည်ကို တွေးမိသောအခါ စုရှောင်ရှန် ခေါင်းကိုက်သွားသည်။
“မင်းသေးသေးလေးဖြစ်အောင်လုပ်လို့မရဘူးလား”
ဤမေးခွန်းအတွက်ကို အဖြေရှိလျှင် ကြောင်ဖြူလေးက တစ်ခုခုလုပ်ပြပေမည်။ ၎င်းက ပြီးခဲ့သည့်နှစ်ရက်အတွင်းမှာ သူသိရှိခဲ့သည့်အရာဖြစ်သည်။
ဥပမာအားဖြင့် သူက “ရေသောက်ချင်လား” မေးလျှင် ကြောင်ဖြူလေးက မတုန့်ပြန်ချေ။
ထိုအစား “နို့သောက်ချင်လား” ဟုမေးလျှင် ကြောင်ဖြူလေးက ခုန်တက်လာပြီး အသက်စွမ်းအင်များကို အငမ်းမရ စုပ်ယူတော့သည်။
ယခု ကြောင်ဖြူလေးက ဘာမှ တုန့်ပြန်ခြင်းမရှ်ိလေရာ ကိုယ်ကို သေးအောင်မလုပ်နိုင်ဟု တွက်ဆလိုက်၏။
“ကျဲလိုလည်း အရာအားလုံးက သေးအောင်၊ ကြီးအောင် လုပ်လို့မှ မတတ်တာ။ ဒီကောင်က လိုချင်တဲ့ပုံအမျိုးမျိုးတောင်ပြောင်းနိုင်သေးတယ်”
ကျောက်ထန်းထန်းနှင့် ရှင်းကုကုတို့ကို မြင်ယောင်မိပြီး ကြောင်ဖြူလေးကိုလည်း သူ့ကိုယ်အတွင်းသို့ ထည့်နိုင်မလား စုရှောင်ရှန် အတွေးရသွား၏။
ဘယ်လိုထည့်မယ် ဘယ်ညာထည့်မယ် သူမသိနိုင်ပေမယ့် ကြောင်လေးကတော့ သိနိုင်လိမ့်မည်ဟု ကြံဆလိုက်သည်။
သို့ဖြင့် ရင်ဘက်အင်္ကျီကြယ်သီးကိုဖြုတ်ကာ ကြောင်လေးကို စုရှောင်ရှန် ဖိတ်ခေါ်လိုက်သည်။ “၀င်ချင်လား”
ကြောင်ဖြူလေး လန့်ဖျပ်သွား၏။ ထို့နောက် ၎င်း၏ ခရမ်းရောင်မျက်၀န်းများအတွင်း၌ ပျော်ရွှင်မှုအရိပ်အယောင်တို့ပေါ်လာခဲ့သည်။ သတ္တဝါလေးက မယုံကြည်နိုင်သောဟန်ပန်ဖြင့် “ရလို့လား” လို့ မေးနေသယောင်ယောင် သူ့ကိုကြည့်လိုက်သည်။
စုရှောင်ရှန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“လာပါ”
ရွှစ်…။
၀င်ခွင့်ရပြီးသည်နှင့် တစ်ပြိုင်နက် စုရှောင်ရှန် သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာကြောက်ရွံ့သည့်အလား ကြောင်ဖြူလေး သူ့ဖူးအတွင်းကို ခုန်၀င်လိုက်သည်။
စုရှောင်ရှန် မှင်တက်သွား၏။ သူမတုန့်ပြန်လိုက်နိုင်ခင်မှာ သူ့မူလနန်းတော်ကို တစ်ခုခုက ထိုးဖောက်၀င်ရောက်နေသလို အာရုံခံမိပြီး နာကျင်မှုကို ခံစားလိုက်ရသည်။
ဟူးးး…။
စုရှောင်ရှန် အသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်သည်။ ကြောင်ဖြူလေး သူ့ကိုယ်အတွင်းသို့ ၀င်သည့်နည်းလမ်းက သူထင်ထားတာနှင့် တခြားစီ ကွဲပြားနေ၏။
“ဒီကောင်ငါ့ မူလနန်းတော်ထဲကို ၀င်သွားတာလားဟ”
စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်အတွက် မူလနန်းတော်မှာ အင်မတန် အဖိုးတန်သည့်အရာဖြစ်သည်။ ထိုနေရာသာ တစ်ခုခုထိခိုက်ပျက်ဆီးသွားတာဘာညာဆိုရင် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ရင်းမြစ်ကလည်း ထိခိုက်သွားနိုင်သည်။
ထိုတွင် အနည်းဆုံး ကျင့်ကြံသူတစ်ယောက်က မသေလျှင် သတိတော့မေ့မျောသွားတတ်ကြ၏။
သူ့မူလနန်းတော်အတွင်းကို စုရှောင်ရှန် စိတ်ဝိညာဉ်အာရုံပို့လိုက်သည်။
ထိုနန်းတော်အတွင်း၌ ဘာမျှ မရှိခြင်း၊ ဖရိုဖရဲဖြစ်ခြင်းတို့ကြီးစိုးနေပြီး ထိုထဲက လေမထန်၊ လှိုင်းမရှိ ပင်လယ်အတွင်းတွင် ကြောင်သေတစ်ကောင်ပေါလောပေါ်နေတာကိုတွေ့ရသည်။
“ဘာဖြစ်နေတာလဲ”
အဘယ်ကြောင့် ကြောင်ဖြူလေးက မ၀င်ခင်ကလို စိတ်လှုပ်ရှားမှုမရှိတော့ဘဲ အားအင်တွေကုန်ခမ်းသွားသလို မလှုပ်မယှက်လှဲလျောင်းနေရတာလဲဟု စုရှောင်ရှန် ကြောင်အသွား၏။
ထိုမှ သေချာစစ်ကြည့်သောအခါ ကြောင်ဖြူလေး၏ မျက်၀န်းများက မျက်ဖြူများလှန်နေပြီး ပါးစပ်မှလည်း အဖြူရောင်အမြှပ်များ အဆုံးမရှိသလို အဆက်မပြတ်ထွက်နေတာတွေ့ရသည်။
ဒီမှာအရေးကြီးတာက ဘာကြောင့် ဒီသတ္တဝါလေးက အမြှပ်များကို အဆုံးမရှိအောင် ထုတ်နေရသနည်း။ စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ အသက်စွမ်းအင်ရင်းမြစ်က မူလနန်းတော်က မြစ်ဖျားခံကာ လာသည်။ ၎င်း၏ အရေးပါမှုသည် အပြင်ပန်းခန္ဓာကိုယ်နှင့် ထူးမခြားနားဖြစ်သည်။
အရည်အသွေးအရ ပြောပါဆိုလျှင် သက်ရှိခန္ဓာကိုယ်ထက်တောင် အသက်စွမ်းအင်က ပို၍ သန့်စင်၏။ သို့ဆိုလျှင် ကြောင်ဖြူလေးက ယခုအချိန်မှာ ခုန်ပေါက်မြူးတူးနေရမှာမဟုတ်ဘူးလား။
မကြာခင် တစ်ခုခု မူမမှန်တာ စုရှောင်ရှန် တွေ့လိုက်ရ၏။
သူသာမန်သာဟု တွက်ထားသည့်အရာက အခြားအရာများအတွက်တော့ ကြောက်မက်ဖွယ်ရာ တည်ရှိမှုကြီးဖြစ် နေပေသည်။
၎င်းက အဆုံးမဲ့သော ကောင်းကင်ပြင်မှာ ဝဲနေသည့် အနီရောင်ဖန်သားပြင်ကြီး ဖြစ်သည်။
မီးခိုးမြူပုံရိပ်၏ စွမ်းအားကြီးလှပါသည်ဆိုသည့် နတ်နဂါးကြီးလည်း သူ၏ မူလနန်းတော်အတွင်းသို့၀င်လာသောအခါ အကြမ်းပတမ်းဖိနှိပ်ခံခဲ့ရလေသည်။
ထို့နောက် ဟင်းသီးဟင်းရွက်လို အပိုင်းပိုင်းခုတ်ထစ်ခံရ၏။
သို့ဖြင့် နဂါးကြီးသာမဟုတ် ဤကြောင်လေးလည်း အလားတူ ဖိနှိပ်ခံထားရသည့်ပုံရသည်။
စုရှောင်ရှန် အံ့ဩဘနန်းဖြစ်သွားတော့သည်။
“ဆိုတော့ အပြင်ဘက်က ဘာကောင်ကြီးလာလာ ငါ့မူလနန်းတော်ထဲရောက်ရင် ဖိနှိပ်ခံမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးပေါ့”
သူ့တွင်ဤသို့ အံ့ဘွယ်သရဲ စွမ်းပကားမျိုးရှိတာ တကယ် ကောင်းပေသည်။
အခြားသူများကိုသူ့မူလနန်းတော်ထဲအတင်းဆွဲသွင်းနိုင်သည့် နည်းလမ်းများရှိလို့ သူတို့ရောက်လာပြီဆိုရင် ပြန်ထွက်သွားသည့်အခါ အရူးများဖြစ်သွားကြမလား၊ ဒါမှမဟုတ် ဘယ်တော့မှ မထွက်သွားနိုင်တော့ဘူးလား စုရှောင်ရှန် စိတ်ကူးယဉ်ကြည့်လိုက်သည်။
“အဲ့လိုသာဆိုရင်တော့ ဒါက နတ်ဘုရားလက်နက်တစ်ပါးပဲ”
စိတ်လှုပ်ရှားသွားပြီးနောက် ခဏကြာမှ ပင်ကိုယ်စနစ်ဆိုတဲ့ နာမည်အတိုင်း တစ်ယောက်ယောက်ကို သူ့ဘက်က မူလနန်းတော်အတွင်း ထည့်လို့မရတာ သိမှ စိတ်ပြန်လျော့လိုက်၏။
“ကြည့်ရတာ အနီရောင်ဖန်သားပြင်ဒီမှာရှိနေရတဲ့ရည်ရွယ်ချက်က အပြင်ဘက်က မကောင်းတာတစ်စုံတစ်ခု ကျူးကျော်လာမှာကို တားဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ရမယ်။ တစ်ယောက်ယောက်က ငါ့ခန္ဓာကိုယ်ကိုလိုချင်တာ ဒါမှ မဟုတ်အခြားသူတွေက ငါ့အသိစိတ်ထွက်သွားအောင်ဖိအားပေးလာတာဆိုရင်…”
နောက်ဆုံးတော့လည်း စုရှောင်ရှန် ခေါင်းခါရမ်းလိုက်ပါသည်။ ထိုသို့ဖြစ်လာရင် သူ့မှာ ရှောင်လွှဲနိုင်သည့် နည်းလမ်းမရှိချေ။
ယခု သိပြီဆိုမှတော့ နောက်တစ်ခါ စိတ်ပိုင်းဆိုင်ရာ နည်းစနစ်တွေကို ကျင့်ကြံထားတဲ့ သူတွေကို တွေ့ရင် ဝေးဝေးရှောင်ရပေမည်။
“ရှောင်မရလို့ ဖြစ်လာခဲ့ရင်တောင် ငါရှုံးဖို့ဆိုတာက…”
သူ့ဝိညာဉ်ရင်းမြစ်ထိခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် စုရှောင်ရှန် ပြုံးလိုက်၏။ အာဂသတ္တိရှိပါတယ်ဆိုတဲ့ သူတွေ လာစမ်းရဲရင်တောင် သူတို့ပဲ ဒူးထောက်ကျသွားကြရမည်။
“ညောင်”
ညောင်တစ်ကောင်၏ ဖျော့တော့တော့ ညောင်သံထွက်လာပေမယ့် စုရှောင်ရှန် ဂရုမထားချေ။ မိစ္ဆာသားရဲကို သူအကျွင်းမဲ့ယုံကြည်ဖို့က မဖြစ်နိုင်ပါ။ ၎င်းက ဒူးထောက်ထားမှတော့ ဒီတိုင်းဆက်ထားလိုက်ရုံပေါ့။
သို့ဆိုလျှင် သူ့ကို ပြဿနာလည်း မရှာပေးနိုင်လောက်တော့ချေ။
ထို့အပြင်ကို ဤနေရာတွင် အသက်စွမ်းအင်များက အင်မတန်သိပ်သည်းလှတာကြောင့် ကြောင်ဖြူလေးပို၍ မြန်ဆန်စွာ ဆင့်ကဲတိုးတက်လာနိုင်ပေလိမ့်မည်။
“ငါပေးနိုင်တာ အကုန်ပေးပြီးပြီ။ အလိုရမက်လေးရေ ဒီမှာ စောင့်နေနော်။ မကြာခင် နေသားကျသွားရင် ထရပ်လာနိုင်မှာပါ”
“ညောင်”
ကြောင်ဖြူလေး ခေါင်းမော့လိုက်သည်။ ၎င်း၏ ခရမ်းရောင်မျက်၀န်းများက နာကျင်မှုများဖြင့်ပြည့်နေပြီး “ထွက်ခွင့်ပေးပါ” ဟု ပြောနေသယောင်ယောင်။
ကြောင်ဖြူလေးက ၎င်း၏ နူးညံ့သော လက်ကလေးကိုမြှောက်ပြီး စုရှောင်ရှန်ကို ယှက်ပြ၏။
စုရှောင်ရှန် က ရယ်မောလိုက်ပြီး ဆိုလိုက်သည်။ “ဒီမှာ ကြိုက်သလောက် အသက်စွမ်းအင်တွေကို စုပ်ယူလို့ရတယ် အဲ့အရာကိုဘဲ သွားမထိမိစေနဲ့”
စုရှောင်ရှန်သူ၏ ဝိညာဉ်ရင်းမြစ်ကို လက်ညိုးထိုးပြလိုက်ပြီးတော့ အကြံပေးလိုက်သည်။ “အနီးတောင်မကပ်မိစေနဲ့။ မင်းဘက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သွားကပ်မိရင်တော့ သေမှာပဲ။ အဲ့တော့ အကျိုးဆက်တွေပြင်းထန်တယ်ဆိုတာ မမေ့ပါနဲ့။ ဒီနေရာနဲ့ နေသားကျလာရင်တော့ သူ့ဟာသူအဆင်ပြေသွားမှာပါ”
“ညောင်”
ကြောင်ဖြူလေး၏ မျက်၀န်းများက နောင်တတရားများကို ဖော်ပြနေသည်။ ထပ်မညောင်နိုင်ခင်မှာပင် စုရှောင်ရှန်က အသက်စွမ်းအင်တွေကို ထိန်းချုပ်ပြီး စုစည်းလိုက်ရာ ကြောင်ဖြူလေး တုန်တုန်ရင်ရင်နှင့် ပြန်သတိမေ့သွားခဲ့သည်။ ၎င်း၏ မျက်နှာက ပျော်ရွှင်မှုတို့ကို အထင်းသားပြသနေ၏။
“ကောင်းကောင်းကြီးထွားလာပါ။ နောက်တစ်ခါထပ်တွေ့ရင် ငါ့ကို အံ့ဩစရာကြီးတစ်ခုခုပေးပေါ့”
သို့ဆိုပြိး မူလနန်းတော်အတွင်းမှ ပြုံးလျက် စုရှောင်ရှန်ထွက်လာခဲ့၏။
ကြောင်ဖြူလေးက သူ့အတွက်တော့ ကျောက်ထန်းထန်းတို့ကို အရေးကြီးသည့်အခိုက်မှာ ခေါ်လို့ရသည့် ဆက်သွယ်ရေးပစ္စည်းလေးသာသာ ဖြစ်သည်။ မိစ္ဆာသားရဲများ မွေးမြူရန် ရည်ရွယ်ချက်မရှိချေ။
သို့ပေမယ့် ကိုယ်လုပ်တာကိုယ်ရှင်းပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်သည့် သားရဲဆိုရင်တော့ သူ့ဘက်ကလည်း ငြင်းဆန်လိမ့်မည်မဟုတ်။
“ဆိုတော့ကာ…”
မုကျစ်ရှီ၏ အခန်းရှေ့ကို ရောက်လာပြီး တံခါးကို သာသာလေးခေါက်လိုက်သည်။
“ထတော့။ အလုပ်စမယ်”