ကျန်းထိုက်ယင်၏ လက်ကောက်၀တ်ကို လှုပ်ခါနေသော အပြုအမူကိုမြင်လျှင် အိမ်တော်ထိန်း လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားခဲ့၏။
သူ၏ အသံက တည်ငြိမ်ပြီး စိတ်ခံစားချက်များ နေရာတကျ ရှိနေဟန်ပေါက်သော်လည်း ကိုယ်ဟန်အပြုအမူကတော့ တစ်စုံတစ်ယောက်ကိုသတ်တော့မည့်ဟန်ဖြစ်သည်။
လန်ရှင်းရှီလည်း ၎င်းကိုနားလည်သည်။ သို့ပေမယ့် လေးမှ မြှားထွက်သွားခဲ့ပြီဖြစ်ရာ သူမ ဆက်လက်၍ စကားဆိုရန်မှ တစ်ပါးမရှိတော့ချေ။
နောက်ဆုံးတော့ စိတ်အလိုကိုလွန်ဆန်၍ ခေါင်းကိုမော့ကာ အလေးအနက်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျန်းသခင်လေးလည်း ကျွန်မရဲ့ အကြံကိုသိပါတယ်”
ထို မပြောသင့်မပြောထိုက်သော နာမည်ကို ဆက်တိုက်ပြောနေတာကြောင့် ပတ်ပတ်လည်ရှိလူတိုင်း ထိုင်မရထမရ ဖြစ်သွားကြသည်။
“နင်သေချင်နေတာလား”
သူတို့ခန့်မှန်းထားသည့်အတိုင်း ကျန်းထိုက်ယင်က နက်မှောင်နေသော မျက်နှာထားဖြင့် လက်ကိုဝှေ့ရမ်းလိုက်ရာ လန်ရှင်းရှီ လွင့်ထွက်သွားသည်။
ဘုန်းဟူသည့်မြည်သံဖြင့် ခန်းမအတွင်းက ကျောက်တိုင်ကြီး အက်ကွဲလာခဲ့ပြီး သွေးသံတရဲရဲဖြင့် ပုံရိပ်တစ်ခု မြေပြင်ပေါ်ကို ပြန်ကျလာခဲ့သည်။ ထို့နောက် သွေးတစ်လုတ်အန်ထုတ်လိုက်လေသည်။
“သူတောင် ကျွန်မအကြံကို ထောက်ခံတယ်” လန်ရှင်းရှီ၏ ဖြူဖျော့သွားသော မျက်နှာက ကြမ်းပြင်နှင့် ကပ်နေသည်။ သို့ပေမယ့် သူမ၏ မျက်၀န်းများကတော့ ချွင်းချက်မရှိ ပြတ်သားမှုတို့ကို ပြသနေ၏။
ကျန်းထိုက်ယင် ဒေါသထွက်သွားပေသည်။
သူ့ဘယ်လက်ကိုမြှောက်လိုက်ရာ ကြွယ်၀သော စိတ်ဝိညာဉ်စွမ်းအင်တို့ အများအပြားထွက်လာခဲ့သည်။ ထိုမှ အိမ်တော်ထိန်းကြမ်းပြင်ပေါ်တွင် ဆက်လက်၍ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ရုန်းကန်ထလိုက်သည်။
“အရှင် မလုပ်ပါနဲ့။ ဒီလိုအချိန်မှာ သွေးလွှမ်းစေဖို့ မသင့်တော်ပါဘူး”
“ဘာကို သွေးလွှမ်းစေမှာလဲ”
ကျန်းထိုက်ယင်က သုန်မှုန်နေသော မျက်နှာထားဖြင့် လန်ရှင်းရှီ အောက်က သွေးအိုင်ကို လက်ညိုးထိုးပြပြီးဆိုလိုက်သည်။ “အဲ့မှာ သွေးတွေ မမြင်ဘူးလား”
ဘန်း…။
အိမ်တော်ထိန်းပြန်၍ ဒူးထောက်ကျသွား၏။ ၎င်းက သူအကောင်းဆုံးလုပ်သည့်အရာဖြစ်သလို ကြိုးလည်း ကြိုးစားခဲ့ပေပြီ။
ကျန်းထိုက်ယင်၏ လက်အတွင်း စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး စွမ်းအင်လုံးကြီးအဖြစ်ကို သိပ်သည်းသွားခဲ့သည်။ ၎င်းက သေးငယ်ပေမယ့်လို့ အတွင်းရှိ စွမ်းအင်များကတော့ ရုန့်ရင်းဆန်ခတ်ရှိလှသည်။
ထို့နောက် လန်ရှင်းရှီကို ကြည့်လိုက်သည်။
လန်ရှင်းရှီကလည်း အစေခံသမလေးဆိုတဲ့ အဆင့်အတန်းကနေ ရုန်းထွက်ဖို့ပြင်ထားရာ သူ့ကို မကြောက်မရွံ့ပြန်ကြည့်လိုက်၏။
“ဟာသပဲ”
အေးစက်စက်ရယ်ကာ ကျန်းထိုက်ယင် လက်ကိုလှုပ်လိုက်သည်။
ရွှစ်…။
စိတ်ဝိညာဉ်စွမ်းအင်အလုံးကြီးက လေဟာနယ်ကိုဖြတ်သန်းပြီး မျက်စိတစ်မှိတ်မတွင်း သူမ၏ အရှေ့ကို ရောက်လာခဲ့၏။
လန်ရှင်းရှီ ခုခံကာကွယ်ဖို့တောင် မလုပ်လိုက်ချေ။ သူမ၏ ကောင်းကင်ဘုံရုပ်လွှာနယ်ပယ်လေးနှင့် ကျန်းထိုက်ယင်၏ တိုက်ခိုက်မှာကို ခုခံနေလည်း အလကားသာဖြစ်ချေမည်။
ကြည်ဘုံလွှားနယ်ပယ်အထွတ်အထိပ်များတောင် ၎င်းကို ခုခံဖို့အတွက် ကြိုးစားရုန်းကန်ကြရပေမည်။
ဒီကိုမလာခင်ကတည်းက အစေခံအဆင့်အတန်းကလွတ်ဖို့ မအောင်မြင်လည်း အသေသာခံလိုက်မည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် လာခဲ့ခြင်းပင်။
လူတိုင်းလည်းကြောက်ဒူးတုန်နေကြ၏။ ကျန်းသခင်လေး သေဆုံးပြီးကတည်းက ကျန်းထိုက်ယင်သွေးမြင်မှာစိုးလို့ကို လူတိုင်း အသားစားခြင်းကိုရှောင်ခဲ့ကြသည်။
ကျန်းထိုက်ယင် ဤအတောအတွင်း စုစည်းလာခဲ့သည့် ဒေါသများက ယနေ့တော့ ပေါက်ကွဲချေပြီ။
ရွှစ်…။
စိတ်ဝိညာဉ်စွမ်အင်အလုံးက လေဟာနယ်ကိုဖြတ်သန်းပြီးနောက် လန်ရှင်းရှီ၏ နဖူးထိပ်၌ ထင်မှတ်မထားစွာ ရပ်တန့်သွားခဲ့၏။ ထိုမှ အဟုန်ကြောင့် သူမ၏ အနက်ရောင်ဂါ၀န်စများတောင် လှုပ်ခါသွားခဲ့သည်။
ထိုစွမ်းအင်အလုံးအတွင်းတွင် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော စွမ်းအင်များက ပြီးပြည့်စုံစွာ ထိန်းချုပ်ခြင်းခံထားရပေသည်။ ဤသို့သော စွမ်းအင် ထိန်းချုပ်မှုမျိုးက အံ့မခန်းဖြစ်ဖွယ်ရာကောင်းလှ၏။
သို့တောင် ထိုစိတ်ဝိညာဉ်စွမ်းအင်လုံးလေးက လန်ရှင်းရှီ၏ နဖူးကို အနည်းငယ် ကွဲသွား စေကာ သွေးများထွက်လာခဲ့သည်။
လန်ရှင်းရှီ မလှုပ်ရှားသေးချေ။
ထိုစွမ်းအင်လုံးလေး သူမ၏ နဖူးကိုဖောက်ထွင်းသွားခဲ့လျှင်တောင် တစ်လက်မမှ ရွေ့မည်မဟုတ်။
လူတိုင်းတုန်လှုပ်သွားကြသည်။
ထိုမိန်းမမိုက်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့်ဆိုတာထက် ကျန်းထိုက်ယင်၏ တိုက်ခိုက်မှုရပ်တန့်သွားသောကြောင့်ဖြစ်သည်။
မပြောသင့်သည့်စကားပြော၍၊ မလုပ်သင့်သည့်အလုပ်ကို လုပ်မိသော အစေခံသမလေးပေါ်ကျရောက်လာသည့် ကျန်းထိုက်ယင်၏ တိုက်ခိုက်မှု တကယ် ရပ်တန့်သွားခဲ့၏။
၎င်းက လန်ရှင်းရှီ၏ တောင်းဆိုချက်ကို သူသဘောတူသည်ဟု ဆိုလေသလော။
ခန်းမအတွင်းရှိအခြား အစေခံများ မနာလိုအားကျမှုများဖြစ်ပေါ်လာကြသည်။
ကျန်းရှင်းရှုံသာ လန်ရှင်းရှီကို စိတ်ဝိညာဉ်နန်းတော်သို့ခေါ်မသွားခဲ့ဘူးဆိုလျှင် ဤသို့နယ်ပယ်ထိရောက်အောင်တောင် ကျင့်ကြံနိုင်လိမ့်မည်မဟုတ်ပေ။ သို့ဆိုလျှင် ယခု သူမကလည်း သူတို့လို နေရာတွင်ရောက်နေလောက်သည်။
“တော်တော်အတင့်ရဲတယ်”
ကျန်းထိုက်ယင်သူ့ဘယ်လက်ကို ပြန်ရုတ်ပြီး အင်္ကျီအတွင်းဖုန်းကွယ်လိုက်သည်။ သူ့မျက်၀န်းများက ဆွေးမြည့်တမ်းတမှုများကို ပြသနေ၏။
ကျန်းရှင်းရှုံကို လွမ်းဆွတ်တမ်းတနေသည့် ကာလအတွင်းမှာ စိတ်လိုက်မာန်ပါမလုပ်ချင်ပေ။
လန်ရှင်းရှီလည်း ထင်မှတ်မထားသော ဤအချင်းအရာကြောင့် ပျော်ရွှင်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် သူမ၏ အရှေ့ရှိ စိတ်ဝိညာဉ်စွမ်းအင်လုံး အပြင်းအထန် တုန်ခါလာသည်ကို တွေ့လိုက်ရသည်။
လူအုပ်ကြီးလည်း လန့်ဖျပ်သွားခဲ့၏။
ဘုန်း…။
ဘုန်းဟူသည့် မြည်သံကြီးဖြင့်အတူ ခန်းမကြီး ပေါက်ကွဲထွက်သွားခဲ့သည်။ ထို့နောက် လူပုံရိပ်များ နေရာအနှံ့ကို အပျက်အဆီးများအကြားမှ လွင့်ထွက်သွားပေသည်။
အိမ်တော်ထိန်းလည်း တုန်လှုပ်သွားပြီး အလျင်အမြန် ရွှေရောင်အကြေးခွံများပါရှိသည့် ကျန်းထိုက်ယင်ထိုင်နေသော ခုံအနားကပ်သွားလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်က လူမသတ်ချင်ဘူးဆိုရင်တောင် ဒေါသကို တစ်နေရာရာမှာ ပုံချရမှာ သူသိသည်။ ထိုပေါက်ကွဲမှုတွင် တစ်ယောက်ယောက်ပါ ပေါက်ကွဲထွက်သွားနိုင်တာကတော့… မျိုးနွယ်စုခေါင်းဆောင်၏အမှားမဟုတ်ပေ။ အားနည်းသည့် သူတို့၏ ကံကြမ္မာကြောင့်သာဖြစ်သည်။
ဖူးးး…။
နံရံနှင့်သွား၀င်တိုက်သဖြင့် လန်ရှင်းရှီသွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ကျသောအခါ အရုပ်ကြိုးပြတ်လဲကျသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများထွက်လာခဲ့ပေသည်။
ကံကောင်းစွာဖြင့် သူမ ကပ်သီးလေး သေခြင်းတံခါး၀ကနေ လွတ်မြာက်လာခဲ့၏။ သို့ပေမယ့် အနီးရှိ အခြားသူများကတော့ သူမလို ကံမကောင်းနိုင်ချေ။
စစ်မှန်ခြင်းနယ်ပယ်၌တောင် မရှိသေးသည့် အစေခံသမလေးများဆို နေရာမှာတင်ပွဲချင်းပြီး အစအနပျောက်သွားခဲ့သည်။ သူတို့၏ ဝိညာဉ်များတောင် ကျန်ခဲ့နိုင်သည်လားမသိရ။
အဝေးကလူတွေကတော့ ခန္ဓကိုယ် မပျက်မဆီးရှိသေးကြပေမယ့် အလောင်းကောင်များဖြစ်သွားကြလေပြီ။
အချို့ ကံကောင်းသည့်သူများကလည်း သေမင်းလက်ကနေ လွတ်လာခဲ့ပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြသည်။
လန်ရှင်းရှီ လက်ဖမိုးဖြင့် သူမ၏ ပါးစပ်ထောင့်က သွေးများကို သုတ်လိုက်သည်။ သူမ၏ မျက်၀န်းများအတွင်း၌ ဖုန်းကွယ်ထားသော အမုန်းတရားများရှိနေ၏။
အခြားသေဆုံးသွားသော အစေခံများကို သူမ သနားဂရုဏာရှိမနေပါချေ။
အခြားသူများကို လုပ်ချင်သလိုလုပ်လို့ရသည့် အရုပ်လေးများပမာ ဆက်ဆံသည့်ဤမျိုးနွယ်စုကို သူမ မုန်းသည်။ ဤမျိုးနွယ်စု၏ စည်းမျဉ်းများနှင့် ၎င်းတို့ကို ချမှတ်သော ကျန်းထိုက်ယင်ကို သူမ မုန်းသည်။
လန်ရှင်းရှီ တုန်လှုပ်သွား၏။ ထိုလူအကြောင်းကိုတွေးမိတိုင်း သူမ၏ ၀န်းကျင်တစ်ခုလုံး အမှောင်ဖုန်းရသည်။
ဖုန်တွေ မှုန်တွေ ပျောက်ဆုံးလာခြင်းနှင့်အတူ သူမ၏ မျက်၀န်းများတွင်လည်းနာကျဥ်းမှုတို့ပေါ်လာ၏။ ထို့နောက် ဒူးထောက်ကျသွားသည်။
အချိန်အတန်ကြာသောအခါမှ ကျန်းထိုက်ယင်က နွမ်းနယ်လာဟန်ဖြင့် ထိုင်ခုံပေါ်တွင်ပြန်ထိုင်လိုက်သည်။ ပြီးလျှင် သာမန်ကာလျှံလေသံမျိုးဖြင့် “ရှင်းရှုံကို သတ်လိုက်တဲ့ လူရဲ့ နာမည်ကဘာလဲ”
“စုရှောင်ရှန်”
လန်ရှင်းရှီ ချက်ခြင်းဖြေကြားလိုက်သည်။
“စုရှောင်ရှန်…” ကျန်းထိုက်ယင်က မျက်လုံးကိုမှိတ်၍ ရေရွတ်နေလိုက်ပြီး ခဏအကြာမှ သက်ပြင်းချလိုက်သည်။ “နာမည်ကောင်းပဲ…”
ထို့နောက် မျက်လုံးများကိုပြန်ဖွင့်ကာ မေးလိုက်သည်။ “နင့်နာမည်ကဘာလဲ”
“လန်ရှင်းရှီ”
“အိုး… လန်မျိုးဆက်ကပဲ”
“ဟုတ်ပါတယ် အရှင်”
ကျန်းမျိုးနွယ်စု၏ အစေခံ လန်မျိုးရိုးက ကျန်းမျိုးနွယ်စုအတွင်း သူမ၏ ဂုဏ်ပုဒ်လည်းဖြစ်သည်။ ထိုအရာကိုတွေးမိတိုင်း သူမ အော့နှလုံးနာရသည်။
ဆိုရလျှင် သူမတို့လို အစေခံများတွင် နာမည်အပြည့်အစုံတောင်မရှိချေ။ မျိုးရိုးနာမည်များဖြင့်သာ သွားကြရသည်။
သူ့ရှေ့ရှိ ယခင်ခန်းမကြီးရှိခဲ့သည့်နေရာက ဗလာကျင်းသွားသည့် အဖြစ်က််ို ကြည့်၍ ကျန်းထိုက်ယင် သက်ပြင်းချလိုက်ပြီးနောက်မှာ နောက်လှည့်ထွက်သွားကာ ဆိုလိုက်သည်။
“နင့်ပစ္စည်းတွေအကုန်ယူပြီး ထွက်သွားတော့”
လန်ရှင်းရှီ၏ သွေးဆုတ်ဖြူရော့နေသော မျက်နှာထက်တွင် သွေးများပြန်လည်ဖုံးလွှမ်းလာသည့် အရိပ်အယောင်မြင်ရသည်။
ကျယ်ကျယ်လောင်လောင်ရယ်မောပစ်လိုက်ချင်သလို သူမ၏ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ခါးသီးမှုကိုလည်းခံစားလိုက်ရတာကြောင့် ပြုံးချင်နေတာရပ်သွားသည်။
ဘုန်းး…။
ယခုထိ ကြံ့ကြံ့ခိုင်နေသော နံရံများလဲကျသွားပြီး အောက်မှ အလောင်းများကို ဖိသိပ်လိုက်လေသည်။
“ကျေးဇူးပါ… အရှင်”
…
“သူထွက်သွားတာကြာပြီ”
မိန်းမပျိုလေး၏ သွေးသံတရဲရဲ ပုံရိပ်ကိုကြည့်ပြီး ဟဲယွဲ့ရှင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။
ဤအလောင်းကောင်များနှင့် အပျက်အဆီးများအကြား ဟွဲယွဲ့ရှင်း ရောက်လာခဲ့တာ တစ်နာရီကျော်ကြာပြီဖြစ်ပေပြီး တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော လန်ရှင်းရှီကို နှစ်သိမ့်လိုက်သည်။
“နင်လွတ်လပ်သွားပြီ” ဖြည်းညှင်းစွာ ဆို၏။
လန်ရှင်းရှီလည်း ကိုယ်ကိုယ်မတ်လိုက်ကာ စိတ်ပါလက်ပါ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ငါလွတ်လပ်သွားပြီး… စုရှောင်ရှန် … ဟီးဟီး။ ငါအောင်မြင်သွားပြီး”
လန်ရှင်းရှီ ရယ်မောနေရင်းက မျက်ရည်များ အဆက်မပြတ် သူမ၏ ပါးပြင်ထက်ကို စီးကျလာခဲ့၏။
ကျန်းရှင်းရှုံကိုသူမချစ်ခဲ့ပါသည်။
ယခုတော့ သူသေသွားပြီးနောက်မှာ ဤစက်ဆုပ်ဖွယ်ရာ နေရာကနေ သူမထွက်နိုင်ခဲ့လေပြီ။
လောကနိယာများက တကယ်ထူးဆန်း၏။ တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို အင်မတန်တောင့်တ လိုချင်ခဲ့ပေပြီး နောက်ဆုံး ၎င်းကို ရလိုက်သောအခါတွင်မူ ပျော်ရမည့်အစား ဟာတာတာကြီးဖြစ်နေပေသည်။
လန်ရှင်းရှီကြမ်းပြင်ပေါ်တွင် ပက်လက်လှန်လှဲလိုက်ကာ ကောင်းကင်ကြီးကိုကြည့်ပြီး အတိတ်ကို မြင်ယောင်လိုက်သည်။
ကျန်းမျိုးနွယ်စုကို လာခဲ့သည့် အပြစ်ကင်းစင်၍ တက်တက်ကြွကြွရှိသော ချစ်စရာ ကလေးမလေးတစ်ယောက်ကို သူမ မြင်ရသည်။
ထိုကလေးမလေး အလောင်းကောင်များကို သိမ်းဖို့ကူညီတုန်းက မျက်၀န်းများအတွင်းရှိ သနားညှာတာမှုနှင့် နားမလည်နိုင်မှုတို့ကိုမြင်ရသည်။
မြင်ကွင်းများ ပြောင်းလဲသွားသည်။
ထိုကလေးမလေးကပဲ ကြီးလာသောအခါ အလောင်းကောင်များအပေါ်ကနေ လျှောက်ပြီး ထျန်းစန်းနန်းတော်အတွင်း၀င်သွားတာ သူမမြင်ရသည်။ ထို ကလေးမလေးတစ်ဖြစ်လဲ အပျိုအရွယ်ဖြစ်လာသော ကောင်မလေး၏ မျက်၀န်းများအတွင်း၌ စာနာမှု၊ နားမလည်နိုင်မှုတို့မရှိတော့ဘဲ ရက်စက်မှု၊ ဉာဏ်နီဉာဏ်နက်များမှု၊ ထုံကျင်မှုတို့ အစားထိုး၀င်ရောက်လာခဲ့သည်။
ထိုကောင်မလေးက ပြိုင်ကွင်းအောက်ကနေပြီး စုရှောင်ရှန်နှင့် ကျန်းရှင်းရှုံတို့တိုက်ပွဲကို အသည်းအသန်အားပေးနေတာမြင်ရ၏။ အထူးသဖြင့် သူမကိုယ်သူမ ပြန်အားပေးနေတာကို မြင်ရများသည်။
“အချစ်လား… လွတ်လပ်မှုလား…”
သူမတောင်မသိလိုက်ဘဲ အထက်သို့ကွေးတက်သွားခဲ့သော သူမ၏ နှုတ်ခမ်းများကိုပြန်တည်၍ ပုံမှန် အမူအရာမျိုးကိုပြန်သွားပြီး ထထိုင်လိုက်၏။
ထို့နောက်သွေးများဖြင့် ရောကျံ၍ ပုံပျက်ဆင်းပျက်ဖြစ်နေသော နှုတ်ခမ်းနီ အနက်ရောင်များကို သုတ်လိုက်သည်။
“ငါလှသေးလား” ခေါင်းလေးကိုအသာစောင်းကာ ဆံပင်များကို ပြန်ပြင်ရင်း ညှင်သာစွာမေးလိုက်၏။
ဟဲယွဲ့ရှင်းက မြေပြင်ပေါ်တွင်ထိုင်နေသော မိန်းမပျိုလေးကို ငူငူကြီး စိုက်ကြည့်နေပါသည်။ သူမ၏ အ၀တ်အစားများက စုတ်ပြဲနေကာ လှပသော မျက်နှာလေးကလည်း နှင်းဆမျှ ဖြူဖျော့နေသည်။ သူမ၏ အမေးကိုကြားသောအခါ အလေးအနက်ခေါင်းညိတ်လိုက်၏။
“နင်လှတယ်”
လန်ရှင်းရှီ ပြုံးလိုက်မိသည်။ ထို့နောက်ထရပ်လာကာ ဟဲယွဲ့ရှင်း၏ လက်ကို သူမကပဲ ဦးစွာရောယှက်ကိုင်ဆွဲလိုက်လေသည်။
“သွားမယ်”
သူမ၏ အပြုအမူကြောင့် မှင်တက်နေသော ဟဲယွဲ့ရှင်းက “ဘယ်သွားမှာလဲ”
“လှိုက်ဂူဖြူထဲက နန်းတော်”