“မာကျောတာမဟုတ်ဘူးပဲ”
မာကျောမှုက ခန္ဓာကိုယ်ကို ကျောက်တုံးကဲ့သို့ ပိုပြီးမာကျောလာစေတာမျိုးမဟုတ်ဘဲနှင့် ခံနိုင်ရည်ကိုသာ တိုးမြှင့်ပေးတာဖြစ်သည်။ ၎င်းက မုန်တိုင်းထဲမှာတောင် နေရာကနေမရွေ့ ကြံ့ကြံ့ခိုင်သည့် ခုခံနိုင်စွမ်းလိုမျိုးဖြစ်၏။
ဤပင်ကိုယ်စွမ်းရည်ကို စစ်မှန်ခြင်းနယ်ပယ်သို့ မြှင့်လိုက်ပြီးတဲ့နောက်မှာ စုရှောင်ရှန် ချော်တောင်မလဲနိုင်တော့ဟု ခံစားရသည်။
သူ့ရန်သူက သူ့ကို နောက်သို့ တွန်းမပို့နိုင်လျှင် ဘယ်လိုတိုက်ခိုက်တိုက်ခိုက် ဘာအမှအကျိုးရှိလိမ့်မည်မဟုတ်ချေ။ ထိုတိုက်ခိုက်မှုများကို မာကျောမှုက အလွယ်တကူ ပယ်ဖျက်နိုင်ပေမည်။
သို့ပေမယ့်
“ငါ့မှာ ကြော့ကွင်းရှိပြီးသားလေ”
ပင်ကိုယ်စွမ်းရည်နှစ်ခု ထပ်သွားတာများလား စုရှောင်ရှန် ရင်တထိတ်ထိတ်ဖြစ်သွားပြီးမှ မဟုတ်ကြောင်းပြန်သိရပြီး စိတ်သက်သာရာရသွားပေသည်။
“ကြော့ကွင်းနဲ့ မာကျောမှုတို့က မထပ်ဘူးပဲ။ ဒီနှစ်ခုကို ပေါင်းစပ်ပြီးတောင်အသုံးပြုလို့ရသေးတယ်။ ရန်သူက ငါ့ကို လာထိုးမယ်ဆိုရင် ငါ့လွင့်သွားရင်တောင် ကြော့ကွင်းကြောင့် သူလည်းပြန်လွင့်မယ်။ ခု မာကျောမှု ရှိလာတော့ သူပဲလွင့်ပြီး ငါက မလွင့်သွားတော့ဘူး။ ဒီလို ငါကမလွင့်သွားဘူးဆိုရင် ငါ့ကို လက်သက်ရောက်တဲ့အားတွေက ဘယ်ပြန်သွားလိမ့်လဲ”
ထိုတွင် သက်ရောက်မှုအားက သူ့ကိုတိုက်ခိုက်လိုက်သူထံကို ပြန်ရောက်သွားပေမည်။
“ကြော့ကွင်းကတစ်ဆ မာကျောမှုက တန်ပြန်သက်ရောက်တာကတစ်ဆဆိုရင် နှစ်ဆပေါ့”
စုရှောင်ရှန် ထိုသို့တွေးမိပြီး သူ့လက်နှစ်ဖက်ကိုမြှောက်ကာ တစ်ခုနှင့် တစ်ခု ထိုးလိုက်လေသည်။
၎င်းကို ကြော့ကွင်းရတုန်းကလည်း စမ်းသပ်ဖူးသည်။ ထိုစဉ်က ကြော့ကွင်းမှ တန်ပြန်အားကြောင့် လက်နှစ်ဖက်လုံး အပြင်းအထန်တုန်ရင်ပြီး ပြန်ကန်ထွက်သွားပေသည်။
ဒီတစ်ခါ ထိတိုက်မှုမှာတော့ သူ့လက်နှစ်ဖက်အကြားမှာ ကွာခြားချက်ကလေး သေးသေးလေးတောင်မဖြစ်သွားပါဘဲ ကော်နှင့်ကပ်ထားသလို ကပ်နေခဲ့၏။
သူ့လက်တွေက မရွေ့သလို ကြော့ကွင်းမှ တန်ပြန်အားက မရပ်တန့်သွားပေ။
သူ့ကိုယ်မှ ကြောက်မက်ဖွယ်ရာအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက လျှပ်စစ်များလို သူ့ကိုယ်တစ်လျှောက်လုံးကို အရိုးပါမချန် ဖြတ်သန်းသွားပေသည်။
လှုပ်မရတော့သော သူ၏ လက်များက ထိုနောက်မှ အင်အားတစ်ခုလုံးကို အဓိက ခံစားလိုက်ရ၏။ ပြန်ကန်အားနှင့် ဆွဲငင်အားတို့ တစ်ချိန်တည်းဖြစ်ပွားသွားပြီး အရိုးကွဲကြေမတတ်နာကျင်မှုကြိးကြောင့် စုရှောင်ရှန်၏ မျက်နှာ မဲ့ရွဲ့သွားခဲ့သည်။
သူ့လက်တစ်ခုလုံးထုံကျင်သွားကာ မခံနိုင်တော့တဲ့အဆုံးမှာ ညည်းသံသဲ့သဲ့ကလေးတောင် ထွက်သွားခဲ့၏။ သို့ပေမယ့် နာကျင်မှုက ထိုမျှနှင့်မပြီးသေးဘဲ ဒုတိယ တန်ပြန်လာသော သက်ရောက်အားရောက်လာခဲ့သည်။
သူ့လက်ဖျံတစ်ခုလုံးမှာ အက်ကွဲကြောင်းများထလာပြီး သွေးများစိမ့်ထွက်လာခဲ့၏။ ဤမြင်ကွင်းကြောင့် စုရှောင်ရှန် ကြက်သေသေသွားခဲ့သည်။
“ကြောင်စရာကောင်းလိုက်တာ”
သူ၏ နောက်ကထောက်ပံ့ပေးထားသော အရှင်သခင်နယ်ပယ် ခွန်းအားဖြင့် ကြော့ကွင်းနှင့် မာကျောမှုတို့က စစ်မှန်ခြင်းနယ်ပယ်လေးနှင့်တောင် ကြောက်မက်ဖွယ်ရာ သက်ရောက်မှုမျိုးရှိနေခဲ့သည်။
ထိုမှ ရပ်တန့်သွားသောအခါ သူ့လက်နှစ်ဖက်လုံးထုံကျင်နေပြီး လှုပ်မရတောင်ဖြစ်သွားပေသည်။ ထာ၀ရအသက်စွမ်းအင်က ၎င်း၏ စွမ်းပကားကို တဖန်ပြလိုက်ကာ ချက်ခြင်းပြန်သက်သာသွားစေလိုက်သည်။
“ကြမ်းတယ်ဟ”
စုရှောင်ရှန် ကျေနပ်နေပေသည်။ မာကျောမှုမှ တန်ပြန်သည့် သက်ရောက်အားက အရင်မလာဘဲနှင့် နောက်မှ အချိန်ကိုက် ရောက်လာလို့တော်သေးပေသည်။ မဟုတ်ရင် မာကျောမှုက တန်ပြန်အားက စောစောရောက်လာမယ်ဆိုရင် ကူကယ်ရာမဲ့စွာ ခံရမည့်သူက သူဖြစ်သွားပေမည်။
ယခုလို သန်မာသောခန္ဓာကိုယ်ရှိသည့်အချိန်မှာ ဤသို့သော ပင်ကိုယ်စွမ်းရည်ကို ရလိုက်တာက ကျားကို အတောင်တပ်ပေးခြင်းဖြစ်သည်။
၎င်းက မြေပြင်ကို ဆိုင်းမဆင့်ဘုံမဆင့်မိုးတောင်မအုပ်ဘဲ ပစ်ချလိုက်သည့် မိုးကြိုးနှင့် ဆင်တူသည်။
“ကြော့ကွင်းနဲ့ မာကျောမှု”
စုရှောင်ရှန် ရေရွတ်လိုက်သည်။ သူ့စိတ်ထဲကလည်း ရန်သူကသူ့ကိုလာထိုးပေမယ့် သူကတော့ နေရာကမရွေ့ဘဲ ကြော့ကွင်းမှ ပြန်ကန်အားကြောင့်တစ်မျိုး၊ မာကျောမှုမှ တန်ပြန်အားကြောင့်တစ်ဖုံဖြင့် ထိုရန်သူသာလွင့်ထွက်သွားရပြီး လေထဲမှာတင် လက်သီးဆုပ်ကြီး ပေါက်ကွဲထွက်သွားတာကို မြင်ယောင်နေပေသည်။
ထိုရန်သူသာ သူ့ကို တစ်စက္ကန့်အတွင်း အချက်ရေများစွာထိုးလိုက်တယ်ဆိုရင်…။
“လခွမ်း။ ရန်သူက လက်သီးထိုးချက်တွေဆက်တိုက်ပစ်ထိုးတတ်တဲ့ အမျိုးအစားနဲ့ တစ်စက္ကန့်အတွင်း လက်သီးချက်တစ်ရာလောက် ထိုးနိုင်တယ်ထား။ အဲ့ထိုးချက်တွေမပြီးသေးခင် တစ်၀က်ဆက်ကြားလေးမှာ သူ့လက်သီးတွေ ပေါက်ကွဲထွက်သွားတာသိရင် ဘယ်လိုနေမလဲမသိဘူး”
သူ့အတွေးနှင့်တူ လက်ဖျားခါသွားပေသည်။
“စနစ်က ငါ့ကိုအိပ်နေရင်းနဲ့ ကျင့်ကြံခြင်းတစ်ပါးတည်း လုပ်ဆောင်နိုင်ပြီး ဘာမှလုပ်စရာမလိုဘဲ တိုက်ခိုက်နိုင်တဲ့သူဖြစ်အောင်တောင် ပြောင်းပေးနေသလိုပဲ။ နေဦး နေဦး… စိတ်ကြီးမ၀င်နဲ့။ ဒီကမ္ဘာကြီးမှာ ပြီးပြည့်စုံတယ်ဆိုတာမရှိဘူး။ ငါလည်း အားနည်းချက်တစ်ခုခုတော့ရှိရမယ်”
အချိန်အတန်ကြာအောင် စဉ်းစားနေပြီးတဲ့နောက်မှာ စုရှောင်ရှန် လက်ခုပ်လက်ဝါးတီးလိုက်သည်။
“ဟုတ်တယ် ရန်သူက ငါ့မှာ နှစ်ဆ တန်ပြန်အားရှိတာသိရင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ရဲတော့မှာမဟုတ်ဘူး။ ဒီလိုဆိုရင် ကြော့ကွင်းနဲ့ မာကျောမှုတို့ပေါင်းလည်း အလကားဖြစ်သွားလိမ့်မယ်”
“ ဟင် မဟုတ်သေးပါဘူး…”
ထိုမှ စုရှောင်ရှန်၏ မျက်လုံးများ မျက်လုံးအိမ်က ကျွတ်ကျမတတ် ပြူးကျယ်သွားခဲ့သည်။
“ငါက သေခြင်းရှင်ခြင်းတိုက်ပွဲမှာ တကယ်သွားအိပ်နေမှာမှမဟုတ်တာ။ ပထမ တိုက်ကွက်ပြီးလို့ ရန်သူက အကြောင်းသိပြီး နောက်ပြန်ဆုတ်သွားတယ်ဆိုရင်တောင် ငါက နောက်ကလိုက်ပြီး အခွင့်အရေးရှာ ဖမ်းချုပ်ထားလိုက်မယ်ဆိုရင် ငါ့ကို ထိပ်တိုင်ရင်ဆိုဖို့ကလွဲပြီး တတ်နိုင်တော့မှာမဟုတ်ဘူး။ ဒီလိုနဲ့ သူက လွင့်ထွက်သွားတဲ့အချိန် ငါဖမ်းမိလိုက်တာက … ခေါင်းဖြစ်နေမယ်ဆိုရင်… အိုးဟိုးဟိုး”
စုရှောင်ရှန် တဆတ်ဆတ်တောင်တုန်ရင်သွားခဲ့ပေသည်။
“မဟုတ်သေးပါဘူး။ ငါ့ရန်သူက မတိုက်ခိုက်လာရင် ဘာမှ ဖြစ်တော့မှာမဟုတ်ဘူးဟ”
အဲ့တော့ ရန်သူကမတိုက်ခိုက်လျှင်သူ့ဘက်က စပြီး တိုက်ခိုက်ရုံသာရှိတာကို သိလိုက်သည်။
“ငါက စတိုက်ခိုက်လိုက်တာဆိုရင် ဒီပင်ကိုယ်စွမ်းရည်နှစ်ခုပေါင်းရဲ့ အကျိုးသက်ရောက်မှုက ပြိုင်စံရှားပဲ”
စုရှောင်ရှန်၏ ဒူးများခွေကျသွားသည်။
“ငါ ပြိုင်ဘက်ကင်းနေပြီလား။ မဟုတ်ဘူး မဟုတ်ဘူး။ စောနေကာ ပြောသလိုပဲ ပြီးပြည့်စုံတယ်ဆိုတာ တောင်မရှိတာ အကျွင်းမဲ့ ပြိုင်ဘက်ကင်းတာလည်း မရှိနိုင်ဘူး။ ဆိုးကျိုးတစ်ခုခုတော့ရှိရမယ်”
စုရှောင်ရှန် တင်ပြင်ခွေထိုင်ချပြီး စဉ်းစားလိုက်သည်။ ထို့နောက် အချိန်အတော်လေးကြာသွားမှ အလင်းပေါက်သွားပေသည်။
“ဟုတ်သားပဲ။ ငါ့ရန်သူက ငါ့လို ခံနိုင်ရှည်ရှိတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရင် ဒီစုပေါင်း နည်းစနစ်က တန်ပြန်လိုက်တဲ့ အားနှစ်ဆကို သူ့ဘက်က နှစ်ဆထပ်တိုးပြီး ငါ့ဘက်ပြန်လွှဲလိုက်နိုင်မှာပဲ”
“ ဟာ… ဒါလည်း သေချာတွေးကြည့်ရင် မဟုတ်သေးဘူးဟ”
သူ့ကိုထိုသို့ အားနှစ်ဆထပ်ပြန်ပြီးလွှဲပေးလိုက်ဖို့ဆိုရင် ရန်သူက အရှင်သခင်နယ်ပယ်ထက်ပိုသော ခန္ဓာကိုယ်ရှိမှ ဖြစ်ပေမည်။
“ဒီလိုလူရှိဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ”
ထိုအရာကို အတွေးပေါက်သွားပြီးနောက်မှာ စုရှောင်ရှန် ထိန်းမထားနိုင်တော့ဘဲ လက်ပစ်လဲကျသွားခဲ့သည်။
သူ့မျက်ခုံး၊ နှုတ်ခမ်းများ အဆက်မပြတ်လှုပ်နေပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့်လား၊ တတွတ်တွတ်ရေရွတ်နေသောကြောင့်လားဆိုတာ ဝေခွဲမရပေ။
“မဖြစ်နိုင်ဘူး။ လုံး၀မဖြစ်နိုင်ဘူး။ ငါပြိုင်ဘက်ကင်းလာတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မကြာခင် နေ့တစ်၀က်ကုန်ဆုံးသွားပြီး သူတွေးနိုင်သလောက်တိုက်ခိုက်သည့်နည်းလမ်း ရာနှင့်ချီအောင်တွေးကြည့်ပြီးတာတောင် အဖြေကိုရှာမတွေ့သေးချေ။
စုရှောင်ရှန် နှလုံးထဲကတောင် စူးအောင့်သလို ခံစားလာရတာကြောင့် ရင်ဘက်ကိုဖိထားရ၏။ သူ့မျက်နှာအမူအရာကလည်း အမျိုးမျိုးပြောင်းလဲနေသည်။
“ဟူးးးးး….”
စုရှောင်ရှန် စိတ်အလိုမကျနိုင်ဖြစ်နေသော ထိုဒုက္ခကြီးကနေ ပြန်သက်သာလာနိုင်ခဲ့သည်။ ကျင်ထုံနေသော ကြွက်သားများကို အညောင်းအညာပြေစေရန်အလို့ငှာ ဆေးလုံးတစ်လုံးထုတ်ယူပြီး အားဖြင့်ရှိုက်လိုက်၏။
စိတ်ဝိညာဉ်နဂါးနှစ်ကောင် ဖွဲ့တည်ဖြစ်ပေါ်လာကာ သူ့နှာခေါင်းနှစ်ပေါက်ထဲက တစ်ဆင့် ကိုယ်တစ်လျှောက်လုံးကို ဖြတ်သန်းစီးဆင်းကာ ဒန်ထျန်ထဲ၀င်သွားခဲ့သည်။
စုရှောင်ရှန် တစ်ခုခုမူမမှန်တာ သတိထားမိပြီး မျက်လုံးများဆတ်ကတည်းပြန်ဖွင့်လိုက်သည်။
စိတ်ဝိညာဉ်ဆေးလုံးလည်းဆိုသေး အဘယ်ကြောင့် သာမန်ထက် ပိုပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်တွေ သန်မာနေရတာလဲ။
သူ့ခေါင်းကိုငုံ့၍ အကျွင်းအကျန်ဆေးလုံးလေးကို မယူကာ သေချာအနံ့ခံကြည့်လိုက်မှ ၎င်းက စိတ်ဝိညာဉ်ဆေးလုံးမဟုတ်ဘဲ မူလနန်းတော်ဆေးလုံးဖြစ်နေတာသိလိုက်ရ၏။
စုရှောင်ရှန် မှင်တက်သွားသည်။
“အူးး…။ အားးး…”
ကြမ်းခင်ပေါ်ကို စုရှောင်ရှန် ပြန်မှောက်လဲကျသွားပြီး ခြေနှစ်ဖက်ကို ပူးကပ်လိုက်လေသည်။ သူ့မျက်နှာလည်း တဖြည်းဖြည်းနီရဲလာခဲ့၏။
“အီးးး… မ-မဟုတ်တာ”
စုရှောင်ရှန်၏ လက်ကောက်၀တ်များကခေါက်နေသည်။ လည်ပင်းကလည်း ကော့တက်သွားပြီးတော့ ကြမ်းခင်းပေါ်မှာ လူးလိမ့်လိုက်လေသည်။
ဤအခြေအနေမှာဆို သူ့ခန္ဓာကိုယ်က အထိအခိုက်လွယ်လွန်းလှတာကြောင့် ငြိမ်ငြိမ်လေးနေနေရပေသည်။ ယခုကဲ့လှုပ်ရှားလိုက်မယ်ဆိုရင်တော့ဖြင့်…
“ငါ… အင်းးးး”
“အားးးး”
“ချီး-ချီးပဲ”