ကျန်းမျိုးနွယ်စု စံအိမ်၊ မြောက်ဘက်စွန်းရှိ ဒုတိယအိမ်တွင်…။
မနက်ခင်းလေးဖြစ်ကာ လန်းဆန်းလတ်ဆတ်တဲ့ လေညှင်းကလေးများတိုက်ခတ်နေပြီး ငှက်ကလေးများကလည်း တေးသီနေကြသည်။ ပန်းရနံ့လေးတို့ကလည်း ထုံသင်းမွှေးပျံ့နေပေသည်။
ထို ကြီးမားထယ်ဝါသည့် စံအိမ် တော်ကြီးက ကျန်းရှင်းရှုံ၏ပိုင်ဆိုင်မှုဖြစ်သည်။ ထိုတွင် သခင်ဖြစ်သော ကျန်းရှင်းရှုံအပါအ၀င် အစေခံမိန်းမများလည်း ရှိကြ၏။
“သုံးရက်တောင်ရှိပြီ”
စံအိမ်အတွင်း၌ ကျက်သရေ အိန္ဒြေရှိစွာထိုင်နေသည့် အနက်ရောင်၀တ်မိန်းမပျိုကိုကြည့်ပြီး ဟဲယွဲ့ရှင်းပြောလိုက်လေသည်။ ထိုမှ အရှေ့ဘက်အရပ်က ဖြည်းဖြည်းချင်းထွက်လာနေသော နေကိုကြည့်လိုက်၏။
ယနေ့နှင့်ဆို သူတို့ကျန်းမျိုးနွယ်စုကိုရောက်လာကြတာ သုံရက်မျှတောင်ကြာသွားခဲ့ပြီဖြစ်သည်။ သို့တောင် သူတို့ကို နားစရာနေရာတောင်မပေးခဲ့ပါချေ။
သူတို့ကိုယ်၌က နားနေစရာမလိုဘူးဆိုပေမယ့် ထျန်းစန်းစိတ်၀ိညာဥ်နန်းတော် အတွင်းစည်းထိပ်သီး (၃၃) ဦးထဲက နှစ်ယောက်ကို ဤသို့ ဆက်ဆံမှုပြုခြင်းက ကျန်းမျိုးနွယ်စု တကယ် အရဲတင့်ပေသည်။
လန်ရှင်းရှီက အစေခံတစ်ယောက်ဖြစ်တာနှင့် ဤသို့ လုပ်စရာလိုလို့လား။
လန်ရှင်းရှီက ခေါင်းလေးကို အသာမော့ကာ ညှင်သာစွာမေးလိုက်၏။ “နင်မစောင့်နိုင်တော့ဘူးလား”
“ငါမစောင့်ချင်လို့ မဟုတ်တာ နင်သိပါတယ်”
ဟဲယွဲ့ရှင်းက ခေါင်းကိုခါရမ်းကာ ဆက်ပြောလိုက်သည်။ “ဒီသုံးရက်လောက်လေးနဲ့က ငါက ဘာမှ မဖြစ်သွားဘူး။ သုံးရက်မပြောနဲ့ နင့်အတွက်ဆို နှစ်သုံးဆယ်တောင်ငါစောင့်ပေးနိုင်တယ်”
ဟဲယွဲ့ရှင်း လန်ရှင်းရှီကိုကြည့်လိုက်ပေမယ့် သူမ၏ လှပသော မျက်နှာတစ်ဘက်ခြမ်းရကိုသာမြင်ရသည်။ သူသက်ပြင်းချလိုက်မိ၏။
“ငါလုပ်ချင်ရင် နင့်ကိုဒီလိုဆက်ဆံတဲ့ ကျန်းမျိုးနွယ်စုကို တည်ရှိဖို့ ဘာတန်ဖိုးမှ မရှိတော့အောင် လုပ်လိုက်လို့ရတာ သိတယ်မလား”
လန်ရှင်းရှီ၏ နှုတ်ခမ်းထောင့်လေးကွေးတက်သွားပြီး ခေါင်းလေးကိုငုံ့လိုက်သည်။ ဟဲယွဲ့ရှင်းက ထိုမြင်ကွင်းမှာ မျောပါသွား၏။
“သွားမယ်”
အနက်၀တ်မိန်းမပျိုလေးက အရှေ့အရပ်ကိုကြည့်ပြီး ရုတ်တရက် ထရပ်လိုက်သည်။ ယခုမှ နေက အရှေ့အရပ်မှထွက်လာစပြုခြင်းဖြစ်ရာ သူမ ထရပ်လိုက်သည့်အချိန်က အရာအားလုံးကို အလင်းတည့်တည့်ပေးလိုက်သည့် အချိန်ဖြစ်သွားသည်။
“ဘယ်ကိုလဲ” ဟဲယွဲ့ရှင်းမေးသည်။
“ငါတို့သုံးရက်တောင်စောင့်ပြီးတာ ဘယ်သွားမယ်ထင်လဲ။ ဘာမှ မလုပ်ရသေးဘဲ ဒီတ်ိုင်းတော့ပြန်လို့မရဘူးလေ”
“အဖိုးကြီး ကျန်းထိုက်ယင် နင့်ကိုတွေ့ဖို့ သဘောတူလိုက်ပြီလား”
ဟဲယွဲ့ရှင်း အတန်ငယ် အံ့အားသင့်သွား၏။ သူပတ်ပတ်လည်မှာ စိတ်ဝိညာဉ်အာရုံဖြင့်ရော၊ ဓားဆန္ဒဖြင့်ပါ စစ်ကြည့်ပေမယ့် ဘယ်သူမှ မတွေ့ရချေ။
လန်ရှင်းရှီက ဘယ်လိုသတင်းရတာလဲ။
“သခင်နဲ့ အစေခံတစ်ယောက်အကြားက စိတ်ချင်းဆက်သွယ်ပြောမှုတစ်ခုသာသာပါ”
အနက်၀တ်မိန်းမပျိုလေးက သူတွေးနေတာ သိသည့်အလား လေသံလေးကိုလျော့၍ ပြောပြီးနောက် ခြံလေးထဲက ထွက်သွားလိုက်သည်။
ဟဲယွဲ့ရှင်းလည်း ထပြီး သူမနောက်ကိုလိုက်ရန်ပြင်လိုက်ပေမယ့် လန်ရှင်းရှီက ပြောလိုက်လေသည်။ “ဒီမှာစောင့်နေ။ ဘယ်မှမသွားနဲ့”
“ဒီမှာစောင့်ရမယ်ဟုတ်လား”
ဟဲယွဲ့ရှင်း စိတ်အလိုမကျပေ။ သူ့နှလုံးသားထဲက အမုန်းဆုံးအရာက စောင့်ဆိုင်းရခြင်းဖြစ်သည်။
သို့ဖြင့် ဆက်လျှောက်လိုက်ပါသည်။
“စောင့်နေ”
ငြင်းဆန်တာ မလိုချင်သည့်အလား မြဲမြံသော အသံထွက်ပေါ်လာခဲ့သည်။ လန်ရှင်းရှီ၏ ထွက်သွားသော ပုံရိပ်ကိုကြည့်ပြီး ဟဲယဲ့ရှင်း သက်ပြင်းချလိုက်၏။
“စောင့်နေတဲ့…”
သူ့မျက်နှာထက်တွင် ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်ကဲ့ရဲ့နေသလို အမူအရာပေါ်လာပေမယ့် မကြာခင် ပြန်ပျောက်သွားခဲ့၏။ ပြီးနောက် ပြတ်သားသောအမူအရာမျိုးပေါ်လာသည်။
ဟဲယွဲ့ရှင်း ပြန်ထိုင်ချလိုက်ပြီးတော့ စားပွဲကိုလက်ဖြင့်တောက်နေလိုက်သည်။ သူ့မျက်၀န်းများအတွင်း၌ မီးလျှံတို့တောက်ပလာခဲ့ပြီး “စောင့်မယ်”
…
ကျန်းမျိုးနွယ်စု အဓိက ခန်းမကြီးတွင်…။
ခန်းမကြီး၏ အဓိက ထိုင်ခုံဖြစ်သော ရွှေရောင်အကြေးခွံများဖြင့်ပြုလုပ်ထားသောထိုင်ခုံပေါ်တွင် ၀င့်ဝါလွန်းသော အ၀တ်အစားများကို ၀တ်ဆင်ထားသည့် အင်မတန်ကြီးမားလှသော လူကြီးတစ်ယောက်ထိုင်နေသည်။ သူ့မျက်၀န်းများက ကြောက်မက်ဖွယ်ရာကောင်းလှသည်။
သူ့ညာလက်က ပုခုံးမှနေ၍ အရုပ်ကြိုးပြတ် ကျနေခဲ့၏။ သို့ပေမယ့် သူ၏အရှိန်အဝါကတော့ လူသန်ကြီးဆိုတဲ့အတိုင်း ခက်ထန်သန်မာနေစဲဖြစ်လေသည်။ ၎င်းက လက်ရှိခန်းမထဲမှာ ရှိနေတဲ့လူတိုင်းကို မြေပြင်မှာ ၀ပ်တွားနေစေခဲ့သည်။
“မြို့တော်၀န်ရဲ့စံအိမ်တော် ညစာစားပွဲအတွက် ပြင်ဆင်မှုတွေက ဘယ်လိုရှိလဲ”
ကျန်းထိုက်ယင်က ထိုင်ခုံကြီးပေါ်မှာ မျက်လုံးစုံမှိတ်ကာ မှီ၍ ထိုင်နေသည်။ သူ့အပြင်ပန်းကိုကြည့်မယ်ဆိုရင် တော်တော်လေးလေးကန်ကန်နိုင်မည့်သူဖြစ်ဟန်ပေါက်၏။
အိမ်တော်ထိန်းက ကိုယ်ကိုကိုင်း၍ အလျင်အမြန် ရှေ့တက်လာပြီး ပြောလိုက်သည်။ “ပြင်ဆင်မှုတွေအားလုံး သေသေချာချာပြုလုပ်ပြီးပါပြီ။ မြို့တော်၀င်ဖု အထူးတောင်းဆိုထားတဲ့ ကောင်းကင်ဘုံ စက္ကောမကိုလည်း ရရှိပြီးသွားပါပြီ။ ဒါကြောင့် ဒီတစ်ကြိမ်တော့ အကြံအစည်က ကောင်းကောင်းမွန်မွန်အလုပ်ဖြစ်မှာပါ”
“ဒါ့အပြင်ကို ကျန်းမျိုးနွယ်စုက အရင်နှစ်တွေအတွင်းမှာ သာမန်ထက်ပိုပြီး ကြီးထွားသန်မာလာတာကြောင့် ဒီတစ်ကြိမ်လှိုက်ဂူဖြူ၀င်ခွင့်ကို ဂဏာန်းနှစ်လုံး လောက် အရင်ကထက် ပိုရမယ်လို့ ယုံကြည်ပါတယ်”
အိမ်တော်ထိန်းက သူ့ရှေ့က လူသန်ကြီးကို ပျော်ရွှင်သွားစေဖို့ နားရွက်တက်ချိတ်မတတ် ရွှင်ပြပြဆိုလိုက်သည်။ သို့သော် အချည်းနှီးသာ…။
“လှိုဏ်ဂူဖြူ၀င်ခွင့်…”
ကျန်းထိုက်ယင် မျက်လုံးများကိုပွတ်ပြီးနောက် ဖွင့်လိုက်သည်။ ရုတ်တရက်ပိုကြီးထွားလာသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် အိမ်တော်ထိန်း နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရ၏။
“တစ်ခါတစ်ရံမှာ အလွန်အကျွံပြင်ဆင်တာက အကျိုးမရှိဘူးဆိုတာသိလား”
သူက အိမ်တော်ထိန်းကိုပြောနေသလိုဆိုပေမယ့် သူ့အကြည့်များက ဒူးထောက်ထားသော အနက်ဝတ် မိန်းမမျိုလေးထံမှာရောက်နေသည်။ သူ့အသံက ခံစားချက်ကင်းမဲ့လှ၏။
“အသက်ရှင်သင့်တဲ့သူက မရှင်ဘဲ သေသင့်တဲ့သူက ဒီမှာရောက်နေတယ်”
ဘုတ်ကတည်းက အိမ်တော်ထိန်း ဒူးထောက်ကျသွားသည်။
“ဒီအစေခံအိုကြီး သေသင့်ပါတယ်”
ကျန်းထိုက်ယင်က အေးစက်စက်ရယ်မောကာ သူ့ကို ကြည့်လိုက်ပြီးမေးသည်။ “သေသင့်တယ်ဟုတ်လား။ ခင်ဗျားဘာအမှားလုပ်မိလို့လဲ”
“ကျုပ်….”
အိမ်တော်ထိန်း၏ မျက်နှာ ဖြူဖျော့နေခဲ့သည်။ သူ့နောက်ကျောတစ်ခုလုံးကလည်း ချွေးစေးများဖြင့်ဆိုရွှဲနေပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။
ကျန်းထိုက်ယင်လက်ကိုဝေ့ရမ်းလိုက်သည်။ သူနှင့် ဆယ်စုနှစ်တစ်ခုကျော်ကျော် အတူရှိလာခဲ့သည့် ဤအဖိုးကြီးကို ခက်ခဲအောင်မလုပ်ချင်ပါချေ။ သူ့ခံစားချက်များကို ထိုအချိန်မှာ ထိန်းချုပ်ရခက်နေသောကြောင့်သာဖြစ်သည်။
“တော်ပြီ။ မြို့တော်၀န်အိမ်တော် ညစာစားပွဲမှာ ကျန်းမျိုးနွယ်စုခေါင်းဆောင်နေရာကနေ ခင်ဗျားသွားတက်ရမယ်။ ဘာအမှားမှ မလုပ်မိပါစေနဲ့”
အိမ်တော်ထိန်းက ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ထလိုက်သည်။
“စိတ်ချပါ”
“အရှင်”
အမျိုးသမီးတစ်ဦး၏ အသံပေါ်ထွက်လာသောကြောင့် ကျန်းထိုက်ယင်လုပ်လက်စများရပ်သွား၏။
အိမ်တော်ထိန်းလည်း ကြမ်းခင်းပေါ်တွင် ဒူးထောက်နေသည့် မိန်းမပျိုလေးကို နက်မှောင်နေသော မျက်နှာဖြင့်လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များက တစ်ယောက်ယောက်ကို ဝါမျိုတော့မလိုလိုနှင့် ‘အိမ်တော်သခင်က ဒီမှာ စိတ်မကြည်တာမတွေ့ဘူးလား။ ဒီလိုအခြေအနေမှာ ဘာလို့စကားပြောရဲတာလဲ။ ခဏလေးထပ်စောင့်လို့မရဘူးလား’
လန်ရှင်းရှီစောင့်မနေနိုင်တော့ပါ။ ကျန်းထိုက်ယင်က တစ်ချက်သာရပ်တန့်သွားခဲ့ပြီး ဆက်ထွက်သွားရန်လုပ်နေတာကိုမြင်သောအခါ ထပ်ပြောလိုက်သည်။
“အရှင်”
အိမ်တော်ထိန်း နောက်တွန့်သွား၏။ သူ့မျက်နှာက စက္ကစအဖြူထက်တောင်ပို၍ သွေးဆုတ်ဖြူရော်နေခဲ့သည်။ သွေးသံတရဲရဲဖြစ်တော့မှာကို သူကြိုတင်မြင်နေနိုင်ပေသည်။
ကျန်းထိုက်ယင်နောက်ဆုံးတော့ ရပ်လိုက်ပြီး အနက်၀တ်မိန်းမပျိုလေးကို လှည့်ကြည့်လိုက်သည်။ ဆက်လက်၍ လှောင်ပြောင်သရော်သောလေသံဖြင့် သူက “ ကျန်းရှင်းရှုံသေပြီဆိုတော့ နင့်အစေခံဆိုတဲ့ အဆင့်အတန်းကနေ လွှတ်ပေးဖို့ လာတောင်းဆိုတာလား”
ထိုစကားပြောပြီးပြီးခြင်းပဲ ခန်းမအတွင်းရှိ အစေခံမိန်းမများအားလုံး တုန်ရင်နေသောခန္ဓာကိုယ်များဖြင့် ဒူးထောက်လိုက်ကြ၏။
ကျန်းရှင်းရှုံသေပြီဟူသည့်သတင်းရောက်လာကတည်းက ကျန်းမျိုးနွယ်စုမှာ အသက်ရှင်ဖို့ ဆင်ခြင်နေထိုင်ရတာ ဘယ်လောက်ခက်ခဲလဲ ဘယ်သူသိမှာလဲ။ မျိုးနွယ်စုခေါင်းဆောင်က ဘာမှ မဆိုသော်လည်း “သေခြင်း” နှင့် “ရှင်းရှုံ” ဆိုတဲ့ စကားပါတာနဲ့ အသက်ဆုံးရှုံးကြရမှာကိုသိကြသည်။
ယခုတော့ မျိုးနွယ်စုကနေ (၇) နှစ်ကြာထွက်သွားခဲ့သည့် အစေခံသမလေးက ကျန်းရှင်းရှုံသေပြီးနောက်မှာ အစေခံ အဆင့်အတန်းကိုချွတ်ပေးဖို့ လာတောင်းဆိုနေ၏။
၎င်းက သေချင်နေခြင်းမဟုတ်လျှင် ဘာဖြစ်လိမ့်မည်နည်း။ ခန်းမအတွင်းမှလူတိုင်း၏ စိတ်နှလုံးများ ချမ်းစိမ့်တက်သွားကြသည်။
‘သေချင်ရင်လည်း ရိုးရိုးတန်းတန်း ကြိုရှာဆွဲကြိုးချပြီးသေပါဟဲ့။ ဘာလို့ငါတို့ကိုပါ ဆွဲထည့်ချင်နေရတာလဲ’
လူအုပ်ကြီးနှင့်အလားတူ လန်ရှင်းရှီလည်း တုန်ရင်နေခဲ့၏။
သူမ မော့မကြည့်ရဲချေ။
လူတိုင်းကို သူမက တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရဲတယ်ဆိုပေမယ့် သူမရှေ့က လူကိုရင်ဆိုင်ရာမှာ မကြောက်ရွံ့ဘဲ မနေနိုင်ချေ။
ကျန်းထိုက်ယင်က ကျန်းမျိုးနွယ်စု ခေါင်းဆောင်တစ်ဖြစ်လဲ သိန်းချီ၊ သောင်းချီသော အသက်များကိုနှုတ်ယူခဲ့သည့်သူဖြစ်သည်။
သူ၏ ခွန်အားနှင့် စွမ်းဆောင်ရည်တို့ဖြင့် ကျန်းမျိုးနွယ်စုကို ထျန်းစန်းစီရင်စု အဓိက မျိုးနွယ်စုကြီးလေးခု၏ ထိပ်ပိုင်းကို ဆယ်စုနှစ်အနည်းငယ်တည်းဖြင့်ရောက်အောင်ပို့နိုင်ခဲ့သည်။
၎င်းက ယခုကိစ္စနှင့်မသက်ဆိုင်ပါပေ။
ကိုယ့်အဆင့်အတန်းနဲ့ပတ်သက်ပြီး ယုံကြည်ချက်နည်းပါးသူဖြစ်သည့် လန်ရှင်းရှီက သခင်စကားပြောနေချိန်မှာ မော်၍တောင်မကြည့်ရဲချေ။ သူမက အတွင်းစည်းထိပ်သီး (၃၃) ဦးအတွင်းကို၀င်၍ အရှင်သခင်နယ်ပယ်ဖြစ်လာစေဦးတော့ မပြောင်းလဲသွားခဲ့ပါ။
“ဒါကကျန်းသခင်လေးနဲ့ မဆိုင်ပါဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခုကြောင့်ပါ…”
“နင့်ရဲ့ ဟုတ်လား” ကျန်းထိုက်ယင်လေသံကိုမြှင့်လိုက်သည်။
လန်ရှင်းရှီကြား၀င်ဖြတ်ခံလိုက်ရပြီး ရှေ့ဆက်မပြောရဲတော့ချေ။ သူမ၏ ကိုယ်ကိုပို၍ ပိပြားအောင်၀ပ်လိုက်သည်။
“ဒီကိစ္စက ဒီက အစေခံရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စသက်သက်ပါ။ ကျန်းသခင်လေး ဂြိုလ်ဆိုးမ၀င်ခဲ့ရင်တောင် ကျွန်မ… ဒီအစေခံက ဒီကိစ္စကို ပြောရဦးမှာပါပဲ”
ထိုစကားလုံးများကို ဖျစ်ညှစ်ပြီးတော့ အားခဲကာ ပြောလိုက်၏။
၎င်းက (၇) နှစ်တာ သူမ အိပ်မက်မက်ခဲ့ရသောအရာဖြစ်သလို (၇) နှစ်တာ အစော်ကားခံခဲ့ရသည့် အရာလည်းဖြစ်သည်။
ဒီနေ့တော့ အားလုံး အဆုံးသတ်ရမည်။
အရှင်သခင်နယ်ပယ်တစ်ယောက်အနေဖြင့် မိသားစုအတွင်းမှာ အရေးပေးခြင်းခံရမည်ဖြစ်သော်လည်း သူမ မမက်မောပေ။
“ဟားဟား”
ကျန်းထိုက်ယင်၏ မိုးခြိမ်သံအလား ရယ်သံကြီးက ခန်းမကြီးတစ်ခုလုံးကို ပျံ့နှံ့သွား၏။
ပြီးနောက် သူ့ဘယ်လက်ကိုမြှောက်၍ လက်ကောက်၀တ်ကို ခါရမ်းလိုက်ပြီးတော့ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ဒါဆိုရင် ရှင်းရှုံမသေခင်ကတည်းက နင့်မှာ ဒီအကြံအစည်ရှိခဲ့တယ်ပေါ့”