“ရန်သူ ရန်သူ”
စင်္ကြံလမ်းလေးတွင် စူးစူးရှရှ အော်သံကြီးပေါ်လာခဲ့၏။ ၎င်းနောက်မှ လိုက်ပါလာသော ခြေသံများကိုလည်း ကြားရသည်။
ချက်ခြင်းပဲ စုရှောင်ရှန်နှင့် မုကျစ်ရှီတို့ အခန်းစာရင်းပေးသွင်းစဉ်က ကောင်တာက ၀န်ထမ်း ဆေဘာဓားကြီးကိုကိုင်ပြီး ပြေး၀င်လာခဲ့သည်။
နောက်စက္ကန့်အတွင်း သူမှင်တက်သွား၏။
ကြမ်းပြင်ရှိ အပေါက်ကြီး၊ ကျိုးပဲ့နေသော သန့်စင်ခန်းတံခါး၊ လေးပိုင်းကျိုးသွားသော ကုတင်နှင့် အသံတိတ်အစီအရင် ကပ်ထားတဲ့ တံခါးမကြီးလည်း ပျောက်နေသည်။
ဤနေရာတွင် မည်သို့သောတိုက်ပွဲကြီးဖြစ်သွားပါသနည်း။
ထို့နောက် စုရှောင်ရှန်၏ သွေးသံတရဲရဲနှင့် လက်ဖျံ၊ အခန်းအတွင်း၌ ကျန်ရှိနေသေးသော ထူးဆန်းသည့် အနံ့၊ ကြမ်းခင်ပေါ်မှာ စွန်းထင်းနေသည့် သွေးကွက်များကို ကောင်တာ၀န်ထမ်းမြင်လိုက်ရသည်။
သူ့တံတွေးများကိုခက်ခက်ခဲခဲမျိုချပြီးတော့ မေးလိုက်ပါသည်။ “ဧည့်သည်ခင်ဗျာ၊ အဆင်ပြေရဲ့လား”
“အဆင်ပြေပါတယ်။ ဘာမှ မဖြစ်ပါဘူး”
စုရှောင်ရှန် သာမန်ကာလျှံပဲ လက်ကိုဝှေ့ရမ်းပြလိုက်သည်။ အသိပေးချက်ဖန်သားပြင် ပေါ်တွင် ဆက်တိုက်ပေါ်လာနေသော သံသယ၀င်ခံရပါသည်ဟူသော အသိပေးချက်များအရ ဒီလူက အတွေးမှားနေကြောင်းကို သူသိပါသည်။
ရှောင်ဆယ့်ခြောက်၏ အလောင်းကိုလည်း သူဖျောက်ပြီးလေပြီး ယခု အရှုပ်များအားလုံးက သူ့ကြောင့်ဖြစ်ရခြင်းပင်။ သို့ပေမယ့် အမှန်ကို သွားပြောလို့မဖြစ်ပေ။
စုရှောင်ရှန်က လက်ကိုနောက်ပစ်ပြီးတော့ တည်ငြိမ်သော အမူအရာဖမ်းလိုက်သည်။
“ပြီးသွာပြီ။ ငါ့ကို အခန်းအသစ်တစ်ခုပေး”
“ဟုတ်ကဲ့” ကောင်တာ၀န်ထမ်းလေးခေါင်းညိတ်လိုက်ပြီး “ထိတ်လန့်သွားစေမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြု၍ နောက်က လိုက်ခဲ့ပေးပါ။ ဒီအခန်းကို ပြီးကြမှ ရှင်းလင်းပေးပါ့မယ်”
“အင်း” ကောင်တာ၀န်ထမ်းလေးနောက်ကို တိတ်တဆိတ်ပဲ လိုက်သွားလိုက်သည်။
အခြားတစ်ဘက်က ကောင်တာ၀န်ထမ်းလေးကတော့ ကျုးကျော်သူ၀င်ရောက်လာတယ်ထင်ပြီး စိုးတထိတ်ထိတ်ဖြစ်နေ၏။ ဘယ်သူက ရွှေအစည်းအရုံး တည်းခိုခန်းထဲကို၀င်ပြီး တိုက်လိုက်နိုင်ရတာလဲ။
သူတို့အပြင်ဘက်တွင်ခင်းကျင်းထားသည့် အစီအရင်က ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်ပေသည်။ ယခုက ဘယ်လိုဖြစ်ရတာလဲ။
“ဧည့်သည်က အဆင်ပြေတယ်ဆိုရင်လည်း ဒီအကြောင်းကို တိုတိုတိတ်တိတ်ထားပေးလို့ရမလား။ ဒီက ဧည့်သည်နဲ့ အဖော်တို့ရဲ့ အခန်းခကို ကျုပ်တို့ဘက်က ရှင်းပေးပါ့မယ်”
စုရှောင်ရှန်က စကားပြောရ ဆိုရ လွယ်သည့်ပုံပေါက်တာကြောင့် ကောင်တာ၀န်ထမ်းက မဝံ့မရဲဆိုလိုက်သည်။
ပိုက်ဆံထက် သူတို့တည်းခိုခန်း၏ နာမည်က ပို၍အရေးကြီးပေသည်။ ဤနေရာက ဧည့်သည်များ၏ လုံခြုံရေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူးဆိုရင် ဘယ်သူက လာတည်းခိုရဲတော့မလဲ။
ဤတည်းခိုခန်းတွင်လာရောက် တည်ခိုနေကြသည့် ဧည်သည်များက သူတို့ ဖြေရှင်းနိုင်စွမ်းမရှိသော ရန်သူများ၏ လက်ထဲက ရှောင်ပြေးလာကြသော သူများပေသည်။
စုရှောင်ရှန်ကလည်း ထိုအဆိုပြုချက်ကို ငြင်းဆိုဖို့ရည်ရွယ်ချက်မရှိရပါ။ အဆုံးမှာ ၎င်းက သူလုပ်လိုက်သည့်အရာတစ်ခုမဟုတ်ပါလား။
ဒါပေမယ့် အခန်းခမယူဘူးဆိုတာကိုတော့လက်မခံနိုင်ပေ။ သူကလည်း ပြဿနာရှာသေးတယ် အခွင့်အရေးလည်းယူတယ်ဆိုရင် မကောင်းချေ။
“ရပါတယ်။ ကျုပ်ကိုနောက်တစ်ခန်းပဲပေးပါ။ ပိုက်ဆံက ကိုယ့်ဘာသာ ရှင်းပါ့မယ်”
ကောင်တာ၀န်ထမ်း ၎င်းကိုကြားသောအခါ ထိတ်လန့်သွားခဲ့၏။ သူဘာမှ ဆက်မပြောနိုင်ခင်မှာ ဘေးတစ်ခန်းမှ ချက်ဟူသည့် အသံဖြင့် တံခါးပွင့်လာခဲ့သည်။
တံခါးကြားမှ မုကျစ်ရှီ၏ ခေါင်းထွက်လာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် စုရှောင်ရှန်ကို တွေ့လိုက်ရ၏။ ထို့နောက် အပျက်အဆီးတွေကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“စုရှောင်ရှန် နင်လျှောက်ဖျက်ဆီးပြန်ပြီလား”
စုရှောင်ရှန် သူမကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
‘အပြင်လူတစ်ယောက်ရှိနေတာတွေ့ရဲ့သားနဲ့ ငါ့ကို မျက်နှာပျက်အောင်လုပ်ရသလားဟ’
ကောင်တာ၀န်ထမ်းလဲ ထိုစကားကြောင့် ဤအပျက်အဆီးများက စုရှောင်ရှန် လုပ်လိုက်တာလား တွေဝေသွားသည်။
စုရှောင်ရှန် ထိုကလေးမလေးကို သူမ၏ အခန်းထဲ ပြန်တွန်းထည့်ကာ တံခါးကို ဆောင့်ပိတ်လိုက်သည်။ သူမ၏ အခန်းအတွင်းသို့ ၀င်ချင်စိတ်မရှိပါ။
“မျက်စိရှုပ်တယ်”
ထို့နောက်သူ့နံဘေးက ကောင်တာ၀န်ထန်းကို စောင်းငဲ့ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။ “သွားစို့”
ကောင်တာ၀န်ထမ်း ကြောင်အသွား၏။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
…
အခန်းအသစ်အတွင်းသို့ ရောက်လာပြီးနောက်မှာ ကုတင်ပေါ်ကို ဂရုတစိုက် အသာအယာလေးတက်လိုက်သည်။
ကံစမ်းမဲလှည့်တာလည်းပြီးပြီ၊ စွမ်းရည်အသစ်ကိုစမ်းကြည့်တာလဲပြီးပြီဆိုတော့ နောက်ထပ် ပေါက်ကွဲမှုမဖြစ်လာနိုင်လောက်တော့ပေ။
မာကျောမှုကို ရရှိပြီးနောက်မှာ စုရှောင်ရှန်၏ တိုက်ခိုက်စွမ်းရည်က နောက်တစ်ခါ အကြီးအကျယ် တိုးတက်သွားပြန်သည်။ ဤသို့ရလဒ်မျိုးကို သူကျေနပ်ပေသည်။
“အင်း ဒီနေ့တကယ်ကံကောင်းနေတယ် နိုးထခြင်းရေကန်မှာ ကံထပ်စမ်းကြည့်ရင်ကောင်းမလားမသိဘူး”
နိုးထခြင်းရေကန်မှ လူ့ဘီလူကြီး၏ဒေါသကဲ့သို့ လူသတ်ကွက်ကို ထပ်မရနိုင်ဘူးဟု မည်သူက ပြောနိုင်မည်နည်း။ သို့ပေမယ့်ကြော့ကွင်းကို အရှင်သခင်နယ်ပယ်သို့ရောက်အောင် အဆင့်မြှင့်လိုက်ပြီးနောက်မှာ သူ့တွင် ပင်ကိုယ်မှတ် သုံးသောင်းသာကျန်ချေတော့သည်။
“ကံစမ်းရမှာ ခပ်လန့်လန့်ပဲ”
ထိုမှ စောနက ကံစမ်းမဲလှည့်တုန်းက ရလိုက်တဲ့ ပင်ကိုယ်သော့တွေကျန်သေးတာ တွေ့ရပြီး နည်းနည်းပျော်သွားသည်။
၎င်းတို့ဖြင့် ဆက်လှည့်လိုက်ပေမယ့် ထင်ထားသည့်အတိုင်း ဘာမှ မရချေ။
[ပင်ကိုယ်မှတ် : ၃၂၀၂၀]
ထိုအမှတ်များက စစ်မှန်ခြင်းနယ်ပယ်ပင်ကိုယ်စွမ်းရည်ကို ခြောက်ခါမျှ အဆင့်မြှင့်ဖို့လုံလောက်သည်။ “မနက်ဖြန် မှော်ဆေးပညာရှင် တံဆိပ်ပြားအတွက် စာမေးပွဲဖြေမှာဆိုတော့ စာဖိုမှူးကို အဆင့်မြှင့်လိုက်တာ ကောင်းမယ်ထင်တယ်”
စုရှောင်ရှန် စာမေးပွဲ အဆင့်အရမ်းမြင့်မြင့်ကြီးလည်း ဖြေဖို့မကြံရွယ်ထားပါချေ။ အဆင့်ကိုးဆေးပညာရှင်လောက်ဆို လုံလောက်ချေပြီ။
စိတ်ဝိညာဉ်နန်းတော်ထဲမှာ သူကြိုးစားကြည့်ခဲ့ခြင်းမှ သိရသလောက်တော့ စစ်မှန်ခြင်းအဆင့်တစ် စာဖိုမှူးဖြင့် အဆင့်ခုနှစ် မူလနန်းတော်ဆေးလုံးကို ဖော်စပ်နိုင်စွမ်းမရှိချေ။
၎င်းကို နောက်ထပ် အနည်းငယ် အဆင့်မြှင့်ပြီးမှ အောင်မြင်နိုင်လိမ့်မည်ဟု သူတွက်ဆထားသည်။
စာမေးဖွဲ၀င်ဖြေချင်ရသည့် သူ၏ ရည်ရွယ်ချက်ကလဲ ရွှေအစည်းအရုံးမှာ မတရားသည့်နည်းလမ်းဖြင့်ရထားသည့် ဆေးလုံးများကိုရောင်းချရန်ဖြစ်ပေသည်။ ထို့အတွက်တော့ အဆင့်မြင့် ဆေးပညာရှင်တံဆိပ်ကို ယူရန်က အပိုသာဖြစ်ပြီး မလိုအပ်ပါချေ။
သို့ဖြင့် ပိုလို့ အရေးပါသည့်အရာကိုသာလုပ်ရန်ဆုံးဖြတ်လိုက်သည်။
စုရှောင်ရှန် စိတ်ထဲက ယားကျိယားကျိဖြစ်နေရင်း နိုးထခြင်းရေကန်ကို ကြည့်လိုက်သည်။
ပင်ကိုယ်မှတ် သုံးသောင်းဆုံးရှုံးရမည်ဆိုလျှင်တောင် သူကံစမ်းကြည့်ချင်နေပေသည်။ ၎င်းက ကျောက်တုံးတစ်တုံး ကန်ထဲပစ်ဖို့အရေးတောင် ပင်ကိုယ်မှတ် တစ်သောင်းသုံးရလေကာ ရလာသည့် ရလဒ်အလားအလာကလည်း လူ့ဘီလူးကြီး၏ ဒေါသကဲ့သို့ ကောင်းမွန်ပေသည်။
တုန့်ဆိုင်းခြင်းမရှိ နိုးထခြင်းကျောက်တုံး တစ်တုံး၀ယ်ယူပြီး ၎င်းကို ကြော့ကွင်းစွမ်းအားရွေးချယ်ထည့်ကာ ရေကန်ထဲပစ်ထည့်လိုက်သည်။ ကျောက်တုံးက ကန်အထက်မှာ သုံးကြိမ်ခုန်ပေါက်သွားပြီးမှ နစ်သွားပေသည်။
သို့ဖြင့် ပင်ကိုယ်မှတ် တစ်သောင်းက ရေကန်မျက်နှာအပြင်အထက်မှာ လှိုင်းထသွားစေကာ ပျောက်ကွယ်သွားခဲ့သည်။
“တစ်ခုခု ကောင်းတာရတော့မယ်လို့ ခံစားနေရတယ်”
စိတ်ကိုပြင်ဆင်ထားသည့် စုရှောင်ရှန် ဤတစ်ကြိမ်တွင် ကျရှုံးပါကလည်း စိတ်ပျက်မိလိမ့်မည်မဟုတ်ချေ။ အခြားတစ်ဘက်က နိုးထခြင်းရေကန်က ဈေးကြီးလှတာကြောင့် လှိုင်းလေးအနည်းငယ်ထသွားစေတာပဲဆိုရင်တောင် ကြည့်လို့ကောင်းသလိုလိုခံစားရ၏။
အချိန်အတန်ကြာအောင်ဘာမှ ဖြစ်မလာတာကိုတွေ့သောအခါ နောက်ထပ် ကျောက်တုံး နှစ်တုံး၀ယ်ယူရန် အနီရောင်ဖန်သားပြင်ကိုပြန်ကြည့်လိုက်သည်။ ထိုတွင် မြင်တွေ့လိုက်ရတဲ့ အသိပေးချက်ကြောင့် ကြက်သေသေသွားခဲ့၏။
[ကြော့ကွင်း ပင်ကိုယ်စွမ်းရည်ကို နိုးထခြင်းအောင်မြင်ပါသည်]
“လခွမ်း။ တကယ် တစ်ခါတည်းနဲ့ ထီပေါက်သွားတာလား”
စုရှောင်ရှန် ထိုမျှကောင်းသည့်အရာ ဖြစ်လာနိုင်တာကို မယုံကြည်နိုင်ပေ။ ဆတ်ကတည်း အိပ်ယာထက်တွင် ထထိုင်လိုက်သည်။ ဦးနှောက်ပေါက်ကွဲထွက်သွားတော့မလိုတောင် ခံစားနေရတာကြောင့် သူ့ခေါင်းကို ပိုက်လိုက်၏။
“ဘယ်လိုတောင်ကံကောင်းလိုက်တဲ့နေ့လေးလဲ။ တစ်ခါတည်းနဲ့ နိုးထတာ အောင်မြင်သွားတယ်တဲ့”
နှလုံးခုန်နှုန်းလည်း တဖြည်းဖြည်း မြန်လာခဲ့ပြီး သူ့အသက်ရှူသံများတောင် ပြင်းထန်လာရကာ မနည်း စိတ်ကိုပြန်လျော့လိုက်ရသည်။
သို့ပေမယ့် လူ့ဘီလူကြီးလို အကျိုးသက်ရောက်မှု တစ်ခုခုကို ရနိုင်တယ်ဆိုတဲ့ အတွေးကြောင့် စိတ်ကိုဘယ်လိုလျော့နိုင်တော့မလဲ။
“ဖောက်ခွဲခြင်း ပုံစံတဲ့။ ဒီတိုးချဲ့ပင်ကိုယ်စွမ်းရည်တွေကတစ်ခုခုတော့ တစ်ခုခုပဲ။ ခွန်အား၊ ကြော့ကွင်းဆိုပြီး ပေါတောတောနာမည်တွေနဲ့လာတယ်။ နိုးထလာတော့ သူတို့နာမည်တွေက လူ့ဘီလူးကြီး၏ ဒေါသ၊ ဖောက်ခွဲခြင်းပုံစံ ဆိုပြီး ကြမ်းထော်နေတဲ့နာမည်တွေဖြစ်သွားကြရော”
မြင်းဒုန်းဆိုင်းသလိုခုန်နေတဲ့ နှလုံးကြောင့် သွေးဆောင့်တက်လာမှာကြောက်ပြီး သူ့ရင်ဘက်ကို စုရှောင်ရှန် နာနာလေး ထုလိုက်သည်။ ထိုတွင် သူ့ကိုယ်ထဲက ပေါက်ကွဲထွက်ချင်နေသည့် ရှေးဦးဆန်သော နောက်ထပ် အင်အားတစ်ခုကို ခံစားလိုက်ရသည်။
“ဒါက…”
၎င်းက မီးခိုးမြူပုံရိပ်ကြောင့် ချိတ်ပိတ်တာခံရပြီး သေတော့မလို ဖြစ်တုန်းက သူ့ကိုယ်အတွင်းမှာ ခံစားခဲ့ရသော ရှေးဦးဆန်သည့် စွမ်းအားနှင့် တူတာ သိလိုက်ရသည်။
သို့ပေမယ့် ထိုစဉ်က အဆုံးမရှိ အင်မတန် ကြမ်းတမ်းဒေါသထွက်နေသလိုမျိုးမဟုတ်ဘဲ ၎င်းက ချက်ခြင်းပဲ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ပေါက်ကွဲတော့မလိုလိုနှင့် ပေါက်ကွဲချင်နေသည့် စွမ်းအားဖြစ်သည်။
“နိုးထခြင်းစွမ်းအား”
ထိုနိုးထခြင်းစွမ်းအားအသစ်က အသုံးပြုဖို့ အခြေအနေတစ်ရပ် မလိုအပ်ကြောင်းကိုသိလိုက်ရသည်။
“အဲ့တော့ ဖောက်ခွဲခြင်းပုံစံက ငါသေခါနီးမှ ထွက်လာမှာ မဟုတ်ဘဲ ငါအတိုက်ခိုက်ခံရတိုင်းမှာ ထွက်လာမယ့်စွမ်းအားပေါ့။ ကောင်းလိုက်တာ”
စုရှောင်ရှန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်သည်။ သူ့စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်မထားနိုင်တော့ချေ။
ဘုန်း…။
ရုတ်တရက် ဘုန်းကတည်းအသံကြီးနှင့်အတူ သူ့ကိုယ်ပေါ်က အ၀တ်အစားများပေါက်ကွဲထွက်သွားခဲ့သည်။ ကံကောင်းစွာ အရှင်သခင်နယ်ပယ်လျင်မြန်မှုဖြင့် သူ၏ အတွင်းခံကိုတော့ အချိန်ကိုက်လေး ကာကွယ်လိုက်နိုင်ပေသည်။
“ဒါနဲ့ဆို လေဟာနယ်ကို စုတ်ဖြဲနိုင်တော့မလားမသိဘူး”
သူ့ကိုယ်တွင် အဆုံးမရှိသော ရွှေရောင်အလင်းများ တောက်ပနေသည်။ စုရှောင်ရှန်၏ ဆံပင်များလည်း လေထဲကိုမြှောက်တက်လာခဲ့ပြီး သူ့မျက်လုံးများကလည်း ရွှေရောင်တောက်ပနေ၏။
မသိလျှင် ရွှေရောင်အရှိန်အ၀ါဖြင့် နတ်ဘုရားတစ်ပါးပါးရောက်လာသလိုနှင့်။
ကြေးမှန်ထဲရှိ သူ့သွင်ပြင်ကြောင့် စုရှောင်ရှန်ကိုယ်တိုင်တောင် မှင်တက်သွားရသည်။ ၎င်းက ယခင် စုရှောင်ရှန်ကို အဆင့်မြှင့်လိုက်သည့် စုရှောင်ရှန်ဖြစ်သည်။
သူ့ကိုယ်ထဲက ရွှေရောင်စွမ်းအင်များ အဆက်မပြတ် ထိုးထွက်လာနေခဲ့ပြီး နောက်ဆုံး သူတောင် ၎င်းတို့ကို ထိန်းမထားနိုင်တော့ချေ။
သို့ဖြင့် အခန်းအသစ်လေးက သစ်သားတံခါး အသစ်လေးကို ကြည့်လိုက်သည်။