အဆက်မပြတ်တုန်ခါနေသော စိတ်ဝိညာဉ်စွမ်းအင်တို့က အခန်းကလေး၏ နံရံများကိုရိုက်ခတ်ပြီးနောက် ပြန်ကန်ထွက်လာကြသည်။
လေထုထဲတွင် ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ခံစားနေနိုင်သည်။ ၎င်းက ကောင်းကင်ဘုံလမ်းစဉ်၏ အလင်းပြမှုဖြစ်၏။
ကြမ်းခင်းပေါ်မှာ ခြေနှစ်ဖက်ကို ပူးကပ်၍ ဆားလူးခံထားရသော ငါးတစ်ကောင်လို စုရှောင်ရှန် တွန့်လိမ် တွန့်လိမ် ဖြစ်နေသည်။ သူ့ခြေထောက်က ဒူးအောက်ပိုင်းမှ စ၍ ခွဲဖြာသွားသောကြောင့် တွန့်လိမ်နေသည့် ရေသူထီးအလား ပုံပေါ်နေ၏။
“ငါအဆင့်တက်သွားပါလား”
သူ့ဒန်ထျန်ကိုမကြည့်ဘဲနှင့်တောင် မူလနန်းတော်အလယ်ပိုင်းကိုရောက်သွားပြီမှန်း စုရှောင်ရှန် သိလေသည်။ သူ့အသက်ရှူခြင်းနည်းစနစ်က စစ်မှန်ခြင်းနယ်ပယ်ကိုရောက်ပြီးနောက်မှာ ဆေးလုံးကို စုပ်ယူရာမှာ စတင်ခြင်းနယ်ပယ်ကထက် အဆ တစ်ရာလောက်သာလာခဲ့၏။
ကျင့်ကြံခြင်းပါရမီရှင်များတောင် စုရှောင်ရှန် ဆေးလုံးစုပ်ယူမှု၏ ဆယ်ပုံတစ်ပုံခန့်လောက်သာ စုပ်ယူနိုင်စွမ်းရှိပေသည်။
မူလနန်းတော်ဆေးလုံးနှင့် စစ်မှန်ခြင်းနယ်ပယ်အသက်ရှူခြင်းနည်းစနစ်တို့ပေါင်းစပ်မှုမှ အပြင်စည်းတွင် မိုးတိမ်လေပြိုင်ပွဲကျင်းပချိန်ကို စုရှောင်ရှန် အမှတ်ရသွား၏။
ယခုက ပထမဆုံးအကြိမ် ဆေးလုံးစုပ်ယူခြင်းတုန်းကခံစားနေရတာနှင့် ဘာမှ မကွာခြားချေ။
“ငါထျန်းရွှမ်တံခါးထဲ၀င်ပြီး အသက်ရှူခြင်းနည်းစနစ်နဲ့ ရင်းနှီးအောင်လုပ်ပြီးတာတောင် မရပါလားနော်”
စုရှောင်ရှန် ငိုလိုက်ချင်၏။ အဆင့်ကိုး စိတ်ဝိညာဉ်ဆေးလုံးထက် အဆင့်ခုနှစ် မူလနန်းတော်ဆေးလုံးက အပုံကြီးသာလေသည်။ စိတ်ဝိညာဉ်စွမ်းအင်ပမာဏ ပါ၀င်နှုန်းကလည်း နှိုင်းယှဉ်လို့မရအောင်တောင် သိပ်သည်းသည်။
ကံဆိုးစွာဖြင့် သူသေသေချာချာလေးထိန်းသိမ်းထားသည့် ကျင့်ကြံခြင်းက နောက်တစ်ကြိမ် မတော်တဆဖြစ်ပြီး ချိုးဖျက်တက်သွားပြန်၏။
တကယ်ကို ကံကြမ္မာကြီးက မသေချာမရာမှုများဖြင့် ပြည့်နေပေသည်။ အစက စုရှောင်ရှန်က မူလနန်းတော်အစောပိုင်းနှင့် အလယ်ပိုင်းတို့အကြားကွာခြားချက်က သိပ်မကြီးလောက်ဟုတွက်ထားပေမယ့် သူ့ဒန်ထျန်ကိုကြည့်လိုက်သည့်အခါမှ မှင်တက်သွားရ၏။
တကယ်က စစ်မှန်ခြင်း မူလနန်းတော်နယ်ပယ်မှာ အဆင့်သေးတစ်ခုနှင့်တစ်ခုအကြားက ကွာခြားချက်က ကြီးမားပေသည်။ အစောပိုင်းအဆင့်ကနေ အထွတ်အထိပ်အဆင့်ကို ကျင့်ကြံဖို့တောင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့် သုံးမှ စစ်မှန်ခြင်းနယ်ပယ်ထိကျင့်ကြံရတာထက် ခက်ခဲသည်။
ယခု မူလနန်းတော်အလယ်ပိုင်းအဆင့်ကို ချိုးဖျက်တက်သွားပြီးသည့်အခါ သူ၏ ဒန်ထျန်က နှစ်ဆကျော်တောင် ပိုကြီးမားလာခဲ့၏။ ထို့အပြင်ကို စိတ်ဝိညာဉ်အနှစ်သိပ်သည်းမှုနှုန်းလည်း ပိုများလာပေသည်။
“ဆိုလိုတာက ငါ့စိတ်ဝိည်နည်းစနစ်တွေကိုအသုံးပြုရင်လည်း နောက်ကအားက နှစ်ဆဖြစ်သွားမှာပဲ။ စိတ်ဝိညာဉ်ကျင့်ကြံသူတွေ အသည်းအသန် အဆင့်တက်ဖို့ ကြိုးစားကျင့်ကြံနေကြတာ မဆန်းတော့ပါဘူး။ ဒါက သူတို့အတွက် အမြန်ဆုံး အကောင်းဆုံးလမ်းဖြစ်နေတာကိုး။ နှမျောစရာက ငါနဲ့သင့် တော်တဲ့ လမ်းစဉ်ဟုတ်မနေတာဘဲ”
စုရှောင်ရှန် အရှင်သခင်နယ်ပယ်နည်းစနစ်ကို ကျင့်ကြံနိုင်တာ (သို့) တီထွင်ဖန်တီးနိုင်တဲ့ တစ်နေ့ကြရင်တော့ သူလျှောက်နိုင်တဲ့လမ်းစဉ်ဖြစ်လာပေလိမ့်မည်။ ထိုအခါ သူ၏ ပါရမီက ထင်ပေါ်လာပေလိမ့်မည်။
ယခုတော့ သူ့အတွက် မသင့်တော်သေးချေ။ သို့ဖြင့် ကျင့်ကြံခြင်းနယ်ပယ်နှင့်ပတ်သက်သည်များကို ဘေးခဏချထားလိုက်သည်။
သူက ယခုမှ အဆင့်တက်သွားလို့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် အခြားသူများလို တကူးတကလုပ်နေစရာမလိုပါချေ။ သူ့အသက်ရှူခြင်းနည်းစနစ်ကို လုပ်ခိုင်းထားလို့ဖြစ်၏။
ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်စရာမလိုသောကြောင့် သူ့မူလနန်းတော်ထဲက အနီရောင်ဖန်သားပြင်ကြီးကို အာရုံစိုက်လိုက်သည်။
[ပင်ကိုယ်မှတ် : ၈၂၀၂၀]
စုရှောင်ရှန် ခဏတာ တိတ်ဆိတ်သွားသည်။
“ငါတကယ် စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာပဲ”
သူ့မူလအကြံက ကံစမ်းမဲ ဆယ်ခေါက် တစ်ကြိမ်သာ လှည့်ရန်ဖြစ်သည်။ ကံဆိုးစွာဖြင့် ဘာရလဒ်မှ မရတဲ့အတွက် ဒေါသထွက်နေသော အခြေအနေမှာ စိတ်ဗလာကျင်းနေပြီး မည်သည်မှ တွေးတောခြင်းမရှိ နောက်ထပ် ပင်ကိုယ်မှတ် ငါးသောင်းကို ကမူးရှူးထိုးအသုံးပြုမိလိုက်၏။
“ငါမဲတွေနှိုက်လိုက်တာ ဂဏာန်ကြီးတစ်လုံးတောင် လျော့သွားပြီ”
သို့ပေမယ့် စုရှောင်ရှန် ၎င်းကို တွေးတောမနေပါတော့ချေ။ ၀မ်းနည်းဖွယ်ရာအဖြစ်အပျက်ကို တွေးတောနေလို့ ပို၍ ၀မ်းနည်းလာဖို့သာရှိချေမည်။
“ကံကောင်းတာက ငါတစ်ခုခု ရလိုက်လို့ပေါ့”
မဟုတ်လျှင် ကျန်ပင်ကိုယ်မှတ် ရှစ်သောင်းထဲကတောင် ဆက်လက်၍ သုံးမိမလား မသိချေ။ ယခုလို အခြားပင်ကိုယ်စွမ်းရည်ဖြင့်တွဲသုံးလို့ရသော စွမ်းရည်တစ်ခုရတာကိုက ကံကောင်းလှပြီဟု တွက်လိုက်သည်။
၎င်းက အံ့မခန်းစွမ်းရည်တစ်ခုဖြစ်သော်လည်း တကယ်တိုက်ပွဲမှာ အသုံးပြုမှု အကန့်အသတ်ကြောင့် ပြဿနာအနည်းငယ်ရှိနိုင်သည်။
အဓိက ပင်ကိုယ်စွမ်းရည်များကို ဘယ်ဟာအဆင့်ထပ်မြှင့်ရမလဲ ခေါက်တွန့်ခေါက်ပြန်ကြည့်ပြီး နောက်ဆုံး ကြော့ကွင်းပေါ်ရောက်မှ သူရပ်လိုက်သည်။
[ကြော့ကွင်း (စစ်မှန်ခြင်းအဆင့်-၁)]
၎င်းက အလွန်အသုံး၀င်သော စွမ်းရည်ဖြစ်သည်။
တိုးတက်မှုမရှိသေးသော ချွန်ထက်ခြင်းလို ပင်ကိုယ်နည်းစနစ်ဖြင့် ယှဉ်လျှင် ဤနည်းစနစ်က တိုက်ပွဲတွေမှာ အဓိက အခန်းကဏ္ဌကြီးကနေ ပါ၀င်နိုင်သည်။
အတွေးအခေါ်အရကော လက်တွေ့မှာပါ ရန်သူက သူ့နားကိုကပ်လာခဲ့လျှင် ကြော့ကွင်းကြောင့် အငိုက်မိပြီး လွင့်ထွက်သွားရလေသည်။
သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ လာရောက်တိုက်ခိုက်သည့်သူများ တည်ငြိမ်သော အမူအရာထားနိုင်တာကို စုရှောင်ရှန် မတွေ့ဖူးသေးချေ။ ပြန်လွင့်ထွက်သွားသောအခါ သူတို့အားလုံး၏ မျက်နှာများက ညစ်ပတ်တာ စားလိုက်ရသလို ရှုံ့မဲ့နေကြသည်။
ဤစွမ်းရည်က အံ့မခန်းအကျိုးသက်ရောက်မှုရှိတာကို သူမငြင်းဆန်နိုင်ပါ။ ၎င်းက စွမ်းအားလည်းကြီးလှသည်။ အသစ်ရရှိလာသော မာကျောမှုကိုပါ ထပ်ပေါင်းစဉ်းစား၍ ကြော့ကွင်းကို အဆင့်မြှင့်တင်ရန် စုရှောင်ရှန် ဆုံးဖြတ်လိုက်၏။
သို့ဆိုပါက ကြော့ကွင်းကြောင့်လွင့်ထွက်သွားသော ရန်သူများက ညစ်ပတ်တာ စားလိုက်ရသလိုသာ ဖြစ်မည်မဟုတ်တော့ဘဲ သူတို့ကိုယ်တိုင်စီက ညစ်ပတ်တာတွေ ထွက်ကျလာပေလိမ့်မည်။
ထိုသို့ တွေးမိပြီး တုန့်ဆိုင်းခြင်းမရှိ ကြော့ကွင်းကို ဆယ်ကြိမ်ဆက်တိုက်အဆင့်မြှင့်လိုက်တော့သည်။
[ကြော့ကွင်း (အရှင်သခင်အဆင့်-၁)]
ပဲ့တင်ကန်ထွက်လာမှုနှင့်အတူ သူ့ရင်ဘက်ထဲက အဆုံးမရှိသော စွမ်းအင်များ ထိုးထွက်လာခဲ့၏။ ၎င်းတို့က ရှေးဦးနဂါးများ၊ ရှေးဦးဆင်များအဖြစ်ကိုပြောင်းသွားပြီးတော့ သူ့အရည်ပြားပေါ်တွင် ကခုန်နေကြသည်။
လက်သီးတစ်ချက်ဖြင့်ပင် လေဟာနယ်ကိုထိုးခွဲနိုင်လောက်မည်ဟု သူခံစားနေရ၏။
“နပေါဦး”
စိတ်ဝိညာဉ်အလင်းများလက်နေသည့်အောက်က စုရှောင်ရှန် မျက်လုံးများကို ဆတ်ကတည်း ပြူးကျယ်စွာဖွင့်လိုက်သည်။
“လေဟာနယ်ကိုခွဲမှာဟုတ်လား”
အတိတ်မှာ ကြော့ကွင်းကိုအသုံးပြုတိုင်း သူလည်း လွင့်ထွက်သွားခဲ့ရသောကြောင့် ထိုအကြံကိုအကောင်အထည်မဖော်မိချေ။ ယခုက ကွဲပြားလေပြီ။
မာကျောမှုဖြင့်ဆိုလျှင် သူ့လက်သီးချက်က ဘာမှ မရှိသည့် လေဟာနယ်ကိုတောင် ပေါက်ပြဲစေနိုင်လောက်သည်။
ထိုသို့အတွေးက စုရှောင်ရှန်ကို ပါးစပ်အဟောင်းသားဖြစ်သွားစေ၏။
ရဲ့ရှောင်ထျန်း၏ ကောင်းကင်ခွဲလက်ကိုကြည့်ပြီးတော့ ဤကမ္ဘာကြီးတွင်လည်း ဗလာနယ်ပယ်စည်းမျဉ်းတွေရှိတာကို သိပြီးလေပြီ။ ၎င်းက မမြင်ရသလို ဒြပ်မဲ့လည်းမဟုတ်ပေ။ မီး၊ ရေ၊ လေ စသဖြင့် တွေ့မြင်နိုင်သော ဓာတ်စွမ်းအင်များလို အဓိက စွမ်းအင်အမျိုးအစားထဲမှာပါသည်။
“ငါသာလုံလောက်အောင်သန်မာရင် ကြော့ကွင်းက တန်ပြန်အားက လေဟာနယ်ကို လက်သီးတစ်ချက်တည်းနဲ့ တွန့်လိမ်ပေါက်ပြဲသွားနိုင်ဖို့က စိတ်ကူးလေးပဲမဟုတ်တော့ဘူး။ ငါဒဏ္ဌာရီတစ်ခုကို လုပ်နိုင်တော့မှာပဲ…”
စုရှောင်ရှန် သွားရည်ကျလုမတတ်ဖြစ်နေ၏။ ကြေးမှုန်မှန်လေးအရှေ့ကိုလာပြီး မေးစေ့ကို ပွတ်ကာ သူ့ကိုယ်သူအကဲခတ်သည်။
ယခုဆိုလျှင် သူ့မျက်နှာထက်တွင် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးစသဖြင့် မရိတ်တော့ ပါးပါးလေးပေါက်နေကြသည်။ ကံကောင်းစွာဖြင့် သူက ကျန်းမာရေးကောင်းလို့ အဖြူရောင်များမပေါက်လာခြင်းပေ။
၎င်းတို့ဖြင့်တောင် သူက တစ်မျိုးကြည့်ကောင်းနေသည်။
မီးတောက်နေသောမျက်လုံးများဖြင့် ကြေးမှန်လေးကို လက်ညိုးထိုးကာ ဆောင့်ကြီးအောင့်ကြီး ဆိုလိုက်၏။ “ငါ့သားလာလုပ်စမ်း”
“ဟမ်… မဟုတ်သေးပါဘူး။ ငါပြောမယ့်ဟာက ဖောင်လား လှေလား တစ်ခုခုနဲ့ သက်ဆိုင်တာပါ”
စုရှောင်ရှန် သူ့ခေါင်းကိုတဗျစ်ဗျစ်ကုတ်လိုက်လေသည်။ ၎င်းကို သူကြားခဲ့တာ အလွန်ကြာညောင်းလှပြီဖြစ်ကာ မမှတ်မိတော့ပေ။
“ထားလိုက်ပါတော့။ ဒါလည်းကောင်းပါတယ်။ လူတစ်သောင်းလောက်အကြားမှာ ‘ငါ့သားလာလုပ်စမ်း’ လို့ပြောလိုက်ရင် ပင်ကိုယ်မှတ်တွေအများကြီးရမှာပဲ” စုရှောင်ရှန် ရယ်လိုက်၏။
ထိုစကားလုံးကို မမှတ်မိနိုင်တော့လဲဘာများဖြစ်သွားမှာမလို့လဲ။ ထိုစကားနောက်က လောဟာနယ်ကို စုတ်ဖြဲလိုက်သည့်အဖြစ်က ကြောက်သေးပါဖို့လုံလောက်သွားလေမည်ဖြစ်ကာ သူ့စကားကိုတောင် ဂရုထားကြလိမ့်မည်မဟုတ်ချေ။
ယခု သူ့ခွန်အားဖြင့်ဆိုရင် ထိုသို့လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
စုရှောင်ရှန် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး လေထဲကို လက်သီးတစ်ချက် အားဖြင့် ပစ်သွင်းလိုက်သည်။ ယခု ထိုးသောအခါ ခံစားချက်က လုံး၀ ကွဲပြားနေ၏။
ယခင်က ကြော့ကွင်းဖြင့်ဆိုလျှင် သူက လာပြီး အတိုက်ခိုက်ခံရမှ ဤသို့ ခံစားချက်မျိုးရရှိတာဖြစ်သည်။
မာကျောမှုကြောင့် သူ့ကိုယ်ထဲတွင် တန်ပြန်တွန်းအားတစ်ခုရှိနေပြီဖြစ်သည်။ သူ့လက်သီးချက်က ဘာမှမရှိသည့် လေဟာနယ်ကို ထိုးလိုက်တာဆိုရင်တောင် အားတစ်ခုထွက်သွားပေသေးသည်။
ဘုန်း…။
သစ်သားတံခါးလေး လွင့်ပျံထွက်သွား၏။
သစ်သားအကျိုးစများလည်း အရပ်လေးမျက်နှာကို လွင့်စင်ထွက်သွားကာ ကြမ်းခင်းတွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြစ်ပေါ်သွားသည်။ စုရှောင်ရှန် ထိုမှ စင်္ကြံလမ်းလေးကိုမြင်လိုက်ရ၏။
“ဟ…”
သူပျော်လည်းပျော်သလို အံ့လည်း အံ့အားသင့်သွား၏။ နေရာမှာပင် ခုန်ပေါက် အောင်ပွဲဆင်လိုက်ချင်စိတ်များပေါ်လာသည်။
“ငါ အောင်မြင်သွားပြီလား။ လေဟာနယ်ကို မပေါက်ပြဲသွားစေဘူးဆိုပေမယ့် နောက်က ထွက်လာတဲ့လှိုင်းက ငါလိုချင်နေတဲ့ ပုံစံပဲ။ ဒါက ပင်ကိုယ်စွမ်းရည်တောင်မဟုတ်တော့ဘူး။ ချက်ခြင်းအသုံးပြုလို့ရတဲ့ ဆောင်ရွက်စွမ်းရည်ဖြစ်သွားပြီ”
ကုတင်ကျိုးကြီးအနားကနေ အပြင်ဘက် စင်္ကြံလမ်းလေးကို ကြည့်နေရင်း ပီတိတွေဝေဖြာနေပေသည်။
“တိုက်ခိုက်မှာအကွာအဝေးကလည်း အတော်ရောက်တာပဲ။ ဒါဆို ငါတာဝေးလည်း တိုက်ခိုက်လို့ရမှာပေါ့”