ထိုခေါင်းကြီးကြမ်းခင်းပေါ်ကိုကျသွားသည်။ ထိုမှ အနီရောင်အစင်းကြောင်းကြီးထင်ကျန်အောင် အနည်းငယ် လှိမ့်ပြီးမှ ရပ်သွား၏။
ရှောင်ဆယ့်ခြောက်၏ မျက်၀န်းများက သူမသေခင်တုန်းက ပြနေသလို စိတ်ပျက်အားလျော့မှုတို့ရှိနေသေးသည်။ သူ့အကြံအစည်တွေဘာတွေ ဘာမှ အကောင်အထည်မပေါ်သေးခင်မှာ သတိကြီးသော စုရှောင်ရှန်က သတင်းအချက်အလက်တွေ မပေးစွမ်းနိုင်တော့တာသိတော့ သတ်ပစ်လိုက်၏။
ရှဲ ရှဲ
ငရဲမီးတောက်ကောင်းကင်မီးလျှံများ စတင်၍ လောင်ကျွမ်းလာခဲ့သည်။
စုရှောင်ရှန် ထိုငရဲမီးတောက်မီးလျှံကို စရသည့်အချိန်ကတည်းက ဆေးဖော်စပ်ဖို့ကလွဲပြီး အလောင်းများကို မီးရှို့ရာ၌သာ အသုံးများခဲ့ပေသည်။ သူက ၎င်းကို တလွဲကြီးအသုံးချနေခြင်းပင်။
ငရဲမီးတောက်ကောင်းကင်မီးလျှံဆိုတာက ရှိရှိသမျှ အရာအားလုံးကို လောင်ကျွမ်းနိုင်သည့် မီးလျှံများဖြစ်သည်။ သို့ပေမယ့် ၎င်းက သူ၏ ကြီးထွားမှုနောက်ကို လိုက်မလာနိုင်ပါချေ။
ကံကောင်းစွာဖြင့် ဆေးဖော်စပ်သည့်နေရာတွင်တော့ အသုံးတည့်နေသေးပေလို့ပေါ့။ ထိုမီးလျှံက ဖော်စပ်စည့် ဆေးလုံးများက အရည်အသွေးတကယ်ကောင်းပေသည်။ ခက်ထန်သည့်မီးဖြစ်သည်ဆိုလို့ ဆေးအာနိသင်နှင့် ပုံပန်းသွင်ပြင်ပေါ် ဘာသက်ရောက်မှုမှ မရှိပါချေ။
ထိုသို့အတွေးနက်နေရင်းက မနှစ်မျို့ဖွယ်ရာ အနံ့ဆိုးကြီးကြောင့် စုရှောင်ရှန် ပျို့တက်လာခဲ့၏။
သူက လူသတ်ဖူးတယ်ဆိုပေမယ့် ဘာမှ မခံစားရသည်အထိတော့ အသားမကျသေးပါချေ။ အတိတ်ကဆိုလည်း သူသတ်လျှင် မီးပန်းအဖြစ်ဖောက်ခွဲခြင်းလို ဖောက်ချည်းသာ ခွဲပြီး အဝေးက သတ်ခြင်းဖြစ်တာကြောင့် ဘာတုန့်ပြန်မှုမှ မရှိခြင်းဖြစ်သည်။
သို့ဖြင့် ယခုလို သူ့ရှေ့က ခေါင်းပြတ်ကြီးမှ ထွက်လာခဲ့သော သွေးရနံ့များကို ကောင်းကောင်းမကိုင်တွယ်နိုင်သေးပါချေ။
“ဟူးးး”
ထိုသွေးများကို ငရဲမီးတောက်ကောင်းကင်မီးလျှံဖြင့် အလျှင်အမြန် လောင်ကျွမ်းလိုက်ပြီးမှ စုရှောင်ရှန် အသက်ရှူချောင်သွား၏။ ကိုယ်လက်သန့်ရှင်းရေး နောက်တစ်ကြိမ်ထပ်လုပ်ပြီးနောက်မှာ အိပ်ယာပေါ်၌ ခေါင်းချလိုက်သည်။
“ကျန်းမျိုးနွယ်စု၊ မွှေးရနံ့သုံးပါးအဆောင်…”
ကျန်းမျိုးနွယ်စုလို့ဆိုလာရင် ထိုနေရာတစ်ခုလုံးကို ကမူးရှူးထိုး၀င်ရောက်ပြီး ဖောက်ခွဲပစ်လိုက်ချင်စိတ်များက ကြီးစိုးနေသည်။
အပြင်စည်းမှစ၍ အတွင်းစည်းမချန်၊ နောက်ဆုံး ထျန်းစန်းမြို့တော်ကိုရောက်လာတာတောင် ထိုမျိုးနွယ်စုထံမှ လုပ်ကြံမှုများကို အကြိမ်ကြိမ်ခံစားခဲ့ရသည်။ စုရှောင်ရှန် ဒေါပွနေချေပြီ။
သူ့က ကျင့်ကြံမှုနိမ့်နေသေး၍သာ ကြိတ်၍ သည်းခံနေခြင်းဖြစ်၏။
ထို့နောက် သူ့နားမှာ ထိုင်နေသည့် ကြောင်ဖြူလေးကိုကြည့်လိုက်သည်။ ထိုကြောင်က အစာမကျွေးဘဲ သူ့အနားမှာဒီတိုင်းထားတာတောင် ပျော်ရွှင်သလို အမူအရာပြနေ၏။
‘မဖြစ်ဘူး။ ဒီကောင်ရဲ့ ကြောင်တောင်တောင် ပုံစံကြောင့်တော့ အရူးလုပ်ခံလို့မဖြစ်ဘူး။ နောက်က ကျောထောက်နောက်ခံက ကြမ်းတယ်။ ကျောက်ထန်းထန်းနဲ့ ရှင်းကုကုတို့ နှစ်ယောက်က ဧကရာဇ်နယ်ပယ်နဲ့ ယှဉ်ချရင်တောင် ချနေနိုင်မှာ။ မဟုတ်လည်း သူတို့ ကြိမ်လုံးနဲ့ သံကြိုးကို ချွတ်ပြီး ပုံပြောင်းလိုက်ရင် တတ်နိုင်မှာပဲ။ ဒါပေမယ့် ကျန်းမျိုးနွယ်စုကို တိုက်ခိုက်ဖို့ဆို ဒီလောက်နဲ့ မလုံလောက်သေးဘူး’
ကျဲကိုပါသူထည့်တွက်မယ်ဆိုရင် ဧကရာဇ်နယ်ပယ် အကူအညီသုံးယောက်ရပြီလို့ဆိုနိုင်ပေသည်။ ကျဲက ဧကရာဇ်နယ်ပယ်စွမ်းအားပိုင်ဆိုင်ထားသလားဆိုတာကိုတော့ မသိရသေးချေ။
ကောင်းကင်ဘုံရုပ်လွှာ အရှင်သခင်နယ်ပယ်တစ်ယောက်ကို တစ်ချက်တည်းနဲ့ အမှောက်သိပ်ဖို့ဆိုတာ ယင်ယန်နယ်ပယ်နှင့်၊ ကြည်ဘုံလွှားနယ်ပယ်တို့လည်း လုပ်နိုင်သည်။ ဧကရာဇ်နယ်ပယ်က ထိုနယ်ပယ်သုံးခုထက်ပိုကြမ်း၏။
သူ့ဘက်ကို ခေါ်နိုင်တဲ့ ဧကရာဇ်နယ်ပယ်အရေအတွက်က ကျန်းမျိုးနွယ်စု၏ တကယ့် အရေအတွက်ကို ရောက်နိုင်တယ်လို့ မပြောနိုင်ပေ။
“အင်း။ မျိုးနွယ်စုကြီးတစ်ခုလုံးကို တစ်ယောက်တည်းရင်ဆိုင်ရတယ်ဆိုတာ ၀တ္ထုတွေထဲမှာလို မလွယ်ကူဘူးပဲ။ ငါသတိထားရမယ်”
ကျန်းထိုက်ယင်တစ်ယောက်တည်းသာ ဧကရာဇ်နယ်ပယ်ဖြစ်နေမယ်ဆိုရင် စုရှောင်ရှန် တုန့်ဆိုင်းနေလိမ့်မည်မဟုတ်ချေ။ ယခု နှစ်ဘက်အဖွဲ့က အင်အားတွေက မညီမမျှဖြစ်လာတော့ သူအနည်းငယ် ကြောက်မိ၏။
“စိတ်ရှည်ရှည်ထား။ ငါက ငယ်သေးတယ်။ ငါ့မှာ အချိန်တွေအများကြီးကျန်သေးတယ်။ တကယ်ဆိုရင် ခုလို လုပ်ကြံသူတွေ မကြာခဏ ရတနာတွေလာပေးတာလည်းမဆိုးပါဘူး။ လွယ်လင့်တကူ ချမ်းသာလာတာပေါ့”
မွှေးရနံ့သုံးပါးအဆောင်ကို စုရှောင်ရှန် ဆက်စပ်၍ တွေးလိုက်သည်။
“ဘယ်လို အင်အားစုကြီးလဲဟ။ လုပ်ကြံသူတွေအတွက် မြင့်မြတ်နယ်ပယ်တဲ့”
စုရှောင်ရှန် ဤအင်အားစုအကြောင်းကို အရင်က ကြားဖူးနား၀ ရှိသလိုလို ရှိသည်။ တကယ်ဆို သူတို့က သူတော်စင်အစေအပါးများထက်တောင် ပို၍ နာမည်ကြီး၏။
သို့ပေမယ့် ကောလဟာလဆိုတာ အကန့်အသတ်ရှိတာကြောင့် နာမည်လေးကြားရုံလောက်ဆိုတာထက် ဘာမှမသိချေ။ ယခု ထိုအင်အားစုက သူ့ကို ပစ်မှတ်ထားလာမယ်ဆိုတာ အတော်ကို ရူးကြောင်ကြောင်နိုင်ပေသည်။
“လူသေကတောင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းတန်တယ်တဲ့”
စုရှောင်ရှန့် စိတ်ကလေး ဘုံးဘုံးကျသွားပေသည်။ သူတို့ လည်ပင်းအပေါ်ကို ဓားလာထောက်ထားရင် ဘယ်သူက အိပ်ကောင်းခြင်းအိပ်၊ စားကောင်းခြင်းစားနိုင်မည်နည်း။
“ဒီကျန်းမျိုးနွယ်စုပဲ ငါ့ကို ပြဿနာတွေတစ်ခုပြီးတစ်ခုပေးနေတယ်”
ကျန်းထိုက်ယင်ကို သူသွားမထိနိုင်သေးမှတော့ လက်ရှိအလုပ်ကိုသာ အာရုံစိုက်ထားလိုက်တော့၏။ ရန်သူတွေကို ရှင်းပစ်ချင်တယ်ဆိုရင် ကိုယ်ပိုင်စွမ်းရည်တွေကို တိုးတက်လာအောင်လုပ်တာက ပို၍ ယုတ္တိရှိပေသည်။
ထျန်းရွှမ်တံခါးအတွင်းက ထွက်လာလဲ့တာ သိပ်မကြာသေးပေမယ့် နေ့စဉ်နေ့တိုင်း အသက်ရှူခြင်းနည်းစနစ်၏ စွမ်းအင်စုစည်းမှုကြောင့် မူလနန်းတော်အစောပိုင်းအထွတ်အထိပ် အဆင့်ကို သူရောက်လာခဲ့ချေပြီ။
သိပ်မကြာခင်အချိန်အတွင်းမှာ မူလနန်းတော်အလယ်ပိုင်းကို တက်လှမ်းနိုင်လိမ့်မည်ဟု သူယုံကြည်သည်။
၎င်းက အကူအဖြစ် ဆေးမှီဝဲတာတောင်မပါသေးချေ။
“မြန်လွန်းတယ်”
“ဒါပေမယ့် ငါက တိုက်ခိုက်တော့လဲ ကျင့်ကြံခြင်းအပေါ်ကို မှီခိုနေတာမှမဟုတ်တာ။ အဲ့တော့ သေချာကြိုးစားကျင့်ကြံလည်း ငါ့ဒန်ထျန် သူများထက်ပိုကြီးလာတာကလွဲလို့ ဘာမှ ထူးသွားမှာမဟုတ်ဘူး။ ခုမှ အသစ်ထွင်လိုက်တဲ့ မီးဘောလုံးကြီးလို နည်းစနစ်ကို ဆက်တိုက်အသုံးမပြုရင်တော့ ခုဒန်ထျန်လောက်နဲ့ဆိုလည်း အဆင်ပြေပါတယ်။ အဲ့လိုမှမဟုတ်ဘဲ ဆက်တိုက်အသုံးပြုဖို့လိုလာခဲ့မယ်ဆိုရင်တောင် ကျဲကို ငါ့အစား ချခိုင်းလို့ရတာပဲ”
“အေးဆေးပေါ့။ ငါကိုယ်တိုင်ကိုင်တွယ်စရာမှလည်း လိုမနေတာကို။ ပြီးတော့ မူလနန်းတော်ဆိုတဲ့ ကျင့်ကြံခြင်းလေးကြောင့် ရန်သူတွေ ငါ့ကိုအထင်သေးကြတာက တစ်မျိုးလေး အသာစီးရတာပဲလေ။ ငါ့ရန်သူတွေ ဘယ်ကဘယ်လို အရှင်သခင်နယ်ပယ် တွေပါ ပါလာတဲ့အထိကိုရောက်သွားကြမှန်းတော့မသိပေမယ့် ဒီနည်းလမ်းလေးက အလုပ်ဖြစ်နေတာ မဆိုးပါဘူး”
သို့ဖြင့် စုရှောင်ရှန် စစ်မှန်ခြင်းနယ်ပယ်တွင် ရည်ရွယ်ချက်ရှိရှိ သောင်တင်နေသေးရန်ဆုံးဖြတ်လိုက်သည်။ ၎င်းက ရေရှည်တည်မြဲမည့် ဗျူဟာမဟုတ်ပေမယ့် သူ့ရန်သူများကို ခဏတာသတင်မှားပေးနိုင်တာလေးဆိုရင်တောင် အဆင်ပြေသည်။
ဘယ်လောက်သတိကြီးသည့်အရှင်သခင်နယ်ပယ်ဖြစ်နေပါစေ စစ်မှန်ခြင်းနယ်ပယ် မူလနန်းတော်အစောပိုင်းက ရန်သူတစ်ယောက်ကိုရင်ဆိုင်သည့်အခါ မလွဲမသေ အထင်အမြင်သေးကြပေမည်။
တိုက်ပွဲအတွင်းမှာ ရန်သူ အထင်သေးနေချိန်ကို အခွင့်ကောင်းယူကာ သူက အငိုက်တိုက်ခိုက်လိုက်မည်ဆိုလျှင် တစ်ချက်တည်းပွဲသိမ်းသွားပေမည်။
သူ၏ လျင်မြန်မှုနှင့် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်တို့ဖြင့်ဆိုလျှင် ပိုလို့တောင်ဆိုး၏။
“ကျင့်ကြံခြင်းနယ်ပယ်ကို မမြှင့်သေးရင်တောင် အခြား အရာတွေကိုတော့ တိုးတက်အောင် လုပ်ရမယ်”
စုရှောင်ရှန် ငရဲမီးတောက်ကောင်းကင်မှ နည်းစနစ်ခွဲများဖြစ်သည့် အဖြူရောင်မီးလျှံနှင့် နဂါးလောင်မြိုက်ခြင်းနယ်ပယ်တို့ကို ထုတ်ယူလိုက်သည်။
စုရှောင်ရှန် ထိုနည်းစနစ်နှစ်ခုစလုံးကိုဖတ်ကြည့်ပြီးလေပြီ။ နဂါးလောင်မြိုက်ခြင်းနယ်ပယ်ကို အသုံးပြုဖို့ဆိုရင် အရင်ဆုံး လိုအပ်ချက်အနေနှင့် အဖြူရောင်မီးလျှံကို ကျွမ်းကျင်ထားရမည်။
ထိုနည်းစနစ်က အလွန် သန်မာပေမယ့် တတ်မြောက်ရန်ခက်ခဲပေသည်။ ယခု သူချို့တဲ့နေသည့် အချို့ လိုအပ်ချက်များတောင်ရှ်ိနေသေး၏။
“အဆင့်မြင့် ငရဲမီးတောက်အစေ့..”
စုရှောင်ရှန် ထိုနာမည်မှတောင် ကြက်သီးတဖျင်းဖျင်းထသွား၏။ သူဖတ်လိုက်တာမမှားပေ။ ငရဲမီးတောက်အစေ့ရှေ့တွင် “အဆင့်မြင့်” ဆိုသည့် စကားလုံး ပိုလာခဲ့သည်။
ဘယ်လောက်အဆင့်မြင့်သလဲကို စုရှောင်ရှန် မသိသလို သိလည်းမသိချင်ပါ။
ငန်းရေကန်က သာမန် ငရဲမီးတောက်အစေ့မှ အတွေ့အကြုံကတောင် သူ့နှလုံးသားထဲမှာ ဖျောက်ဖျက်လို့ မရအောင် အမြစ်တွယ်နေသေးပေသည်။
သူ့လက်ထဲက ထိုနည်းစနစ်ကိုကျင့်ကြံပါဆိုရင် အကြီးအကဲစန်း ချက်ခြင်းရှေ့မှာမပေါ်လာသ၍ (သို့) ကျန်းထိုက်ယင် လာမတိုက်ခိုက်သေးသ၍ မဖြစ်နိုင်ချေ။
ထိုမှ လီခုနှစ်နှင့် ရှောင်ဆယ့်ခြောက်၏ သိုလှောင်လက်စွပ်များကို စုရှောင်ရှန် ထုတ်ယူလိုက်သည်။
ရှောင်ဆယ့်ခြောက်၏ လက်စွပ်ကိုမဆိုထားဘိ လီခုနှစ်၏ လက်စွပ်ထဲက ပစ္စည်းများကိုတောင် သူအာရုံမလွှဲနိုင်သေးပါချေ။
“စိတ်ဝိညာဉ် အစီအရင်…”
သူသာ စိတ်ဝိညာဉ်အစီအရင်ကို ရေးဆွဲတတ်မယ်ဆိုရင် မီးဘောလုံးကြီးကို အစီအရင်အတွင်း ကြိုတင်ပြင်ဆင်ထည့်ထားကာ ရာဂဏာန်းအနည်းငယ်လောက်ကို ကျန်းထိုက်ယင်အိပ်နေချိန် အိပ်ခန်းထဲသွားပစ်ထည့်နိုင်ပေလေမည်။
ထိုမှ မီးဘောလုံးကြီးကို တစ်ဆက်တည်း ဆက်တိုက်အသုံးမပြုနိုင်ဘူးဆိုသည့် ဖြစ်ရပ်မှန်က သူ့အိပ်မက်ကလေးကို ချိုးဖျက်လိုက်၏။
အချိန်ယူကာ မီဘောလုံးကြီးကို ဖြည်းဖြည်းချင်းစီ ဖြည့်သွားလို့ ရပေမယ့် ပြဿနာက အစီအရင်နှင့်ပတ်သက်လာရင် ဘာတစ်လုံးတစ်လေမှတောင် မသိခြင်းဖြစ်သည်။
သို့ပေမယ့် သူက စိတ်ဓာတ်မကျသွားရဘဲ ပိုပြီးတော့တောင်စိတ်လှုပ်ရှားလာခဲ့ပေသည်။
အတိတ်က ဤသို့ ခေါင်းစားစရာပြဿနာများကိုလည်း ပင်ကိုယ်စနစ်က ဖြေရှင်းပေးသွားသည်မဟုတ်ပါလား။
မိုးတိမ်လေပြိုင်ပွဲအတွက် [ခွန်အား]၊ ငရဲမီးတောက်အစေ့အတွက် [ထာ၀ရအသက်စွမ်းအင်]၊ ဆေးဖော်စပ်ခြင်းအတွက် [စားဖိုမှူး] အစရှိသဖြင့် ပင်ကိုယ်စနစ်က သူတကယ် အပူတပြင်းလိုအပ်သည်များကို အမြဲပေးနေကြဖြစ်သည်။
ဘာအပေါက်ပဲပေါ်လာပေါ်လာ ၎င်းက မကြာခင်မှာ ပင်ကိုယ်စနစ်၏ ဖာထေးခြင်းကိုခံရမည်ဖြစ်၏။
ဒီလိုသာဆိုရင် ပင်ကိုယ်စနစ်က ယခုလည်း သူ့ကို အစီအရင်ထိပ်သီး များပေးမလားမသိ။
ထိုသို့ အတွေးပေါက်သွားပြီး သိုလှောင်လက်စွပ်များကိုချကာ အိပ်ယာပေါ်တွင် ထရပ်လိုက်လေသည်။ ထို့နောက် ပြူတင်းပေါက်များအားလုံးကို ပိတ်ကာ အသံတိတ်အစီအရင်ကို ထိပ်ဆုံးထိ အစွမ်းကုန့်မြှင့်တင်လိုက်၏။
အသက်ရှူရင်း သန်မာလာနေသည့် စုရှောင်ရှန်အတွက်တော့ ကျင့်ကြံခြင်းဆိုတာ အချိန်ဖြုန်းခြင်းသာဖြစ်ပေသည်။
သူ့မူလနန်းတော်ထဲက အနီရောင်ဖန်သားပြင်ကြီးကို မျှော်လင့်တကြီး စုရှောင်ရှန် ကြည့်လိုက်သည်။
“နေကောင်းလား။ မတွေ့တာကြာပြီနော်”