ရှောင်ဆယ့်ခြောက် မှင်တက်သွား၏။
သူ သတိမမေ့ခင်ဆက်ကြားလေးမှာ ကျောက်ထန်းထန်း၏ ကန်ချက်ကိုသာ ဝေဝေဝါးဝါးလေးတွေ့လိုက်ရပေသည်။ ယခု သူနိုးထလာတော့ ဘာလို့ မိန်းမကြီးကနေ ယောက်ျားပြောင်းသွားတာလဲ။
သူတို့နှစ်ယောက် တစ်ဖွဲ့တည်းလား။
စုရှောင်ရှန်မှာ ဒီလို သန်မာတဲ့ ကျောထောက်နောက်ခံရှိတယ်ပေါ့။
ဘာဖြစ်ဖြစ် ၎င်းက ယခု အရေးမကြီးတော့ချေ။
ရှောင်ဆယ့်ခြောက် အောက်ကိုငုံ့ကြည့်လိုက်ပေမယ့် သူ့ခေါင်းက ပြတ်ကျသွားတော့မလို ခပ်လေးလေးကြီးခံစားနေရတာကြောင့် ချက်ခြင်း ဆတ်ကတည်ပြန်မော့လိုက်၏။
သူ့စိတ်ဝိညာဉ်အာရုံဖြင့်စစ်ကြည့်လ်ိုက်သောအခါ သူ၏ ခြေလက်လေးပါးစလုံး မှာ အပေါက်များဖြင့် ပြည့်နေတာတွေ့ရသည်။
ဘာလို့ဒီလိုလုပ်တာလဲ။
ရှောင်ဆယ့်ခြောက်၏ ခေါင်းက နောက်ကျိကျိနှင့် ဘာမှ တွေးတောနိုင်စွမ်းငှာ မစွမ်းသာပဲ နားမလည်နိုင်ဖြစ်နေ၏။ သူက အင်မတန်သန်မာသည့် ရန်သူ၏ လက်အောက်၌ကျသွားရဦးမယ်ထား၊ ဒီလောက်တော့ အလွန်အကျွံကြီး အနှ်ိပ်စက်မခံရလောက်ပါဘူး။ ယခုက စစ်ဆေးမေးမြန်းခြင်းတောင်မပြုရသေးခင်မှာ နှိပ်စက်နှင့်ပြီးဖြစ်၏။
ဒီကောင် လူကောဟုတ်ရဲ့လား။
ရှောင်ဆယ့်ခြောက်နာကျင်လွန်းလို့ အံကိုကြိတ်ထားရသဖြင့် စကားမပြောနိုင်ဖြစ်နေသည်။ သူ့ကိုယ်မှ စူးအောင့်အောင့်နာကျင်မှုများက လုပ်ကြံသူ အဖြစ် လေ့ကျင့်ခန်းဆင်းစဉ်က နာကျင်မှုများကို ပြန်ထင်ဟပ်စေ၏။
သို့တောင်ထိုစဉ်က စိတ်ပိုင်းဆိုင်ရာအရ ဒီလောက်ထိ မထိခိုက်ခဲ့ပါချေ။ ယခုက ဘာမှ လုပ်ချင်ကိုင်ချင်စိတ်တောင်မရှိဘဲ ကံကြမ္မာ၏ လက်ထဲတွင်သာ အလျော့ပေးလိုက်ချင်နေမိသည်။
ရှောင်ဆယ့်ခြောက်၏ စိတ်နှလုံးဗြုန်းဗြုန်းလဲကျသွားပေပြီ။ စုရှောင်ရှန် ဆယ့်ခြောက်၏ မသေချာမရေရာသည့် မျက်နှာကိုကြည့်လိုက်သည်။ သူ့အသိပေးချက်ဖန်သားပြင်၌ ဘာအသိပေးချက်မှ ကျမလာမှသာ အပြုံးတုတစ်ခုကို အတင်းဆင်မြန်းလ်ိုက်၏။
“မင်းလှုပ်နိုင်လား”
လှုပ်တယ်။
‘ငါလှုပ်ချင်ရင်တောင်မှ မရဘူးကွ’ ရှောင်ဆယ့်ခြောက်က စိတ်ထဲက အော်လိုက်သည်။
‘မင်းလည်းငါ့နေရာမှာဆိုရင်လှုပ်ရဲမလား။ ကိုယ်ချင်းစာဦး’
ရှောင်ဆယ့်ခြောက် စိတ်ထဲက အပြင်းအထန် ကျိန်ဆဲနေပြီး လှုပ်ကြည့်လိုက်သည်။ သို့ပေမယ့် လည်ချောင်းထဲက သွေးများထွက်လာတာသာ အဖက်တင်၏။
‘စိတ်ဝိညာဉ်အနှစ်။ ဟုတ်တယ် ဒါပဲ ငါ့ကိုကယ်နိုင်တော့မယ်’
ထိုအတွေးသူ့စိတ်ထဲ၀င်လာသည့်အခိုက်မှာပဲ စုရှောင်ရှန်၏ အခြေအနေကို အကဲခတ်နေသလို အသံကြီးပေါ်လာခဲ့သည်။ “ခုကစပြီး မလှုပ်နဲ့။ စိတ်ဝိညာဉ်အနှစ်လေးတောင်မသုံးနဲ့။ မဟုတ်ရင် ငါလန့်ဖျပ်ပြီး ဘာလုပ်မိမလဲမသိနိုင်ဘူး”
စုရှောင်ရှန် သတိထားနေတာလည်းမဆန်းပေ။ ဤလူက အရှင်သခင်နယ်ပယ် လုပ်ကြံသူတစ်ယောက်ဖြစ်၏။
ယခုလိုအခြေမှာဘာမှ မလုပ်နိုင်ဘူးဆိုပေမယ့် ကြိုတင်ပြင်ဆင်ခြင်းက ကောင်းသည်မဟုတ်ပါလား။
စုရှောင်ရှန် ကြောက်နေပါသည်။
သူက အစီအရင်ပေါင်းရာကျော်နှင့် ဧကရာဇ်နယ်ပယ်နီးပါး စိတ်ဝိညာဉ် စုစည်းခြင်းအစီအရင်ကို ကြောာက်ပါသည်။ ဒီလူလည်း ဤသို့ ဝှက်ဖဲမရှိဟု ပြောနိုင်လေသလား။
ဒီလူသေလို့လည်းမဖြစ်သေးပါချေ။ သူ့တွင်မေးစရာမေးခွန်းများစွာ အဖြေမရသေးချေ။
“ငါဘာမေးမေး ပြန်ဖြေရမယ် ဟုတ်ပြီလား” စုရှောင်ရှန်က အခြေအနေ တင်းမာမှု ပြေစေလိုပြေစေငြား ညှင်သာနူးညံ့သော အသံကလေးဖြင့်ဆိုသည်။
ရှောင်ဆယ့်ခြောက်၏ မျက်နှာနက်မှောင်သွား၏။ သူက ဒေါသထွက် မကျေမနပ်ဖြစ်နေရင်လည်း ခုခံနိုင်ခြင်းငှာ မစွမ်းသာချေ။
ကံမကောင်းစွာဖြင့် ကိုယ်လက်လေးပါးစလုံးနှင့် လည်ချောင်းတွင် ထောက်နေသည့် ချွန်ထက်ထက်အရာတို့က သူ့ကို ကူကယ်ရာမဲ့သွားစေခဲ့သည်။
သူက စိတ်ဝိညာဉ်အနှစ်ကိုတောင်သုံးလို့မရဘူးတဲ့လေ။
“ကောင်းပြီ…”
ရှောင်ဆယ့်ခြောက်၏ အသံအက်အက်ကြီးကြောင့် စုရှောင်ရှန် သူလုပ်ထားတာ လွန်နေကြောင်းကိုသိလိုက်ပါသည်။
ထိုလူ၏ ပြတ်ထွက်လုနီးပါး လည်မျိုကို ပျားရည်ပုလင်းထုတ်ယူကာ သုတ်ပေးလိုက်၏။ “မင်းနာမည်ဘယ်လိုခေါ်လဲ”
သူ့လည်ပင်းက အေးစက်စက် ခံစားမှုကို ခံစားရသောအခါ ရှောင်ဆယ့်ခြောက် နေသာထိုင်သာအနည်းငယ်ရှိသွားသည်။ ထို့နောက်ပါးစပ်ကိုခက်ခက်ခဲခဲဖွင့်ကာ “ရှောင်ဆယ့်ခြောက်”
“နောက်ဖေးလမ်းက မင်းရဲ့ အဖော်လား”
ရှောင်ဆယ့်ခြောက် တုန်လှုပ်သွားသည်။ ထိုမှ လီခုနှစ်လည်း ယခုဆို အသတ်ခံရလောက်ပြီး တွက်လိုက်ပြီး စိတ်နှလုံး အားပျက်သွားရသည်။
“ဟုတ်တယ်”
“မင်းအသက်ဘယ်လောက်တုန်း”
“၃၂”
စုရှောင်ရှန်က သူတို့ကို ကျန်းမိသားစုကလွှတ်လိုက်သည်လား မေးမလို့ပြင်တုန်း ထိုစကားကြောင့်တုန်လှုပ်သွားရသည်။ “အဲ့လောက်တောင် အသက်ကြီးပြီလား”
ဒီလူ၏ သွင်ပြင်က နှစ်ဆယ်အစောပိုင်းသာသာလောက်သာ ရှိသေးချေသည်။
ရှောင်ဆယ့်ခြောက်စွံ့အသွား၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
အခန်းငယ်လေးကတိတ်ဆိတ်သွားခဲ့ပြီး သူပဲစစ်ဆေးမေးမြန်းပြီး သူပဲ ကြား၀င်ဖြတ်မိတာကြောင့် ကသိကအောက်ဖြစ်လာတာ သဘောပေါက်သွားသည်။
တကယ်က စစ်ဆေးမေးမြန်းခြင်းနည်းဗျူဟာ ဘာလဲဆိုတာတောင်သူမသိချေ။
ထိုပျားရည်၏ အာနိသင်ကကောင်းလွန်းလှသည်။ စက္ကန့်ပိုင်းအတွင်း ရှောင်ဆယ့်ခြောက်၏ ဒဏ်ရာက အင်မတန်လျှင်မြန်သော နှုန်းထားဖြင့် ပြန်ကောင်းမွန်လာခဲ့၏။
သို့ဖြင့် ဘာနည်းဗျူဟာမှ မသိသော စုရှောင်ရှန်က သူ့ကြိုက်သည့် ပုံစံအတ်ိုင်း တည့်တိုးမေးလိုက်တော့သည်။ “မင်းတို့ကို ကျန်းမိသားစုက လွှတ်လိုက်တာလား”
ရှောင်ဆယ့်ခြောက် ချီတုံချတုံဖြစ်သွား၏။ ဤသို့ စိတ်အားပျက်ဖွယ်အခြေအနေမှာတောင် လုပ်ကြံသူတို့၏ စည်းဘောင်ကြောင့် ထိုသို့အရေးကြီးသည့်အရာကို ဖော်ကောင်မလုပ်ချင်သည့် ဆန္ဒတို့ ကြီးစိုးနေသည်။
“အ..အားးးးးး”
“မင်းဘာလုပ်နေတာလဲ”
သူ့လည်ပင်းက ပြန်ကောင်းလာနေသည့် ဒဏ်ရာကို စုရှောင်ရှန် ထပ်ဖြတ်လိုက်တာကြောင့် ရှောင်ဆယ့်ခြောက် လန့်ဖျပ်သွားခဲ့၏။ ၎င်းက တိကျရှင်းလင်းသည့် ခုတ်ချက်ဖြစ်သည်။
[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“မလှုပ်နဲ့” စုရှောင်ရှန် လက်တုန်တုန်ရင်ရင်ဖြင့်ပြောလိုက်သည်။ သူက စိတ္တဇလူသတ်သမားတစ်ယောက်မဟုတ်ပါချေ။ လူသတ်ဆိုရင် သတ်ဖို့၀န်မလေးပေမယ့် ဤသို့ နှိပ်စက်နေရတာကို မနှစ်မျို့ပေ။
“ငါမင်းကို နောက်ဆုံးတစ်ကြိမ်ထပ်မေးမယ်။ မင်းတို့ကောင်တွေက…”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ကို ကျန်းမျိုးနွယ်စုခေါင်းဆောင် ကျန်းထိုက်ယင် လွှတ်လိုက်တာ”
ရှောင်ဆယ့်ခြောက် ကြောက်ရွံ့လွန်းသဖြင့် စုရှောင်ရှန်တောင်မမေးရသေးဘဲ နောက်က ဆက်ပြီး တတွတ်တွတ်ဖြေတော့သည်။
“ကျန်းထိုက်ယင်က မင်းရဲ့ ခေါင်းအတွက် ဆုငွေစိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်း အောက်လမ်းမှာ လိုချင်ကြောင်း တာ၀န်ကပ်သွားတယ်။ ငါ.. ငါတို့က…”
“ငါးသောင်း” စုရှောင်ရှန်၏ လက်က ပို၍ တုန်တုန်ရင်ရင် ဖြစ်လာတာကြောင့် လည်ချောင်းက ဒဏ်ရာ ထပ်မံပြတ်ရှသွားပေသည်။ ပြီးနောက် သူက အော်သည်။ “ငါအဲ့လောက်တောင်ဈေးပေါလား။ စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းလောက်လေးနဲ့ ငါ့ကိုလာသတ်တယ်ပေါ့”
ရှောင်ဆယ့်ခြောက် အသက်ကိုခပ်ပြင်းပြင်းရှူလိုက်၏။ သူ့ကိုယ်က ဒဏ်ရာများက ထုံကျင်လာတာကြောင့် ကောင်းကောင်းတောင်မခံစားနိုင်တော့ပေ။
ဒီလိုသာဆက်သွားနေရင် သူခေါင်းပြတ်တော့မည်။
“ငါ့ကိုသတ်သာ သတ်လိုက်ပါတော့။ မနှိပ်စက်ပါနဲ့တော့ဟ” ရှောင်ဆယ့်ခြောက်က ငိုသံကြီးဖြင့်ပြော၏။
‘လူကိုစစ်ဆေးမေးမြန်းတာလည်း ကောင်းကောင်းလုပ်လို့ရပါတယ်။ လက်တုန်တုန်ရင်ရင်ကြီးနဲ့မလုပ်ပါနဲ့ တကယ် နာလို့ပါ’
ထိုဒဏ်ရာပေါ်ကို ပျာရည်တစ်ချို့ ထပ်ဆမ်းလိုက်ကာ တောင်းပန်လိုက်သည်။ “ဘွာတေး ဘွာာတေး။ ကဲပါ မင်းပြောစရာရှိတာဆက်ပြောပါ။ ငါအဲ့လိုထပ်မလုပ်မတော့ပါဘူး”
ရှောင်ဆယ့်ခြောက် စွံ့အသွားရ၏။
[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဆက်ပြော” စုရှောင်ရှန် လေသံကို နည်းနည်းမြှင့်လိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ…” ရှောင်ဆယ့်ခြောက် အသက်ကို အကြိမ်ရေအနည်းငယ် ရှူရှိုက်လိုက်ပြီးနောက်မှ “ငါက အောက်လမ်းက လုပ်ကြံသူတစ်ယောက်ပဲ။ မင်းကိုလာသတ်ရတာ စိတ်ဝိညာဉ်ကျောက်တုံးကြောင့်မဟုတ်ဘူး။ သူတို့ပေးမယ့် ဧကရာဇ်ဆေးလုံးကြောင့်”
“ဧကရာဇ်ဆေးလုံးဟုတ်လား”
“ဟုတ်တယ်”
ရှောင်ဆယ့်ခြောက် အလျှင်အမြန် ထောက်ခံလိုက်သည်။ ချီတုံချတုံအနည်းငယ်ဖြစ်သွားတာနဲ့ သူ့ရှေ့က စိတ္တဇကောင်တစ်ခုခု လုပ်လိုက်မှာကိုစိုးရွံ့မိ၏။
ထို့နောက်မှ ဆက်၍ –
“ဧကရာဇ်ဆေးလုံးက ကျန်းမျိုးနွယ်စုရဲ့ ရှေးဦး ၀က်ဝံသားရဲ စိတ်ဝိညာဉ် သွေးစက်ပါတာကြောင့် အခြား ဧကရာဇ်ဆေးလုံးတွေထက်ပိုပြီး တန်ဖိုးရှိတယ်။ ဒီဆေးလုံးက ကောင်းကင် လမ်းစဉ်ကို လေ့လာရာမှာလည်း ကျင့်ကြံသူတွေကို ပိုပြီး နားလည်လွယ်စေတယ်”
“ဒီလိုဆေးလုံးမျိုးက အင်အားစုကြီးတွေကတောင် လိုချင်ကြတာ။ ငါတို့လို လုပ်ကြံသူပေါက်စလေးတွေ လောဘတက်မိတာမဆန်းပါဘူး။ ဒီလိုအထွတ်အမြတ်ထားရလောက်တဲ့ ရတနာကို ဘယ်သူက လက်ရှောင်ချင်မှာလဲ”
စုရှောင်ရှန် ကျန်းရှင်းရှုံ၏ ၀က်ဝံကြီးပုံစံနှင့် ယွမ်တုတို့၏ ထူးဆန်းသည့် ပြောင်းလဲမှုကြီးကိုမြင်ယောင်လိုက်သည်။ ကြည့်ရတာ ၎င်းတို့အားလုံးက ကျန်းမျိုးနွယ်စု၏ ရှေးဦး၀က်ဝံသားရဲ သွေးမျိုးဆက်ကလာပုံရလေသည်။
ရှောင်ဆယ့်ခြောက်သေရမှာမကြောက်ပေမယ့် သူတုန့်ဆိုင်းနေရင် ထပ်ပြီး အနှိပ်စက်ခံရမှာကိုတော့ကြောက်ပေသည်။
သူ့လည်ပင်းက ဒဏ်ရာအနည်းငယ်ပြန်ကောင်းသည့်အခါ ခေါင်းအနည်းငယ်လှုပ်လို့ရသွားသည်။ သို့ဖြင့် သူ့သိုလှောင်လက်စွပ်ထဲက ဧကရာဇ်ဆေးလုံးပေးမည်ဆိုသော စာရွက်ကိုထုတ်ပြဖို့ ကြံလိုက်သည်။
သို့ပေမယ့် စုရှောင်ရှန်က ရှောင်ဆယ့်ခြောက်၏ရည်ရွယ်ချက်ကို မသိသောကြောင့် ပြန်တိုက်ခိုက်မလို့လားဟု အဓိပ္ပာယ်မှားကောက်လိုက်၏။ ထိုမှ အလန့်တကြား လက်ဖြင့်ထိုးလိုက်ရာ ရင်ဘက်ကြီးကို ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက်ထွက်သွားတော့သည်။
“မလှုပ်နဲ့”
“အု-“
ရှောင်ဆယ့်ခြောက် ချက်ခြင်း စုရှောင်ရှန်၏ မျက်နှာတည့်တည့်ကို သွေးတစ်လုတ် အန်ထုတ်လိုက်၏။ ထို့နောက် မျက်လုံးပြူးမျက်ဆံပြူး စုရှောင်ရှန်ကို ကြောက်ရွံမှုများ၊ မယုံကြည်နိုင်မှုများဖြင့် မော့ကြည့်လိုက်သည်။
‘ငါ…’
‘ငါဘာအမှားလုပ်မိလို့လဲကွာ’