ကြည့်ရတာ ၎င်းနှင့်ပတ်သက်သည့် အတင်းအချက်အလက်များက ချိတ်ပိတ်ထားခံရသည်နှင့်တူသည်။ အပေါ်ယံ ဘာမဟုတ်သည့် သတင်းအချက်အလက်ကလွဲလို့ ချုချင်းအယ်ဘာကိုမှ ရှာမတွေ့ပေ။
အဲ့လိုဆိုရင်တောင်ဘာဖြစ်လဲ။
သူတို့က စိတ်ဝိညာဉ်နန်းတော်တစ်ခုကိုဝင်စီးနိုင်တာနှင့် မြင့်မြတ်နတ်ဘုရားနန်းတော်၏ အခြေခံအုတ်မြစ် ယိုင်နဲ့သွားမည်ထင်နေတာလား။
ချုချင်းအယ် ၎င်းက ရယ်စရာဖြစ်သည်ဟု တွက်လိုက်ပြီးတော့ ထပ်မံ တွေးဆခြင်းမပြုတော့ပေ။ ထိုအစား စုယွဲ့မီးခိုးနန်းတော်ဘက်ကို အာရုံရောက်သွားတော့၏။
သူတော်စင်အစေအပါးနှင့်ပတ်သက်လို့က သတင်းအချက်အလက်အနည်းငယ်ရှိသေးတယ်ဆိုပေမယ့် စုယွဲ့နန်းတော်နှင့်ပတ်သက်လို့က နာမည်ကိုသာသူမကြားဖူးပေသည်။
“အဖိုးဂျင် ဒီအင်အားစုနှစ်ခုက…”
“ကိုယ့်ဟာကိုယ်သွားစုံစမ်း။ ဌာနချုပ်က ပေးလိုက်တဲ့ စမ်းသပ်မှုလို့ သဘောထားလိုက်ပေါ့”
ချုချင်းအယ် အတန်ငယ်တိတ်ဆိတ်သွားပြီးနောက်မှာ သူမ၏ မျက်နှာထက်၌ ပျော်ရွှင်နေသောအမူအရာဖူးပွင့်လာခဲ့၏။ ကြည့်ရတာ နောက်ဆုံးတော့ ဌာနချုပ်အထက်ပိုင်းက သူကို သတိထားမိပြီထင်သည်။
သူမစိတ်လှုပ်ရှားလွန်းလို့ ထ၍တောင် ခုန်ပေါက်ချင်စိတ်များပေါ်လာခဲ့၏။ ၎င်းက အခွင့်အရေးကောင်းကြီးဆိုတာ သိလိုက်တဲ့တစ်ခဏ အဖိုးကြီး၏ လက်ကိုသွားကိုင်ကာ ကလေးသူငယ်တစ်ယောက်လို ဆွဲရမ်းတော့သည်။
“အဖိုးဂျင် ကျေးဇူးပြုပြီးပြောပြပါနော်” သူမက ညှိုးငယ်နေသော မျက်၀န်းများဖြင့် တောင်းဆိုလိုက်သည်။ “ကျွန်မအတွက် ဒီလိုအခွင့်အရေးရဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး”
“မရဘူး။ ဒါက စမ်းသပ်မှုပဲ”
“နည်းနည်းလေးလေ။ လက်သည်းခွံလောက်လေး…” ချုချင်းအယ် အဖိုးဂျင်၏ လက်ကိုလွှတ်လိုက်ပြီး နောက်သို့သွားကာ ပုခုံးကို နှိပ်နယ်ပေးလိုက်သည်။
ချုချင်းအယ်က ချစ်စရာကောင်းသည့် မိန်းမပျိုတစ်ဦးဖြစ်သည်။ ယခုကလေးလို ပြုမူလာတော့ သူ့မြေးမလေးအလား သတ်မှတ်ထားသည့် အဖိုးဂျင် ဘယ်မှာ ခုခံနိုင်တော့မလဲ။
”ကောင်းပြီ။ ကောင်းပြီ။ နည်းနည်းပြောပြမယ်။ စောနက လူထူးဆန်းနှစ်ယောက် စုယွဲ့မီးခိုးနန်းတော်က ဖြစ်လိမ့်မယ်။ အခြားသတင်းအချက်အလက်အကုန်ကတော့ ကိုယ့်ဟာကိုယ်ရှာကြည့်တော့”
ချုချင်းအယ်၍ မျက်၀န်းထဲ၌ ဉာဏ်နီဉာဏ်နက်များသော အရိပ်အယောင်များဖြတ်ပြေးသွားပြီး ထိုအချက်အလက်ကို စတင် သုံးသပ်လိုက်ပေသည်။
“စုယွဲ့နန်းတော်နဲ့ အဲ့ကိုယ်ပျောက် မိစ္ဆာသားရဲနဲ့က တစ်ခုခု… ပတ်သတ်နေတာများလား”
အဖိုးဂျင် နှုတ်ဆိတ်နေသေးပေမယ့် ချုချင်းအယ်၏ ဖြတ်ထိုးဉာဏ်ကြောင့် အနည်းငယ်တော့ အံ့ဩသွားရ၏။
‘ဌာနချုပ်အထက်ပိုင်းက သတိထားမိခံရတာ မထူးဆန်းတော့ဘူး။ ဖြတ်ထိုးဉာဏ်က တကယ်ကောင်းတယ်။ ဒီစုယွဲ့မီးခိုးနန်းတော်နဲ့ ပတ်သက်တာက ဌာနချုပ်ရဲ့ ခန့်မှန်းချက်တစ်ခုပဲဆိုပေမယ့် ဒီလိုခန်းမှန်းနိုင်ဖို့ အရင်းအမြစ်တော်တော်သုံးလိုက်ရမှာပဲ’
အဖိုးဂျင်က ထျန်းစန်းမြို့တော်က ဌာနခွဲကို စုယွဲ့မီးခိုးနန်းတော်နောက်ကို ခြေရာခံလိုက်ရင်း ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခု ပြူတင်းပေါက်အပြင်ဘက်က အဖြစ်အပျက်လေးကိုသာကြည့်ပြီး ချုချင်းအယ်ဤသို့ ကောက်ချက်ချနိုင်တာက တကယ်တော်ပေသည်။
သူမက သူ့ထံက အရိပ်အမြွက်သေးသေးလေးကိုတောင် အလွတ်မခံဘဲနှင့် ဖြစ်ရပ်နှင့်ဆက်စပ်၍ စဉ်းစားလိုက်ပေသည်။ ၎င်းက လွယ်မရောင်နှင့်ခက်၏။
အဖိုးကြီးဂျင် အပိုအလိုတွေတွေးနေတာတွေက သူ့ဆုံးဖြတ်ချက်တွေကို အတွေးလွှမ်းစေမှာသိတာကြောင့် ထိုခံစားချက်များကို ခေါင်းထဲက ထုတ်ပစ်လိုက်သည်။
သို့ပေမယ့် ချုချင်းအယ်၏ ခန့်မှန်းချက်က ထိုမျှနှင့်မရပ်တန့်သွားပါချေ။ သူမက အခန်းအတွင်းမှာ ခေါက်တွန့်ခေါက်ပြန်လျှောက်နေပြီးတော့ တီးတိုးလည်း ရေရွတ်နေလိုက်သည်။
“ဘာလို့ စုယွဲ့မီးခိုးနန်းတော်က ထျန်းစန်းမြို့တော်မှာပေါ်လာရတာလဲ။ အကြောင်းတစ်ခုခုတော့ရှိရမယ်။ ထျန်းစန်းစီရင်စုထဲမှာလည်း သူတော်စင်အစေအပါးတွေရဲ့ လှုပ်ရှားမှုတွေကို မကြာခဏဆိုသလို တွေ့နေရတယ်။ ဒီအင်အားစုနှစ်ခုက အဖိုးဂျင်ပြောသလို အမှောင်ထဲမှာ ပုန်းကွယ်နေတာဆိုရင် တစ်နေရာတည်းမှာ လာတွေ့ဖို့ကမဖြစ်နိုင်ဘူး။ ဒီနောက်ကွယ်မှာ အကြောင်းတစ်ခုခုတော့ ရှိကိုရှိရမယ်။ ဘာများဖြစ်လိမ့်မလဲ”
ချုချင်းအယ်၏ မျက်ခုံးများကျုံ့သွား၏။ ထို့နောက်မှ အလင်းပေါက်သွားဟန်ဖြင့် လက်ခုပ်လက်ဝါးတီးလိုက်ကာ “တကယ် အရိပ်အမြွက်က ဓားသမားသုံးယောက်စီကနေ လာတာဖြစ်နေတယ်။ သူတို့မှာ နာမည်ကြီးဓား နှစ်လက်တောင်ရှိတယ်ဆိုတော့ လမိုက်အင်မော်တယ် မြို့တော်ကလွဲရင် အဲ့လို စွမ်းဆောင်ရည်မျိုးရှိတာ ဓားသင်္ချိုင်းတောင်တန်းပဲရှိမယ်။ ဒီလူတွေ ဘာဖြစ်လို့ ထျန်းစန်းမြို့တော်ကိုရောက်လာရတာလဲဆိုရင်…”
ချုချင်းအယ် တစ်ခုခုကို သိတော့မလိုလို ရှိနေပေမယ့် ဘာမှန်း မသိဖြစ်နေသည်။ လမိုက်အင်မော်တယ်မြို့တော်နှင့် ဓားသင်္ချိုင်းတောင်တန်းတို့က စုယွဲ့မီးခိုးနန်းတော်နှင့် သူတော်စင်အစေအပါးတို့လို အင်အားစုများ၏ ဆန့်ကျင်ဘက်ဖြစ်သည်။
သူတို့က အရှေ့ပိုင်းနယ်မြေကြီးရှိ လူသိထင်ရှားသော နာမည်ကြီး အင်အားစုများဖြစ်ကြ၏။
ထိုအင်အားစုနှစ်ခုကိုအခြေပြု၍ “အရှေ့ပိုင်းနယ်မြေမှာ ရှိတဲ့ ဓားသမား တစ်၀က်က လမိုက်၊ တစ်၀က်က သင်္ချိုင်း” ဟူ၍ အဆိုတောင်ပေါ်ထွန်းလာခဲ့သည်။ ဒီဓားသမားတွေရဲ့ ရောက်ရှိလာမှုကြီးက တိုက်ဆိုင်တာဖြစ်ပါ့မလား။
“မဖြစ်နိုင်ဘူး”
ထိုသို့အတွေးမျိုးကို ချုချင်းအယ် အကျောက်အကန် ငြင်းပယ်လိုက်သည်။ ထိုမှ ရုတ်တရက် ထျန်းစန်းမြို့တော်တစ်လွှားကြားနေရသည့် ကောလဟာလကို ပြန်မြင်ယောင်မိ၏။
“လှိုဏ်ဂူဖြူ။ ရှစ်ယောက်မြောက်ဓားနတ်ဘုရားရဲ့ နံပါတ်လေး ဓားပေါ်လာတော့မယ်ဆိုတဲ့ ကောလဟာလတွေက တကယ်များလား”
ထိုသို့အတွေး၀င်လာပြီး ချုချင်းအယ် မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားခဲ့၏။
အခြားတစ်ဘက်က အဖိုးကြီးဂျင်ကတော့ အထင်အမြင်ကြီးစွာ သက်ပြင်းချလိုက်သည်။ ဤကောင်မလေးက တကယ် စွမ်းဆောင်ရည်ရှိလှ၏။
အချိန်တိုအတွင်း ဘာမှမသိသာသည့် သဲလွန်စလေးတွေကိုလိုက်ပြီးတော့ အလင်းပေါက် နားလည်သွားခဲ့သည်။ ဤသို့ စိတ်အခြေအနေက တကယ် ထူးခြား၏။
“ဘယ်သူကမှ အဲ့တာက ကောလဟာလလား အမှန်တကယ်လားဆိုတာ မသိရ သေးခင်မှာ ဒီလိုလူတွေအားလုံးက လာစုတယ်ဆိုတော့ နောက်နှစ်ပတ်အတွင်းမှာ ထျန်းစန်းမြို့တော်က စည်ကားသိုက်မြိုက်လာတော့မယ်”
ချုချင်းအယ်၏ စိတ်နှလုံး မီးလျှံတို့ဖြင့် တဟုန်းဟုန်းတောက်လောင်ကျွမ်းသွားပေသည်။ “လှိုဏ်ဂူဖြူနဲ့ ပတ်သက်တဲ့ ကောလဟာလကသာ အမှန်ပါဆိုရင်တော့… ထားလိုက်ပါတော့ ခုက အမှန်လားအမှားလားဆိုတာ အရေးမပါတော့ဘူး။ လမိုက်အင်မော်တယ်မြို့တော်လို၊ ဓားသင်္ချိုင်း တောင်တန်းတို့လို အင်အားစုကြီးတွေကတောင် ခြေဆန့်လာတယ်ဆိုတဲ့ သတင်းသာပေါက်ကြားသွားရင် အရှေ့ပိုင်းနယ်မြေကြီးတစ်ခုလုံး အုတ်အုတ်ကျက် လှုပ်ခါသွားမှာပဲ”
“ဒါဆိုရင် သတင်းကမှားနေရင်တောင် အမှန်အလိုလိုဖြစ်လာလိမ့်မယ်။ ဒီလို အခြေအနေမျိုး၊ ဒီလိုကစားပွဲကြီးမှာ ငါ၀င်ပါလို့ အကျိုးအမြတ်ကြီးကြီးမရနိုင်ဘူးဆိုရင်တောင် နည်းနည်းလေးရတာက ဌာနချုပ်အထက်ပိုင်းက လူတွေရဲ့ အမြင်ကို ကြည်စေဖို့ လုံလောက်တယ်”
“လှိုဏ်ဂူဖြူ၀င်ခွင့်”
ချုချင်းအယ်က အဖိုးကြီးဂျင်ကို မော့ကြည့်ပြီးတော့ “လုပ်ထုံးလုပ်နည်းအရဆိုရင် ထျန်းစန်းစီရင်စုတစ်ခုလုံးမှာရှိတဲ့ အင်အားစု ခေါင်းဆောင်တွေက လှိုဏ်ဂူဖြူ၀င်ခွင့်ကို ခွဲဝေဖို့ ထျန်းစန်း မြို့တော်၀န် အိမ်တော်မှာ စုစည်းကြလိမ့်မယ်။ ကြည့်ရတာ ဒီတစ်ခေါက် ယှဉ်ပြိုင်မှုက သွေးလွှမ်းတော့မယ့်ပုံရတယ်”
အဖိုးကြီးဂျင်ကလည်း ပြုံးရယ်၍ နောက်ကဆိုလိုက်သည်။ “ဒါပေါ့။ ပန်းကန်လုံးနဲ့ တောင်းဆိုတိုင်းမရနိုင်တဲ့ အသားက အမြဲ သွေးလွှမ်းမှာပဲ။ အေး အဲ့တာ အသားစိမ်း။ ပန်းကန်လုံးနဲ့တောင်းလို့ရတာက အသားစိမ်းမဟုတ်တော့ဘူး။ အဲ့တာ စားလို့ရသွားပြီ”
ချုချင်းအယ်ပြုံးလိုက်သည်။
ခွန်အားအရယှဉ်မယ်ဆိုရင် သူတို့ထျန်းစန်းမြို့တော်မှာရှိတဲ့ ဌာနခွဲလေးရတောင် မျိုးနွယ်စုကြီးလေးခုထက် မနိမ့်ကျပေ။
ထိုအသားက သူမ စားကြည့်ချင်နေသည့်အရာဖြစ်သည်။
အဖိုးကြီးဂျင်က လက်ဝှေ့ရမ်းကာ “သွား။ ပြင်ဆင်မှုတွေလုပ်ထားတော့”
“ဟုတ်ကဲ့။ အဖိုးကိုစိတ်မပျက်စေရပါဘူး”
ချုချင်းအယ် ဦးညွတ်လိုက်ပြီး ထွက်သွားမလို့ရှိသေး တစ်စုံတစ်ခုကို အမှတ်ရလိုက်ပြီး မေးလိုက်သည်။ “စောနက စုရှောင်ရှန်ဆိုနဲ့ ကောင်လေးက… နံပါတ် သုံးဆယ့်နှစ် ပိတ်ပင်ချင်နေတဲ့သူထင်တယ်။ ပြီးတော့ နောက်ဖေးလမ်းကြားက ပေါက်ကွဲမှုကလည်း သူ့ကြောင့်ဖြစ်ရတာ”
အဖိုးကြီးဂျင်က ဂရုစိုက်မနေဘဲ လက်ခါရမ်းပြလိုက်သည်။ “စိတ်၀င်စားရင် စုံစမ်းကြည့်လိုက်ပေါ့။ ဒါပေမယ့် အဲ့တာက အရေးမကြီးဘူး။ မြို့စောင့်စစ်သည်တွေရဲ့အလုပ်။ အဓိက ရည်ရွယ်ချက်ကိုပဲ မမေ့နဲ့”
စုရှောင်ရှန်က ဘာကောင်နေနေ မိစ္ဆာသားရဲနှင့် ပတ်သက်မိပြီဆိုလျှင် အဆုံးသတ်လှတော့မည်မဟုတ်ချေ။ မြင့်မြတ်နတ်ဘုရားနန်းတော်က အလှပြထားသည်မှမဟုတ်။
ဌာနချုပ်၏ ခန့်မှန်းချက်ကလည်း ခန့်မှန်းချက်သာဖြစ်ပေသည်။ ၎င်းက အကြောင်းဖန်လို့ တိုက်ဆိုင်ရင်တောင် ပြောဖို့ခက်သည်။
ထိုအင်အားစုနှစ်ခုက တစ်ခုခုမကောင်းတာ ကြံနေမယ်ဆိုရင် မြင်မြတ်နတ်ဘုရားနန်းတော်ကလဲ ထိုင်ကြည့်နေမှာမဟုတ်ပေ။ ဘာဖြစ်ဖြစ် သူတို့က အနည်းငယ်ပိုသန်မာသည့် ပုရွက်ဆိတ်များသာဖြစ်ချေသည်။
သူတော်စင်အစေအပါးလာလာ၊ စုယွဲ့မီးခိုးနန်းတော်လာလာ မြင့်မြတ်နတ်ဘုရားနန်းနောက်က အနီ၀တ်နှင့် အဖြူ၀တ်များထွက်လာရင် အမြှီးကုပ်ထွက်ပြေးရမည်ဟုသာ သူထင်မြင်သည်။
အဖိုးကြီးဂျင် ခေါင်းကိုခါရမ်းပြီး သက်ပြင်းချလိုက်၏။ ယခုလက်ရှိခေတ်ကြီးက မျိုးဆက်တွေက အတိတ်တွင် ဘာဖြစ်ခဲ့သလဲကို မသိကြပေ။ သို့သော် သူက ထိုအထဲတွင် တစ်ပိုင်းတစ်စ ပါ၀င်ခဲ့ရသူပီပီ မြင့်မြတ်နတ်ဘုရားနန်းတော်၏ ခွန်အားအစစ်အမှန်ကိုသိပေသည်။
၎င်းက တိုင်းတာလို့တောင်မရချေ။ သို့ကြောင့် ချုချင်းအယ်ကို အန္တရာယ်ဖြစ်စေမှာစိုးလို့ စုရှောင်ရှန်တို့အနားမကပ်ခိုင်းခြင်းဖြစ်၏။
မိစ္ဆာသားရဲကိုမြင်တာနဲ့ ဓားပိုက်ပြီး အလျှင်အမြန်ပြန်ဆုတ်တော့သည့် ကုချင်းယိလို အင်အားစုကြီးမှလာသောသူများကတော့ အမြင်ကျယ်ပြီး ဘာလုပ်ရမယ်ဆိုတာသိပေသည်။ အခြားသူများကတော့ ဘာမှန်းမသိ ရဲရဲမြင်တာနဲ့ မီးပုံထဲကိုတိုး၀င်နေကြသည့် ပိုးဖလံကောင်လေးများပင်။
“ဟီးဟီး”
အဖိုးကြီးဂျင်ဘာတွေးနေသလဲကို ချုချင်းအယ်မသိပါပေ။ သူ့ကိုခွန်းတုန့်ပြန်လိုက်ပြီးနောက်မှာ အခန်းထဲက သံသယများစွာဖြင့် ထွက်သွားလိုက်၏။
“တကယ်ကော အဆင်ပြေပါ့မလား”
မိန်းမတို့၏ မသိစိတ်ကြောင့် မကောင်းတာတစ်ခုခု သူမခံစားနေရသည်။ ၎င်းကို ဘယ်လိုတွေးတွေး ဘယ်အခြေအနေက ကြည့်ကြည့်ကို စုရှောင်ရှန်ဆိုတဲ့ကောင်လေးက ပါ၀င်လာနေတော့၏။
လုပ်ကြံသူနှစ်ဦး၊ မိစ္ဆာသားရဲ၊ ဓားသမားသုံးယောက်နှင့် စုယွဲ့မီးခိုးနန်းတော်…။
ထိုသူများအားလုံးက စုရှောင်ရှန်နှင့် ပတ်သက်နေကြတာချည်းဖြစ်သည်။
ထိုအတွေးက သူမကို လိုက်လံခြောက်လှန့်နေ၏။ သူမ၏ ပါးနှစ်ဖက်ကို အသာလေးရိုက်ကာ ထိုအတွေးများကို ခေါင်းထဲက ထုတ်ပစ်ဖို့ ပြောလိုက်ပေသည်။
“ဟူးးး။ ဌာနချုပ်က ပိုအရေးကြီးတယ်။ ဌာနချုပ်က ပိုအရေးကြီးတယ်…။ ဒီအခွင့်အရေးကို ရဖို့အတွက် အဖိုးဂျင် ရင်းထားရတာ မလွယ်ဘူး။ ငါကောင်းကောင်းလုပ်ရမယ်။ အနည်းဆုံးတော့ မြို့တော်၀န်ရဲ့ စံအိမ်တော်တိုက်ပွဲမှာ ၀င်ခွင့် အနည်းငယ်တော့ ရအောင်ယူရမယ်”
ထို စုရှောင်ရှန်ဆိုတဲ့ကောင်လေးအတွက်ကတော့…။
သူမ၏ အတွေးများက ပြက်ရယ်ပြုစရာကောင်းနေသည်ဟု ချုချင်းအယ်ခံစားလိုက်ရ၏။ သို့ဖြင့် ၎င်းကို နေ့စဉ်ဘ၀မှာ တွေ့ရမရှားသည့် အရေးမကြီးသည့် အရာတစ်ခုအဖြစ်သာ သတ်မှတ်လိုက်တော့သည်။
“ဘာဖြစ်ဖြစ်သူက စစ်မှန်ခြင်းနယ်ပယ်သာသာပဲလေ…”