ထိုအရာကိုကြားသောအခါ စုရှောင်ရှန်နောက်မှာ ဘုမသိ ဘမသိ ရပ်နေသည့် မုကျစ်ရှီပျော်သွားခဲ့၏။ သူမ၏ ကျစ်ဆံမြှီးလေးတောင် လေပေါ်မြောက်တက်လာခဲ့သည်။
ကျောက်ထန်းထန်း သူ့ကို ကန်ပစ်လိုက်ချင်သည့် စိတ်များကို ချုပ်တည်းထားရသည်။ ထို့နောက် အသက်ကိုခပ်ပြင်းပြင်းရှူကာ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို လက်ညိုးထိုးပြလိုက်ပြီး “ဒီကောင်လေး သေလို့မရဘူး”
“စိတ်မပူပါနဲ့”
စုရှောင်ရှန်က ပြုံးလိုက်ကာ “ငါ စုရှောင်ရှန်က ငြိမ်းချမ်းသာယာမှုကိုသဘောကျတဲ့ လူတစ်ယောက်ပါ။ ပြဿနာဆိုတာနဲ့ ကြားရင်တောင် ဝေးဝေးကရှောင်တယ်။ ဒီရဲ့ အလိုရမက်လေးက ငါ့နံဘေးမှာဆို စားကောင်းခြင်းစားရ၊ အိပ်ကောင်းခြင်းအိပ်စေရမယ်လို့အာမခံတယ်။ ငါက အကောင်းဆုံးဆိုတဲ့အရာတွေပဲပေးမှာ”
သူပြောပြီးတာနဲ့ သိုလှောင်လက်စွပ်ထဲက ချက်ပြုတ်ထားသော အမဲသားပေါင်ကြီးထုတ်ယူလာပြီး ကြောင်လေးကို မြူစွယ်လိုက်သည်။ “ဟေ့ကောင်လေး။ စားမလား”
ကျောက်ထန်းထန်းလိပ်ပြာလွင့်မတတ် ထိတ်လန့်တုန်လှုပ်သွားပြီး ထိုအမဲသားပေါင်ကြီးကို လုယူလိုက်သည်။
“နောက်ထပ် တောင်းဆိုချက်တစ်ခုရှိတယ်။ သူ့ကို အသားကျွေးလို့မရဘူး”
စုရှောင်ရှန်လည်း ရုတ်တရက်ဆိုတော့လန့်ဖျပ်သွားကာ “ဘာလို့လဲ”
“မမေးနဲ့။ နင်သိစရာမလိုတဲ့ဟာတွေရှိတယ်”
“ဟင်…”
လက်ကိုလှုပ်ခါရမ်းလိုက်ခြင်းနှင့်အတူ သူမ၏ လက်ထဲက အမဲသားကို စုရှောင်ရှန် ပြန်လုလိုက်ပြီးတော့ ရေရွတ်သည်။ “သူ့ကိုကျွေးဖို့လည်း အစကတည်းက ယူလာတာမှ မဟုတ်တာ မကျွေးတော့ပါဘူး”
သို့ဆိုပြီးနောက်လှည့်ကာ “ရော့။ နင့်အတွက် ငါယူလာတာ”
မုကျစ်ရှီ၏ မျက်နှာက ချက်ခြင်း၀င်းပသွားပြီးတော့ စောနကလေးက ထွက်သွားသော ဒေါသများတောင်ပျောက်ဆုံးသွားရလောက်အောင် နားရွက်တတ်ချိတ်မတတ်ပြုံးတော့၏။
“ဘာကြီးလဲ”
“ငါခုလေးမှ ၀ယ်လာတာ စားလိုက်”
“ကောင်းမယ့်ပုံပဲ”
စက္ကူစနဲ့ ပတ်ထားတဲ့ အမဲသားပေါင်ကြီးကို စုရှောင်ရှန်၏ လက်ထဲကနေ မျက်လုံးချင်းဆိုင်၍ အပြုံးနှင့်ယူရင်း လိမ်လိမ်မာမာစားလိုက်သည်။ ထို့နောက် ကျောက်ထန်းထန်းနှင့် စုရှောင်ရှန်တို့အကြားက စကားဝိုင်းပြီးအောင်လို့ နောက်တစ်လှမ်းဆုတ်ကာ စောင့်နေပေးလိုက်၏။
ထိုမြင်ကွင်းကိုမြင်သောအခါ ကျောက်ထန်းထန်းတွေးလိုက်သည်။
‘အင်း။ ဒီကလေးမလေးကိုတောင် ကောင်းကောင်းမွန်မွန်ဆက်ဆံနေရင် အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကိုလည်း အလားတူဆက်ဆံမှာပဲ။ ဒီဆုံးဖြတ်ချက်ကမမှားလောက်ပါဘူး…’
“ညောင်”
စူးစူးဝါးဝါးအော်သံကြီးက သူမကို ကမ္ဘာကြီးနှင့် ပြန်ချိတ်ဆက်ပေးလိုက်သည်။ စုရှောင်ရှန်က ကြောင်ဖြူလေးကို လက်ကြားထဲမှာ အတင်းထိုးထည့်ပြီးပိုက်နေသည်ကိုတွေ့သောအခါ သူမ၏ မျက်နှာမဲမှောင်သွားခဲ့၏။
“စုရှောင်ရှန် နင်အားနဲ့မလုပ်နဲ့လေ”
“အေးဆေးပါ။ ငါဘာလုပ်နေလဲ ငါသိပါတယ်”
‘နင့်ပုံစံက ဘာမှမသိတဲ့အတိုင်းဘဲ။ အားးးး ငါပိတ်ကန်ပစ်လိုက်ချင်လာပြီနော်’ ကျောက်ထန်းထန်း တွေးနေရင်းက မျက်ခုံးများလှုပ်သွားခဲ့၏။
သူမ ပြန်ခံပြောလို့မရအောင်တောင် ဒေါသထွက်နေလေပြီ။
စုရှောင်ရှန်က တဝါးဝါး သန်းလိုက်ပြီးနောက် ဆိုလိုက်သည်။ “ထားပါတော့။ ငါကပဲ သဘောထားကြီးကြီးနဲ့ နင့်တောင်းဆိုချက်တွေကိုလက်ခံပေးလိုက်ပါ့မယ်။ ခုကတော့ နင့်ဘက်က ရိုးသားမှုကိုပြန်ပြရမယ့်အချိန်ပဲ”
“ဘာကိုငါ့ဘက်က ရိုးသားမှုလဲ”
“နင် ကတိဖျက်တော့မှာလား။ ဒီကြောင်ကို စောင့်ရှောက်ပေးမယ်ဆိုရင် ငါ့ကို ပုံမှတ်ဆက်ကြေးပေးမယ်ဆို”
ကျောက်ထန်းထန်း တိတ်တဆိတ်လက်သီးများကိုဆုပ်လိုက်ပြီး တိတ်တဆိတ်ပဲ ပြန်လွှတ်လိုက်သည်။
စိတ်ထဲကလည်း –
‘ထားလိုက်ပါတော့ ငွေလေးအနည်းငယ်တည်းနဲ့ဘာဖြစ်သွားမှာမလို့လဲ။ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်အတွက် ပါလာတဲ့ အကုန်လုံးနီးပါးအသုံးပြုပြီးပြီဆိုပေမယ့် နည်းနည်းတော့ကျန်သေးတာပဲ။ အဲ့တာပဲပေးလိုက်မယ်’
“ဘယ်လောက်လိုချင်လဲပြော”
“ဘာကိုဘယ်လောက်လိုချင်လဲတုန်း။ ငါက ငွေအကြောင်းပြောနေတာမဟုတ်ဘူး”
စုရှောင်ရှန်က မျက်ခုံးများကိုပင့်၍ သာမန်ကာလျှံဆိုလိုက်သည်။
“နင့်ကိုဆက်သွယ်လို့ရမယ့်ဟာ တစ်ခုခု ငါ့ကိုပေးထား”
ကျောက်ထန်းထန်းဘာမှ မဟရသေးခင်မှာပင် သူတို့အနောက်မှ ဒေါသသံကြီးကိုကြားလိုက်ရ၏။
“စုရှောင်ရှန် နင်ဒါဘာလုပ်နေတာလဲ”
မုကျစ်ရှီ စိတ်တိုသွားသည်။
‘ငါ့ကို အသားလေး တစ်တုံးပေးရုံနဲ့ သူ့ဘက်ဆွဲနိုင်မယ်ထင်နေတာလား။ သူ့ဆရာတူညီမလေးဖြစ်တဲ့ ငါ့ရှေ့မှာ အခြားမိန်းမတစ်ယောက်ကို ဆက်သွယ်လို့ရမယ့် နည်းလမ်းတစ်ခုခုကို တောင်းရဲတယ်ပေါ့’
“ကလေးဆန်လိုက်တာ” စုရှောင်ရှန် သူမ၏ ပါးနှစ်ဖက်ကို ဖိညှစ်ပြီးတော့ မူလနေရာကို ပြန်ပို့လိုက်သည်။
ကျောက်ထန်းထန်းလည်း သူ့ကို ထူးဆန်းစွာကြည့်နေကာ ကျီစယ်သလိုလို၊ နောက်သလိုလိုနှင့် “နင်က ငါ့ရဲ့ ဆက်သွယ်ခြင်းကျောက်စိမ်းပြားကိုလိုချင်နေတာလား”
“ဒါပေါ့”
စုရှောင်ရှန် ထူးမခြားနား စကားဆိုလိုက်သည်။ “မဟုတ်ရင် ငါတစ်ယောက်ယောက်ကိုအနာဂါတ်မှာသတ်ချင်ရင်နင်တို့ကို ဘယ်လိုဆက်သွယ်နိုင်မှာလဲ”
ကျောက်ထန်းထန်း ပဟေဠိဖြစ်သွားကာ “ဒါပဲလား”
“အေးလေ။ နင်က ဘာတွေ မျှော်လင့်နေတာလဲ” စုရှောင်ရှန် နားမလည်သည့်အလား မေးလိုက်ပြီးတော့မှ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် နောက်သို့ ခြေလှမ်းကျယ်ကြီးတစ်လှမ်းဆုတ်ကာ သူ့ကိုယ်ကို လက်ဖြင့်ပိုက်ရင်း ဆိုလိုက်သည်။ “ဒါမျိုးတော့မလုပ်နိုင်ဘူးနော်”
ကျောက်ထန်းထန်းသူ့ကို မျက်နှာသေကြီးဖြင့် ကြည့်လိုက်သည်။ ‘ဒီကောင်စုတ်ကတော့။ သူပဲ ဆက်သွယ်ခြင်းကျောက်စိမ်းပြားကိုတောင်းသေးတယ် သူကပဲ ဒီမှာ နစ်နာသလို လာလုပ်နေသေးတယ်။ မသိရင် ငါကပဲ လူယုတ်မာလိုလိုနဲ့ နင့်ကို ဘာလို့ တစ်ခုခုလုပ်ရမှာလဲ’
“ရော့”
စုရှောင်ရှန်ကို ကျောက်စိမ်းပြားတစ်ပြားပစ်ပေးပြီး ဆောင့်ကြီးအောင့်ကြီးနောက်လှည့်ကာထွက်သွားလိုက်သည်။
[မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ထိုကျောက်ပြားကိုယူလိုက်တဲ့အချိန်မှာ သူ့အသိပေးချက်ဖန်သားပြင်၌လည်း အသိပေးချက်တစ်ခုပေါ်လာခဲ့၏။
‘ငါထင်တဲ့အတိုင်းပဲ။ ဒီမိန်းမက မသိသလိုလို ဘာလိုလိုနဲ့ ငါမသိလိုက်ခင်မှာ တစ်ခုခုလုပ်သွားသေးတယ်။ ကံကောင်းလို့ပင်ကိုယ်စနစ်ရှိ နေလို့ပေါ့…’
မှတ်ထားခြင်းခံရသည်တဲ့။
“ဒါမျိုးက တော်ရုံတန်ရုံနဲ့တော့ပေါ်လာမှာမဟုတ်ဘူး။ ဟာသပဲ။ ငါက စိတ်နှလုံးသားရိုးသားပြီးဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက်ပါ။ ငါဘာပြဿနာများရှာမိလို့လဲ”
စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်သည်။ ဤမှတ်ထားခြင်းခံရပါသည်ဟူသော အသိပေးချက်ကို စိတ်ထဲထားမနေပေ။ သေချာတွေးကြည့်ရင်လည်း ကျောက်ထန်းထန်းဘက်က ကြံရာမရတဲ့အဆုံးလုပ်ရတယ်ဆိုတာ မြင်သာသည်။
သို့ပေမယ့် ထွက်သွားပြီးလို့ပြန်လာတော့ရော ဘာရမှာတဲ့လဲ။ သူ့လက်ထဲကို အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ရောက်လာတာနှင့် ဤလူများက ဘာမှ သက်ဆိုင်ခြင်းမရှိတော့ချေ။
သို့ဖြင့် စုရှောင်ရှန်က ထိုကျောက်စိမ်းပြားလေးကို ကိုင်၍ ပြုံးနေလိုက်၏။
‘ဒီနေ့ ကိစ္စတွေက ချောချောချူချူသွားနေသလိုပဲ ငါလူတစ်ယောက်ကိုသတ်ပြီးတော့ သန်မာတဲ့ကျင့်ကြံခြင်းရှိတဲ့ သူစိမ်းနှစ်ယောက်ကို အကူအညီအနေနဲ့ ရလိုက်တယ်။ ဒီကျောက်ပြားလေးကနေ အချက်ပေးလိုက်တာနဲ့ သူတို့မလာရဲဘဲ နေမတဲ့လား။ ငါအနာဂါတ်မှာ လိုက်သတ်ခံရတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်ကို ရွှစ်တည်း အချက်လေးပြလိုက်ရုံပဲ။ ဟားဟား ဒီလိုလူနှစ်ယောက်ကို ဆရာကြီးတစ်ယောက်လို အမိန့်ပေးနိုင်စွမ်းရှိတဲ့နေ့ရောက်လာမယ်လို့တောင်မထင်ထားဘူး’
တကယ်က ထိုနှစ်ယောက်ကလည်း အင်မတန်သန်မာသည့် ကျင့်ကြံသူများဖြစ်ကြသည်။ ကျောက်ထန်းထန်း၏ ဆုတ်ခွာသွားသော နောက်ကျောပြင်ကို လက်ထဲမှာ ကြောင်ကိုင်ထားရင်းနှင့်အတွေးနက်စွာကြည့်လိုက်သည်။
“မီးခိုးမြူပုံရိပ်နဲ့ ဆင်တူပေမယ့် ဒီကြောင်က တန်လားမတန်ဘူးလား…”
…
ထိုလူအုပ်ထဲမှ ဓားသမားသုံးယောက်က တစ်ခုခုတော့လွဲနေတာ ကြိုသိပြီး ထွက်သွားခဲ့တာကြာလှပြီဖြစ်သည်။
စုရှောင်ရှန်တို့နှစ်ယောက်မတိုက်ခိုက်တာမြင်တော့ ရပ်ကြည့်နေသည့်သူများလည်း စိတ်ပျက်လက်ပျက်ထွက်သွားလိုက်ကြ၏။ မကြာခင် ရွှေအစည်းအရုံးရှေ့တွင် စုဝေးနေကြသောလူတိုင်း တဖြည်းဖြည်းနည်းပါးလာခဲ့သည်။
ထန်းစန်းမြို့တော်လိုနေရာမျိုးမှာတောင် တကယ်မဖြစ်ပွားသွားတဲ့ ရန်ပွဲတွေကိုကြည့်ရတာက သာမန်လိုဖြစ်နေလေပြီ။ အလုပ်အင်မတန်ရှုပ်သည့် မြို့စောင့်စစ်သည်များအတွက်ဆို ၎င်းကပို၍ သာမန်ဆန်သည်။
သာမန်အားဖြင့် စိတ်ဝိညာဉ်ကျင့်ကြံသူများက တိုက်ခိုက်ကြသောအခါ ကောင်းကင်မှာပဲ တက်၍ တိုက်ခိုက်လေ့ရှိသည်။ ဘေးနားကရပ်ကြည့်နေသည့် အပြစ်မရှိသည့် ပွဲကြည့်သူများအား ဒဏ်ရာရစေခြင်း၊ သတ်မိခြင်း (သို့) မြို့စောင့်စစ်သည်များအလုပ်ရှုပ်နေလျှင် ဘာမှ ပြဿနာကြီးကြီးမားမားမတက်ချေ။
စုရှောင်ရှန် စောနက ဖောက်ခွဲလိုက်သည့် မီးပန်းကြီးလိုအရာကတော့ သာမန်လို့ပြောမလို့မရပေ။
ရှင်းကုကုလည်း ပုခုံးပေါ် ရွှေကြိမ်လုံးတင်၍ ကျောက်ထန်းထန်းနောက်ကနေ မနီးမကပ် လိုက်သွားသည်။ သို့ဖြင့် အတော်အလှမ်းဝေးသည့်နေရာကိုရောက်မှ မေးလိုက်၏။ “အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို သူနဲ့ထားခဲ့တာ ဖြစ်ပါ့မလား”
“သဘောတရားအရတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” နောက်ကိုတောင်လှည့်မကြည့်ဘဲ ကျောက်ထန်းထန်းကဆိုသည်။
ရှင်းကုကုလည်း ထိုနည်းတူ ခံစားနေရတာကြောင့် သူမ၏ အဖြေက သူ့ကို ပိုလို့ စွံ့အသွားစေခဲ့သည်။
စုရှောင်ရှန်က ငြိမ်ငြိမ်လည်းမနေကာ သာမန်လူများလိုလည်းမတွေးပေမယ့် သူက ယခုလောလောဆယ်တော့ ရွေးချယ်စရာအကောင်းဆုံးဖြစ်၏။
နေဦး။ နောက်တစ်ယောက်ရှိသေးတယ်။
“တကယ်က သူ့ညီမလေးဆိုတာလဲ ရွေးချယ်စရာကောင်းပဲမလား” ရှင်းကုကုက ဆိုသည်။
ကျောက်ထန်းထန်း၏ နှုတ်ခမ်းများကွေးတက်သွား၏။ ထိုမှ အဝေးကြီးကနေ စုရှောင်ရှန်ကို လည်ပြန်ကြည့်ကာ တစ်ခုခုကိုသဘောပေါက်သွားခဲ့သည်။
ဤသို့သောလူကို ရန်သူအနေနဲ့ ရမယ်ဆိုရင် အမှန်တကယ် ကွိုင်အကြီးအကျယ်တက်ပေမည်။ မိတ်ဆွေအနေနဲ့ကတော့…
“အေး။ စုရှောင်ရှန် ပေါ်မလာခဲ့ရင်ကတော့ ဟုတ်ကောင်းဟုတ်လိမ့်မယ်။ ခုတော့ ပိုကောင်းတာတွေ့နေတာ ဘာလို့မရွေးချယ်ရမှာလဲ။ အဲ့ဒီကလေးမလေးက ဘေးကင်းတယ်ဆိုပေမယ့် အားနည်းလွန်းတယ်”
ရှင်းကုကု လမ်းလျှောက်ရပ်သွားကာ “စုရှောင်ရှန်ကလည်း အား…”
“သူနင့်လက်ထဲက အလိုရမက်လေးကို ဘယ်လိုလုယူလိုက်တာလဲ မေ့သွားပြီလား”
ကျောက်ထန်းထန်း၏ အေးတိအေးစက်အကြည့်များကို ခံစားမိသောအခါ ရှင်းကုကု ကြောက်လန့်သွားရပြီး လည်ပင်းတိုလိုက်၏။
“အဲ့တာက ရုတ်တရက်ဆိုတော့သတိလွတ်သွားလို့ပါ”
ထိုအရာကိုကြားသောအခါ ကျောက်ထန်းထန်း အေးစက်စက်ပြုံးလိုက်သည်။ “သူက နည်းနည်းထူးဆန်းတယ်ဆိုပေမယ့် သူ့ကျင့်ကြံခြင်းနယ်ပယ်ချို့ယွင်းချက် သေးသေးလေးကလွဲရင် ဖြတ်ထိုးဉာဏ်၊ စွမ်းဆောင်ရည်တွေ၊ လျင်မှုနှုန်း ဘယ်ဟာက နိမ့်ကျနေလို့လဲ”
ရှင်းကုကု ခေါင်းကို တဗျစ်ဗျစ်ကုတ်ကာ စဉ်းစားပြီးနောက် ခေါင်းထောင်လိုက်သည်။
သူတုံ့ဆိုင်းသွားပေမယ့်လည်း ပြောလိုက်ပါသည်။ “ဒါပေမယ့် ဒီချို့ယွင်းချက်ကို ကျွန်တော် လစ်လျူရှူလို့မရဘူးဖြစ်နေတယ်”
ကျောက်ထန်းထန်း၏မျက်နှာ သုန်မှုန်သွားသည်။
သူမက အသက်ကိုခပ်ပြင်းပြင်းရှူကာ ဂါ၀န်ကိုအနည်းငယ်မပြီး ဖြူစွတ်ဖွေးနေသော ခြေတံရှည်ကြီးကိုပြသလိုက်သည်။
စိတ်ထဲကလည်း – ‘ဒီလောက် သင်ယူစရာတွေ အများကြီးရှိတဲ့အထဲက နင်က အသုံးမကျတဲ့ဟာကို သင်လာရတယ်လို့’
“ကောင်းကောင်းရပ်နေစမ်း” အမိန်းပေးလိုက်၏။
“ဘာလုပ်မလို့လဲ”
“လုပ်ဆိုရင်လုပ်လိုက်၊ လျှာမရှည်နဲ့” ကျောက်ထန်းထန်းသူမ၏ သွေးသွယ်ဆင်းလျသော ခြေတံရှည်ကြီးကို မြှောက်လိုက်သည်။
ရှင်းကုကု ပဟေဠိဖြစ်သွား၏။ “ကျွန်…”
ဘနျးးးးးး…။