Switch Mode

အပိုင်း (၁၀၅၇)

အရူး

တိုက်ပွဲကွင်းပြင် တစ်ခုလုံး တိတ်ဆိတ်သွား၏။

လီယောင်က ကောင်းယွင်အား ယူချင်း၏ဦးခေါင်းကို ယူဆောင်လာရန် အမိန့်ပေးခဲ့၏။ ယူချင်းက ယခု ကောင်းယွင်၏ခေါင်းကို ရက်စက်စွာ ဖြတ်တောက်ခဲ့သည်။ အင်ပါယာရှားဘုံမှ လူများပင် ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ကြရ၏။ သူတို့က ယူချင်းအား စိုက်ကြည့်ကြ၏။ သည်လူ မည်သူ ဖြစ်သနည်း။

ရှားရှင်းယွန်သည် ထိုနေရာတွင်ပင် ထိုင်နေ၏။ သူမ၏ လူတစ်ယောက်က ယခု အင်ပါယာရှားဘုံမှ ကောင်းယွင်အား သတ်ဖြတ်ခဲ့ပြီ ဖြစ်၏။ ယခု သူမတို့ဘက်မှ နှစ်ပွဲ အနိုင်ရထားပြီဖြစ်ရာ အလွန်အားရ ကျေနပ်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ဟု ပြောနိုင်ပေသည်။

လီယောင်၏ မျက်နှာက အေးစက်နေ၏။ သူက ယူချင်း၏ စွမ်းရည်များကို အထင်သေးခဲ့သည်။ ယခု သူပြသခဲ့သော စွမ်းရည်များအရ ယူချင်းသည်လည်း ရှန့်ထို အဆင့်အောက်၌ အမြင့်ဆုံးသော စွမ်းရည်အား ပိုင်ဆိုင်ထားလောက် ပေသည်။ သူကား ဝမ်ချွန်းထက် အားမနည်းပေ။ ယူချင်းပင် ဤမျှ အားကောင်းလျှင် ရီဖူရှင်းက သေချာပေါက် ပိုမို၍ အားကောင်းပေမည်။ သူတို့က အင်ပါယာရှား စစ်တပ်၏ အဓိကလူများ ဖြစ်ရပေမည်။

ဘုံသုံးခုမှ ရှန့်ထိုများသည် ယူချင်း၏ စွမ်းရည်များကို ကြည့်ကာ အနည်းငယ် အံ့အားသင့်ကြရ၏။ ဗိုလ်ချုပ်ထန်လည်း စိတ်သက်သာရာ ရ၏။ အင်ပါယာရှားဘုံက နှစ်ပွဲနိုင်ထားပြီ ဖြစ်ရာ သူတို့က နောက်ဆုံးတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင် စိတ်ဓာတ်ပိုင်း ဆိုင်ရာတွင် ကောင်းမွန်သော အနေအထားအား ပိုင်ဆိုင်နိုင်ပြီ ဖြစ်သည်။

ယူချင်းက ကောင်းယွင်၏ခေါင်းကို မြှောက်ကာ လေထဲသို့ မြောက်လိုက်၏။ သူက သွေးအချို့အား အလံတွင် သုတ်ကာ ခေါင်းကို လီယောင်ထံသို့ ပစ်လိုက်သည်။ အင်ပါယာလီဘုံမှ စွမ်းအားမြင့် တန်ခိုးရှင်နှစ်ဦး၏ သွေးများမှာ ယခု အလံတွင် စွန်းပေနေပြီဖြစ်သည်။

လီယောင်က သူ့ခြေထောက်အနီးမှ ခေါင်းပြတ်အား ကြည့်သည်။ ထို့နောက် ယူချင်းအား ကြည့်၏။ နှစ်ဦးသား အကြည့်ချင်း ဆုံလျှင် လီယောင်က ယူချင်း၏ မျက်လုံးများထဲမှ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များအား ခံစားရသည်။ ယူချင်းသည်လည်း ရီဖူရှင်းကဲ့သို့ပင် သူ့အား လွန်စွာ မုန်းတီးနေဟန် ရ၏။ ထို့နောက် ယူချင်းက သူ၏နေရာသို့ ပြန်သွားသည်။

နောက်ဆုံး တစ်ပွဲတိုက်ရန်သာ ကျန်တော့၏။ သည်တိုက်ပွဲတွင် အင်ပါယာရှားဘုံက တိုက်ခိုက်မည့်သူအား ဦးဆုံး စေလွှတ်ရမည်။ ဥဒေါင်း အင်ပါယာဘုံက နောက်ဆုံးမှ စေလွှတ်ရပမည်။

“ဘာလို့ တစ်ယောက်မှ မလွှတ်သေးတာလဲ …” လီယောင်၏ အေးစက်သော အကြည့်က ရှားရှင်းယွန်ထံသို့ ရောက်လာသည်။

ရှားရှင်းယွန်က သူမ၏နောက်သို့ ကြည့်သည်။ ထိုအထဲတွင် ရှောင်ရှမ်း၊ ကုန်းစွန်းကျောင်းနှင့် တခြားလူများ ရှိကြသော်လည်း မည်သူမှ တိုက်ခိုက် လိုကြဟန်မတူ။ သူတို့က နောက်ဆုံး တိုက်ပွဲအား လက်လျှော့ လိုကြ၏။ မည်သို့ဆိုစေ သူတို့ဘက်မှ နှစ်ပွဲနိုင်ထားပြီဖြစ်ကာ နောက်ဆုံး တိုက်ပွဲမှာ လွန်စွာ အန္တရာယ်များပေသည်။

“သိမ်းငှက်လေး …” ရီဖူရှင်းက ခေါင်းလိုက်လျှင် ရုတ်တရက် သိမ်းငှက်နက် တစ်ကောင်က လူအုပ်ထဲမှ ထွက်လာ၏။

“သိမ်းငှက်နက် တစ်ကောင် …” အားလုံး၏ မျက်နှာ၌ ထူးဆန်းသော အမူအရာများ ဖြစ်လာကြ၏။

လီယောင်က ရီဖူရှင်းအား အေးစက်စွာ တစ်ချက် ကြည့်ကာ ပြောသည် … “မင်းက သာမန် သတ္တဝါတစ်ကောင်ကို သေဖို့ လွှတ်လိုက်တယ်ပေါ့ … မင်းက နောက်ဆုတ်နေတာပဲ ပိုကောင်းလိမ့်မယ် …” သိမ်းငှက်နက်များသည် တွေ့နေကျ  သားရိုင်း သတ္တဝါများဖြစ်ကာ သူ့အနေဖြင့် သိမ်းငှက်နက် တစ်ကောင်အား သတ်ဖြတ်ရခြင်းသည် လက်စားချေခြင်း၏ အရသာကိုပင် မခံစားရပေ။

“သောက်ရူး …” သိမ်းငှက်နက်က လီယောင်အား စိုက်ကြည့်ကာ ပြောသည်။ သူက အတောင်ပံများအား ခတ်ကာ အပေါ်သို့ တက်ပြီး လီယောင်အား အမှန်တကယ်ပင် အရူး တစ်ယောက်အား ကြည့်သည်။

သိမ်းငှက်နက်၏ အထင်သေးသော မျက်လုံးများကို ကြည့်ကာ လီယောင်တစ်ယောက် ဒေါသများ အုံကြွလာခဲ့ကာ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်းစွာ ဖြစ်ပေါ်လာ၏။

ထို့နောက် သူက နောက်မှ လူတစ်ယောက်ကို ကြည့်ကာ အေးစက်စွာ ပြောသည် … “သူ့ကို မလွယ် မသေခိုင်းနဲ့ …”

“ကောင်းပါပြီ …” ထိုသူက ခေါင်းညိတ်ကာ ရှေ့သို့ တက်လာ၏။ သူ၏နောက်ကျောတွင် ဓားတစ်လက် လွယ်ပိုးထားသည်။

“တာလီဓားတောင်ကုန်းရဲ့ တပည့် တစ်ယောက် …” သူတို့က ထိုလူ၏နောက်ကျောမှ ဓားကို ကြည့်ကာ တာလီပြည်ထောင်၏ အဖွဲ့အစည်း တစ်ခုအား အမှတ်ရမိကြ၏။ ထိုဓားတောင်ကုန်း၏ နာမည်မှာ အင်ပါယာရှားဘုံမှ လီဟန်ဓားနန်းတော်ကဲ့သို့ နာမည် ကျော်ကြား ပေသည်။

ထိုအခိုက်တွင် နတ်ဘုရား အလင်းများ ခြုံလွှမ်းထားသော သားရဲပျို တစ်ကောင်သည် စူးရှသော မျက်လုံး၊ မောက်မာသော ဟန်ပင်ဖြင့် ရှေ့သို့ တက်လာ၏။ သိမ်းငှက်နက်သည် တစ်ဖက် သတ္တဝါဆန်းထံမှ လာသော ဖိအားများကို ခံစားရသည်။ ထိုသူ၏ မူလပုံစံမှာ အလွန်တရာ အဆင့်အတန်း မြင့်မားသော ရွှေအတောင်ပံနတ်ငှက် ဖြစ်၏။

ဥဒေါင်း အင်ပါယာဘုံတွင် နတ်ငှက် အမျိုးအနွယ်မှာ အလွန်တရာ နည်းပါးပြီး သန့်စင်သော ရွှေအတောင်ပံ နတ်ငှက်မှာမူ ပိုမို၍ ရှားပါးပေသည်။ သူတို့မှာ ဒီမွန်းသားရဲဘုံ၏ ရတနာများဟုပင် ဆိုနိုင်၏။ ယခု သူတို့ထံမှ တစ်ကောင်အား တိုက်ပွဲအတွက် အသုံးပြုနေရာ နောက်ဆုံး တိုက်ပွဲမှာ မည်မျှ အရေးပါသည်ကို သိနိုင်သည်။

ရီဖူရှင်းက တိုက်ပွဲကွင်းလယ်တွင် ရပ်နေသောသူ သုံးဦးအား ကြည့်သည်။ ရုတ်တရက် သူ၏မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ အမှန်တကယ်ပင် သူက ပြိုင်ဘက်များထံမှ အာကာသ လောကဓာတ်များအား ခံစားရသည်။

သိမ်းငှက်နက်သည်လည်း အာကသဓာတ်တွင် အားကောင်းပေသည်။ သူက ရီဖူရှင်းနှင့် စိတ်ချင်း ဆက်နွှယ်နေရာ ရီဖူရှင်း နားလည်သမျှသော ဉာဏ်အလင်းများအား သိမ်းငှက်နက်သည်လည်း သိရှိခံစားနိုင်ပေသည်။ သူက သိမ်းငှက်နက်အား တိုက်ပွဲတွင် အတွေ့အကြုံရရန် စေလွှတ်ခဲ့ခြင်း ဖြစ်သော်လည်း လူတိုင်းက သူ့အား အသေခံရန် လွှတ်သည်ဟု ထင်ကြ၏။

ထိုအခိုက်တွင် ကြောက်မက်ဖွယ် နက်ရွှေရောင် အလင်းများ သိမ်းငှက်နက်၏ သားမွေးများသို့ စီးဆင်းလာနေသည်။ ဓားအသိများက ကျဆင်းလာခဲ့လျှင် ထိုဓားချက်များမှာ သိမ်းငှက်နက်ကို မည်သို့မှ ထိခိုက်စေခြင်း မရှိပေ။

တာလီပြည်ထောင်မှ တန်ခိုးရှင် မျက်မှောင်ကြုတ် လိုက်၏။ သူက ပြုံးလျက်ပြောသည် … “စိတ်ဝင်စားစရာပဲ …” ထိုသို့ပြောကာ သူက ရုတ်တရက် ထိုနေရာမှ ပျောက်ကွယ်သွားပြီး သိမ်းငှက်နက်၏ ရှေ့သို့ ပေါ်လာကာ သူ၏ဓားဖြင့် ခုတ်ချလိုက်သည်။ ဓားသည် လေဟာနယ်ကို ခွင်းကာ သိမ်းငှက်နက်ထံသို့ မြန်ဆန်စွာ ကျဆင်းလာသည်။

သို့သော် ဓားသည် လေထုကိုသာ ဖြတ်တောက် သွားခဲ့ကာ သိမ်းငှက်နက်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်နေရာ၌ ပေါ်လာသည်။

“ဟင် …” တာလီပြည်ထောင်မှ ဓားသမား၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်လာသည်။ အားလုံးက အအပေါ်သို့ မော့ကြည့်လျှင် ကောင်းကင်တွင် အာကာသ ပုံရိပ်ယောင် သိမ်းငှက်နက်များ အများအပြား ဖြစ်ပေါ်လာသည်ကို မြင်ကြရ၏။

“အာကာသလောကဓာတ် …” အားလုံးက လေထဲသို့ ကြည့်နေကြသည်။ သူတို့ အမြင်မှား နေကြသည်များလား။

“အဆုံးမဲ့အရိပ် …” ရွှေရောင် အလင်းတန်းများ ဖြာထွက်လာခဲ့ကာ သိမ်းငှက်နက်၏ ပုံရိပ်များသည် တစ်နေရာတည်းသို့ လာရောက် စုစည်းကြ၏။

တာလီပြည်ထောင် ဓားသမားက လေထဲသို့ မြန်ဆန်စွာ တက်လာခဲ့သည်။ သူတို့နှစ်ဦးလုံးသည် မူလနေရာမှ ပျောက်ကွယ်သွားပြီး လေထုတစ်နေရာတွင် ရင်ဆိုင်တိုက်ခိုက်ကာ ပြန်လည်၍ လူချင်း ခွာလိုက်ကြ၏။

ဓားသမားက လေထဲ၌ ဓားချက်များစွာ ထုတ်လိုက်သည်တွင် ရုတ်တရက် ကောင်းကင်တွင် မရေမတွက်နိုင်သော ဓားအလင်းများ ဖြစ်ပေါ်လာသည်။ သိမ်းငှက်နက်ကလည်း အနီးတွင် လှည့်ပတ် ပျံသန်းသည်လျှင် ကြောက်မက်ဖွယ် ကောင်းသော အာကာသမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။

“ဒီသတ္တဝါက ဒီလောက်တောင် အားကောင်းတာလား …” အားလုံးက သိမ်းငှက်နက်ကို အံ့အားသင့်စွာ ကြည့်ကြ၏။

ဘုန်း … ဘုန်း … ဘုန်း …

သူတို့က ကြိမ်ဖန်များစွာ ရင်ဆိုင် တိုက်ခိုက်ကြကာ တာလီ ပြည်ထောင်ဓားသမားမှာ လက်များပင် ထုံကျဉ်လာခဲ့၏။ သူ၏တိုက်ခိုက်မှုများမှာ တစ်ဖက်လူထက် အားနည်းခြင်း မရှိပေ။ သို့သော် သူက အားကောင်းသော်လည်း ကြိမ်ဖန်များစွာ ဤသို့ ရင်ဆိုင် တိုက်ခိုက်နိုင်ခြင်း မရှိပေ။ တဖြည်းဖြည်းဖြင့် သူသည် နှေးကွေးလာခဲ့၏။

ဟူး …

အားကောင်းသော လေပြင်းတစ်ခု ရိုက်ခတ်သွားလျှင် ရွှေရောင်ပုံရိပ်များသည် သိမ်းငှက်နက်၏ လက်များ၌ လှံရှည်တစ်လက် အသွင်သို့ စုစည်း ဖြစ်ပေါ်လာသည်။ နောက်ထပ် ပုံရိပ်တစ်ခု ရွေ့လျားသွားကာ သိမ်းငှက်နက်သည် တာလီပြည်ထောင် ဓားသမား၏ရှေ့၌ ပေါ်လာ၏။ ထိုအချိန်တွင် ဓားသမားကလည်း ထောင်ပေါင်း များစွာသော ဓားချက်များအား သိမ်းငှက်နက်ထံသို့ ခုတ်ပိုင်းလိုက်၏။ သို့သော်လည်း သူမြင်ရသည်ကား ရွှေရောင်လျှပ်စီးတန်း တစ်ခု။ လျှပ်စီးတန်းသည် လှံရှည်ဖြင့် ပေါင်းစပ်နေဟန် ရသည်။

ထိုအခိုက်တွင် အချိန်နှင့် လေဟာနယ်သည် အေးခဲသွားဟန်ရ၏။ တာလီပြည်ထောင် ဓားသမားသည် သူ့လှုပ်ရှားမှုများ ကန့်သတ်ခံရသည်ဟု ခံစားရ၏။ ချက်ချင်းပင် သူသည် ရန်သူကို လျှော့တွက်မိပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။

ဘုန်း …

လျှပ်စီးတန်းသည် သူ့ဓားအား ပျက်စီးစေကာ ဆက်လက် ကျဆင်းလာခဲ့သည်။ လှံရှည်သည် လေထုကို ခွင်းကာ ထိုအခိုက်တွင် ဓားသမားသည် သူ၏လည်ပင်းမှ အေးစက်သော အထိအတွေ့အား ခံစားရသည်။

“မင်းက ဒါကို တောင်းနေတာပဲ …” သိမ်းငှက်နက်က လှံရှည်အား ဆွဲထုတ်လိုက်လျှင် တစ်ဖက်လူသည် မြေပြင်ပေါ်သို့ ပြိုလဲကျ၏။ ထို့နောက် သိမ်းငှက်နက်က လီယောင်ထံသို့ ကြည့်ကာ တစ်လုံးတည်း ပြောလိုက်တော့သည်။

“သောက်ရူး … ”

***

Comment

Leave a Reply

Options

not work with dark mode
Reset