အခန်း ( ၈၁ )

ဟေး အတန်းဖော်၊ တစ်ခုခုပြောသွားပါဦးကွ

ပထမဆုံးတိုက်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့အတွက်မူ ထိုတိုက်ပွဲမှာ အလွန် လွယ်ကူခဲ့၏။ သူသည် တိုက်ခိုက်ရေးကွင်းထဲသို့ ခြေချလိုက်ရုံဖြင့် အမှတ်တစ်မှတ် ချက်ချင်းရရှိသွားခဲ့သည်။

ဤပွဲစဉ်တွင် ပြိုင်ပွဲဝင်ပေါင်းနှစ်ထောင်က တိုက်ပွဲပေါင်းတစ်ထောင်ကို တစ်ပြိုက်နက်ထဲ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ အခြားတစ်နည်းဖြင့် ဆိုရသော် ဤပွဲစင်ပြီးပါက လူတစ်ဝက်မှာ အမှတ်တစ်မှတ် ရရှိသွားမည်ဖြစ်ပြီး အခြားတစ်ဝက်မှာ အမှတ်တစ်မှတ်မှ ရရှိထားမည် မဟုတ်ပေ။

ပထမပွဲစဉ်ကိုကြည့်၍ အနိုင်ရရှိသူများနှင့် ရှုံးနိမ့်သွားကြသူများ၏ ကြားရှိ ခြားနားချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ပြိုင်ပွဲ၏ ဒုတိယအဆင့်သို့ ရောက်လျှင်မူ ရမှတ်များကို စုဆောင်းသည့်စနစ် ဖြစ်သွားမည် ဖြစ်သည်။ တစ်ပွဲနိုင်လျှင် တစ်မှတ်ရရှိမည် ဖြစ်သော်လည်း ရှုံးနိမ့်လျှင်မူ မည်သည့်ပြစ်ဒဏ်မှ ခံစားရမည်တော့ မဟုတ်ပေ။ ထိုသို့ဖြင့် လူတစ်ယောက်မှာ ရမှတ်ငါးမှတ် စုဆောင်းနိုင်ပါက တိုက်ပွဲငါးပွဲစလုံးကို အနိုင်ရရှိခဲ့သူဟု ဆိုနိုင်ပြီး ထိုကဲ့သို့သော သူများမှာ အဆင့်သတ်မှတ်ချက် စာရင်းထဲတွင် နေရာကောင်းတစ်ခုကို သေချာပေါက် ရရှိမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ပြိုင်ပွဲ ဒုတိယအဆင့်၏ စည်းမျဉ်းစည်းကမ်းများကို တွေးတောလိုက်ပြီးနောက် တိုက်ခိုက်ရေးကွင်းထဲမှ ထွက်ခွာသွားသည်။ သူသည် တိုက်ခိုက်ရေးကွင်း၏ ပတ်ပတ်လည်ရှိ အာရုံအပြည့်စိုက်ကာ တီးတိုးပြောဆိုရင်း ပွဲကြည့်နေကြသည့် ကျောင်းသားများကို ရို့ကျိုးစွာပြုံးပြ၍ နှုတ်ဆက်ခဲ့၏။ သူသည် နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်သွားသောအခါ မုန့်ထုပ်တစ်ထုပ်ကို ကျေနပ်အားရစွာ ဖွင့်ဖောက်လိုက်ပြီး အသံမြည်အောင်ဝါးစားကာ ဝိညာဉ်ကွန်ရက်ပေါ်သို့တက်၍ အခြားသူများ၏ ပြိုင်ပွဲများကို ကြည့်ရှုရန်ပြင်လိုက်သည်။

ယခုတွင် ဝိညာဉ်ကွန်ရက်ကြီးပေါ်၌ ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ တိုက်ပွဲအမျိုးမျိုးကို ကြည့်ရှုခဲ့ကြသည့် ကျောင်းသားများမှာ အားမာန်အပြည့်နှင့် ဆွေးနွေးငြင်းခုံနေကြသည်။ နာမည်ကျော်ကြားပြီး ကျောင်းသားအများစု၏ အာရုံကို ဖမ်းစားနိုင်ခဲ့သော ပြိုင်ပွဲဝင်များ၏ အကြောင်းများဆိုလျှင် လူတိုင်း၏ နှုတ်ဖျားတွင် ရှိနေ၏။

” နောက်ဆုံးရ သတင်းဟေ့။ ဝမ်ပေါင်လဲ့ အနိုင်ရသွားပြီတဲ့။ သူ့ရဲ့ ပြိုင်ဘက်က ဓမ္မလက်နက်ဌာနက ဝူဟိုင်စန့်တဲ့။ သူက အရှုံးပေးခဲ့တာ ဆိုပဲ ”

” ကျိုးရိဖန်လည်း အနိုင်ရသွားတယ်။ သူက ထောင်ချောက်ဌာနက စီနီယာကျောင်းသား စွန်းယန်နဲ့ ထိပ်တိုက်တိုက်ခိုက်ပြီးတော့ အသက်ရှူကြိမ်သုံးဆယ်အတွင်း အနိုင်ယူသွားခဲ့တာတဲ့ ”

ဝမ်ပေါင်လဲ့မှာ သူ့အကြောင်း ရေးသားထားသည့် သတင်းများနှင့် လူများစွာက သူ့အကြောင်း ဆွေးနွေးငြင်းခုံနေကြသည်ကို မြင်လိုက်ရသောအခါ ကျေနပ်အားရသွား၏။ သို့သော် ကျိုးရိဖန် အနိုင်ရရှိသွားသည့် သတင်းကို ဖတ်လိုက်ရသောအခါ သူ မျက်ခုံးများ ပင့်မိသွားသည်။

” ဒီကျိုးရိဖန်ဆိုတဲ့ကောင်က တိုးတက်လာပြီပဲ။ သူက သိုင်းပညာဌာနရဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာတဲ့အပြင် ပထမဆုံးတိုက်ပွဲမှာပါ အနိုင်ရသွားသေးတယ်။ ဒါပေမဲ့ သူက ငါ့ကို မီဖို့ အဝေးကြီးလိုပါသေးတယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ရေခဲရေဘူးတစ်ဘူးကို လှည့်ဖွင့်ကာ ဘဝင်ခိုက်နေသည့် အမူအရာဖြင့် မော့သောက်လိုက်၏။ ထိုအချိန်တွင် ဝိညာဉ်ရေခဲရေဘူးကို ကိုင်ထားသော သူ၏လက်မှာ ရုတ်တရတ် ရပ်တန့်သွားပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ပေါ်လာ၏။ သူ၏မျက်လုံးများမှာမူ ယခုလေးတင် ပေါ်လာသော သတင်းအသစ်တစ်ခုကို စိုက်ကြည့်နေ၏။

” ဖျက်မြင်းတစ်ကောင်ပါလား။ ချန်းကျစ်ဟန်ကို မှော်ဆေးရည်ဌာနက နာမည်သိပ်မကြီးတဲ့ လီနန်ဆိုတဲ့ စီနီယာ ကျောင်းသားတစ်ယောက်က အနိုင်ယူသွားတာတဲ့ ”

” ဘုရားရေ။ ချန်းကျစ်ဟန်ဆိုတာ ကျောင်းသားခေါင်းဆောင် ရာထူးအတွက် ကျိုးရိဖန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့လူနော်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်အတွင်း သူ့ကို အဲဒီ လီနန်ဆိုတဲ့ကောင်က အနိုင်ယူသွားခဲ့တာဟ ”

” အဲ့ပွဲကို ငါ ကြည့်လိုက်ရတယ်။ လီနန်က ထူးဆန်းတဲ့ ဆေးလုံးတစ်လုံးကို မျိုချလိုက်တာ။ ပြီးလည်းပြီးရော သူက အရမ်းကို ရက်စက်ကြမ်းကြုတ်လာပြီး ချန်းကျစ်ဟန်ကို ထိပ်တိုက် တိုက်ခိုက်တော့တာပဲ ”

ချန်းကျစ်ဟန်၏ တိုက်ပွဲအကြောင်း ဆွေးနွေးငြင်းခုံမှုများမှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် ပလူပျံနေ၏။ သို့သော် စိတ်မကောင်းစရာအချက်မှာ ပြိုင်ပွဲဒုတိယအဆင့်တွင် ထိပ်တန်းအဆင့် ကျောင်းသားများ၏ နည်းဗျူဟာများကို အခြားသူများ သိသွားမည် စိုးသဖြင့် တာအိုကျောင်းမှာ နှစ်ဆပို၍ ကြိုးစားအားထုတ်ကာ ထိုရုပ်သံမှတ်တမ်းများကို အပြင်သို့ မပေါက်ကြားစေရန် လိုက်လံတားဆီးနေခြင်းပင် ဖြစ်သည်။ ရုပ်သံမှတ်တမ်းတစ်ခု တက်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ပိုင်ရှင်မှာ ချက်ချင်းပင် အပြစ်ပေးခံရမည် ဖြစ်သည်။ ထို့ကြောင့် မည်သည့် မှတ်တမ်းမှတ်ရာကိုမှ ရှာတွေ့နိုင်မည်မဟုတ်ပေ။ တိုက်ပွဲတစ်ပွဲကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူများမှ လွဲ၍ အခြားမည်သူကမှ ထိုတိုက်ပွဲကို ပြန်ကြည့်နိုင်မည် မဟုတ်ချေ။

ဝမ်ပေါင်လဲ့မှာမူ ထိုဆွေးနွေးငြင်းခုံမှုများကို ဖတ်ရှုရင်း မျက်လုံးများ မှေးသွား၏။ ချန်းကျစ်ဟန်၏ ကျင့်ကြံခြင်းအဆင့်မှာ ခန္ဓာအချုပ်အနှောင်အဆင့်ကို ကျော်လွန်ကာ ဖွံ့ထွားသွေးကြောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူက သိထားသည်။ သူသည် ပါမွှားအဆင့်တွင် မရှိပါသော်လည်း မှော်ဆေးရည်ဌာနမှ ကျောင်းသားကိုမူ ရှုံးနိမ့်သွားခဲ့ရသည်။

” ထိပ်တန်းအဆင့် ကျောင်းသားတွေ အများကြီးရှိတာပဲ။ ငါ သတိထားမှဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ သင်ခန်းစာတစ်ခု ရသွားသည်ဟု မှတ်ယူလိုက်၏။ သူသည် သတင်းအနည်းငယ်ခန့် ထပ်မံ ဖတ်ရှုလိုက်ပြီးနောက် သူ၏အာရုံမှာ အခြားသတင်းတစ်ခုဆီသို့ ရောက်ရှိသွားပြန်သည်။

” မှော်ဆေးရည်ဌာနရဲ့ အသီးအရွက်ကျောင်းသားခေါင်းဆောင် ကျန့်လျန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကျောက်ယမုန့်က အသက်ရှူကြိမ် သုံးကြိမ်အတွင်း အစီအရင်တစ်ခုကို ဖန်တီးခဲ့ပြီးတော့ အဝေးကို ပျံထွက်သွားခဲ့တာ။ ကျန့်လျန်လည်း ဘာမှမတတ်နိုင်တော့ဘဲ အရှုံးပေးခဲ့ရတယ် ”

လူများစွာ ထိုအကြောင်းကို ဆွေးနွေးငြင်းခုံနေကြပါသော်လည်း အများစုမှာ ကျောက်ယမုန့်၏ တိုက်ကွက်များကို နားမလည်ကြောင်း ပြောဆိုနေကြခြင်းသာ ဖြစ်သည်။ သို့သော် မန္တန်အစီအရင်ဌာနမှ ကျောင်းသားများကမူ အသက်ရှူကြိမ် သုံးကြိမ်အတွင်း အစီအရင်တစ်ခုကို ဖန်တီးနိုင်သည့် ကျောင်းသားမျိုးမှာ မန္တန်အစီအရင်ဌာနတစ်ခုလုံးတွင် တစ်ခါမှ မရှိခဲ့ဘူးကြောင်း ရှင်းပြနေကြသည်။

ထိုသတင်းမှာ မန္တန်အစီအရင်ဌာနမှ လူများကို စိတ်လှုပ်တရှား ဖြစ်သွားအောင် ချက်ချင်းပင် နှိုးဆွပေးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဝိညာဉ်ကွန်ရက်တစ်ခုလုံးပေါ်၌ ပျံ့နှံ့သွားတော့သည်။ ဝမ်ပေါင်လဲ့မှာ မန္တန်အစီအရင်ဌာနမှ ကျောင်းသားများ၏ ရှင်းလင်းချက်ကို ဖတ်ရှုလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲ၌ စိုးရိမ်နေသည့် အရိပ်အယောင်များ ပေါ်လာ၏။

” ကျောက်ယမုန့်…. ”
ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ရေခဲရေဘူးကို အောက်သို့ချလိုက်၏။ သူသည် ဝိညာဉ်ကွန်ရက်ပေါ်မှ သတင်းများကြောင့် စိတ်ဖိစီးနေရပြီ ဖြစ်သည်။ အမှန်တွင် ထိုကဲ့သို့ လူများ၏ နှုတ်ဖျားတွင် ရှိနေကြသော ပြိုင်ပွဲဝင်များအပြင် ရုတ်တရက် ပေါ်ပေါက်လာကြသည့် အခြားထိပ်တန်းအဆင့် စီနီယာကျောင်းသားများလည်း ရှိသေးသည်။ သူတို့အားလုံးမှာ အစွမ်းထက်သော ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။

” နောက်တစ်ပွဲက မနက်ဖြန်ဆိုရင် စတော့မှာ။ အချိန်သိပ်မကျန်တော့ဘူး ”

ဤပြိုင်ပွဲ၏ရလဒ်မှာ မှော်ဝင်နယ်မြေ စစ်ဆေးပွဲထဲသို့ ဝင်ခွင့် ရ၊မရကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် ရှိနေသည့်တိုင်အောင် ကျေနပ်အားရနိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် သူသည် ဝိညာဉ်ကွန်ရက်ကို ပိတ်လိုက်ပြီး အကောင်းမွန်ဆုံး အနေအထားတွင် ရှိနေစေရန်အတွက် တရားထိုင်ကာ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်သည်။

ဒုတိယမြောက်နေ့မှာ အလျင်အမြန်ပင် ရောက်ရှိလာ၏။ တိုက်ပွဲမစခင် တစ်နာရီအလိုတွင် ဝမ်ပေါင်လဲ့မှာ မဲစတင်နှိုက်နိုင်ပြီ ဖြစ်ကြောင်း ကြေညာသည့် အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။ ထို့ကြောင့် သူသည် မျက်လုံးများဖွင့်ကာ မဲနှိုက်လိုက်၏။

” မန္တန်အစီအရင်ဌာနရဲ့ နဝမမြောက် တိုက်ခိုက်ရေးကွင်းပဲ။ ငါ့ကို စိန်ခေါ်ရမဲ့ ကံကောင်းသူမောင်ရှင်က ဘယ်သူများပါလိမ့် ”
ဝမ်ပေါင်လဲ့မှာ ရယ်မောကာ တွေးလိုက်၏။ သူသည် မဲနှိုက်ပြီးနောက် အချိန်ကိုတွက်ဆကာ ထိုတိုက်ခိုက်ရေးကွင်းဆီသို့ စောစောထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီး နတ်ဝိဇ္ဇာဂူအပြင်ဘက်သို့ ထွက်လာတော့သည်။

သူသည် မန္တန်အစီအရင်ဌာနရှိရာ တောင်ထိပ်ဆီသို့ အလျင်အမြန်ပင် ရောက်ရှိသွားသည်။ သူသည် ယခုမှ မန္တန်အစီအရင်ဌာနဆီသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးခြင်း ဖြစ်သည်။ ထိုနေရာမှာ မှော်ဆေးရည်ဌာန၊ ဓမ္မလက်နက်ဌာနတို့နှင့် မတူပေ။ ထို ဌာနတစ်ခုလုံးရှိ ဗိသုကာလက်ရာများကအစ သဘာဝပတ်ဝန်းကျင်အဆုံး စည်းစနစ်တကျ ရှိနေသည့်ပုံ ပေါက်နေ၏။ ဘေးပတ်ပတ်လည်တွင် ရှိနေသော သစ်ပင်ပန်းမန်များပင် ဖြစ်ကတတ်ဆန်း ပေါက်ရောက်နေခြင်းမဟုတ်ဘဲ ဝမ်ပေါင်လဲ့ ဖော်ပြနိုင်စွမ်းမရှိသော အငွေ့အသက်များကို ပိုင်ဆိုင်ထားသည့်ပုံ ပေါက်နေသည်။

” စုပေါင်းညီညွှတ်နေကြတာပဲ ”
ဝမ်ပေါင်လဲ့မှာ ခြေလှန်းအနည်းငယ်ခန့် လှမ်းလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူရင်း သူ၏ ခံစားချက်များကို အတိအကျ ဖော်ပြနိုင်သည့် စကားလုံးများအား တွေးတောမိသွား၏။

မန္တန်အစီအရင်ဌာနတစ်ခုလုံးတွင် ထိုအငွေ့အသက်များဖြင့် ဖုံးလွှမ်းနေ၏။ အကယ်၍ မန္တန်အစီအရင်ဌာနမှ မဟုတ်သော လူတစ်ယောက်သာ ၎င်း၏အနီးသို့ ဝင်ရောက်လာမည်ဆိုပါက တောင်ထိပ်တစ်ခုလုံး၏ ငြင်းဆန်တွန်းလှန်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုအချိန်တွင် ဖော်ပြ၍မရနိုင်သော ဖိအားကြီးတစ်မျိုးကို ခံစားလိုက်ရမည် ဖြစ်သည်။

ဘေးနားတစ်ဝိုက်ရှိ ကျောက်တုံးများ၏ ပတ်ပတ်လည်တွင် ဝိညာဉ်ချီ အကြွင်းအကျန်များ ရစ်ဝဲနေသည်ကိုလည်း သူက သတိထားမိလိုက်သည်။ ထိုတောင်ထိပ်ပေါ်ရှိ နေရာအများစုမှာ မန္တန်အစီအရင်များ၏ လွှမ်းမိုးမှုအောက်သို့ ရောက်နေသည့်ပုံ ပေါ်ပါသော်လည်း ပေါက်ကွဲထွက်သွားခြင်း မရှိအောင် ၎င်းတို့ကို ဖိနှိပ်ထားသည့်ပုံပင်။

” ဒီ မန္တန်အစီအရင်ဌာနက လူ‌တွေက စိတ်ထင်တိုင်း မန္တန်အစီအရင်တွေကို ဖန်တီးနေတာတော့ မဟုတ်လောက်ဘူးမလား။ ဘာလို့ နေရာတိုင်းမှာ အန္တရာယ်တွေ ခိုအောင်းနေသလိုမျိုး ခံစားနေရတာလဲ။ အနာဂတ်မှာ မန္တန်အစီအရင်ဌာနက လူတစ်ယောက်ယောက်နဲ့ ကြုံရမယ်ဆိုရင် သတိကြီးကြီး ထားမှဖြစ်မယ်။ ဒီကောင်တွေက ဉာဏ်များတယ်။ နေရာတိုင်းမှာ ထောင်ချောက်တွေဆင်ထားတာ ”
ဝမ်ပေါင်လဲ့မှာ လမ်းလျှောက်နေရင်းနှင့်ပင် သတိကြီးကြီး ထားနေ၏။ ထို့ကြောင့် သူ နဝမမြောက် ခိုက်ရေးကွင်းဆီသို့ ရောက်သွားချိန်တွင် တိုက်ပွဲစရန် အချိန်ပင် သိပ်မလိုတော့ပေ။

သူသည် ထိုနေရာသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ရေးကွင်း၏ ပတ်ပတ်လည်တွင် စောင့်ဆိုင်းနေကြသော ကျောင်းသားများ၏ အာရုံမှာ သူ့ပေါ်သို့ ရောက်လာကြသည်။ သူတို့အားလုံး သူ့အား လှည့်ကြည့်လိုက်ကြပြီး အံ့အားသင့်နေကြစဉ်တွင် သူက လက်နှစ်ဖက်ကိုနောက်ပစ်၍ တိုက်ပွဲစင်မြင့်ပေါ်သို့ ပေါ့ပါးသွက်လက်စွာ ခုန်တက်သွား၏။

သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးသွားသောအခါ ဘေးပတ်ပတ်လည်မှ တီးတိုးစကားသံများကို ကြားလိုက်ရ၏။

” ဒီတော့ ဝမ်ပေါင်လဲ့က ဒီပွဲမှာ တိုက်ရမှာပေါ့ ”

” ပထမဆုံး တိုက်ပွဲတုန်းက ဒီကောင့်ရဲ့ ပြိုင်ဘက်က အရှုံးပေးသွားခဲ့တာ။ ဒီတစ်ခေါက်ရော ဘယ်သူကများ သူနဲ့ တိုက်ခိုက်ရမလဲ မသိဘူး ”

လူများမှာ ထိုကဲ့သို့ ဆွေးနွေးငြင်းခုံနေကြစဉ် ဝမ်ပေါင်လဲ့မှာ လူအများ၏ အာရုံကို ဖမ်းစားထားနိုင်သောကြောင့် ပျော်ရွှင်ကျေနပ်နေပြီး သူ၏ နှလုံးသားထဲတွင် ခံစားချက်ပေါင်းများစွာ ရောယှက်နေ၏။ သူသည် သိုသိုသိပ်သိပ်သာ နေပါသော်လည်း သူ၏ နှစ်လိုဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ကြောင့် သူ ရောက်သည့်နေရာတိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်ဟု သူက တွေးနေ၏။

ထို့ကြောင့် သူသည် လက်မြောက်ကာ ပရိတ်သတ်များကို နှုတ်ဆက်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် အဝေးတစ်နေရာမှနေ၍ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံကြီးတစ်သံ ရုတ်တရက် ပေါ်ထွက်လာ၏။ ထို့နောက် ထိုအသံကြီးမှာ ပဲ့တင်ထပ်သွားပြီး လူရိပ်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ ခပ်လှမ်းလှမ်းတွင် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း အလျင်အမြန်ပင် ချဉ်းကပ်လာပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။

” ဝမ်ပေါင်လဲ့။ ငါ့ရဲ့ ပြိုင်ဘက်က မင်းကိုးကွ။ ဟား ဟား … ကောင်းကင်ကြီးက တကယ်ကို ငါ့ကို ကြည့်ရှုစောင်မပေးတာပဲ။ ဒါ ငါ့ ကံကြမ္မာရဲ့ ရလဒ်ပဲ ဖြစ်ရမယ် ”
ထိုလူမှာ ဆံပင်ရှည်နှင့် လူငယ်လေးတစ်ယောက်ဖြစ်ပြီး ကျောင်းသားတာအိုဝတ်ရုံတစ်ခုကို ဆင်မြန်ထားသည်။ သူသည် အလွန် တက်ကြွနေပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသည့် အမူအရာဖြင့် တိုက်ခိုက်ရေးကွင်းထဲသို့ ရောက်ရှိလာသည့် အချိန်မှစ၍ စိတ်လှုပ်တရှား အော်ဟစ်နေ၏။

ဝမ်ပေါင်လဲ့မှာ ထိုအားမာန်အပြည့်ဖြင့် မြူးကြွနေသော လူငယ်လေးကိုကြည့်ကာ ခေတ္တမျှ တွေဝေသွားပြီးနောက် သံသယစိတ်များ ကြီးထွားလာ၏။ သူသည် ထိုလူငယ်လေးကို လုံးဝမသိသောကြောင့် ချီတုံချတုံနှင့် မေးလိုက်၏။

” အတန်းဖော်…. မင်းက ဘယ်သူလဲ ”

” ငါက တာအိုအလင်းဆောင်ဌာနကပါ။ ဝမ်ပေါင်လဲ့။ မင်း အဲဒီမှာပဲ ရပ်နေပြီးတော့ လုံးဝမလှုပ်နဲ့။ ငါ့ကို နာရီအနည်းငယ်လောက် တာအိုဉာဏ် အလင်းပွင့်ခွင့်ပေးကွာ။ စိတ်မပူနဲ့။ ဒီပွဲကို မင်းပဲ အနိုင်ယူလိုက် ”
ထိုလူငယ်လေးမှာ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းနိုင်စွမ်း မရှိသည့်အမူအရာဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် စိတ်အားထက်သန်နေသော အမူအရာဖြင့် ဝမ်ပေါင်လဲ့ဆီသို့ လှမ်းလာ၏။

သူ၏စကားများကြောင့် လူတိုင်း အံ့အားသင့်သွားရသည်။ ပရိသတ်များမှာလည်း မျက်လုံးများ ပြူးသွားကြပြီး ကယောင်ချောက်ချားဖြစ်ကာ သရဲဝင်ပူးခံလိုက်ရသည့်အလား နောက်သို့ ခြေလှမ်းတစ်လှမ်းစီ ပြိုင်တူဆုတ်သွားကြ၏။

” တာအိုအလင်းဆောင်ဌာန ဆိုပါလား ”

” ဘုရားရေ … တာအိုအလင်းဆောင်ဌာနကနေ ထိပ်ဆုံးအယောက်နှစ်ထောင်ထဲအထိ ပါလာတဲ့လူတစ်ယောက် တကယ်ကို ရှိနေတာပဲ ”

လူတိုင်း အံ့ဩမှင်တက်နေကြပြီဖြစ်ပြီး ဝမ်ပေါင်လဲ့ပင်လျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

” သူတို့ကို နှင်ထုတ်လို့ကို မရတာပါလား ”

” ဝမ်ပေါင်လဲ့ … ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ ဆန္ဒကို ဖြည့်စည်းပေးပါ ”

ထိုလူငယ်လေးမှာ စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ခြေလှမ်းကျဲကြီးတစ်လှမ်း လှမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာ၏။

” ဒီ ကျပ်မပြည့်တဲ့ကောင်က ဘယ်လိုလုပ်ပြီးတော့ အရည်အချင်းစစ်ပွဲကို အောင်လာရတာလဲဟ ”
တိုက်ပွဲမှာ စပင်မစသေးပါသော်လည်း ထို ရူးသွပ်နေသော လူငယ်လေးမှာ သူ့ဆီသို့ ပြေးလာနေပြီ ဖြစ်သည်။

တိုက်ခိုက်ရေးကွင်းအပြင်ဘက်မှ ကြည့်နေကြသော ဆရာများမှာ ချက်ချင်းပင် မတ်တတ်ထလာကြပြီး ဝင်တားရန် ပြင်လိုက်ကြစဉ်တွင် ထိုလူငယ်လေးမှာ သူတို့ဘက်သို့ ချက်ချင်းပင် ခေါင်းလှည့်ကြည့်ကာ အော်ပြောလိုက်၏။
” ဆရာတို့ … ကျနော်က တာအိုဉာဏ် အလင်းပွင့်နေတာနော် ”

သူ ထိုသို့ အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဆရာများမှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားကြပြီး ရပ်တန့်သွားကာ ထိုလူငယ်လေးကို မတားတော့ဘဲ လွှတ်ပေးလိုက်တော့သည်။

ထိုလူငယ်လေးကမူ အသံကုန်အော်ဟစ်ရင်း ဝမ်ပေါင်လဲ့နားသို့ ရောက်လာ၏။ သူ၏ မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိသော အပြုအမူကြောင့် ပရိတ်သတ်များမှာ ဝေခွဲမရသော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့သည်။

” ကျပ်မပြည့်တဲ့ ကောင်ပါလားဟ ”
ဝမ်ပေါင်လဲ့မှာ သူ့အား စိုက်ကြည့်ကာ ထိုလူငယ်လေး သူ၏အနားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့အား ချက်ချက်ပင် ကန်ကျောက်လိုက်၏။

အုန်း….

ထို အားပြင်းသော ကန်ချက်ကြောင့် တာအိုအလင်းဆောင်ဌာနမှ ထိုကျပ်မပြည့်သော လူငယ်လေးမှာ ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။

ထိုသို့ ပြုတ်ကျသွားသောအချိန်တွင် တာအိုအလင်းဆောင်ဌာနမှ လူငယ်လေး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ သူသည် ခေါင်းငုံ့ကာ သူ၏ ဗိုက်ကိုဖိရင်း တာအိုဉာဏ် အလင်းပွင့်နေသည့်အလား စကားတစ်ခွန်းမှမပြောဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ တစ်ခဏမျှ ကြောက်ရွံ့တုန်လှုပ်သွား၏။ ဆရာများအပါအဝင် ပရိတ်သတ်များအားလုံးမှာမူ တိုက်ပွဲစင်မြင့်ကြည့်အား မခွာတမ်း စိုက်ကြည့်နေကြသည်။

” သူ တကယ်ပဲ တာအိုဉာဏ် အလင်းပွင့်သွားတာ မဟုတ်လောက်ဘူးမလား။ ငါက သူ့ကို တစ်ချက်ပဲ ကန်လိုက်တာလေ ”

ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး၏ တာအိုဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်ကို နှောင့်ယှက်ရန် သင့်၊မသင့် စဉ်းစားတွေးတောနေစဥ် တာအိုအလင်းဆောင်ဌာနမှ လူငယ်လေးမှာ ရုတ်တရက် ခေါင်းမော့လာပြီး ရယ်မောကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ သူသည် ဘေးပတ်ပတ်လည်ရှိ လူများကို ဂရုစိုက်မနေတော့ဘဲ နောက်သို့လှည့်ကာ တိုက်ပွဲစင်မြင့်ပေါ်မှ ခုန်ချသွားပြီး အရူးတစ်ယောက်လို ရယ်မော၍ အဝေးသို့ ပြေးထွက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ သူ၏ရယ်မောသံကို ကြားလိုက်ရသောအခါ သူ၏နောက်ကျောကိုကြည့်ရင်း အလျင်အမြန် လက်မြှောက်၍ အသံကျယ်ကြီးဖြင့် အော်မေးလိုက်၏။

” အတန်းဖော်။ မင်းရဲ့ တာအိုဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ်က အောင်မြင်သွားပြီလား ”

သို့သော် တာအိုအလင်းဆောင်ဌာနမှ လူငယ်လေးမှာမူ အခြားမည်သည့်အရာကိုမှ သတိမထားမိသည့် ပုံစံဖြင့် ခွက်ထိုးခွက်လန် ရယ်မောကာ နောက်သို့ပင်လှည့်မကြည့်ဘဲ အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားတော့သည်။

” မင်းမေဘ ပြန်‌ဖြေတော့ သေမှာမလို့လားကွ။ တာအိုဉာဏ် အလင်းပွင့်သွားတာလား မပွင့်ဘူးလား ”
ဝမ်ပေါင်လဲ့မှာ မခံမရပ်နိုင် ဖြစ်နေတော့သည်။ သူသည် အဘယ့်ကြောင့် ကောင်းကင်တာအိုကျောင်းမှာ တာအိုအလင်းဆောင်ဌာနတစ်ခုကို လိုအပ်နေမှန်း နားမလည်နိုင်လောက်အောင် ဖြစ်နေ၏။ ထိုဌာနမှာ သွက်သွက်ခါအောင် ရူးနေသူများအတွက်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ကန်ချက်ကြောင့် ထိုလူငယ်လေး အမှန်တကယ် တာအိုဉာဏ်အလင်းပွင့်သွားနိုင်သည့် ဖြစ်နိုင်ခြေများနှင့် အကျိုးဆက်များကို စဉ်းစားတွေးတောရင်း စိတ်သောက ရောက်နေရတော့သည်။ ထို့နောက် သူသည် နဖူးကို လက်ဖြင့်ရိုက်ကာ ဒိုင်အဖြစ် တာဝန်ယူထားသော ဆရာများကို စိတ်ပျက်နေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

” ဆရာတို့။ ဟို ကျပ်မပြည့်တဲ့ကောင်ကတော့ ထွက်သွားပြီ။ ဒီပွဲရဲ့ ရလဒ်က ဘာလဲ ”

ထိုဆရာသုံးယောက်မှာ ထူးဆန်းသော မျက်နှာအမူအရာများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြ၏။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ရလဒ်ကို ကြေညာလိုက်တော့သည်။

” အနိုင်ရရှိသူကတော့ ဝမ်ပေါင်လဲ့ပါ “


Comment

Leave a Reply

Options

not work with dark mode
Reset