စုရှောင်ရှန်လည်း စွံ့အသွားရ၏။
“ငါဝါးစားမှာမဟုတ်လို့ အဲ့လောက်ကြီးလည်းလုပ်ဖို့မလိုပါဘူး။ ဘာလို့ ဒီလောက်ကြောက်နေတာလဲ။ ဒီမှာ စစ်မှန်ခြင်းနယ်ပယ်ကငါပါ” စုရှောင်ရှန် တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက်မှာ ရှင်းပြလိုက်သည်။ “ငါက ဒီအတိုင်း နှစ်ကိုယ်ကြားပြောချင်လို့”
ကျောက်ထန်းထန်း၏ မျက်နှာလည်းရှုံ့မဲ့သွားခဲ့သည်။
‘ဟုတ်သား။ သူက စစ်မှန်ခြင်းနယ်ပယ်တည်းလေ ငါက ဘာလို့ကြောက်နေရမှာတုန်း’
“နှစ်ကိုယ်ကြားဆိုလည်း စိတ်ချင်းဆက်သွယ်ပြီးပြော”
ကျောက်ထန်းထန်း သတိကို အဆုံးစွန်ထိကပ်ထားပြီးတော့ နောက်သို့ခြေတစ်လှမ်းဆုတ်ရင်းက ပြောလိုက်သည်။
“ငါစိတ်ချင်းဆက်မပြောတတ်ဘူး”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“နင်သိကိုသိရမယ်” ကျောက်ထန်းထန်းက အကျောက်အကန်ငြင်းသည်။
“မသိဘူး”
“သိတယ်”
စုရှောင်ရှန် ပြောစရာစကားများ ထပ်မံ ပျောက်ရှသွားရ၏။
နောက်ဆုံးတော့ သူကပဲ အလျော့ပေးလိုက်ပြီးတော့ ရပ်ကြည့်နေသည့်လူအုပ်ကြီး၏ အလယ်တွင်ပဲ “ငါထင်တာမမှားရင် နင်တို့က မိစ္ဆာသားရဲအတွက်ကို လက်ခံသူလိုက်ရှာနေတာမလား”
‘ဟယ် ဟယ်… သူဘယ်လိုသိတာလဲ။ စိတ်ချင်းဆက်မပြောတတ်ဘူးဆိုရင်တောင် လူရှေ့သူရှေ့မှာတော့ ဒီတိုင်းကြီးမပြောနဲ့လေ’ ကျောက်ထန်းထန်း တုန်လှုပ်သွား၏။
သို့ဖြင့် အလျှင်အမြန် သူ့ပါးစပ်ကိုပိတ်ရန် ရှေ့တက်လိုက်သည်။
စုရှောင်ရှန်လည်း အလျှင်အမြန် အသိပေးချက်ခေါင်းလောင်းများညံသွားပြီး သူ့ခေါင်းပေါ်က ကြောင်ဖြူလေးကိုပြန်ဆွဲယူကာ ညှစ်လိုက်သည်။
“ညောင်”
ကြောင်လေးက နာကျင်စွာညောင်သံပေးမှာ ကျောက်ထန်းထန်းရပ်တန့်လိုက်၏။
“နင်…”
“လွှတ်လိုက်စမ်း။ ငါပြန်လုယူမလို့မဟုတ်ဘူး”
“မသိဘူး နောက်ဆုတ်”
“လွှတ်”
“ဆုတ်”
မိန်းမ မာယာသဲကိုးဖျာဆိုတဲ့ စကားတိုင်း ‘မ’ ဆိုလျှင် တစ်ယောက်မှ မယုံဖို့ စုရှောင်ရှန် စိတ်ပိုင်းဖြတ်ထား၏။ ထိုမိန်းမက သူ့အနားကပ်လာဖို့အကြောင်းပြချက်ပေးပြီး ကြောင်ဖြူလေးကို လုယူချင်နေတာမဟုတ်လို့ ဘယ်သူပြောနိုင်မှာလဲ။
သူတို့နှစ်ဦးက အစကတည်းက တည့်နေတာလဲမဟုတ်ဘူး။ ကြောင်ဖြူလေးသာပါသွားရင်တော့ ဂွမ်းပြီပဲ။
စုရှောင်ရှန် ပို၍ အားထည့်ညှစ်ချင်ယောင်ဆောင်လိုက်သောအခါ ကျောက်ထန်းထန်း အလျော့ပေးတော့၏။
သက်ပြင်းမောကြီးချကာ “နင်ပဲ ငါ့ကို လာခဲ့လိုပြောတယ်လေ”
“လာဆိုတာ ငါလာခိုင်းမှလာတာပြောတာ။ ကိုယ့်ဟာကိုယ် ဇွတ်တက်မလာနဲ့”
ကျောက်ထန်းထန်း စိတ်ထဲက စုရှောင်ရှန်၏ အမျိုး (၇)ဆက်ကို ကျိန်ဆဲလိုက်သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် ပြုံးလိုက်၏။ ဒီအခြေအနေကို ဘယ်အရာက အဆုံးအဖြတ်ပေးသွားနိုင်သလဲ သူကောင်းကောင်းကြီးသိပေသည်။
ကျောက်ထန်းထန်းတို့လိုချင်နေသည့်အရာ သူ့လက်ထဲမှာရှိနေသ၍ ၎င်းဖြင့် သူတို့ကိုအသာလေး ဖိနှိပ်နိုင်နေလိမ့်မည်။
“လာခဲ့”
စုရှောင်ရှန်လက်ညိုးကို ကွေး၍ ခေါ်လိုက်ရာ ရွေးချယ်စရာမရှိ သူမလည်း သွားရတော့သည်။
“နည်းနည်းပိုတိုးလာဦး”
စုရှောင်ရှန် သတိကိုချပ်ထားရင်းက သူမကို ပိုတိုးကပ်ဖို့ ညွှန်ကြားချက်ပေးလိုက်သည်။
တစ်ချိန်တည်းမှာလည်း နှလုံးက တဒုတ်ဒုတ်ခုန်နေပြီး ဒီမိန်းမ တစ်ခုခုလုပ်ရဲရင် လက်ထဲက ကြောင်ကို နေရာမှာတွင် ဖိညှစ်ပြီးသတ်ပစ်လိုက်မည်ဟု အားခဲထား၏။ ကျဲလည်း အခြေအနေက တင်းမာနေသည်ကိုသိသောအခါ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။
အချိန်မရွေးခုန်ထွက်လာတော့မည့် ကျဲကို စုရှောင်ရှန် စိတ်ဝိညာဉ်အာရုံဖြင့် ချော့မော့ကာ ပြန်ငြိမ်ကျသွားစေလိုက်လေသည်။ ဤသို့ အရေးတကြီးအခြေအနေမှာ အချိန်ကိုက် တိုက်ခိုက်ချက်ကို ထုတ်ဖော်တာလောက် ကြောက်ဖို့ကောင်းတာမရှိ။
ဘေးမှ ပွဲကြည့်သူများလည်း အခြေအနေမဟန်တာကိုသိသောအခါ နောက်သို့ အလိုလိုဆုတ်သွားလိုက်ကြသည်။
အနောက်ဘက်က ရှင်းကုကုကလည်း အချိန်မရွေး တိုက်ခိုက်ရန် ပြင်ထားလိုက်၏။ ကျောက်ထန်းထန်း မီးစိမ်းပြတာနဲ့ သူမအနားကို တန်းရောက်သွားလေမည်။
ကျောက်ထန်းထန်း၏ မျက်၀န်းများအတွင်းက သတ်ဖြတ်ချင်စိတ်များ မိုးထိုးတက်လာပြီးခဏအကြာ ပြလည်တည်ငြိမ်သွားခဲ့၏။ သူမက ဆွဲယူညွှို့သလို ပြုံးပြကာ “ကောင်လေး… ဒီလောက်ကပ်ရင်ရပြီလား”
သို့ပြောပေမယ့် သူမ၏ ခန္ဓာကိုယ်က စုရှောင်ရှန်ကို မမှီထားယုံဆိုစလောက်လေး ဖြစ်သည်။
စုရှောင်ရှန်များ ဆတ်ကတည်းတစ်ခုခုလုပ်လိုက်မည်လားစိုး၍ သူမလည်း ရူးရူးမူးမူး ဘာမှ မလုပ်ရဲချေ။ သို့ပေမယ့် ဤသို့နီးကပ်နေတာကိုက အမြင်မသင့်တော်ချေပြီ။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူ့နောက်က ခုန်ကိုက်ချင်နေသည့် မုကျစ်ရှီကို လည်ပြန်တောင်ကြည့်စရာမလိုဘဲ စုရှောင်ရှန် ဖိချလိုက်၏။ ထို့နောက် ကျောက်ထန်းထန်း၏ နားအနားကိုကပ်ကာ “ငါ့ရဲ့ အဆိုကို နည်းနည်းလေးစဉ်းစားပေးကြည့် ငါနောက်နေတာမဟုတ်ဘူး။ နင်တို့လည်း ဒီကြောင်မိစ္ဆာသားရဲအတွက် အသက်စွမ်းအင်အများကြီးနဲ့ လက်ခံသူရလိမ့်မယ်။ ဒီကောင်လေးကလည်း ငါတိုက်တဲ့ နို့နောက်ကိုလိုက်နေတာ ကွက်တိပဲ။ နောက်တစ်ခေါက်ထပ်တိုက်ကျွေးလိုက်လို့က ဘာမှ မဖြစ်ဘူးနော်”
မုကျစ်ရှီ မကျေမနပ်ဖြစ်လာ၏။
စုရှောင်ရှန်က သူမအရှေ့မှာ အခြားမိန်းမတစ်ယောက်နှင့် နို့အကြောင်းတီးတိုးပြောနေ၏။
“စုရှောင်ရှန် နင်ဘာနို့အကြောင်းပြောနေတာလဲ”
“ကြား၀င်မပြောနဲ့စမ်း” စုရှောင်ရှန် လက်နောက်ပြန်ပစ်ကာ မုကျစ်ရှီ၏ နှုတ်ခမ်းကိုပိတ်လိုက်သည်။
ထို့နောက် ဖြောင့်ဖြနေသော လေသံဖြင့် ကျောက်ထန်းထန်းကို ထပ်နားချလိုက်သည်။ “ဒါက နင်တို့ဘက်ကို အဆတစ်ရာလောက်ပိုအကျိုးအမြတ်ရှိစေမယ့် အပေးအယူနော်။ နင်တို့ပြန်ပေးရမှာက ဘာမှမဟုတ်ဘူး။ ငါခေါ်ရင် ထူးဖို့ရုံလောက်လေး မတန်ဘူးလား”
စုရှောင်ရှန် မေးကိုငေါ့၍ နားနှင့်ပါးစပ်ထိလောက်အောင် ကပ်လိုက်ပြီးတော့ “ငါပြောတာ သေချာစဉ်းစား”
ကျောက်ထန်းထန်းဆိတ်ငြိမ်ကျသွားသည်။
ထို့နောက် သူမ၏ လက်ထဲက စစ်မှန်ခြင်းနယ်ပယ် မြွေပျံမျက်လုံးဆေးပင်ကိုကြည့်လိုက်၏။ ၎င်းက အခြားသူများအတွက် အင်မတန်မှ အဖိုးတန်လှပါသည်ဆိုသော်လည်း သူမအတွက်တော့ ဘာမှ အသုံးမ၀င်သည့်အရာဖြစ်သည်။
သို့ပေမယ့် ဒီစစ်မှန်ခြင်းနယ်ပယ်ဆေးပင်ကြောင့်ပဲ အလိုရမက်ကြီးခြင်းကြောင်သားရဲကို လက်လွှတ်ဆုံးရှုံးလိုက်ရ၏။
အဖြေကရှင်းသည်။ သူမတို့ ထိုကြောင်ကို ကောင်းကောင်း မွေးမြူနိုင်စွမ်းငှာ မစွမ်းသာချေ။
ထိုကြောင်ကိုမွေးဖို့အတွက် နယ်ပယ်အမျိုးမျိုးက စိတ်ဝိညာဉ်ဆေးပင်များ၊ အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးများကို အသုံးပြုခဲ့ရသည်။ သူမနှင့် ရှင်းကုကုတို့ တောင်ဘက်ပိုင်းကနေတောင် ခရီးနှင်လာခဲ့တာ ခုထက်ထိ သင့်လျော်တဲ့ လက်ခံသူကိုရှာမတွေ့သေးချေ။
အဆုံးမှာတော့ စစ်မှန်ခြင်းနယ်ပယ်ဆေးပင်တစ်ပင်ကိုရှာရင်း အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို ဆုံးရှူံးလိုက်ရလေသည်။
သို့ပေမယ့် စုရှောင်ရှန်သာ မိစ္ဆာသားရဲ လက်ခံသူဖြစ်လာမယ်ဆိုရင် ဒီအရှုံးများတဲ့ခရီးက အမြတ်ထွက်သွားပေမည်။ သို့ပေမယ့် ပြဿနာက အရေးပေးခံရသည့် နေရာက ယခုပြောင်းပြန်ဖြစ်နေခြင်းပင်။
စုရှောင်ရှန်၏ ပြောပုံဆိုပုံကိုကြည့်ရသလောက်တော့ သူ၏ စိတ်နေစိတ်ထားဖြင့် ထိုကြောင်ဖြူလေး တစ်လတောင် သူ့လက်ထဲ ခံနိုင်လိမ့်မည်မဟုတ်ချေ။
သူတို့နောက်တစ်ခါပြန်တွေ့သည့်အချိန် လူသာကျန်လောက်ပြီး ကြောင်က အရိုးဖြစ်နေလောက်ချေပြီ။ ထိုတွင် ဘယ်သူက ခေါင်းခံတော့မလဲ။
“အဲ့သလောက်တွေးနေဖို့ လိုလို့လား”
ကျောက်ထန်းထန်းတိတ်ဆိတ်တာကြာနေတော့ သူ့အဆိုကို စဉ်းစားပေးနေမှန်းသိသဖြင့် စုရှောင်ရှန်က လောလိုက်သည်။
ဒါမှမဟုတ် သူ့ကြေးက နိမ့်နေလို့များလား။
အမှန်ပြောရရင် ထိုနှစ်ယောက်၏ တကယ့်ရည်ရွယ်ချက်ကို စုရှောင်ရှန် မသိပါချေ။ အမိုးပေါ်မှနေ၍ အခြေအနေကို စူးစမ်းကြည့်ရသလောက် ကံစမ်းကြည့်ခြင်းဖြစ်သည်။
သူက မိစ္ဆာသားရဲဟု ဆိုသည့်အခါ ထိုနှစ်ယောက်၏ အမူအရာပြောင်းသွားပုံကိုကြည့်လျှင် သူကံစမ်းတာ ထီပေါက်ကြောင်းသိလိုက်ရ၏။
သို့ဖြင့် အခြေအနေကို ပြန်စူးစမ်းပြီးနောက် စုရှောင်ရှန် စကားပြောရန် ဆုံးဖြတ်လိုက်သည်။ “ဒီအပေးအယူကိုမကြိုက်ရင်လည်း ကိစ္စမရှိဘူးလေ။ အရင်အပေးအယူလည်းရတယ်။ ဒါပေမယ့် သေချာစဉ်းစားနော် ဒါမျိုးရွှေအခွင့်အရေးက နှစ်ကြိမ်မရဘူး”
ကြောင်ဖြူကိုသူ့ရှေ့သို့ ကိုင်မြှောက်လိုက်ပြီး အသက်စွမ်းအင်များပါအောင် အသက်ရှုခြင်းနည်းစနစ်ကို ထိန်းချုပ်ပြီး ရှိုက်ထုတ်လိုက်သည်။
ထိုသတ္တဝါငယ်လေး၏ အမွှေးအမျှင်များထောင်ထသွားပြီးနောက် ယိုင်တိုင်တိုင်ဖြစ်လာကာ အမြှပ်များ ပါးစပ်၌ ပြန်ထလာတော့၏။
ကျောက်ထန်းထန်း ထိုအရာကိုကြည့်ပြီး စွံ့အသွားသည်။
“ကောင်းပြီလေ ငါသဘောတူတယ်”
စုရှောင်ရှန်ပြောသလို ဒီလိုအခွင့်အရေးက လွဲချော်သွားလျှင် ပြန်ရဖို့ ခဲယဉ်းတာကြောင့် တွေဝေမနေတော့ချေ။
“ဒါပေမယ့် ငါ့ဘက်ကလည်း တောင်းဆိုချက်တစ်ခုရှိတယ် …”
“ဘာတောင်းဆိုချက်လဲ”
“ဘယ်လိုအခြေအနေမှာဖြစ်နေပါစေ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ရဲ့ လုံခြုံရေးကို ရှေ့တန်းတင်ပေးရမယ်”
“မဖြစ်နိုင်ဘူး” စုရှောင်ရှန် တုန့်ဆိုင်းခြင်းအလျင်းမရှိ ငြင်းပယ်လိုက်သည်။
ကျောက်ထန်းထန်း ထိုမျှ ပြတ်သားမည်မထင်၍ မှင်တက်သွားပြီးနောက် အသိပြန်လည်လာသောအခါ “ဒါပဲမရဘူး”
“ဒါဆို ငါတို့အကြားမှာ ဘာမှ ဆွေးနွေးစရာမရှိတော့ဘူး” စုရှောင်ရှန် လည်း ပုးခုံးတွန့်ပြလိုက်သည်။
“နင်တို့ အကောင်က ငါ့ကို ပြဿနာတွေသယ်လာပေးမှာကို မပြောနဲ့ဦး။ ဒီကြားထဲက သူ့ကိုပဲ ဦးစားပေးကာကွယ်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်က မဖြစ်နိုင်ဘူး။ ငါက ခြောက်ပြစ်ကင်းနေတဲ့လူတစ်ယောက်တော့မဟုတ်ဘူး။ ပြီးတော့ ငါ့နောက်မှာရှိတဲ့ ငါ့ဆရာတူညီမလေးက ပိုပြီး အရေးကြီးတယ်။ ဒီကြောင်က ရှိချင်းရှိ အနည်းဆုံး နံပါတ် (၃) နေရာလောက်မှာပဲရှိမယ်”