Switch Mode

အခန်း (၂၆၆)

စိတ်ကူးထဲကနှင့် အပြင်က တကယ့် ဆရာတူအကိုကြီး

ရွှေအစည်းအရုံး၏ ခေါင်းမိုးထက်တွင်…။

စုရှောင်ရှန် တစ်ယောက် အမိုးစွန်းလေးမှာ ထိုင်၍ ခြေထောက်ကိုလှုပ်ပြီး အောက်တွင် ဖြစ်ပျက်နေသည့်အရာများအား ကြည့်ရှူနေသည်။ အဝေးကကြည့်လျှင် သူက ကိုယ့်ကိုယ်ကိုယ်သတ်သေတော့မည့်သူနှင့်တူ၏။

သို့ပေမယ့် ရွှေအစည်းအရုံး အဆောက်အဦးက အင်မတန်မှ မြင့်မားလှတာကြောင့် သာမန်လူများမြင်နိုင်ခြင်းငှာ မစွမ်းသာချေ။ အခြားတစ်ဘက်က စိတ်ဝိညာဉ်ကျင့်ကြံသူများက သူ့ကိုမြင်နိုင်တယ်ဆိုမယ့် ခေါင်မိုးပေါ်မှာ သူ့ဟာသူနေ နေသည့်သူကို အာရုံထားပါ့မလား။

သို့ဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ကြိုးစားနေသည့်အလား ပြုလုပ်နေသည့် စုရှောင်ရှန်ကို ဘယ်သူမှ ၀င်မတားကြပါပေ။ တကယ်က စုရှောင်ရှန် ဘာလုပ်ရမည်လဲ စဉ်းစားနေခြင်းဖြစ်ပေသည်။

‌‌အမြင့်တွင်မို့ ‌ခက်ထန်စွာ တိုက်ခိုက်နေသည့် လေအလာမှာ စုရှောင်ရှန်က အမဲသားတုံးကို လက်ဗလာဖြင့်ကိုင်၍ စားနေ၏။ မြေပြင်မှ မုကျစ်ရှီ ထပ်ခါတစ်လဲလဲ ချုပ်နှောင်ခံရသည့် ဖြစ်ရပ်ကိုကြည့်ရင်းနှင့် သူယူလာသော အမဲသားတစ်တုံးတောင်ကုန်ချေပြီ။

သူအဘယ်ကြောင့် ဆင်းမကယ်ရသည်လဲဆိုတော့…

“ငါ့ဟာငါ လူတစ်ယောက်သတ်မိတာကို သန်မာတဲ့ လူတွေတစ်ယောက်ပြီးတစ်ယောက်ပေါ်လာနေတယ်။ ဘာလဲကွာ” သူ့မျက်နှာထက်၌ စိုးရိမ်နေသော အမူအရာရှိ၏။

ထို့နောက် ဓားသမားသုံးဦးထဲက ခေါင်းဆောင်ဖြစ်ဟန်ရသူကိုကြည့်လိုက်သည်။ တိတိကျကျပြောရလျှင် သူ၏ မီးခိုးစိမ်းရောင်ရှေးဟောင်းဓားကိုကြည့်နေခြင်းဖြစ်ပါသည်။

ဘာကြောင့်လဲမသိပေမယ့် သူ၏ နှခုံးသားအနက်ရှိုင်းဆုံးထဲက တောင့်တနေမှုကြီးကိုခံစားနေရ၏။ ၎င်းက ရှေးပဝေသဏီက ခေါ်သံလိုလို ဆန်းကြယ်ပြီး ဖော်မပြနိုင်အောင် သူ့ဝိညာဉ်ကိုဆွဲဆောင်နေပေသည်။

စုရှောင်ရှန် ဤသို့ ခံစားချက်မျိုးကို စုရှင်းရှင်း၏ နှင်းမြို့တော်၏ အလွမ်းနှင့် လျှိုရွှမ်ရှင်း၏ နတ်ဘုရားသုတ်သင်ခြင်းနှင်တံဖြစ်သည့် နာမည်ကြီးဓားများကို တွေ့စဉ်ကသာ ခံစားဖူးပေသည်။

“ဒါနောက်ထပ်နာမည်ကြီးဓားများလား”

အကယ်၍ ‌၎င်းက နာမည်ကြီးဓားသာဆိုပါက ထိုလူ၏ နောက်၌ ရှောင်ချိစွေလို သန်မာသည့် ဓားသမားတစ်ယောက်ကတော့ ကျောထောက်နောက်ခံရှိရပေမည်။ ပို၍ဆိုးတာက ထိုဓားသမားသုံးယောက်က သူတော်စင်အစေအပါးကတောင်ဖြစ်နိုင်၏။ ထိုတွင် မျက်နှာဖုံးတပ်လူ ပါလာလိမ့်ပေမည်။

“မဖြစ်ဘူး။ ဒီလိုပြဿနာထဲတော့ မ၀င်နိုင်ဘူး”

ထိုဓားအပြင်ကို စုရှောင်ရှန်ကို ‌ပို၍ ခေါင်းစားစေသည့် အခြားအကြောင်းအရင်းတစ်ခုရှိပါသေးသည်။

၎င်းက ဓားကိုးလက်ကို လွယ်ထားသော ဓားသမား၏ ဓားများဖြစ်သည်။

“ဒီဓားကိုးလက်လုံးက … အဟွတ်အဟွတ်…” စုရှောင်ရှန်တောင် သူ့အတွေးနှင့်အတူ ချောင်းသီးသွားပေသည်။

ထိုဓားကိုးလက်လုံးကတော့ နာမည်ကြီးဓားမဖြစ်နိုင်ပေ။ ဆိုရသော် အလယ်တည့်တည့်က အနီရောင်ဓားကသာ သူ၏ စိတ်နှလုံးကို ‌ဆွဲဆောင်နေခြင်းဖြစ်သည်။

“ဒီ‌သုံးယောက်ရဲ့ နောက်ခံကဘာလဲဟ။ နာမည်ကြီးဓားနှစ်လက်ကိုတောင် လွယ်နိုင်နေတာ နာမည်ကြီးဓားတွေ ထုလုပ်ပြီးရောင်းနေတာတော့မဟုတ်ဘူးမလား”

စုရှောင်ရှန် မနာလိုဖြစ်နေကာ “အခြားတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ်သွားယှဉ်ရင် ပိုပြီး သိမ်ငယ်ဖို့ပဲရှိတယ်ဆိုတာ တကယ်ပဲဟ။ ငါ့မှာ နာမည်ကြီးဓားလေးတစ်လက်တောင်မရှိဘူး”

မကြာခင် ထိုအတွေးများကို အသက်ကို ခပ်ပြင်းပြင်းရှူပြီးတော့ ရှိုက်ထုတ်လိုက်တဲ့လေအထဲ တစ်ပါးတည်း ဝဲလိုက်သည်။

ထိုဓားသမားသုံးယောက်က ထွက်သွားရန် ရည်ရွယ်ချက်ကိုပြနေသောကြောင့် သူတို့ဘာပိုင်ပိုင်၊ ဘာနဲ့ ဆိုင်ဆိုင် အရေးမကြီးတော့ပါချေ။ ဒီမှာတကယ့် ပြဿနာက ထိုမီးခိုးရောင်၀တ်နှစ်ယောက်ဖြစ်သည်။

“ထန်းထန်းနဲ့ ကုကုတဲ့”

စုရှောင်ရှန် တိတ်ဆိတ်သွားခဲ့သည်။

သူတို့၏ ခရမ်းသံကြိုးနှင့် ရွှေကြိမ်လုံးတို့က မိုမို အမြဲ ကိုင်ထားခဲ့သည့် ကြေးမီးဖိုအိုးလေးကို ပြန်မြင်ယောင်မိစေ၏။ ထိုမှ ချိတ်ပိတ်ခြင်းစွမ်းအားတို့က မိုမိုနှင့် အလားတူ တူညီပေသည်။

“ဆိုတော့ သူတို့ထဲမှာလည်း မိစ္ဆာသားရဲတွေရှိတာများလား။ လခွမ်း။ ငါ့ညီမလေးက ငါထွက်သွားတာ ဘာမှ မကြာသေးခင်အချိန်လေးမှာ ဘာတွေလုပ်ပစ်လိုက်တာလဲဟ။ ဒီလောက်ကြီးတဲ့ ပြဿနာကိုရအောင်ရှာသေးတယ်”

စုရှောင်ရှန်မှာ သွားမကယ်ဖို့ အကြောင်းပြချက်ကို သန်းနဲ့ချီပြီးပြနိုင်ပေမယ့် သူ့ဆရာတူညီမလေး၏ စူးစူးဝါးဝါးအော်သံကို ကြားလိုက်တဲ့အခါမှာ မလိုလားသော်လည်း ထိုင်မနေနိုင်ပါတော့ပေ။

စုရှောင်ရှန် အမဲသားရိုးကြီး‌ကိုဘေးတစ်ဘက်သို့ပစ်ပြီး ထရပ်လိုက်သည်။

“ဒီလောက်အဝေးကြီးကနေဆိုရင် သူတို့ငါ့ကို တိုက်ခိုက်နိုင်မယ်မထင်ဘူး။ ဘာဖြစ်ဖြစ်ပါလေ”

သူ့လက်ထဲရှိ အစီအရင်တံဆိပ်ပြားကိုယုံကြည်ဖို့ စုရှောင်ရှန် ရွေးချယ်လိုက်သည်။

ရက်စက်တော့မည့်အလား အမူအရာနှင့် ကျောက်ထန်းထန်း မုကျစ်ရှီအနားချဉ်းကပ်သွားတာကိုမြင်သောအခါ ပါးစပ်အနားမှာ လက်အုပ်ပြီးတော့ သံကုန်ဟစ်လိုက်တော့၏။ “ရပ်လိုက်စမ်း”

“ရပ်”

“လိုက်”

“စမ်း”

အောက်ဘက်က လူအုပ်ကြီး ထိုသို့ ပဲ့တင်ထပ်လာသော ဟိန်းဟောက်သံကြီးကြောင့် အလန့်တကြား မော့ကြည့်လိုက်ကြသည်။

[ဝိုင်းကြည့်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၃၄၂]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၃၃]

ထိုသို့ပြုလုပ်လိုက်တာ မထင်မှတ်ဘဲ ပင်ကိုယ်မှတ်အများကြီးရရှိသွားသောကြောင့် စုရှောင်ရှန် အံ့အားသင့်သွားသည်။

“အဟမ်း… ဒါက ငါ့မူလရည်ရွယ်ချက်တော့မဟုတ်ရပါဘူး”

သူပင်ကိုယ်မှတ်များရရှိရန် မရည်ထားသည့်အခေါက်တိုင်းမှာ အမြဲ ရလဒ်က ထင်မထားအောင် ဖြစ်နေလေတော့သည်။

လူအုပ်ကြီး ‌တစ်ယောက်ကိုတစ်ယောက် ဘာကြီးလဲဆိုပြီး နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။

“ဘယ်သူအော်လိုက်တာလဲ။ ထွက်လာခဲ့စမ်း။ သရဲဟန်ဆောင်မနေနဲ့”

“ဟားဟား။ သူက ခေါင်မိုးပေါ်မှာကွ ဘာတွေကြောက်နေတာလဲ”

“မင်းကမြင်ရတယ်ပေါ့”

“ဘယ်ဟုတ်မလဲ ဟိုမှာ တွေ့လား။ စိတ်ဝိညာဉ်ကျင့်ကြံသူတွေအားလုံး ခေါင်မိုးအထက်ကိုကြည့်နေကြတာ သူက ခေါင်မိုးပေါ်မှာ ရှိလို့နေမှာပေါ့”

“အေး ဟုတ်သားပဲ…”

မုကျစ်ရှီ ထိုရင်းနှီးသည့် အော်သံကြောင့် ပျော်ရွှင်သွားပြီး စိတ်ဝိညာဉ်အာရုံဖြင့်စစ်ကြည့်လိုက်သည်။

၎င်းက တကယ် စုရှောင်ရှန်ဖြစ်သည်ကိုသိသောအခါ ၀မ်းသာလွန်းလို့ မျက်ရည်များတောင် ရွှန်းလဲ့လာခဲ့၏။

သူမ၏ စိတ်ကူးထဲက ဆရာတူအကိုကြီးက သူမ တစ်ခုခုအမှားလုပ်မိတိုင်းခေါင်းကိုပွတ်ကာ “ဘာမှ မဖြစ်ပါဘူး” ဟုပြောပေမည်၊ သူမ ကူကယ်ရာမဲ့စွာ ပြဿနာတက်နေချိန်မှာလည်း ကောင်းကင်အထက်ကနေ ရောက်လာပြီး “ငါဒီမှာရှိတယ်” ဟူ၍ ပြောချေမည်။

စုရှောင်ရှန် ယခင်က ထိုသို့မလုပ်ဖူးပါဘူး အခုမှ ဘာစိတ်ကူးပေါက်သွားတာလဲ။ မုကျစ်ရှီက မိန်းကလေးသဘာ၀အရ ထိုသို့ “သူရဲကောင်းက မိန်းမငယ်လေးကို ၀င်ကယ်သည့်” စိတ်ကူးကို အလွန်ယဉ်ပေသည်။ မုကျစ်ရှီ ၀မ်းမြောက်လွန်းလို့ ကျစ်ဆံမြှီးနှစ်မွှာတောင် လေထဲကို ထောင်လာခဲ့၏။

သို့ပေမယ့် စုရှောင်ရှန်က သူမထင်ထားသလို အောက်ကိုမဆင်းလာဘဲနှင့် အမိုးအထက်ကနေ ပါးစပ်နံဘေးတွင် လက်အုပ်ကာ ဆက်အော်လိုက်သည်။

“ညီမလေး။ နင်တစ်ခုခုအမှားလုပ်မိတယ်ဆိုရင်လည်း တောင်းပန်လိုက်လေ။ ပြီးမှ နင့်အကိုကြီး ပြန်လာခေါ်မယ်”

မုကျစ်ရှီ ကြောင်အသွား၏။

ကျောက်ထန်းထန်း ရှောင်ဆယ့်ခြောက်ကို ခြေကန်ချက်တစ်ချက်တည်းဖြင့် အမှောက်သိပ်လိုက်တုန်းကလို အံ့အားသင့်မှုများ မုကျစ်ရှီ၏ မျက်၀န်းများအတွင်း ပြန်ပေါ်လာခဲ့သည်။

“နင်…”

မုကျစ်ရှီ ဒေါကန်သွားကာ ကျစ်ဆံမြှီးနှစ်မွှာတောင် ဘေးတစ်ဘက်တစ်ချက်စီကို ကားပြီး ထွက်သွား၏။

‘ဒါဘယ်လို ဆရာတူအကိုကြီးလဲ။ သူ့စီက မျှော်လင့်မိတဲ့ ငါကိုက မှားတာ”

ကလေးမလေး၏ မျက်လုံးများ အရောင် မှေးမှိန်သွားခဲ့သည်။

ကျောက်ထန်းထန်းလည်း ပြုံး၍ မော့ကြည့်လိုက်သည်။ စိတ်ဝိညာဉ်ကျင့်ကြံသူများအတွက် မြေပြင်နှင့် အမိုးဆိုတဲ့ ထိုမျှ‌လောက်အကွာအဝေးက ဘာမှ မဟုတ်ချေ။

“အဲ့တာ နင့်ရဲ့ ဂိုဏ်းတူအကိုကြီးပေါ့”

သူမ၏ မျက်နှာထက်တွင် လှောင်ပြောင်သရော်သလို အပြုံးမျိုးရှိနေပေမယ့် ၎င်းက မကြာခင် အေးခဲသွား၏။

“အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်က အဲ့ကောင်လေးနောက်ကိုဘာသွားလုပ်နေတာလဲ။ သူ့ပါးစပ်ထဲက ဘာကြီးလဲ”

“အဲ့တာ အမဲသားကြီး”

သူမ၏ နံဘေးက ရှင်းကုကုက အလန့်တကြား အသံစူးကြီးဖြင့် ထအော်၏။

“ရပ်လိုက်စမ်း” ကျောက်ထန်းထန်း ‌အပူတပြင်း မုကျစ်ရှီကိုတောင် နောက်မှာ ချန်ထားခဲ့ပြီးတော့ ရွှေအစည်းအရုံးအထက်ကို ပျံတက်သွားလိုက်သည်။

ရွှစ်…။

အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်က ပို၍ တောင်မြန်နေပြီ ပါးစပ်ထဲမှာ အမဲသားတုံးကြီးကိုကိုက်ထားပြီးတော့ စုရှောင်ရှန်၏ ခေါင်းအထက်ကို ရဲတင်းစွာ ခုန်တက်လိုက်၏။

“ညောင်”

နောက်ဆက်ဖြစ်သည့်အရာက မယုံနိုင်စရာကောင်းလှသည်။ စုရှောင်ရှန်၏ ခမောက်ပေါ်က ကြောင်ဖြူလေး သိပ်သည်းသောအသက်စွမ်းအင်များကို အငမ်းမရ ရှိုက်ရင်း ခြေလေးဘက် ခွေကျသွားသည်။ ၎င်း၏ ပါးစပ်ထဲက အမဲသားတောင် ပြုတ်ကျသွားခဲ့၏။

“ညောင်…”

အင်မတန်ငန်သောအရာတစ်ခုကို စားလိုက်ရသကဲ့သို့ ကြောင်ဖြူလေး တစ်ကိုယ်လုံး ဆတ်ကတည်းတွန့်သွားပြီး သတိမေ့မျောသွားခဲ့သည်။ တစ်ချက်တစ်ချက်လည်း တွန့်သွားကာ ပါးစပ်မှလည်း အဖြူရောင်အမြှပ်များ အဆက်မပြတ်ထွက်လာတော့၏။

“နင်က အဆိပ်လူသားလား” အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ထိုသို့ ဖြစ်ဖူးတာ ပထမဆုံးအကြိမ်မြင်ရသောကြောင့် ကျောက်ထန်းထန်း မှင်တက်သွားပေသည်။

သူမ အရှေ့ကကောင်က တကယ် အဆိပ်ရှိတာလား။

သို့ဖြင့် သူမသိချင်သွားပြီး စိတ်ဝိညာဉ်အာရုံဖြင့် စစ်ကြည့်လိုက်ရာ အသက်စွမ်းအင်ပင်လယ်ထဲရောက်သွားတာကို ခံစားလိုက်ရသည်။ ဘေးဘီဝဲရာ၌ အသက်စွမ်းအင်တို့က လှိုင်းလုံးကြီးများအလား ရိုက်ခတ်နေ၏။

မုကျစ်ရှီလို အသက်စွမ်းအင်များပြားတဲ့ ထူးခြားတဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေ့ရတာ ကံကောင်းပြီမှတ်နေတာ ယခုတော့ သိန်းထီဆုကြီးပါ အဆစ်ပေါက်သွားလေသည်။ စုရှောင်ရှန်၏ အသက်စွမ်းအင်နှင့်ယှဉ်သောအခါ အောက်က မုကျစ်ရှီက ဘာမှ မဟုတ်တော့ချေ။

သူတို့နှစ်ဦးက ရေချောင်းနှင့် ပင်လယ်ကြီးအလား ကွာခြားသည်။ အခြားတစ်ယောက်က ကျန်တစ်ယောက်ကို အပြတ်အသတ်အနိုင်ယူထား၏။

ကျောက်ထန်းထန်း စိတ်မလျော့လိုက်ရသေးခင်မှာ ထိုကောင်လေးက ခေါင်းအထက်က ကြောင်ကို နားမလည်နိုင်သော အမူအရာဖြင့် ယူလိုက်တာ တွေ့ရသည်။

“ဒါဘာကြီးလဲ”

စုရှောင်ရှန် ထိုအရာက ကြောင်မိစ္ဆာသားရဲဖြစ်တာကိုသိသောအခါ တုန့်ဆိုင်းခြင်းမရှိ အလန့်တကြား ဆတ်ကတည်း လွှတ်ပစ်လိုက်သည်။

ကျောက်ထန်းထန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

စုရှောင်ရှန်၏ သာမန်ကာလျှံ့အလား အထွတ်အမြတ်ထားရသော သူမတို့ ဂိုဏ်း၏ နတ်သားရဲကို လွှတ်ပစ်လိုက်တာကြောင့် မျက်နှာဖြူဖျော့သွားရသည်။ သူမ၏ ယုံကြည်မှုကို စော်ကားသလိုခံစားလိုက်ရ၏။

“နင် အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကိုဘယ်လိုတောင် လွှတ်ပစ်ရဲတာလဲ။ နေပါဦး… နင်မြင်နိုင်တယ်ပေါ့” ထိုမှ တစ်ခုခု မူမမှန်တာ သတိထားမိပြီး ကျောက်ထန်းထန်း၏ မျက်နှာအမူအရာ ခြောက်ခြားတုန်လှုပ်ခြင်းအဖြစ်ကိုပြောင်းသွားပေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset