“အကိုကြီး”
ကုချင်းအယ်နှင့် ကုချင်းဆန်းတို့ တစ်မျိုးတစ်မည် မှင်တက်သွားကြသည်။
ထိုလူ၏ တုန့်ပြန်ချက်က သူတို့၏ ဒေါသကိုစွပေးလိုက်လေသည်။ သူတို့ဓားအောက်၌ သေဆုံးသွားရသူများကလည်း ထိုသို့ လူများသာဖြစ်ကြပေသည်။
ယခု သူတို့ အကိုကြီးက ထိုဓားအတွေးနှင့်လူကို လိုက်ရှာတာ လက်လျော့တော့မလားဟု စောင့်စားနေကြ၏။ သာမန်ဆို ၎င်းက သူလုပ်သည့်ပုံစံမဟုတ်ပေ။
“သွားစို့”
ရှောင်ဆယ့်ခြောက်၏ ရိုင်းပြမှုကို ကုချင်းယိကို လစ်လျူရှူကာ နောက်က မုကျစ်ရှီကို သူကြည့်လိုက်၏။
သူမ၏ ခမောက်ပေါ်တွင် သူတို့၏ စကားဝိုင်းက ဘာသက်ရောက်မှုမှ မရှိသည့်အလား ကြောင်တစ်ကောင်က ပျော်ရွှင်သော မျက်နှာထားဖြင့် လှဲလျောင်းနေလေသည်။
“မင်းတို့ တကယ် မမြင်ရဘူးလား” စိတ်ချင်းဆက်ပြီး ကုချင်းယိ မေးလိုက်သည်။ သူတို့အကိုကြီးဘာပေါနေတာလဲ မသိသည့် ညီငယ်နှစ်ဦး၏ မျက်နှာထက်တွင် နားမလည်နိုင်သော အမူအရာများပေါ်လာခဲ့သည်။
သူတို့၏ မျက်နှာပေါ်က အမူအရာများကိုမြင်သောအခါ အဖြေတောင်လိုမနေတော့ဘဲ ကုချင်းယိ ကောက်ချက်လိုက်၏။
‘သူတို့မမြင်နိုင်ဘူးဆိုမှတော့ ဒါက မိစ္ဆာသားရဲဖြစ်ရမယ်။ ဒီခရီးက ထင်ထားတာထက်တော့ အန္တရာယ်ပိုများနေပြီ။ ဓားအတွေးနဲ့လူကိုမတွေ့သေးပေမယ့် ဒီအန္တရာယ်ကြားထဲက ဆက်ရှာဖို့တော့ မသင့်တော့ဘူး’
သို့တွေးပြီး သူပြောလိုက်သည် “သွားစို့”
အခြားနှစ်ယောက်ကို ဦးဆောင်ကာ သူလာခဲ့တဲ့လမ်းအတိုင်း ပြန်သွားလိုက်၏။
ကုချင်းဆန်းက ကုချင်းအယ်၏ အင်္ကျီလက်စကိုဆွဲပြီးတော့ နောက်က လူကို လက်ညိုးထိုးပြလိုက်ကာ “ဒီလူ့ကို လွှတ်ပေးလိုက်တော့မှာလား”
“အခုငါတို့က မြို့ထဲမှာ လူသတ်လို့မရဘူး။ ပြဿနာမရှာစမ်းနဲ့” ကုချင်းအယ်က ဆိုသည်။
ရှောင်ဆယ့်ခြောက် ရယ်ချင်သွား၏။
ထိုဓားသမားနှစ်ယောက်က စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံမှုလေးနှင့် သူ့ကို သတ်မတဲ့လေ။ ဘယ်က သတ္တိများရတာလဲမသိ။
ထို့နောက် ကုချင်းယိတို့ သုံးယောက်၏ အရှိန်အဝါများကို မှတ်သားထားလိုက်သည်။ ယခုတွင် စုရှောင်ရှန်နှင့် သူ့နောက်က ကလေးမလေးက ပို၍ အရေးကြီးပေသည်။ သူ၏ ပင်မပစ်မှတ်ကို ကိုင်တွယ်ဖြေရှင်းပြီးမှ ထိုသုံးယောက်ကို ကိစ္စတုံးရန် တွေးဆလိုက်၏။
ဒီသုံးယောက်က သူ့အမြင်တွင်တော့ အလကားလေလုံးထွားနေသည့် လူငယ်များသာ…။
ရှောင်ဆယ့်ခြောက် သူတို့၏ အရှိန်အဝါများကို မှတ်လိုက်သောအခိုက်မှာ ဓားသမားသုံးယောက်တုံ့ခနဲရပ်သွား၏။
သူ့တို့ရှေ့က ကုချင်းယိက နောက်တောင်မလှည့်မကြည့်ဘဲ “သွားမယ်” ဟုပြောလိုက်လေသည်။ သူက ပြဿနာမရှာချင်သည့်ဟန်ပေါ်၏။
ကုချင်းဆန်း အမိန့်ကိုမလွန်ဆန်ရဲပေ။ သူတို့မထွက်သွားခင်မှာ ရှောင်ဆယ့်ခြောက်ကို စူးစူးရှရှ စိုက်ကြည့်ခဲ့လိုက်သည်။
ဘုတ်…။
သို့ဖြင့် သူ့ရှေ့က ကုချင်းအယ်၏ ဓားကိုးချောင်းထည့်ထားသော ဓားအိမ်ဖြင့် တိုက်မိသောအခါ သူ့နဖူး၌ အနီကွက်ကြီးထသွားသည်။
“ဘာဖြစ်တာတုန်း”
ကုချင်းဆန်း နဖူးကိုပွတ်၍ မော့ကြည့်လိုက်သောအခါ ကျင်ချင်းအယ်သာမက ကုချင်းယိပါ ရပ်တန့်သွားတာ တွေ့လိုက်ရ၏။
ထိုမှ သူတို့၏ အကြည့်များနောက်ကို လိုက်ကြည့်လိုက်သောအခါ လူအုပ်ကြီးစီကို ဖြည်းညှင်းစွာလာနေသည့် မီးခိုး၀တ် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။
အရှေ့က ဦးဆောင်လာသည့်သူက ခန္ဓာကိုယ်မှာ သံကြိုးကြီးပတ်ထားသည့် လှပသောမိန်းမပျိုတစ်ဦးဖြစ်သည်။ သူမ၏ အမို့အမောက် ကောက်ကြောင်းများက ထင်ပေါ်စွာရှိနေပြီ လမ်းလျှောက်လိုက်တိုင်းမှာ တုန်သင့်သည့်နေရာ တုန်သွားပေသည်။
သူမ၏ နောက်ကတော့ ရွှေရောင်ကြိမ်လုံးတစ်ခုကိုကိုင်ထားသည့် သာမန်ဆန်သော ဆံပင်အရှည်ကြီးဖြင့် လူဖြစ်သည်။
ထိုလူထူးဆန်းနှစ်ယောက်ရောက်လာတာနဲ့ ပတ်၀န်းကျင်ရှိလူတိုင်း၏ အာရုံကိုဖမ်းစားလိုက်တော့၏။
ရွှေအစည်းအရုံးရှေ့က ရုတ်ရုတ်သဲသဲဖြစ်မှုကြောင့် ဤနေရာတွင် လူအတော်များများစုနေကြပြီးဖြစ်ရာ ယခု ပို၍ စိတ်၀င်စားဖွယ်ရာ အရာကိုတွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားလာကြသည်။
“သူမက ဘယ်သူလဲ။ ကြည့်ရတာတော့ အဲ့ဒီ နောက်ဖေးလမ်းက ပေါက်ကွဲမှုကြီးပြီးတော့ နောက်ထပ် ပွဲတစ်ခုကြည့်ရတော့မယ်ထင်တယ်”
“ခုံ … ခုံတစ်လုံးယူပေးဦး ဒီတစ်ခါတော့ ငါကြည့်ဖြစ်အောင်ကို ကြည့်ရမယ်”
“ဟေး အဲ့ဒီ မိန်းမက… နည်းနည်း မပေါ်လွင်ဘူးလားလို့…”
“ပါးစပ်ပိတ်ထားစမ်း။ သူမက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကွ။ ပါးစပ်စည်းမစောင့်ရင် သေသွားလိမ့်မယ်”
“စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က ဘာလို့ ငါတို့လို သာမန်လူတွေကိုဂရုစိုက်နေမှာလဲ။ ငါတို့ ပုရွက်ဆိတ်တွေ ဘာတွေးတွေးပေါ့”
“မင်းပြောတာလဲ ဟုတ်တာပဲ”
…
ထိုမိန်းမကိုတွေ့လိုက်ရသောအခါ ကုချင်းဆန်းတောင် မျောပါသွားပေသည်။ ထိုသံကြိုးဖြင့် ရစ်ပတ်ထားသော ဆွဲမက်ဖွယ်ရာ မိန်းမပျိုကိုကြည့်ပြီး သူ့အာခေါင်တောင် ခြောက်လာခဲ့၏။
“အကိုငယ်လေး… သူက ကျွန်တော်တို့ ဆရာပြော ပြောနေတဲ့ သူယောင်မယ်ဆိုတာများလား”
ကုချင်းအယ်လည်း အကြည့်မလွှဲနိုင် တံတွေးများကိုအဆက်မပြတ်မျိုချနေရပြီးတော့ သူ့ရှေ့က လူကို ပုခုံးပုတ်လိုက်သည်။ “အကိုကြီးကော ဘယ်လိုထင်လဲ”
သူ့ညီငယ်နှစ်ယောက်၏ ဖြစ်ပျက်နေပုံကြောင့် ကုချင်းယိ၏ မျက်ခုံးများလှုပ်သွား၏။
‘ငါတို့က ပြဿနာအကြီးကြီးထဲရောက်နေတာ ဒါမင်းတို့ တွေးနေတဲ့အရာတဲ့လား’
ထိုအခိုက်မှာ သူလည်း ထိုငတုံးနှစ်ကောင်ကို ဆုံးမနေဖို့ အားမရှိတော့ချေ။
လူသစ်နှစ်ဦး၏ ထူးဆန်းတဲ့ ၀တ်စားဆင်ရင်ပုံနှင့် ကြောင်မိစ္ဆာသားရဲတို့ကို ချိတ်ဆက်မိပြီး သူတို့တော့ တကယ် ကွိုင်အကြီးအကျယ်တက်ပြီဆိုတာကို ကုချင်းယိသိလိုက်ရ၏။
‘ခရမ်းရောင်သံကြိုး၊ ရွှေရောင်ကြိမ်လုံး… ပစ်မှတ်က အဲ့ဒီ အဖြူရောင်ကြောင်ဖြစ်မယ်ဆိုရင် သူတို့က ဒဏ္ဌာရီလာသားရဲထိန်းချုပ်ခြင်း စုရွယ်မီးခိုးနန်းတော်ဖြစ်ရမယ်။ ဒါပေမယ့် သူတို့ တောက်ဘက်ပိုင်းက ကြီးမားတဲ့ ဂိုဏ်းကြီးကပါ။ ဘာလို့ ဒီလို တောကျတဲ့နေရာလေးကို ရောက်လာရတာလဲ။ သူတို့ဘာလိုချင်နေတာလဲ’
ခရမ်းရောင်သံကြိုးပတ် မိန်းမျိုလေးက ကုချင်းယိကို ဖြတ်လျှောက်သွားတဲ့အခိုက်မှာ လေနွေးနွေးလေးကို ရှိုက်ထုတ်ကာ ဆိုလိုက်သည်။
“လူချောလေးပဲ”
ကုချင်းဆန်း ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူ၏ အကိုကြီး၏ ထူးခြားတဲ့ အရှိန်အဝါက မိန်းမတွေကိုလည်း ဆွဲဆောင်နိုင်တာပဲလား။
ရွှေကြိမ်လုံးကိုင်ထားတဲ့ လူက အေးတိအေးစက်ပြုံးလိုက်သည်။ ထို့နောက် အကြည့်လွှဲရန်ရည်ရွယ်ချက်မရှိသည့် သွားရည်လေးစမ်းတများများနှင့် ကုချင်းဆန်းကို ကြည့်လိုက်၏။
“ဟင်…။ ကောင်လေး မင်းဆက်ကြည့်နေရင် ငါမင်းရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်ဆိုတာ ယုံလား”
ကုချင်းဆန်း သူ့ကို လစ်လျူရှူထားပေသည်။ ရွှေကြိမ်လုံးကိုင်လူ သက်ပြင်းချလိုက်၏။
ထိုဓားမဲ့ဓားသမား သူ့ကို လစ်လျူရှူထားတာကြောင့် ဒေါသအနည်းငယ်ထွက်သွားပေသည်။ ဆက်လက်၍ ဤသို့ ပြုမူနေမယ်ဆိုရင် သူက အသက်ကိုနှုတ်ပေးလိုက်ဖို့ ၀န်လေးနေမည်မဟုတ်ပေ။ အပြင်ဘက်ကမ္ဘာက ယောက်ျားသားများ ဤသို့ သတိမဲ့ကြသည်လား။
သူ့ရွှေကြိမ်လုံးကြီးကို သူတောင်မသိဘဲ မြှောက်လိုက်မိသည်။
“ကုကု။ မလုပ်နဲ့”
မိန်းမျိုလေး၏ စကားကြောင့် ရှင်းကုကု အသိစိတ်ပြန်လည်လာခဲ့၏။ သူ့ခေါင်းကို ရှက်ကိုးရှက်ကန်းကုတ်ကာ ကြိမ်လုံးကိုပြန်ချလိုက်သည်။
‘ဟုတ်သား။ ငါတို့က မြို့ထဲရောက်နေတာမေ့သွားတယ်။ စိတ်လိုက်မာန်ပါလုပ်လို့မဖြစ်ဘူး’
ထို့နောက် ပတ်ပတ်လည်က လူတိုင်းက ဘာကြောင့် သူတို့ကိုဝိုင်းကြည့်နေကြတာလဲ ပဟေဠိဖြစ်သွား၏။
အသက်ကိုခပ်ပြင်းပြင်းရှိုက်၍ ဟိန်းဟောက်လိုက်တော့မည့်အခိုက်မှာ သူ့ရှေ့က မိန်းမပျိုလေး၏ စကားကိုပြန်သတိရသွားပြီးတော့ ရပ်လိုက်သည်။
“သွားကြစမ်း သွားကြ။ ဒါမင်းတို့ အလုပ်မပါဘူး။ သွား သွား”
ရွှေကြိမ်လုံးကြီးကိုကိုင်မြှောက်ပြီးတော့ ရပ်ကြည့်နေကြသည့်လူများကို ရှင်းကုကု နှင်ထုတ်လိုက်၏။
သို့ပေမယ့် စောနက သူ၏ ကြမ်းတမ်းသော အမူအရာနှင့် ယခုလို ကလေးဆန်ဆန် ပြုမူနေသော အမူအရာတို့က ကွဲပြားလွန်းလှတာကြောင့် လူအုပ်ကြီး ဝါးလုံးကွဲ ပွဲကျသွားကြ၏။ ဤသို့ဖြစ်နေတာ သူတို့က ဘယ်သွားချင်ကြတော့မလဲ။
“ဒီလူက ရယ်ရပြီး ချစ်စရာလည်းကောင်းတယ်ဟ”
“အေးဆို။ ကြိမ်လုံးကြီးနဲ့ ဆရာတော်တစ်ပါးလားမသိဘူး။ ဒါပေမယ့် ဆံပင်တွေကြ ပေါက်နေတယ်”
“ကြည့်ရတာတော့ ဇျာန်ကို ဆံပင်ထားပြီး ကျင့်ကြံနေတာနေမှာပေါ့”
“မဟုတ်တာ သေချာကြည့်ပါ ဆရာတော်တစ်ပါးနဲ့မတူပါဘူး။ ငါ့အိမ်က ကလေးကလည်း ဒီလို တွေ့ကရာ ပေါက်ကရ လျှောက်ကောက်လာပြီး ဆော့ရတာကြိုက်တယ်။ ပြောကာမှ သူတောင် ငါ့ကလေးနဲ့ ပိုပိုတူလာသလိုပဲ”
“မင်းရဲ့ကလေးဟုတ်လား။ ပါးစပ်ပိတ်ထားစမ်းပါကွာ။ သူက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကွ”
“မင်းကလည်း ကြောက်တတ်လိုက်တာ။ မကြာခင်ဒီကို မြို့စောင့်တပ်တွေရောက်လာတော့မှာကွ။ သူလူသတ်ရဲမယ်ထင်လို့လား”
ရှင်းကုကု ရပ်တန့်သွားပြီး ထိုလူကိုစူးစူးရှရှ စိုက်ကြည့်လိုက်သည်။ သူ့သတ်ဖြတ်ချင်စိတ်များပေါက်ကွဲထွက်လာလုစဲစဲမှာ မိန်းမပျိုလေး၏ စကားကို ပြန်သတိရပြီး ရပ်တန့်လိုက်၏။
“ဖယ် ဖယ်။ လူရှင်းကြ သွား။ ထွက်သွားကြ”
လက်ထဲမှာ ဓားပိုက်ထားသည့် ကုချင်းယိလည်း အလိုမကျသလို ခံစားလိုက်ရသည်။
‘ဘာလဲဟ။ ဒီနေ့ငါတွေ့တဲ့လူတိုင်းက ထူးထူးဆန်းဆန်းတွေပြုမူနေတယ်။ ခုလည်း နောက်ငတုံးတစ်ကောင်ထပ်တိုးလာပြန်ပြီ’
ထိုသံကြိုးပတ်မိန်းမပျိုလေးက ရှောင်ဆယ့်ခြောက်၏ ရှေ့သို့ရောက်လာခဲ့ပြီး ဆွဲမက်ဖွယ်ကောင်းစွာ ပြုံးပြလိုက်သည်။
“လမ်းဖယ်ပေးပါလား”
ဒုတ်…။
ရှောင်ဆယ့်ခြောက်က သွေးအေး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်ပေမယ့် ထို ညုတုတုအသံကလေးကိုကြားလိုက်ရသော မအောင့်နိုင်ဘဲ တံတွေးတစ်လုပ် ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။
ထိုမိန်းမက ညှို့ဓာတ်ပြင်းလှ၏။
သူမထံက အပြုံးလေးတစ်ချက်ကတောင် မြင်သူတကာကို ဒူးထောက်ကျသွားစေလောက်ပေသည်။ ရှောင်ဆယ့်ခြောက်၏ ကိုယ်ခန္ဓာ ဆတ်ကတည်း တုန်ရင်သွားပါသည်။
အတန်ကြာအောင် အင်တင်တင်ဖြစ်နေပြီးနောက်မှာ ခက်ခက်ခဲခဲ ငြင်းဆန်လိုက်သည်။
“ဖယ်ပေးလို့မရဘူး”
ဘုန်းးးး…။
ထိုမီးခိုးရောင်၀တ်ရုံအောက်မှ အဖြူရောင်အလင်းတန်းတစ်ချက်လက်သွားပြီး ရှောင်ဆယ့်ခြောက်လွင့်ထွက်သွားခဲ့၏။
ရှောင်ဆယ့်ခြောက်က မပြင်မဆင်နှင့်မို့ ထိုကန်ချက်ကြောင့် လေထဲတွင် ချာလပတ်လည်သွားကာ ဝေဝေဝါးဝါးဖြစ်သွားပြီး ရွှေအစည်းအရုံး၏ ရွှေရောင် ဆိုင်းဘုတ်အလယ်တည့်တည့်ကို သွား၀င်ဆောင့်တော့သည်။