ရွှေအစည်းအရုံး ၀င်ပေါက်ရှေ့ …။
ဓားသမားသုံးယောက် ကလေးမလေးတစ်ယောက်ကို ဝိုင်းထားကြ၏။ ရှေ့က ဓားမဲ့ဓားသမားက တစ်ခုခုကို ဖော်ပြရန်အလား ကိုယ်ဟန်လက်ဟန်များ ပြောင်းလဲပြသရင်း အလုပ်ရှုပ်နေပေသည်။
“အဲ့တာက ဓားအတွေးလေ။ သိတယ်မလား ဓားအတွေးဆိုတာ။ ဟင်… မသိဘူးလား။ ဒါဆို ဓားဆန္ဒကိုတော့ သိမှာပေါ့။ ဓားအတွေးရှိဖို့ဆို အဲ့လူက အနည်းဆုံးတော့ စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒရှိလိမ့်မယ်။ အဲ့ထက်လည်းမြင့်နိုင်ပေမယ့် ဓားအရှင်သခင်တစ်ယောက်တော့မဖြစ်နိုင်ဘူးလေ။ နားလည်တယ်မလား။ အဲ့လူက နင့်ဆရာလား၊ အကိုလား မောင်လေးလား ညီမလေးလား ဘာလား အဲ့တာ မေးနေတာလေ”
မုကျစ်ရှီ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြလိုက်၏။ ဓားအတွေး၊ ဓားဆန္ဒဆိုတာနှင့် သူတို့ စုရှောင်ရှန်ကို ရှာနေကြမှန်း သူမ သဘောပေါက်ပေသည်။
သို့ပေမယ့် ယနေ့ခေတ် လုပ်ကြံသူတွေက ဒီလောက် တည့်တိုးဆန်နေကြပြီလား။ သူတို့ စုရှောင်ရှန်ကို သတ်ချင်တယ်ဆိုရင်တောင် သူ၏ ညီမလေးကိုတော့ လာမမေးသင့်ဘူးမလား။ သူမက ဘယ်လို လမ်းညွှန်ပေးရမှာလဲ။
“မသိဘူး”
ကလေးမလေးက ခေါင်းကိုအသာခါရမ်းလိုက်ကာ ခမောက်ပို ပိုဖိချလိုက်သည်။
ဓားမဲ့ဓားသမား စိတ်မရှည်တော့တဲ့အဆုံး ပေါက်ကွဲထွက်တော့သည်။ “နင်လိမ်နေတာ။ အဲ့လိုလူ ရှိကိုရှိတယ်”
“မလိမ်ဘူး။ တကယ်မသိတာ”
“လိမ်နေတာ”
“မလိမ်ဘူး”
“…”
ဓားမဲ့ ဓားသမား ဆိတ်ငြိမ်ကျသွား၏။ ထို့နောက် သူ့အနောက်ဘက်က အကိုတွေကို လည်ပြန်ကြည့်ကာ မျက်စပစ်ပြလိုက်သည်။
“ဘာလုပ်ကြမလဲ”
ဓားကိုးချောင်းလွယ်ဓားသမားက သူကိုင်တွယ်မယ်ဆိုပြီး ဓားမဲ့ဓားသမားကို ဘေးတစ်ဘက်ကို မေးငေါ့ပြပြီး ရှောင်ထွက်ဖို့ပြောလိုက်သည်။
ဓားနဲ့ဓားသမား ပျော်ပျော်ရွှင်ရွင်ပဲ ဘေးတစ်ဘက်ကို ဖယ်ပေးလိုက်၏။ ထို့နောက် မျက်နှာပေါ်တွင် အပြုံးဖြဲကြီးဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ကာ သူ၏ အကိုငယ်လေး ကလေးမလေးထံ ချဉ်းကပ်သွားသည်ကို ကြည့်နေလိုက်သည်။
“ကလေးမလေး။ အကိုတို့က လူဆိုးတွေမဟုတ်ပါဘူး…”
သူ့ညီငယ်နှစ်ယောက်၏ လူယုတ်မာအလား အပြုအမူများကိုကြည့်ပြီး ဓားတစ်လက်ကိုင်ဓားသမား ဘာပြောရမှန်းမသိဖြစ်သွား၏။
ထို့နောက် ထိုနှစ်ယောက်ကို သူ့နောက်သို့ ပြန်ဆွဲလိုက်ပြီးတော့ ကလေးမလေးရှေ့သွားပြီး မေးလိုက်သည်။ “ညီမလေး မင်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ”
‘သတင်းအချက်အလက်ဘာညာမေးမယ်ဆိုလည်း နာမည်လေးတော့ အရင်မိတ်ဆက်မှပေါ့ဟ။ ဒီနှစ်ကောင်တုံးလိုက်တာလွန်ရော။ ဒီလို လောက၀တ်လေးတောက်မသိရင် ရှေ့လျှောက် ဘာဆက်လုပ်တော့မလဲ’
မုကျစ်ရှီ ပို၍ စိတ်နှလုံးကျဉ်းကြပ်ကာ စိုးတထိတ်ထိတ်ဖြစ်လာခဲ့၏။
ဒီယုတ်မာသလိုလို အပြုအမူနှင့် ဓားသမားသုံးယောက်က အတော်အစွမ်းထက်တယ်ဆိုတာကို သူမ ပြောနိုင်ပေသည်။ သူမကိုယ်၌ကလည်း မူလနန်းတော်အထွတ်အထိပ်၌သာရှိရာ ခုခံနိုင်ခြင်းငှာ မစွမ်းသာချေ။
ထိုအခိုက်မှာ စုရှောင်ရှန်ကိုတောင် လွမ်းစပြုလာ၏။
‘သူသာ ဒီမှာရှိရင် ဒီသုံးယောက် ဒီလို စပ်ဆုပ်စရာတွေပြုမူရဲမှာမဟုတ်ဘူး…။ ငါလည်း လုံခြုံတယ်လို့ခံစားရမှာ…’
ကလေးမလေးက ချီတုံချတုံဖြင့် “အကိုတို့ရှာနေတဲ့ ဓားသမားကိုတစ်ကယ်မသိတာပါ။ လူမှားနေတာဖြစ်မယ်။ ညီမက ဒီမှာ ဒီတိုင်း လူလာစောင့်နေတာ”
“အို လူစောင့်နေတာလား”
အခြေအနေက တိုးတက်လာတာကြောင့် ဓားတစ်လက်ကိုင်ဓားသမား ပျော်သွားသည်။ သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ရိုးရိုးသားသားမိတ်ဆက်လိုက်၏။ “အကိုက ကုချင်းယိ”
ထို့နောက် သူ့နောက်က နှစ်ယောက်ကို လက်ညိုးထိုးပြကာ “သူတို့က အကို့ရဲ့ ဆရာတူညီငယ်တွေ။ ကုချင်းအယ်နဲ့ ကုချင်းဆန်း။ ဒီက ညီမက ဘယ်သူ့ကို စောင့်နေတာလဲ… သိခွင့်ရှိမလား”
သူ့နောက်က ဓားသမားနှစ်ယောက်ပြိုင်တူလိုလိုပဲ နားလည်သဘောပေါက်သွားသော ဟန်ပန်များပြလိုက်ကြသည်။ သူတို့အကိုကြီးဆိုတဲ့အတိုင်း မေးခွန်းမေးမြန်းရာမှာလည်း တော်ပေ၏။
“ငါတို့ နှစ်ယောက် မိန်းမတွေနဲ့ ဘယ်လို ပြောဆိုဆက်ဆံရမလဲ တကယ် မသိကြတာပဲ…”
“သင်ယူရမယ်”
“အကိုကြီးစီကနေလည်း လောက၀တ်တွေကို သင်ယူရမယ်”
သူတို့၏ နာမည်များကြောင့် မုကျစ်ရှီ ပဟေဠိဖြစ်သွား၏။
“အကိုတို့က သုံးမွှာပူးလား။ ရုပ်လည်းမတူဘူးကော”
“မဟုတ်ဘူး။ ဒီနာမည်တွေက ဆရာပေးထားတာ။ အကိုတို့က ကျင့်ကြံဖော် အညီအကိုတွေပဲ…”
ကုချင်းယိ ပြောဆိုလို့မပြီးသေးခင်မှာပဲ ကုချင်းအယ်က ကြား၀င်ဖြတ်လိုက်သည်။ “ဟုတ်တယ် ကလေးမလေး။ အကိုတို့က ကျင့်ကြံဖော်ညီအကိုတွေဆိုပေမယ့် အကိုတို့အကြားက ဆက်ဆံရေးက တကယ့် သုံးမွှာပူးအလားပဲ”
ကုချင်းဆန်းကလည်း အလျင်အမြန်နောက်က လိုက်ပြီးတော့ “ကလေးမလေး။ အကိုငယ်နဲ့ အကိုကြီးပြောတာမှန်တယ်။ သွေးသားချင်းမတော်စပ်ပေမယ့် တကယ့် ညီအကိုအရင်းတွေလို ရင်းနှီးကြတယ်”
မုကျစ်ရှီ ကြောင်အသွား၏။
ကုချင်းယိ သူ့ဓားကို ထုတ်ကာ ထိုနှစ်ယောက်ကို ခုတ်မိတော့မလိုတောင် ဖြစ်သွားသည်။
သူက အသံတိုးတိုးလေးဖြင့် “မင်းတို့ကို ငါစကားပြောခိုင်းလား။ ဘာမှ အသုံးမကျတဲ့ကောင်တွေ။ ရှုပ်ဖို့လောက်ပဲသိတယ်”
သူ့ညီငယ်နှစ်ယောက်ကိုလှည့်ကြည့်လိုက်သောအခါ ထိုနှစ်ယောက် လန့်ဖျပ်သွားပြီး ပါးစပ်များကို အလျင်အမြန်ပိတ်လိုက်ကြတော့သည်။
“ညီမက ဘယ်သူ့ကို စောင့်နေတာလဲ” ကုချင်းယိက ထပ်မေးသည်။
မုကျစ်ရှီ ပြောရမလား မပြောရဘူးလား ချီတုံချတုံဖြစ်နေ၏။
“သူမက ငါ့ကို စောင့်နေတာ”
အတန်ကြာသောအခါ အနောက်ဘက်ကနေ အသံတစ်သံထွက်လာပါသည်။ မုကျစ်ရှီလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အသံလာရာဘက်ကို လှည့်ကြည့်လိုက်၏။
စုရှောင်ရှန်များလား။ သို့ပေမယ့် သူမ စိတ်ပျက်သွားရပါသည်။
“နောက်ထပ် လူသတ်သမားတစ်ယောက်ပဲ။ ဘာလို့ စုရှောင်ရှန် ဒီလောက် ရန်သူတွေ များတာလဲဟဲ့”
ထိုအသံပြုလိုက်သူက ရှောင်ဆယ့်ခြောက်ဖြစ်သည်။
သူက အချင်းအရာတစ်ခုလုံးကိုစောင့်ကြည့်နေခဲ့တာဖြစ်ပြီး မခံနိုင်တော့တဲ့ အဆုံး ထွက်လာခဲ့ပေသည်။
ထိုဓားသမားသုံးဦးက မသက်ဆိုင်သည့် လမ်းသွားလမ်းလာများသာဖြစ်တာကြောင့် လစ်လျူရှူ၍ ရပေသည်။ စုရှောင်ရှန်ကို မတွေ့ပေမယ့် မုကျစ်ရှီကို သူသိသည်။
စုရှောင်ရှန်၏ သတင်းအချက်အလက်ထဲမှ သူနှင့်ရင်နှီးသည့် လူတိုင်း၏ အကြောင်းကို ဖတ်ဖူးလေသည်။
၎င်းက တစ်ချက်မျှသာ လျှပ်တပြက်ကြည့်လိုက်တယ်ဆိုပေမယ့် သူ့ရှေ့က ကလေးမလေးက စုရှောင်ရှန်နှင့် ဆက်နွယ်နေတာတော့သိ၏။
သူတို့ကိုပေးသော သတင်းအချက်အလက်ကြီးက မှားနေပေသည်။ စုရှောင်ရှန်နှင့်အတူ စိတ်ဝိညာဉ်နန်းတော်က ထွက်လာတဲ့သူက မရင်းနှီးပဲနေမတဲ့လား။
“မင်းတို့ သုံးယောက် ထွက်သွားကြစမ်း”
ဓားသမားသုံးဦး၏ အရှေ့ကိုလာပြီးတော့ ရှောင်ဆယ့်ခြောက် အထင်အမြင်သေးစွာ လက်ဝှေ့ရမ်းပြလိုက်သည်။
“မင်းက ဒီက ညီမ စောင့်နေတဲ့သူလား”
ကုချင်းယိ အနံ့ခံကြည့်ရာ ထိုလူထံက ဓားအတွေးကို နည်းနည်းလေးတောင် မခံစားရတာကြောင့် မျက်မှောင်ကြုတ်လိုက်၏။ သူ့လိုလူက ဘယ်လို ဓားအတွေးကို ကျင့်ကြံနိုင်မှာလဲ။
သူ့ရှေ့က လူက အရှင်သခင်နယ်ပယ်ဆိုပေမယ့် ထိုသို့သော ရန်သူများကို အရှင်သခင်နယ်ပယ်တစ်ပိုင်းတည်း ကျင့်ကြံမှုနယ်ပယ်လေးနှင့် ကုချင်းယိက နှိမ်နင်းဖူးပေသည်။
ထို့အပြင်ကို ထိုသူ၏ အသက်အရွယ်နှင့် ပုံပန်းသွင်ပြအရ သူစောင့်နေသည့်လူသာ တကယ်ဖြစ်ပါက အကြီးအကျယ်စိတ်ပျက်သွားရပေမည်။
သူ့ရှေ့က ဓားသမားသုံးယောက်ကိုကြည့်ပြီးတော့ ရှောင်ဆယ့်ခြောက် ခေါင်းခါရမ်းကာ နှာမှုတ်လိုက်၏။
စိတ်ထဲကလည်း –
‘မင်းမှာ ဓားဘယ်နှစ်ချောင်းရှိရှိ စစ်မှန်ခြင်းနယ်ပယ်က စစ်မှန်ခြင်းပဲ။ မင်းတို့က အမှိုက်တွေဖြစ်နေတုန်းပဲ’
“ဟုတ်တယ် ငါ့ဂိုဏ်းတူညီမလေးစီက ဘာလိုချင်လို့လဲ”
ထိုအရာကိုကြားသောအခါ မုကျစ်ရှီ ဘာပြောရမှန်းမသိဖြစ်သွား၏။ ဤလူက စုရှောင်ရှန်လည်းမဟုတ်ဘဲ သူမကို ညီမလေးလာခေါ်နေပေသည်။
သူမ တစ်ခုခုပြောရန် ပါးစပ်ဖွင့်လိုက်သောအခါ စကားလုံးများ ထွက်မလာသည်ကို တွေ့လိုက်ရသည်။
အရှင်သခင်နယ်ပယ်။ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအား။
ကလေးမလေး၏ မျက်ဆံများကျုံ့သွားပြီး ပို၍ စိုးတထိတ်ထိတ်ဖြစ်လာခဲ့၏။
ရှောင်ဆယ့်ခြောက်က အချိန်ကိုက်နောက်လှည့်ကာ မုကျစ်ရှီ၏ ခမောက်စောင်းထားသော ခေါင်းကိုပုတ်ပေးလိုက်သည်။ “ညီမလေး မကြောက်နဲ့။ အကိုကြီး ဒီလူတွေကို မောင်းထုတ်ပေးမယ်”
မုကျစ်ရှီ ပို၍ စွံ့အသွားရ၏။
‘ဒီလူက လူသတ်သမား။ ဒီလူက တကယ့် လူသတ်သမားပါ’
သူမ အကျောက်အကန် ပြန်ငြင်းချင်လိုက်ပေမယ့် ခန္ဓာကိုယ်က လှုပ်လို့မရအောင်တောင် ထိန်းချုပ်ထားခံရတာ တွေ့လိုက်ရသည်။
သူမက မူလနန်းတော်အထွတ်အထိပ်မှာဖြစ်တာကြောင့် ဗလာနယ်ပယ်လောက်ဆို မမှုပေမယ့် အရှင်သခင်နယ်ပယ်ဆိုကြတော့ ခုခံနိုင်စွမ်းမဲ့ရပေသည်။
‘လာနောက်နေတာလား။ စုရှောင်ရှန်ရဲ့ ရန်သူတွေက အခု အရှင်သခင်နယ်ပယ်မှာ ဖြစ်နေကြပြီ’
မုကျစ်ရှီ အကူအညီတောင်းလိုက်ချင်ပေမယ့် ထိုလူက သူမ၏အရှေ့မှာ လာကာထားတာကြောင့် မျက်စပစ်ပြ၍တောင် အကူအညီတောင်းလို့မရပေ။
ရှောင်ဆယ့်ခြောက်က ကလေးမလေး၏ အရှေ့မှာ မားမားမတ်မတ်ရပ်ပြီးတော့ “မင်းတို့သုံးယောက် ဘာမှ ထွေထွေထူးထူးမရှိဘူးဆိုရင် သွားပါတော့”
ကုချင်းယီ တစ်ခုခု မူမမှန်တာ သိပေမယ့် ဘာမှ မပြောဘဲ မျက်မှောင်ကြီးသာ ကြုတ်နေလိုက်သည်။
သူ့ရှေ့က လူက သူရှာနေသည့် ဓားအတွေးဖြင့်လူမဟုတ်ပေ။
“ဒီလူက ဓားအတွေးကို ဖုန်းကွယ်ထားတာများလား”
သို့သော် ဘယ်သူမှ ဓားအရှိန်အ၀ါလို ၀မ်းတွင်းဖြစ် အရာကို ဖုန်းကွယ်မထားနိုင်တာကြောင့် ထိုအတွေးကို ခေါင်းထဲက ခါထုတ်ပစ်လိုက်၏။
ဒီလူကသာ ဓားအတွေးရှိမယ်ဆိုရင် သူခံကို ခံစားရပေမည်။ ဘာလို့ ယခုက အနံ့ရမနေတာလဲ။
ထိုသို့တွေးမိပြီး မျက်လုံးများ မှေးထားရင်းက ကုချင်းယီနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။ “အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်”
“ထွက်သွား” ရှောင်ဆယ့်ခြောက် ဂျစ်ကန်ကန်ပြောလိုက်သည်။