“အတင့်ရဲတယ်”
ရှင်းကုကုက ဒေါသတို့ဖြင့် မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေ၏။
သူက မရေမတွက်နိုင်လောက်သော ဖြစ်နိုင်ချေတွေအတွက် ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ယခုလို အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို ဓားစာခံအဖြစ် ဖမ်းယူလိမ့်မည်ဟုတော့ မထင်ထားချေ။
ပို၍ ထင်မှတ်မထားစရာက ထိုအကောင်က သူတောင်တုန့်ပြန်နိုင်စွမ်းမရှိလောက်သော အလျင်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပေသည်။
“ငါ လုပ်ရဲလား မလုပ်ရဲဘူးလား စမ်းချင်လား”
စုရှောင်ရှန် ကြောင်ဖြူလေးကို ကိုင်မြောက်ထားသောလက်တို့ကို ပိုဖိညှစ်လိုက်သည်။ ကြောင်ဖြူလေး သတိမေ့မျောနေသော အခြေအနေကနေ အလျင်အမြန်ပြန်အသိလည်လာပြီး အလန့်တကြား ညောင်သံပေးတော့၏။
“ညောင်”
စုရှောင်ရှန် လက်ကို အနည်းငယ်ထပ်ဖိညှစ်လိုက်သောအခါ နာကျင်နေသည့်အလား ကြောင်ဖြူလေးက အော်သည်။
“လွှတ်လိုက်စမ်း”
ရွှေကြိမ်လုံးကိုမြှောက်ကိုင်ပြီး ရှင်းကုကု ဒေါသတကြီး ရှေ့တက်ပြေးသည်။
စုရှောင်ရှန်ကလည်း အလျင်အမြန် နောက်သို့ပြန်ဆုတ်၏။ သူက ရှင်းကုကု ဘယ်လောက်စွမ်းသလဲ မသေချာပေမယ့် ကြောင်ဖြူလေးကိုပြန်လုသွားရင် အသာစီးရနေတာလေး ပျောက်သွားမှာကို ကြောက်ရွံ့မိလေသည်။
ထိုမီးခိုမြူပုံရိပ်လို စွမ်းအားရှိနိုင်သလား မသေချာသည့်လူနှင့် မတိုက်ခိုက်ချင်ပါ။
“မင်းရှေ့တစ်လှမ်းတက်ရင် ငါညှစ်ထားတာလည်း တစ်ချက် ပိုအားတိုးပစ်မယ်။ နှစ်လှမ်းတက်ရင် တစ်ခါတည်းသတ်ပစ်လိုက်မယ်ကွာ” စုရှောင်ရှန်က ကျယ်ကျယ်လောင် အော်လိုက်သည်။
ရှင်းကုကု မှုန်သေသေ မျက်နှာထားဖြင့် ရပ်လိုက်ရ၏။
သူ့ရွှေကြိမ်လုံးကို လက်ဖြင့်တင်းတင်းကြပ်ကြပ်ဖိထားရလွန်းလို့ သွေးကြောတွေတောင်ပေါက်ကွဲမတတ် ထောင်ထလာခဲ့၏။
မှင်တက်နေရာက အသိပြန်လည်လာသော ကျောက်ထန်းထန်းလည်း စုရှောင်ရှန်ဘာလုပ်ချင်နေသလဲ စဉ်းစားမရဖြစ်နေသည်။
ကြောင်ဖြူလေးကို ကိုင်ပြီး သူမဘက်ကိုပါ လှည့်ကြည့်လာသောအခါ မျက်လုံးများကိုမှေးပြီး ပြန်ကြည့်လိုက်၏။
“နင်လည်းရပ်လိုက်။ မလှုပ်နဲ့”
အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်၏ ခရမ်းရောင်မျက်၀န်းများအတွင်းက နာကျင်နေမှုကိုမြင်ရသောအခါ ကျောက်ထန်းထန်း ရင်ဘက်ထဲမှ စူးအောင့်သလိုခံစားလိုက်ရသည်။ သို့ပေမယ့် ၎င်းက ဓားစာခံဖြစ်နေရာ သူမလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေ၏။
“နောက်ဆုတ် နောက်ဆုတ်”
စုရှောင်ရှန် စိတ်မရှည်စွာ လက်ထဲက ကြောင်ဖြူကိုကိုင်ပြီး ဝှေ့ရမ်းတော့သည်။ ၎င်းက သူ့အရင်ကမ္ဘာက နိုင်ငံခြားခရီးသွားလမ်းပြတို့ကိုင်သည့် အလှံလေးနဲ့တောင်ဆင်တူနေ၏။
ကျောက်ထန်းထန်းနှင့် ရှင်းကုကုတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အင်တင်တင်ဖြင့် နောက်ဆုတ်သွားလိုက်ရသည်။
‘အလုပ်ဖြစ်တယ်ဟ’ စုရှောင်ရှန် ပျော်သွားပြီးတော့ ‘ဒီအလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ဆိုတဲ့ အကောင်ရဲ့ နောက်ခံကဘာလဲမသိဘူး။ နည်းနည်းလေးညှစ်တာတောင် ဒီနှစ်ယောက် ဒီလောက်ကြောက်နေကြတယ်’
“နောက်ထပ်နှစ်လမ်းဆုတ်” ထပ်၍ အမိန့်ပေးလိုက်သည်။
ရှင်းကုကု ဒေါသထပ်ထွက်လာပေမယ့် သူပါးစပ်မဟနိုင်သေးခင်မှာ ကျောက်ထန်းထန်းသူ၏ ခေါင်းကိုထပ်ရိုက်လိုက်ပြီး အသက်ကိုပြင်းပြင်းရှူရိုက်ကာ ပြောသည်။ “မရှုပ်နဲ့။ နောက်ပဲဆုတ်”
သို့ဆိုပြီး သူမလည်း နောက်တစ်လှမ်းဆုတ်သွား၏။
‘ဝိုး။ တကယ် ငါ့လက်ထဲ သူတော်စင်သားရဲတစ်ကောင်ရောက်နေတာ ဖြစ်မယ်ဟ’ ထူးဆန်းသောအမူအရာဖြင့် သူ့လက်ထဲက ကြောင်သားရဲကို စုရှောင်ရှန် စစ်ဆေးကြည့်လိုက်၏။
‘ဒီကြောင်ကို ထိန်းချုပ်နိုင်တယ်ဆိုရင် ဒီနှစ်ယောက်ကိုလည်းထိန်းချုပ်နိုင်မှာပဲ။ ဆိုလိုတာက…’
“ဟေး မင်းတို့နှစ်ယောက် တစ်ယောက်က ဘယ်ဘက်ကိုသွား၊ နောက်တစ်ယောက်က ညာဘက်ကိုသွား”
ရှင်းကုကုနှင့် ကျောက်ထန်းထန်းတို့ အစော်ကားခံလိုက်ရသလို ဒေါသတထောင်းထောင်းထွက်နေကြ၏။
သို့ပေမယ့် စုရှောင်ရှန် လက်ကိုထပ်မံ ဖိညှစ်တာမြင်လိုက်သောအခါ အလန့်တကြား လက််များခါရမ်းကာ သူပြောတာမခုခံကြောင်းပြသပြီး ဘယ်ညာ ခွဲ သွားလိုက်ကြသည်။
“ရှေ့တစ်လှမ်းတက်” စုရှောင်ရှန်က ပို၍စိတ်လှုပ်ရှားလာခဲ့ပြီး အော်လိုက်သည်။
ကျောက်ထန်းထန်းတို့နှစ်ဦး အစော်ကားခံရသော အမူအရာဖြင့် ရှေ့သို့တစ်လှမ်းတက်လိုက်၏။
“နောက်ဆုတ်”
“ရှေ့ပြန်တက်…”
“အင်းး… ကကြ”
ရှင်းကုကု ကြောင်အသွား၏။
ကျောက်ထန်းထန်းလည်း အလားတူ စွံ့အသွားသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
[မုန်းတီးခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
[မှတ်ထားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]
သူမရှေ့က မြင်ကွင်းကြောင့် မုကျစ်ရှီ ကြက်သေသေနေခဲ့ရ၏။
‘ဒါက… အရှင်သခင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ခြေကန်ချက်တစ်ချက်တည်းနဲ့ အမှောက်သိပ်လိုက်တဲ့ အမကြီးလား။ ဘာလို့ စုရှောင်ရှန်နဲ့တွေ့မှ ဒီလောက်နာခံနေရတာလဲ’
သူမ၏ ခေါင်းသေးသေးလေးကို မော့၍ မယုံကြည်နိုင်သောမျက်၀န်းများဖြင့်ကြည့်လိုက်သည်။
‘ငါတို့နှစ်ယောက်စလုံးက စစ်မှန်ခြင်းနယ်ပယ်တွေပါ။ ရင်ဆိုင်ရတဲ့ရန်သူကလည်းအတူတူပဲကို။ သူကြဒီလိုပျော်စရာကောင်းပြီး ငါကြ ဘာလို့ ချုပ်နှောင်ခံရတာလဲ’
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
‘ပြီးတော့လဲ…’
စုရှောင်ရှန် မြောက်ထားသောညာလက်ထဲ ဘာမှ မရှ်ိသည်ကိုမြင်သောအခါ ပို၍ နားမလည်နိုင်ဖြစ်သွားရသည်။
‘အဲ့တော့ ရန်သူတွေကို အနိုင်ယူခြင်းနည်းဗျူဟာက လေကို ဆုပ်ကိုင်တတ်ရမှာများလား’
သူမတစ်ယောက်တည်း ပဟေဠိဖြစ်နေသည်မဟုတ်။ စုရှောင်ရှန် ကြောင်ဖြူလေးကို ကိုင်ထားတာ မမြင်နိုင်သော အခြားသူများလည်း အလားတူ နားမလည်နိုင်ဖြစ်နေကြသည်။
“သူ့လက်ထဲမှာ ဘာမှမရှိတာကို ဘာတွေ ဟန်ထုတ်နေတာလဲ။ ပြီးတော့ ဟိုနှစ်ယောက်ကလည်း သူခိုင်းတာ ဘာလို့ အကုန်လုပ်နေကြတာလဲ”
“ဘာဖြစ်နေလဲမသိပါဘူးကွာ။ ငါအသက်ကြီးလာလို့ မျက်စိမှုန်နေတာလား ဘာလားတော့မသိဘူး။ ဒါပေမယ့် ဟိုကောင်လေးရဲ့လက်ထဲမှာ ဘာမှမရှိတာကို သူတို့ကလည်း နားထောင်နေကြတယ်”
“ဆိုတော့ ဒါက စိတ်ဝိညာဉ် ကျင့်ကြံသူတွေရဲ့ လောကကြီးပေါ့လေ။ အံ့ဩစရာကောင်းလိုက်တာ။ ငါတို့သေမျိုးတွေ လက်လှမ်းမမှီဘူးဆိုတာ မဆန်းတော့ပါဘူး”
“ချီးကို စိတ်ဝိညာဉ်ကျင့်ကြံသူ လောကကြီးပါလား။ ငါလည်း ကျင့်ကြံသူတစ်ယောက်ကွ။ ဒါပေမယ့် ဘာမှ မမြင်ရဘူး”
ထိုသာမန်လူများအကြား၌ စိတ်ဝိညာဉ်ကျင့်ကြံသူများလည်းပါသည်။
သူတို့သာမန်လူတွေ မမြင်နိုင်ဘူးဆိုတာက အသာထား ဒီမြင့်မြတ်တဲ့ စိတ်ဝိညာဉ်ကျင့်ကြံသူတွေတောင် မမြင်နိုင်ဘူးဆိုတာကတော့ ဘာသဘောလဲ။
စုရှောင်ရှန်လည်း တစ်ခုခုကိုစဉ်းစားမိလိုက်ပြီး တုံ့ခနဲရပ်သွား၏။
သူနှင့် ခဏတာသာ ပြောဆိုဆက်ဆံဖူးတယ်ဆိုပေမယ့် စုရှောင်ရှန်၏ စိတ်နေစိတ်ထားကို ခရေစေ့တွင်းကျသိပြီးပြီလို့ ကိုယ့်ကိုယ်ကိုယ်မှတ်ယူထားသော ကျောက်ထန်းထန်း သူဘာတွေးနေလဲကို သိပေသည်။
ထိုအကောင်က တစ်ခုခု ရှက်စရာကောင်းတာ လုပ်ဖို့ကြံနေလောက်ပေသည်။
“ကောင်စုတ်လေး။ မလွန်လာနဲ့နော်။ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကိုချလိုက်။ မဟုတ်ရင် သေတယ်ဆိုတာ ဘာမှန်းတောင်မသိဖြစ်သွားမယ်”
ကျောက်ထန်းထန်း၏ မျက်နှာလေးက စော်ကားမှုမှ တစ်စိတ်၊ ဒေါသထွက်ရခြင်းမှ တစ်ပိုင်း ရဲရဲနီလို့နေ၏။
‘ဒီကောင်က မိစ္စာပဲ။ ငါတို့ကိုအမိန့်ပေးပြီးတော့ ကြောင်ကိုလွှတ်ပေးလိုက်မယ်ထင်နေတာ ခုဆက်ပြီး လွန်လွန်ကျူးကျူးတွေ အမိန့်ပေးနေပြန်ပြီ။ ဘာကိုရှေ့တက်နောက်ဆုတ်လဲ။ သူ့လက်ထဲမှာ ဓားစာခံ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ရှိလို့ထား ကခိုင်းတာကြီးကြ မလွန်လွန်းဘူးလား။ သူ့ဦးနှောက်ထဲဘာတွေတွေးနေတာလဲ။ ငါတို့က စိတ်ဝိညာဉ်ကျင့်ကြံသူတွေပါ ပြဇာတ်ကတဲ့သူတွေမဟုတ်ဘူး။ ငါ့တစ်ဘ၀လုံးမှာတောင် တစ်ခါမှ မကခဲ့ဖူးဘူး။ ခုလည်း မဟုတ်မဟက်တွေကြံနေပြန်ပြီထင်တယ်’
ကျောက်ထန်းထန်း အတော်လေး စိတ်ဆိုးနေပါသည်။ သူမက တိုက်ခိုက်ဖို့ရန်မကြောက်ပေမယ့် စုရှောင်ရှန်က တိုက်ခိုက်တာထက် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသော အရာတစ်ခုခုကို လုပ်ခိုင်းမှာ စိုးရွံ့နေသည်။
ရှင်းကုကု၏ မျက်နှာထက်က စိုးရိမ်နေသော အမူအရာက ဒေါသအသွင်ကိုပြောင်းသွားပြီးတော့ နာကျဉ်းမုန်းတီးစွာ အော်လိုက်သည်။ “ကောင်လေး။ ငါတို့ကို အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ပြန်ပေး။ မင်းကို ရတနာတစ်ခုပေးမယ်”
ခွန်အားအရာနဲ့ စုရှောင်ရှန်ကို ဖိအားပေးလို့မရမှတော့ ဗျူဟာပြောင်းရတော့မှာပေါ့။
‘ငါလည်း တခြားရွေးချယ်စရာမရှိဘူး။ ဒီကောင်က ငါ့လောက်မြန်တယ်ဟ’ ကုရှင်းရှင်း ကြောင်ဖြူလေးကို ပြန်လုယူဖို့ရန် ရည်ရွယ်ထားပေမယ့် တစ်ခုခု အလွဲအချော်ဖြစ်သွားမှာကို စိုးရိမ်နေပေသည်။
‘သူ့နေရာမှာငါသာဆိုရင်တော့ ငါလည်းအလျော့ပေးမှာမဟုတ်ဘူး။ ငါမှ မသေနိုင်လို့ ကိစ္စမရှိဘူး။ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်က ခုမှ မွေးကာစလေး အရမ်းအားနည်းနေသေးတယ်။ သူသေသွားနိုင်တယ်’
ရှင်းကုကု ထို မသေချာမရေရာသည့်အရာပေါ်တွင် လောင်းကြေးမထပ်ချင်ပေ။ သူက လုပ်ရဲရင်တောင် ကျောက်ထန်းထန်းက အခွင့်ပေးမည်မဟုတ်။
“ဖလှယ်မှာလား”
စုရှောင်ရှန် ထိုအကြံပြုချက်ကို စဉ်းစားလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်ကို ဟိုဟိုဒီဒီကြည့်ရင်းက ရှင်းကုကုကိုင်ထားတဲ့ ရွှေရောင်ကြိမ်လုံးအပေါ်အကြည့်ရောက်သွား၏။
“ရတယ် အဲ့ကြိမ်လုံးနဲ့ဆို လဲမယ်”
သူ၏ သားရဲထိန်းချုပ်ခြင်းလက်နက်နှင့် လဲလှယ်ချင်သည်ဟုဆိုလာသောအခါ ရှင်းကုကု နောက်တွန့်သွားသည်။ အေးစက်စက်မျက်၀န်းများဖြင့် သူငြင်းဆိုမယ်လုပ်မှ နာရင်းတစ်ချက်ဆော်ခံလိုက်ရသဖြင့် ရွေးချယ်စရာမရှိ ခေါင်း မညိတ်ချင်ဘဲ ညိတ်လိုက်ရတော့သည်။
“လဲမယ်ပေါ့”
ထိုကြိမ်လုံးကို တကယ်ရနိုင်တယ်ဆိုလာသောအခါ စုရှောင်ရှန် ပျော်သွား၏။ ထိုအရာက မို့မို့လက်ထဲက မီးခိုးမြူပုံရိပ်ကို ဖိနှိပ်ထားနိုင်သည့် ကြေးမီးဖိုးလေးနှင့် တူပေမည်။
ကြောင်ဖြူပေါက်စနလေးက ဤသို့ ရတနာနှင့် လဲလှယ်နိုင်တယ်ဆိုသဖြင့် သူ့စိတ်ထဲက ကြောင်ဖြူလေး၏ တန်ဖိုးကို နောက်တစ်ဆင့်မြှင့်လိုက်သည်။
စိတ်ထဲက ၀မ်းသာအားရဖြစ်နေမှုကြီးကိုဖိနှိပ်ကာ ၀မ်းနည်းသလို မျက်နှာထားဖြင့် “မလုံလောက်ဘူး။ ငါတို့အခုပြောနေတာက အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်နော် လမ်းဘေးက ကြောင်မဟုတ်ဘူး။ ဒီရွှေကြိမ်လုံးတစ်ခုတည်းက ဘယ်လိုမှ တန်ဖိုးမမျှညီဘူး”
ထို့နောက် ကျောက်ထန်းထန်း၏ ရင်သားအပေါ်ကို အကြည့်များရောက်သွားကာ “ငါအဲ့တာလည်းလိုချင်တယ်…”
“အဟမ်း။ ငါက ခရမ်းရောင်သံကြိုးကိုပြောတာပါ”