ကျောက်ထန်းထန်း မှင်တက်သွားရ၏။
သူမ၏ ငွေဖြူရောင်ကဲ့သို့ သွားများကို ကျိုးထွက်လုမတတ် ကြိတ်ကာ သွားကြားထဲက ဖျစ်ညှစ်၍ ပြောလိုက်သည်။ “ကောင်စုတ်လေး။ လောဘအရမ်းမကြီးနဲ့”
“လဲမလား မလဲဘူးလားပြော”
ကြောင်ဖြူလေးကို စုရှောင်ရှန် ရင်ဘက်က အင်္ကျီထဲ ထည့်လိုက်၏။
ဤသတ္တဝါလေးက အကောင်သာသေးပေမယ့် အတော်လေးတော့ အသုံးဝင်ပေသည်။ အသက်စွမ်းအင်လေးနည်းနည်းပေးလိုက်တာနဲ့ ရတနာများနှင့်လဲလှယ်ဖို့ အလုပ်ဖြစ်တော့၏။
အသက်စွမ်းအင်များပေးတယ်ဆိုတာက အခြားသူများအတွက် သေရေးရှင်ရေး ရွေးချယ်ချက်ဆိုပေမယ့် စုရှောင်ရှန်အတွက်ကတော့ ထမင်းစားရေသောက်မခြားနားပါပေ။
ထာ၀ရအသက်စွမ်းအင်နှင့်သူက အကန့်အသတ်မရှိသော အသက်စွမ်းအင်ကို ပိုင်ဆိုင်ထား၏။
အချိန်အတန်ကြာ စဥ်းစားနေပြီးနောက်မှာ ကျောက်ထန်းထန်းက ထင်ထားသည့်အတိုင်း အသံသဲ့သဲ့ကလေးပေးလိုက်ပါသည်။
“လဲမယ်”
“ဟာ တကယ်ရတယ်ဟ”
စုရှောင်ရှန် မှင်တက်သွားရ၏။
အခြားတစ်ဘက်က လဲလှယ်ဖို့ တကယ် သဘောတူညီမယ်လို့မထင်ပါချေ။
‘ဒါပေမယ့် မင်းတို့ရဲ့ အဲ့ဒီရတနာတွေမရှိတော့ရင် မိုမို့လို ထိန်းမနိုင် သိမ်းမရတွေဖြစ်ကုန်ကြမှာပေါ့။ ဒါတောင် လဲမယ်တဲ့လေ’
သူ့လက်ထဲက ကြောင်ဖြူလေးကို တန်ဖိုးမဖြတ်နိုင်စွာကြည့်လိုက်သည်။ ထိုကြောင်ဖြူလေးက သူမှန်းဆနိုင်တာထက်တောင် ပို၍ အဖိုးတန်မည်ဟု ယုံကြည်ပေသည်။
ထိုသို့တွေးကာ ညှစ်ထားသည့်သူ့လက်ကို ဖြေလျော့လိုက်သဖြင့် ကြောင်လေး နေသာထိုင်သာ ပြန်ရှိသွား၏။
“ညောင်”
ကြောင်ဖြူလေး ဒေါသတကြီး ရုတ်ရုတ် ရဲရဲ သောင်းကျန်းလိုက်ပေမယ့် စုရှောင်ရှန်ကို လည်ပြန်ကြည့်လိုက်သောအခါ ငြိမ်ကုပ်သွားခဲ့သည်။ ၎င်း၏ မျက်၀န်းများအတွင်း၌ ကြောက်ရွံ့မှုတို့ရှိနေ၏။
သတ္တဝါငယ်လေးက အသိဉာဏ်ကောင်းကောင်းကြီးမဖွံ့ဖြိုးသေးဘူးထား စုရှောင်ရှန်သာ ထပ်ပြီး အားနည်းနည်းထည့်ပြီးညှစ်လိုက်မယ်ဆိုရင် ပြန်လည်မွေးဖွားဖို့ အခွင့်အရေးရှာရတော့မယ်ဆိုတာသိလေသည်။
“ကလေးရေ နာသွားလား အုံဖွ ဘာမှ မဖြစ်တော့ဘူး”
သူ့လက်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာရှ်ိတယ်ဆိုတာကို သိသောအခါ သူ့ဆက်ဆံပုံတောင် ပြောင်းလဲသွားခဲ့ သည်။ ကြောင်လေး၏ မျက်နှာအထက်က နာကျင်နေသောအမူအရာကိုမြင်သည့်အတွက် သာသာလေးပွတ်သပ်ပေးလိုက်၏။
ဟူးးး။
ထို့နောက် အသက်ရှူခြင်းနည်းစနစ်ဖြင့် အသက်စွမ်းအင်ပမာဏအများကြီးကိုရှိုက်ထုတ်လိုက်သည်။
ကြောင်ဖြူလေးလည်း နာကျင်နေတာတွေ မေ့သွားကာ အသက်စွမ်းအင်များကို အငမ်းမရ စားသုံးလေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်ရိုက်ခံလိုက်ရသလို တဆတ်ဆတ်တုန်ခါသွားပြီး ပါးစပ်ကလည်း အမြှပ်များပြန်ထွက်လာခဲ့၏။
“ညောင် ညောင်”
ဘာသာစကားမတူပေမယ့် ထိုညောင်သံက ရင်းနှီးနေသလိုခံစားလိုက်ရပြီး စုရှောင်ရှန် တုန်လှုပ်သွားခဲ့သည်။
“ဟင်းးးး”
ဒါ့အပြင်ကို သူ့တစ်ခြားလက်က ညည်းသံသဲ့သဲ့လေးကိုကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်ရာ မထင်မှတ်ထားဘဲ မုကျစ်ရှီဖြစ်နေတာတွေ့ရသည်။
ကလေးမလေးလည်း အသက်စွမ်းအင်များကို မဟားတရားစုပ်ယူနေသဖြင့် ကျစ်ဆံမြှီးများတောင် ဆန့်တန်းနေခဲ့သည်။ သူ၏ ရင်ဘက်ကိုလည်း သတိမမူမိဘဲ ခေါင်းဖြင့် ပွတ်သပ်နေ၏။
“ထ” စုရှောင်ရှန် သူမကို လှုပ်နှိုးလိုက်သည်။
သို့ပေမယ့်မရသဖြင့် နောက်ဆုံး အသာလေးပါးကို ရိုက်လိုက်မှ သတိပြန်လည်လာခဲ့သည်။ သူမ ဘာလုပ်လိုက်တယ်ဆိုတာ သိသောအခါ မုကျစ်ရှီ၏ မျက်နှာတစ်ခုလုံး သွေးများဥလာသလိုတောင် ရဲရဲနီသွား၏။ ဘေးနားမှာလူတွေအများကြီးရှိတာကို သူမ ဘာလုပ်လိုက်တာလဲ။
“ငါ…”
“ဘာလဲ ပြောလေ”
“စုရှောင်ရှန်”
“ဘာလို့ အကြောင်းမရှိဘဲ ငါ့နာမည်ကို အော်ပြောနေတာလဲဟ”
မုကျစ်ရှီက ရှက်းကိုးရှက်ကန်း လက်သီးသေးသေးလေးကို ချီမြှောက်လိုက်သည်။ စုရှောင်ရှန်က အသာရယ်ရင်းသူမ၏ လက်သီးကိုဆုပ်ကိုင်ကာ သူ့နောက်ပို့လိုက်သည်။
“တော်တော့။ ဒီမှာ ပိုပြီးအရေးကြီးတဲ့ ပြဿနာကိုဖြေရှင်းရဦးမယ်”
ဤနည်းလမ်းကကြောင်သာမဟုတ်ဘဲ သူ့ဆရာတူညီမလေးအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပုံရသည်။ သေချာမှတ်ထားရပေမည်။
စုရှောင်ရှန် မုကျစ်ရှီရော ကြောင်လေးကိုပါ ဝှက်ထားလိုက်ပြီး ရွေကြိမ်လုံးနှင့် ခရမ်းရောင်သံကြိုးကိုင်ကာ သူ့စီ ချဉ်းကပ်လာနေသည့် ကျောက်ထန်းထန်းကို ကြည့်လိုက်၏။
“စိတ် တော့ မကောင်းဘူး။ ငါမလဲချင်တော့ဘူး” သူ့လက်ကိုဆန့်ထုတ်ကာ ပြောလိုက်သည်။
ကျောက်ထန်းထန်း တုံ့ခနဲရပ်သွားပေသည်။ ချက်ခြင်းရှေ့ကို တစ်ဟုန်ထိုးတက်ပြီး ထိုအကောင်၏ မျက်နှာကိုထိုးပစ်လိုက်ချင်စိတ်များတစ်ဖွားဖွားပေါ်လာနေတော့သည်။
စိတ်ထဲကလည်း –
‘ခရမ်းသံကြိုးကို ချွတ်ပြီးမှ ငါ့ကို ဒါလာပြောတယ်ပေါ့’
“နင်ဘာကိုဆိုလိုချင်တာလဲ” သူမ၏ လေသံက ဒေါသကိုဖိနှိပ်ထားရကြောင်းထင်ရှား၏။
“တခြားဆိုလိုရင်းလဲမရှိရပါဘူး။ ငါပြောတဲ့အတိုင်းပါပဲ”
စုရှောင်ရှန်က ကြောင်လေးကိုအင်္ကျီထဲက ပြန်ထုတ်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိ သူ့လက်ပေါ် အသာလေးတင်လိုက်သည်။ “ကြောင်လေး” သူက ပြောလိုက်ကာ “ငါမင်းကို ရွေးချယ်ခွင့်ပေးမယ်။ သူတို့နဲ့လိုက်သွားချင်လား။ ငါနဲ့နေမလား”
ကျောက်ထန်းထန်းမှင်တက်သွား၏။ ရှင်းကုကုလည်း ထိုနည်းလည်းကောင်းဖြစ်သည်။
စုရှောင်ရှန် သူတို့ကို တစ်ချက်မျှသာ စောင်းငဲ့ကြည့်ပြီး သူ့လက်ပေါ်က ကြောင်ဖြူပေါက်စလေးကို ပြန်ကြည့်လိုက်၏။
ကြောင်ဖြူလေးက သူတို့နှစ်ဦးကို ဝေခွဲမရသော မျက်၀န်းများဖြင့် ကြည့်လိုက်သည်။ တကယ်က သူတို့စိတ်ထဲမှာ ထိုသို့ထင်နေခြင်းသာဖြစ်၏။
စုရှောင်ရှန် ဘာမှတောင်ပူနေစရာမလိုဘဲ ကြောင်ဖြူလေးက ချက်ခြင်းပျော်ရွှင်စွာ သူ့ခေါင်းအပေါ်ခုန်တက်လိုက် လေသည်။
“ညောင်… ညောင်”
ကြောင်ဖြူလေးက ‘ငါ့ကိုနောက်ဆုံးတော့ လက်ခံပြီပဲ’ ဆိုတဲ့ အမူအရာမျိုးပြသနေ၏။
သစ္စာအကြီးအကျယ် ဖောက်ခံလိုက်ရသလိုခံစားလိုက်ရပြီး ကျောက်ထန်းထန်း၏ မျက်နှာ အစိမ်းရောင်ပြောင်းသွားပေသည်။
သူတို့နှစ်ဦးက အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကိုစောင့်ရှောက်လာတဲ့သူတွေပါ။ ခုတော့ စုရှောင်ရှန်စီက အသက်စွမ်းအင် တစ်ရှိုက်လေးနဲ့ ပါသွားသည်တဲ့။
ချက်ခြင်းသူမ၏ သိုလှောင်လက်စွပ်ထဲက မြွေပျံမျက်လုံးဆေးပင်ကိုထုတ်ယူလိုက်သည်။
“ကြောင်လေး ဒီကိုလာ” ကျောက်ထန်းထန်းက ကိုယ်ကိုကိုင်းကာ ညှင်သာနူးညံ့သော လေသံကလေးဖြင့် ကြောင်ဖြူလေးကိုဆေးပင်ပြကာ ဆွဲဆောင်သည်။
ကြောင်ဖြူလေးကလည်း ခေါင်းထောင်လာပြီး သူမလက်ထဲက ဆေးပင်မှ အသက်စွမ်းအင်များကိုရှိုက်လိုက်သည်။ အဆုံးတော့ အထင်အမြင်သေးသလိုသာ နှာတစ်ချက်မှုတ်ပြလိုက်၏။
ကြောင်ဖြူလေး နေ့တိုင်းဥ ဥပေးမယ့် ရွှေငန်းကို ဘယ်သတ်ရက်မလဲ။ တစ်ရက်စာလား တစ်ဘ၀စာလားနားလည်ပါသည်။
၎င်း၏ ပါးစပ်ထောင့်ကနေ သွားရည်များကျလာတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ စုရှောင်ရှန်၏ ခေါင်းထက်၌ အိပ်စက်ရန် ပြုလိုက်လေသည်။ ဆိုရလျှင် သူအိမ်အဖြစ်သတ်မှတ်ထားသည့် ဤနေရာက နွေးထွေးကာ သက်တောင့်သက်သာရှိလှသည်။
ကျောက်ထန်းထန်း တုန်လှုပ်သွားကာ ဒူးထောက်ကျမတတ်တောင်ဖြစ်သွားခဲ့၏။
သွားလေပြီ။ သူမတို့၏ အထွတ်အမြတ်သားရဲလေး မြူစွယ်ခံသွားရပြီ။
အသက်တစ်ချက်ရှိုက်စာပမာဏလောက်လေးနှင့် သူမကို သစ္စာဖောက်လိုက်တာကို မယုံကြည်နိုင်ပေ။ ‘နင်က ငါ့ကို ကျေးစွပ်တယ်ပေါ့လေ’
“စုရှောင်ရှန်နော် ဟုတ်တယ်မလား” ရှူးရှူးရှဲရှဲဖြင့် အသက်ရှူရကြပ်ကာ ရင်တလှိုက်လှိုက်ဖြစ်နေသဖြင့် ကျောက်ထန်းထန်း ရင်ဘက်ပေါ်လက်တင်ထားရသည်။
“ငါနင့်ကို ရွေးချယ်စရာထပ်ပေး…”
စုရှောင်ရှန်က သူမကို ကြားဝင်ဖြတ်လိုက်ကာ “အဲ့လိုလား။ ငါလည်းနင့်ကို ရွေးချယ်စရာပေးမယ်လေ”
ကျောက်ချင်းထန် ဒေါကန်သွားကာ “သူများပြီးအောင်ပြောတာ မစောင့်နိုင်ဘူးလား”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်သူမကို လစ်လျူရှူပြီးတော့ ရေရွတ်လိုက်သည်။ “ငါသာမှန်မယ်ဆိုရင် ဒီကောင်လေးက ကြီးထွားလာဖို့အတွက် အသက်စွမ်းအင် အတော်လိုမှာပဲ”
“နင်ဘာပြောချင်နေတာလဲ” ကျောက်ထန်းထန်း မျက်ခုံးများပင့်လိုက်သည်။
“ဒီကြောင်လေး အစကတည်းက ထွက်ပြေးလာရတယ်ဆိုတာကလည်း နင်တို့မှာ တိုက်စရာ နို့ လုံလုံလောက်လောက်မရှိလို့ဖြစ်မယ်” စုရှောင်ရှန်က ပြုံး၍ဆို၏။
ထိုနှစ်ယောက်တိတ်ဆိတ်နေတာကိုမြင်သောအခါ သူခန့်မှန်းတာ မှန်ကြောင်းသိလိုက်ရသည်။
“ဒီလိုလုပ်ပါလား…” ဆက်လက်၍သူက “ငါတို့ အပေးအယူတစ်ခုလုပ်မယ်။ ဒီကြောင်လေးကို ငါကူညီပြီးတော့ ကြီးလာအောင်ပြုစုပျိုးထောင်ပေးမယ်။ ဒီလိုလုပ်ပေးတဲ့အတွက် နင်တို့က ငါ့ကို ပုံမှန် ဆက်ကြေးပေးသွင်းရမယ်။ ဘယ်လိုလဲ”
ကျောက်ထန်းထန်းရော ရှင်းကုကုပါ နောက်တွန့်သွားကြသည်။
၎င်းက ကောင်းမွန်သည့်အရာလိုလိုနှင့် မကောင်းပေ။ ဒီကောင်က အကြံကြီးလှသည်။ အလိုရမက်ကြီးခြင်းကြောင်ကို ခေါ်သွားချင်ရုံသာမက သူတို့ထံကပါ ပုံမှန်ဆက်ကြေးလိုချင်သေး၏။
ဒီလို အကြံဆိုးကြီးကို ဘယ်လို ချလိုက်တာလဲ။ သူတို့ကို ငတုံးတွေလို့ထင်နေတာလား။
“မင်းတို့က မတုံးဘူးပဲ” စုရှောင်ရှန် သူ့အကြံကို သိုဝှက်ထားခြင်းမရှိပါ။
ကျောက်ထန်းထန်းတို့နှစ်ဦး စွံ့အသွားကြရ၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂]
ထို့နောက်မှာ ဆက်လက်၍ “ဒါပေမယ့် ဒီအပေးအယူက နင်တို့အတွက်လည်း ကောင်းပါတယ်။ ငါက ဒီကြောင်အတွက်ကို အကန့်အသတ်မရှိတဲ့ အသက်စွမ်းအင်တွေထောက်ပံ့ပေးရမှာ တစ်ဘက်က နင်တို့က ငါ့ရဲ့ နည်းနည်းလေး …. ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုချက်လေးကို လိုက်လျောပေးရုံပဲ”
“ဘာကိုနည်းနည်းလေးပဲ ကျိုးကြောင်းမဆီလျော်တာလဲ”
ကျောက်ထန်းထန်း သူမ၏ ဒေါသအိုးပြန်ပေါက်ကွဲတော့မလို ခံစားနေရသည်။
‘နင်ပြောတဲ့ ဘယ်အရာက ကျိုးကြောင်းဆီလျော်နေလို့လဲ။ အရည်မရ အဖက်မရတွေ ပြောတဲ့နေရာမှာ နင်က နယ်ပယ်တစ်ခုကိုရောက်နေတာကမှ ကျိုးကြောင်းဆီလျော်ဦးမယ်’
ကျောက်ထန်းထန်း ငြင်းဆိုတော့မလို့ရှိသေး စုရှောင်ရှန်က သူမကို လက်ယက်ခေါ်နေတာ မြင်လိုက်ရသည်။
“ဘာလဲ”
“ဒီနားလာခဲ့” ကျောက်ထန်းထန်း အလိုလိုနေရင်း နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိ၏။
ဒီကောင်ထောင်ချောက်မဆင်နေဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။