ဆောင်းလေအေးကလေးက ပြင်းထန်စွာတိုက်ခတ်နေလေရာ လေအလာမှာ သစ်ပင်၊ သစ်ရွက်ကလေးတို့ ယိမ်းနွဲ့ကုန်၏။
တောထဲရှိ မြက်ခင်းကြီးထဲမှာ ယောက်ျားတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့ရှိနေကြသည်။ သူတို့နှစ်ဦးစလုံးက မီးခိုးရောင် ၀တ်ရုံများ၀တ်ဆင်ထားကြပြီး ယောက်ျားလေးဖြစ်ဟန်ရသော ပုံရိပ်က ရိုးရှင်းစွာ၀တ်စားဆင်ရင်ထားပေသည်။
အခြားတစ်ဘက်က မိန်းမပျိုဖြစ်ဟန်ရသူက အကွေ့အကောက်အမို့အမောက်များဖြင့် မြင်သူတကာ သွားရေကျစေနိုင်လောက်အောင် ခန္ဓာကိုယ်ပေါ်မှာ အ၀တ်အစားကိုတင်းရင်းကြပ်နေအောင်၀တ်ထားတာကြောင့် မျက်စိအစာကျွေးစဖွယ်ဖြစ်သည်။
“အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကဘယ်ရောက်သွားတာလဲ”
အမျိုးသမီးလေးက လက်ထဲတွင် စိတ်ဝိညာဉ် ဆေးပင်ကိုကိုင်ထားပြီး နက်မှောင်နေသော မျက်နှာထားဖြင့်မေးလိုက်သည်
စုရှောင်ရှန်သာ ဒီနေရာမှာရှိမယ်ဆိုရင် ၎င်းက စစ်မှန်ခြင်းနယ်ပယ်စိတ်ဝိညာဉ်ဆေးပင်များအကြားရှိ အဆင့်အမြင့်ဆုံး မြွေပျံမျက်လုံးပင်ဖြစ်ကြောင်း တပ်အပ်ပြောနိုင်ပေလိမ့်မည်။
၎င်းက အင်မတန်အဆိပ်ပြင်းပြီးတော့ အသက်စွမ်းအင်လည်း ထင်မထားလောက်ရအောင် ကြွယ်၀သော ဆေးပင်တစ်မျိုးဖြစ်ပါ၏။ လူတစ်ယောက်ကို သတ်ဖို့လည်းသုံးလို့ရသလို ကယ်လို့လည်းရသည်။
မိန်းမပျိုလေးက အတော်အတန်ရှည်လျားကြီးမားသော မြွေကြီးတစ်ကောင်၏ ခေါင်းကိုတက်နင်းထား၏။ ထိုမြွေကြီးက ဤဆေးပင်ကိုစောင့်ရှောက်နေခဲ့သောမြွေကြီးဖြစ်ပြီး မိန်းမပျိုလေး၏ လက်စာမိပြီး သေသွားပေသည်။
မီးခိုးရောင်၀တ် လူလည်း ခေါင်းအစ ခြေအဆုံးတဆတ်ဆတ် တုန်ခါနေပေပြီး ကျိုးကြောင်းဆီလျော်မှုများ ပျောက်ဆုံးသွားသကဲ့သို့ မျက်လုံးများက နီရဲနေ၏။
“အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ပျောက်သွားပြီ”
“ငတုံးကောင်”
မိန်းမပျိုလေး၏ မျက်၀န်းများကလည်း သတ်ဖြတ်ချင်စိတ်များဖြင့်ပြည့်နေပြီးတော့ ဒေါသတကြီး ခြေထောက်ကိုမြှောက်လိုက်ရာ အင်မတန်ဆင်းလျပြီး နှင်းဖြူဖွေးနေသော ခြေတံရှည်ကြီးပေါ်လာသည်။ ဘန်းကတည်း မီးခိုးရောင်၀တ်လူ၏ ခေါင်းကိုကန်ပစ်လိုက်ရာ ထိုလူ သွေးသံတရဲရဲ ဖြစ်သွားသော ဦးခေါင်းဖြင့် အဝေးကိုလွင့်စင်သွားပေသည်။
“အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးတွေကဘယ်မှာလဲ။ မကြာခဏ သူ့ကိုကျွေးလို့ငါပြောတယ်မလား” သူမ၏ လေသံက ဆတ်ဆတ်ထိမခံဖြစ်နေ၏။
“အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးတွေ ကုန်သွားလို့ပါ”
ထိုလူက သွေးထွက်နေသော သူ့ခေါင်းကို ကိုင်ထားရင်းကပြောသည်။ သူပြန်လည်ထရပ်လိုက်ပြီဆိုတာနဲ့ ဒဏ်ရာများအားလုံး ပျောက်ကင်းသွားခဲ့၏။
ထို့နောက် ရှင်းပြပါသည်။ “အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်က အစားကြီးတယ်။ စီနီယာအမထွက်သွားတာနဲ့ အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးတွေ အကုန်လုံးနီးပါးကို တန်းစားပစ်လိုက်တာ”
ဘန်းးး…။
ထိုလူ၏ မျက်၀န်းထဲ၌ ဖြူဖြူဖွေးဖွေးအရာကိုတစ်ခုကို လျှပ်တပြက်အတွင်း မြင်လိုက်ရတဲ့တစ်ခဏ နောက်တစ်ခါ လွင့်စင်သွားပြန်သည်။
“ငတုံး ငတုံး ငတုံး”
မိန်းပမျိုလေးက ရှေ့နောက် ခေါက်တွန့် ခေါက်ပြန် လျှောက်လှမ်းရင်းက ဒေါသတကြီး ဆဲဆိုသည်။ အလိုရမက်ကြီးခြင်းကြောင်သားရဲက အစားကြီးတာသိပေမယ့် သူမထွက်သွားတာက ဘယ်လောက်ကြာသေးလို့လဲ။
သူမ၏ လက်ထဲက မြွေပျံမျက်လုံးဆေးပင်ကိုကြည့်ပြီး တိတ်ဆိတ်သွားမိသည်။
သူမသာ စောစောစီးစီးရောက်လာနိုင်ရင် အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်က ထွက်သွားလိမ့်မည်မဟုတ်ပေ။
“သူဘယ်သွားလိုက်တာလဲ” မိန်းမပျိုလေးက မေး၏။
“ကျွန်တော်မသိဘူး” ထိုလူက အပြစ်ရှိစွာခံစားနေရသလို ဖြေလိုက်သည်။ ထပ်မံကန်ကျောက်တော့မည့် မြှောက်လာသည့် မိန်းမပျိုလေး၏ ခြေထောက်ကိုမြင်သောအခါ ခေါင်းကိုပိုက်ပြီး အလျှင်အမြန် အော်လိုက်၏။ “မြို့-မြို့ထဲသွားတာနေမှာ”
“ဘာလို့မြို့ထဲသွားတာလဲ”
မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ကာ ခေါင်းပိုက်ထားရင်းက ထိုစူးစူးရှရှ အော်သံကိုကြားသောအခါ ထိုလူ ဆတ်ကတည်း တွန့်သွားပေသည်။ မိန်းမပျိုလေးက ရှူးရှူးရှဲရှဲ ဖြစ်နေပြီးတော့ “နင်သေချာလား”
“မသေချာဘူး။ ဖြစ်နိုင်တာကိုပြောတာ”
“ငတုံး”
မိန်းမပျိုလေးက ခြေထောက်ကိုထပ်မြှောက်ထားပေမယ့် မကန်လိုက်ဘဲနှင့် မေးသည်။ “ဘယ်မြို့ထဲ၀င်သွားတာလဲ”
ထိုလူလည်း စိတ်သက်သာရာရသွားကာ သတိကပ်ထားတာ လျော့လိုက်၏။
“ထျန်းစန်းမြို့တော်”
ဘန်း…။
ဘန်းးးး…။
ထိုလူပြောပြီးပြီးချင်းပဲ သူ့အပေါ်ကို ခြေကန်ချက်များ မိုးရွာသလို အဆက်မပြတ် ကျလာတော့သည်။ နေရာတိုင်းမှာ အသားစများက ပြန့်ကျဲလို့ မကြာခင် ဘာမှ မကျန်တော့သည်အထိကို စုတ်ပြတ်သတ်သွားခဲ့၏။
“ငတုံး အမှိုက်ကောင်”
“ဒီလောက်ရိုးရှင်းတာလေးကိုတောင် မလုပ်နိုင်တာ နင့်ကို ဘာလို့ အရှင်ထားရတော့မလဲ။ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်က ပျောက်သွားပြီ။ ခေါင်းဆောင်က ငါတို့ကို အပြစ်တင်ရင် ဘယ်လိုလုပ်မလဲ ဦးနှောက်မရှိတဲ့ကောင်၊ အမှိုက်လိုကောင်ရဲ့”
သွေးအိုင်ထဲက ထိုလူ၏ အသားစများက ချက်ခြင်း အသိရှိသလို တစ်ခုနှင့် တစ်ခု ပြန်ပေါင်းစပ်သွားကြပြီးတော့ လူသားသဏ္ဌာန်ပြန်ဖွဲ့စည်းလာခဲ့သည်။
“စီနီယာအမ”
“ငါ့ကို အဲ့လိုခေါ်နဲ့ နင့်လို ဂျူနီယာ မောင်လေးတစ်ယောက်ငါ့မှာမရှိဘူး”
“ဟီးဟီး” ထိုလူ၏ အသံက ကြောက်မက်ဖွယ်ရာ ကြက်သီးမွှေးညှင်းတထောင်းထောင်းထစေနိုင်သောအသံကို လုံး၀ပြောင်းလဲသွားခဲ့ပြီး “နင်သာ ငါ့စီနီယာမဟုတ်ခဲ့ရင် ငါ…”
ဘန်းးး..။
နောက်ထပ်ကန်ချက်တစ်ခုနှင့်အတူ ထိုလူ သွေးအိုင်ပြန်ဖြစ်သွားသည်။
“ငါ့ကိုတောင် ပြန်အာခံရဲပြီပေါ့လေ” မိန်းမပျိုလေးက လက်အစုံကို တင်ပစုံမှာ ခါးထောက်တင်လိုက်သောအခါ ပို၍ ဆွဲဆောင်မှုရှိသွား၏။ သူမက ကိုယ်ကိုကိုင်းကာ ကျီစယ်သောလေသံဖြင့်မေးလိုက်သည်။
“ဟုတ်လား”
သွေးအိုင်ဖြစ်နေသောထိုလူ ချက်ခြင်း ပုံပြန်မပြောင်းရဲတော့ပေ။
နောက်ဆုံးတော့ တိတ်ဆိတ်သွားပေသည်။ မိန်းမပျိုလေးက ခေါက်တွန့်ခေါက်ပြန်လျှောက်နေပြီနာက်မှ တုံ့ခနဲရပ်လိုက်ကာ “ငါတို့မြို့ထဲ၀င်မယ်”
သွေးအိုင်ထဲကနေ လူခေါင်းတစ်ခု ဖြစ်ပေါ်လာပြီးတော့ အံ့ဩတကြီး မေးလိုက်သည်။ “ကျွန်တော်တို့ရဲ့ အနေအထားနဲ့ ၀င်လို့ရပါ့မလား”
“အဲ့တော့ နင့်မှာ ပိုကောင်းတဲ့အကြံရှိတယ်ပေါ့”
“ကျွန်တော်…”
မိန်းမပျိုလေးက သူ့ကို ဘုကြည့်ကြည့်ကာ စိတ်မရှည်စွာ ပြောလိုက်၏။ “အမြန်လုပ် ငါတို့ နှောင့်နှေးနေလို့မရဘူး။ မဟုတ်ရင် မဖြစ်သင့်တာတွေဖြစ်ကုန်လိမ့်မယ်”
ထိုသို့ပြောပြီး သူမကိုယ်တိုင်ကလည်း ထူထဲသော ခရမ်းရောင် သံကြိုးကြီးတစ်ခုကို ထုတ်ယူပြီး ကိုယ်မှာ ပတ်လိုက်လေသည်။
ထိုသံကြိုးများပတ်ပြီးသောအခါ သူမ၏ အရှိန်အဝါက လုံး၀ ပြောင်းသွားခဲ့၏။
စွဲမက်ဖွယ်ရာ လှပနေတာကလွဲရင် ဘာစိတ်ဝိညာဉ်စွမ်းအင် အရိပ်အယောင်ကိုမှ တွေ့ရခြင်းမရှိတော့ပါပေ။
လူသားပုံစံပြန်ပြောင်းလာသော ထိုလူလည်း ဤအရာကိုမြင်သောအခါ မှင်တက်သွား၏။ သူက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရကာ ဆိုလိုက်သည်။ “ဒီလို ကိုယ့်ကိုယ်ကိုယ် သံကြိုးနဲ့ မတုတ်ပါနဲ့လား”
ဘန်းးး…။
သူမ ထပ်ကန်လိုက်သောအခါ ထိုလူ၏ခေါင်း ကြေမွသွား၏။
“အမြန်လုပ်။ အရည်မရအဖက်မရတွေ ပြောမနေနဲ့။ အသုံးမကျတာကလွဲရင် နင်ဘာလုပ်တတ်လို့လဲ”
“ဟီးဟီး… လူကူသတ်ပေးလို့ရတယ်လေ”
သို့ပြောပြီး ထိုလူကလည်း ရှောင်လင်ဘုန်းကြီးများကိုင်သော ရွေရောင် ကြိမ်လုံးတစ်ခုကို ထုတ်ယူကာ သွေးအိုင်ထဲက ထွက်လာလိုက်သည်။
ရွှေရောင်ကြိမ်လုံးကို ထုတ်ယူလိုက်ပြီးနောက်မှာ ထိုလူ့ကို သာမန်မျက်စိဖြင့် မမြင်နိုင်တော့ကာ စိတ်ဝိညာဉ်အာရုံဖြင့်လည်းအာရုံမခံနိုင်အောင် ပျောက်ကွယ်သွားခဲ့သည်။
“အော်မီတော်ဖော်။ ဘယ်လိုလဲ။ ဆရာတော်ကြီးတစ်ပါးနဲ့တူရဲ့လား”
အမျိုးသမီးလေးက သူ့ကိုစောင်းကြည့်ကာ ထူးမခြားနားဆိုလိုက်၏။ “ငတုံး ဘာမဟုတ်တာနဲ့ပဲ အချိန်ကုန်နေ။ သွားမယ်”
သူတို့နှစ်ဦး ခြေလှမ်းအနည်းငယ်တည်းဖြင့် တိမ်တွေအပေါ်ကိုရောက်သွားကာ ထျန်းစန်းမြို့တော်စီ လျှပ်စီးအလား အမြန်နှုန်းဖြင့် ခရီးနှင်တော့သည်။
“နင် အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို အသားတွေ သွေးတွေဘာညာကျွေးသေးလား” မိန်းမပျိုလေးက ရုတ်တရက် မေးလိုက်သည်။
“မဟုတ်တာ။ သေတဲ့အထိ အစာငတ်နေပါစေ သွေးနဲ့ အသားတော့ မကျွေးရဲပါဘူး။ မလုပ်ရဲပါဘူး”
“အေး တော်သေးတယ်။ မဟုတ်ရင် ထျန်းစန်းမြို့ထဲကလူတွေကို သွားစားတာနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတော့မှာ”
“အမကြီး နင်အတွေးလွန်နေပါပြီ။ ထျန်းစန်းမြို့တော်၀န်က ဘာမှမဟုတ်ပါဘူး။ တစ်ခုခုဖြစ်လာရင် သူ့ကို ကျွန်တော် အချိန်ဆွဲထားပေးမယ်။ အမက အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကိုရှာပေါ့”
“အေး နင်က တုံးပေမယ့် မသေနိုင်ဘူးဆိုမှတော့ နင်ပြောတာ သဘာ၀ကျတယ်”
“အမက စိုးရိမ်လွန်နေတာပါ။ အဲ့တာက ကြောင်ပေါက်စနလေး တစ်ကောင်သာသာပါပဲ”
ဘန်းးး…။
“သေလိုက်ပါလား ငတုံးရဲ့။ အဲ့တာ ငါတို့ ဂိုဏ်းရဲ့ နတ်သားရဲဟဲ့”
“မကန်ပါတော့နဲ့လို့”
မိုးက ဆက်လက်ကျဆင်းနေစဲဖြစ်သည်။
နောက်ဖေးလမ်းကလေးမှာ ရေများတောင်အိုင်လာခဲ့၏။
စားသောက်ဆောင်လေးအတွင်းက လီခုနှစ်ကတော့ အစီအရင်တံဆိပ်ပြားကို ပွတ်သပ်နေစဲဖြစ်သည်။
“ရှောင်ဆယ့်ခြောက် သတ်ရမယ့်လူကို တွေ့ပြီလားမသိဘူး။ တွေ့ရဲ့သားနဲ့ ငါ့ကို အချက်မပြရင်တော့ ဒီကောင် တစ်ယောက်တည်း ဆုလဒ်ကို မောင်ပိုင်စီးချင်လို့နေမယ်”
ထိုအတွေးဖြင့် နှာမှုတ်လိုက်ကာ “ဟမ့်။ ငယ်ပါသေးတယ်ကွာ”
သတင်းအချက်အလက် စုဆောင်းတာနဲ့ ပတ်သက်လာရင် ထိုအကောင်က သူ့လောက်တော်မတဲ့လား။
စုရှောင်ရှန်က ဘယ်လိုလူလဲဆိုတာ ရှောင်ဆယ့်ခြောက်မသိပေမယ့် သူကတော့ လုံးလုံးသိပေသည်။
စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်၊ စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒ၊ အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်နှင့် ယှဉ်ချနိုင်သော တိုက်ခိုက်စွမ်းရည်တို့က ပေါ့သေးသေးမဟုတ်ပေ။ ကောလဟာလများအရ သူက အရှင်သခင်နယ်ပယ်တစ်ယောက်ကိုတောင် ခေါင်းဖြတ်သတ်လိုက်သည်လို့ အဆိုရှိသည်။
“ထျန်းစန်းနန်းတော်ကနဲ့ ကျန်းမျိုးနွယ်စုက တိုက်ရိုက် တာ၀န်အပ်လာတယ်ဆိုတော့ ကျန်းသခင်လေး အသတ်ခံလိုက်ရလို့များလား။ တော်တော် တင်းကြပ်ကြတာပဲ ဘာမှတောင် မပြောကြဘူး”
သူထင်ထားသလိုဆိုရင် ၎င်းက ကြောက်မက်ဖွယ်ရာကောင်းနေပေပြီ။ စုရှောင်ရှန်လို အန္တရာယ်များသော လူက လုပ်ကြံသူရှိကြောင်းကို သိကိုသိရမည်။
ထိုလုပ်ကြံသူက ဘယ်လောက်ကျွမ်းကျင်နေပါစေ ဒီလောက်ကြီးတဲ့ကမ္ဘာကြီးထဲမှာ တစ်နည်းမဟုတ်တစ်နည်းတော့ သိမြင်နိုင်စွမ်းပေးတဲ့ အရာတစ်ခုခုရှိကို ရှိမည်။ သူ့တွင်လည်း ထိုသို့ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိရာ အခြားသူများကမရှိဘဲ နေမည်လား။
လုပ်ကြံမှုပြုတိုင်းမှာ ဘာရန်သူကြီးဖြစ်နေပါစေ အထင်အမြင်သေးခြင်းမရှိသောကြောင့် ဤလုပ်ငန်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကျော် သူရပ်တည်လာနိုင်တာဖြစ်သည်။
သို့ဖြင့် ရှောင်ဆယ့်ခြောက်၏ အကုန်မောင်ပိုင်စီးလိုသော စိတ်နေသဘောထားကို ကောင်းကောင်းကြီး နားလည်ပေသည်။
“အိပ်မက်ဆက်မက်နေလိုက်ဦးပေါ့ကွာ။ မင်းဘယ်လိုတွေးသလဲ မသိပေမယ့် စုရှောင်ရှန်က နောက်ဖေးပေါက်ကနေ တကယ်ကိုထွက်လာမှာ”
ထိုအရာများကိုတွေးနေစဉ်မှာ သူ၏ မျက်နှာအမူအရာက ကြောက်ဖို့ကောင်းနေတာ လီခုနှစ်တောင်သတိမထားမိပေ။ သို့ဖြင့် သူအတွေးနက်နေစဉ်မှာ လူနှစ်ယောက် သူ၏ အစီအရင်ထဲကနေ လွတ်မြောက်လာတာကို မရိပ်မိလိုက်ပေ။
သူတို့ထဲမှ တစ်ယောက်သည် အရပ်ရှည်ကာ ကျန်တစ်ယောက်က ပုပေသည်။ သူတို့နှစ်ယောက်လုံးက ခေါင်းအထက်၌ ကောက်ရိုးခမောက်များစောင်းထားပြီး စားသောက်ဆိုင်လေးထဲကို ၀င်လာခဲ့၏။
“စားပွဲထိုးလေးရေ မှာမယ်ဟေ့”