Switch Mode

အခန်း (၂၆၇)

ဖယ်နော် မဖယ်ရင် ညှစ်သတ်ပစ်မယ်

[စိန်ခေါ်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ထိုမိန်းမက သူမ ပေါ်ပေါ်လွင်လွင် ၀တ်စားဆင်ရင်တာကိုပြောနေလားဟု စုရှောင်ရှန် တုံ့ခနဲ ရပ်သွားပြီးတော့ ခဏကြာမှအသိပြန်လာခဲ့သည်။

“ဒီမိန်းမက သူ့အကြောင်းတော့မဟုတ်လောက်ဘူး။‌ ကြောင်ကိုပြောနေတာဖြစ်ရမယ်” ထိုမှ ကောင်းကင်ပေါ်က ပြန်ကျလာနေသည့် ကြောင်ကို ကြည့်လိုက်သည်။

“မိစ္ဆာသားရဲကိုပြောတာလား” သိသိကြီးနှင့်မေးလိုက်ပါသည်။

သူထင်ထားသည့်အတိုင်းပဲ ထိုစကားကြောင့် ကျောက်ထန်းထန်း၏ အမူအရာတန်း၍ ပြောင်းသွားခဲ့၏။ သို့သော် အောက်ဘက်က ရှင်းကုကု၏ လက်ထဲ ကြောင်ဖြူလေးရောက်သွားတာမြင်မှ စိတ်သက်သာရာရသွားပြီး အလျှင်အမြန်ဘဲ ပြန်သက်သာလာပါသည်။

“နင်က တကယ်ထူးခြားတာပဲ”

စုရှောင်ရှန်ကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီးတော့ မှတ်ချက်ပေးလိုက်သည်။ ဒီတိုင်းကြည့်ရင်တော့ သာမန်စိတ်ဝိညာဉ်ကျင့်ကြံသူနှင့်မခြားပေမယ့် အသေအချာ အနီးကပ်ကြည့်လျှင် လောကကြီးမှာတောင်တွေ့ရရှားတဲ့ အသက်စွမ်းအင်များပိုင်ဆိုင်ထားတာကိုတွေ့ရသည်။

သူတော်စင်ခန္ဓာကိုယ်လား… ထူးခြားတဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပဲလား။

ကျောက်ထန်းထန်း သေချာတပ်အပ်မပြောနိုင်ပေမယ့် သူမရှေ့က ကောင်လေးကို တကယ် စိတ်၀င်စားသွားပေသည်။

ကြောင်ဖြူလေးကိုလည်းမြင်နိုင်တယ် ပိုများတဲ့ အသက်စွမ်းအင်လည်းရှိတာကြောင့် မုကျစ်ရှီထက် ပိုကောင်းသော မိစ္ဆာသားရဲလက်ခံသူဖြစ်လာပေမည်။

“ကောင်လေး၊ နင့်ကို ငါသဘောကျတယ် ငါနဲ့လိုက်ခဲ့” ကျောက်ထန်းထန်းက ပြုံး၍ ဆို၏။

“ငါ့ဘယ်အစိတ်အပိုင်းကိုကြိုတ်တာလဲ‌။ ငါသွားပြောင်းလိုက်မယ်” စုရှောင်ရှန် ခွန်းတုန့်ပြန်လိုက်ပါသည်။

ကျောက်ထန်းထန်း၏ အပြုံးအေးခဲသွားရ၏။

အချိန်တစ်ခုကြာပြီးမှ သူမက နှုတ်ခမ်းကို လျှာသပ်ကာ ညုတုတုအသံကလေးဖြင့် “ဒီက မမကြီးက နင့်ရဲ့ နဂါးလေးကိုကြုက်တာ”

ဤမိန်းမ ဒီလောက် ရဲတင်းလိမ့်မယ်မထင်တာကြောင့် စုရှောင်ရှန် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိ၏။ သူ့စကားကို ပြန်တွေးကြည့်မိပြီးသောအခါ “ကြိုက်ရင်လည်းကြိုက်တယ်ပေါ့။ တားလို့မှမရတာ လုပ်ပေါ့”

စုရှောင်ရှန်က သာမန် လုပ်ထုံးလုပ်နည်းကနေ ကွဲထွက်နေတာကြောင့် သူမ ရှေ့ဆက်ပြောမယ့်စကားများ လည်ချောင်းထဲမှာ တစ်သွားလေသည်။

‘ငါကပဲ လုံလောက်အောင် ဆွဲဆောင်စရာမကောင်းလို့များလား’

“ငါ့ကိုဘယ်လိုထင်လဲ” သူမက‌ ဆိုနေရင်း ရှေ့သို့တက်လိုက်သည်။

“ကြိုက်တယ်ဆိုရင် ငါနဲ့ လိုက်ခဲ့မလား” စုရှောင်ရှန်က လက်ရှေ့ဆန့်ထုတ်လိုက်ကာ အတည်ပေါက်ကြီး “ဒါဆိုရင် အိမ်တစ်ခါတည်းလိုက်ခဲ့”

စုရှောင်ရှန်နှင့် စကားနိုင်လုနိုင်စွမ်းငှာ မစွမ်းသာသောကြောင့် ကျောက်ထန်းထန်း၏ မျက်နှာရှုံ့မဲ့သွား၏။

‘ဒီကောင် ဘာနည်းဗျူဟာကိုသုံးနေတာလဲ။ ငါ့နောက်ကနေ လိုက်ပြောပြီးမှ အငိုက်ဖမ်းတာလား။ ဘာလို့ ဒီလောက်ပြောရခက်နေတာလဲဟ’

“ဟူးးးး” ကျောက်ထန်းထန်း လေကိုခပ်ပြင်းပြင်းရှိုက်လိုက်ထုတ်လိုက်နှင့် ရင်သားအဖိုဖိုတို့မှာ နိမ့်ချည်မြင့်ချည်ဖြစ်သွားလေသည်။

‘စိတ်ထိန်း စိတ်ထိန်း။ ဒီကောင်က အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ရဲ့ လက်ခံသူဖြစ်လာမှာ ငါသွားရှုပ်လို့မရဘူး။ ဒါပေမယ့် သူ့အိမ်ကိုငါတကယ် လိုက်သွားသင့်လား’

“ကြည့်ပါလား” ကျောက်ထန်းထန်းထံ အတန်ကြာအောင် ဘာတုန့်ပြန်မှုမှမရသောအခါ စုရှောင်ရှန် ရေရွတ်လိုက်သည်။ “နင်က မရိုးသားဘူး”

ထို့နောက် အမိုးပေါ်က ခုန်ချလိုက်၏။

သူမနားကို လေဖြတ်၍ တိုက်သွားသောအခါ ကျောက်ထန်းထန်း‌ ကြောင်အသွားခဲ့သည်။

‘ဒီကောင်ဘာ‌ဖြစ်တာလဲဟဲ့။ ငါ့ကို အိမ်ခေါ်သွားချင်နေတာမဟုတ်ဘူးလား။ ပြောကာမှ ငါက သူ့ကို ‌မေးတာတစ်ခြား ပြောနေတာတစ်ခြားနဲ့ ဒီအကြောင်းကို ဘယ်ချိန်က ရောက်လာတာလဲ’

စုရှောင်ရှန်၎င်းကို တမင် ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တယ်ဟု တွက်ဆပြီး ကျောက်ထန်းထန်း ဒေါသ တထောင်းထောင်းထွက်လာတော့၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် စကားလမ်းကြောင်းလွှဲ၍ ဘာမှ မဆီမဆိုင်သောအရာတစ်ခုကိုမေးပြီး ရှောင်ထွက်နိုင်ခဲ့သည်။

မြေပြင်ပေါ်သို့ဆင်းသက်လိုက်သောအခါ အသိပေးချက်ဖန်သားပြင်ပေါ်တွင် အသိပေးချက်များစွာကျနေတာကြောင့် သက်ပြင်းချလိုက်၏။

“ဘာလို့ ဒီလောက် အငြိုးထားနေတာလဲဟ။ ငါက နင့်ကိုမကယ်မှာလည်းမဟုတ်ဘူး”

သို့ပြောပြီး မုကျစ်ရှီ၏ ပုခုံးထက်လက်တင်ကာ လှုပ်လိုက်လေသည်။ သူမကို ပိတ်လှောင်ထားသော ချုပ်နှောင်ခြင်းစွမ်းအားတို့က သူ၏ ခွန်အားကို ခုခံနိုင်ခြင်းငှာမရှိဘဲ တန်း၍ ကျိုးပေါက်သွားခဲ့သည်။

မုကျစ်ရှီက နှုတ်ခမ်းလေးဆူကာ “အဲ့တော့ ငါက တောင်းပန်ရမှာလား”

သူတို့ပတ်ပတ်လည်က လူများကိုမြင်သောအခါ စုရှောင်ရှန် ခေါင်းကိုက်သွားသည်။

“ငါခဏလေးပဲထွက်သွားတာကို နင်က ဒီလိုတောင် ပြဿနာရှာလိုက်တယ်ပေါ့လေ”

စိတ်ထဲကလဲ –
‘နာမည်ကြီးဓားနှစ်ချောင်းတင်မကဘူး။ မိုမို့လို လူနှစ်ယောက်တောင်ပါတယ်ဟ။ ညီမလေး နင်က ငါ့ထက်တောင်ပိုပြီး ဂြိုလ်ကောင်ဖြစ်နေပြီ။ ဒီနေရာက ထျန်းရွှမ်တံခါးမဟုတ်ဘူးနော်။ ဟိုနှစ်ယောက်တကယ်လုပ်ရင် ငါတို့တော့ ဂွမ်းပြီ’

နောက်ဆုံးမှာမှ မေးလိုက်သည်။ “ဒီလိုခုန်ဆင်းလာပြီးနင့်ကိုကယ်ဖို့ ငါဘယ်လောက်စတေးလိုက်ရလဲသိလား”

မုကျစ်ရှီသူ့ကိုသာ စိုက်ကြည့်လိုက်၏။ သူဘယ်လောက် စတေးသည်ဖြစ်စေ မဖြစ်စေ အစကတည်းက အဖြူရောင်ချပ်၀တ်သူရဲကောင်းလို ကောင်းကင်ပေါ်က ခုန်မဆင်းလာခဲ့သည်ဘအတွက် ခွင့်မလွှတ်နိုင်ပါပေ။

သူမ ဘာမှ ထပ်မပြောနိုင်သေးခင်မှာ စုရှောင်ရှန်က သူမ၏ ပါးစပ်ကို ပိတ်လိုက်၍ ခါတိုင်း မနေကြအတိုင်း ဘယ်လက်ဖြင့် မလိုက်သည်။

“ဘာမှ မပြောနဲ့ ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ထွက်သွားရအောင်”

“ထွက်သွားမယ်ဟုတ်လား” ရွှေရောင်ကြိမ်လုံးနှင့် ကြောင်ဖြူတို့ကို ကိုင်ထားတဲ့ ရှင်းကုကု ရှေ့တက်လာခဲ့ပြီး စုရှောင်ရှန်၏ လမ်းကိုပိတ်လိုက်သည်။

‌အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို သာမန်ကာလျှံ့လေးအလားလွှင့်ပစ်ပြီးနောက်မှာ လွယ်လွယ်နဲ့ ထွက်သွားနိုင်မယ် ထင်နေသည်လား။

ရွှစ်ကတည်း ကျောက်ထန်းထန်း လည်းမြေပြင်ပေါ်သို့ ‌ဆင်းသက်လာခဲ့၏။ စုရှောင်ရှန်ကို မျက်စောင်းလှလှလေးသာထိုးလိုက်ပြီးတော့ ထပ်မံစကား‌မပြောရဲတော့ပါချေ။

စုရှောင်ရှန်က မျက်လုံးများကို ကျဉ်းမြောင်းကာ ‘ဘာဖြစ်ဖြစ် နောက်ဆုံးတော့လည်း မြှားဦးက ငါ့ဘက်လှည့်လာတာပဲဟ။ ဒီကြောင်ဖြူလေးကိုလည်း ယူမသွားချင်ပါဘူး။ ဘာလို့ ငါ့ကို အကြောင်းပြချက်မရှိတားချင်နေကြလဲမသိဘူး။ တကယ် လက်ပါလာအောင်လုပ်နေတယ်’

သို့တွေးပြီး ဓားသမားသုံးဦးဘက်သို့လှည့်ကာ မေးလိုက်သည်။ “မင်းတို့သုံးယောက်က ငါ့ညီမလေးကို လာရှာတာ ဘာက်စ္စနဲ့လဲ”

ကုချင်းယိ စုရှောင်ရှန်ကို အတန်ကြာအောင်ကြည့်နေပြီးတာတောင် ဘာဓားဆန္ဒကိုမှ မခံစားရပေ။ ဒါကြောင့် သူက ဓားအတွေးနှင့်လူမဖြစ်နိုင်။

“ငါတို့ လူမှားသွားတာပါ၊ တောင်းပန်ပါတယ်။ မင်းတို့ကိစ္စဆက်ပါ”

ထို့နောက် လက်နှစ်ကိုဆုပ်ကိုင်၍ ကျန်နှစ်ယောက်ဖြင့်အတူ ထွက်သွားလိုက်သည်။ ဒီလူတွေဘာကြောင့် လွယ်လင့်တကူ အလျော့ပေးရတာလဲဟု စုရှောင်ရှန် မျက်ခုံးများပင့်လိုက်၏။

ဒီကောင်တွေ ဟာသလာလုပ်နေတာလား။

စုရှောင်ရှန် မထင်ပေ။ ဓားသမားသုံးယောက်က ပြီးနောက်မှ နောက်ကနေ အလစ်၀င်တိုက်ဖို့ကြံထားလည်း သူဘာမှ မတတ်နိုင်ချေ။ ကျန်နှစ်ယောက်ကို မလွဲရှောင်သာ အရင် ရင်ဆိုင်ရဦးပေမည်။

သို့ဖြင့် ကြောင်ဖြူမိစ္ဆာသားရဲကိုင်ထားသော ရှင်းကုကုကိုကြည့်ကာ စကားတစ်ခွန်းဆိုလိုက်သည်။ “မိစ္ဆာသားရဲ လက်ခံသူ”

ထို စကားကိုကြားသောအခါ ရှင်းကုကု၏ မျက်၀န်းအနက်ရှိုင်း‌ဆုံး၌ သတ်ဖြတ်ချင်စိတ်ကလေး မသိမသာ ဖြတ်ပြေးသွား၏။ ပြီးမှ သူ့ဘေးနားက ကျောက်ထန်းထန်းကို တအံ့တဩကြည့်ကာ “သူဘယ်လိုသိတာလဲ”

“သူမြင်နိုင်တယ်”

ထိုထက်ပိုပြီး ကျောက်ထန်းထန်းဘာမှမဆိုပေမယ့် ရှင်းကုကု သူ့ဟာသူ နားလည်‌သဘောပေါက်ပေသည်။

မိစ္ဆာသားရဲကိုမြင်နိုင်မှတော့ မိစ္ဆာသားရဲလက်ခံသူဘာလဲဆိုတာ သိတာ မဆန်းပေ။

“ခုငါတို့က မြို့ထဲမှာ” ကျောက်ထန်းထန်း သူ့ကို သတိထပ်ပေးလိုက်၏။

“စိတ်မပူပါနဲ့။ ငါတိုက်ခိုက်တာ အတော်လေးမြန်ပါတယ်” ရှင်းကုကုက ခေါင်းပြန်ညိတ်ပြလိုက်သည်။

ကျောက်ထန်းထန်း ထိုငနုံငအကောင်၏ ‌ခေါင်းကို တစ်ချက်ဆော်ထည့်ပစ်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုး ဆို၏။ “ငါက ဒီကောင့်အသက်စွမ်းအင်က အရမ်းများတယ် မသတ်နိုင်ဘူးလို့ပြောနေတာ”

ရှင်းကုကု ထိုမှ လန့်ဖျပ်သွားပြီး စုရှောင်ရှန်ကို အသေအချာ အကဲခတ်ကြည့်သောအခါ တကယ်ထူးခြားနေတာကို တွေ့ရှိသွားသည်။

“အဲ့တော့ နင်က…”

“မင်းတို့ ဘာကြည့်နေတာလဲကွ” ယခုလို အစိုက်ကြည့်ခံရတာ အနေခက်လှ၍ စုရှောင်ရှန်က ကြား၀င်ဖြတ်လိုက်၏။

သူတို့က စိတ်ချင်းဆက်၍ စကားမပြောဘဲ တီးတိုးပါးစပ်ဖြင့်ပြောနေတာကြောင့် သူ့အကြားအမြင်လက်အောက်ကနေ တစ်ခွန်းမှ မလွတ်နိုင်ပါချေ။ သူတို့၏ စကားအသွားအလာအရ ဒီနှစ်ယောက်က သူ့ကို ဖမ်းချင်နေသည့်ဟန်ပေါ်သည်။

မိုမို့လို အန္တရာယ်ရှိနိုင်သည့် ဤနှစ်ယောက်နှင့် စုရှောင်ရှန်သေသည်အထိတော့ မတိုက်ခိုက်ချင်ပါပေ။ သူ့အင်္ကျီထဲက ကျဲကိုကိုင်ကြည့်မှ စိတ်သက်သာရာရသွားခဲ့သည်။

၎င်းက ထျန်းစန်းမြို့တော်ဖြစ်ရာ ရုတ်ရုတ်သဲသဲဆို မကြာသေးခင်လေးကမှ ထွက်သွားခဲ့သော ဖုယင်ဟုန်လည်း မကြာခင်ရောက်လာတော့မည်။

သူက အကျောက်အကန် ပြန်တိုက်ခိုက်မယ်ဆိုရင်တောင် ဤနေရာမှာတော့ လုပ်၍ မဖြစ်ပေ။ သူ့မှာလုပ်လက်စအရာလေးတွေကျန်နေသေးရာ အေးစက်စက် အကျဉ်းထောင်ထဲမအောင်းချင်ရပါ။

“မင်း.. ဒီလာခဲ့” ရှင်းကုကုကို လက်ဝှေ့ခေါ်သည်။

သူ့ကို ဘာကြောင့်ခေါ်နေမှန်းမသိပေမယ့် မူလနန်းတော်အစောပိုင်းလေးကိုဘာ ကြောက်နေရမှာလဲဟု တွက်ပြီးတော့ ရှင်းကုကု အရှေ့တက်သွားလိုက်၏။

“ဒီအရာက မင်းတို့အတွက် အရေးပါတယ်ပေါ့” ရှင်းကုကု၏လက်ထဲက အမြှပ်‌ထွက်နေသေးသော ကြောင်ကိုလက်ညိုးထိုးပြီးဆိုသည်။

“ဘာကို ဒီအရာလဲကွ” ရှင်းကုကု ဒေါသထွက်လာခဲ့ပေသည်။

အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်၏ လက်ခံသူဖြစ်မလာနေဘူးဆိုရင် ဒီ‌အကောင့်ကို ဆယ်ခါပြန်သတ်ပြီးလောက်ချေပြီ။

သို့ဖြင့် အံကိုတင်းတင်းကြိတ်ကာ တိုက်ခိုက်ချင်စိတ်ကိုမနည်းထိန်း၍ “ဒါ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကွ။ အထွတ်အမြတ်သားရဲ စကားကိုကြည့်ပြော”

စုရှောင်ရှန် နားလည်ကြောင်း ခေါင်းညိတ်ကာ ပြသလိုက်သည်။

အထွတ်အမြတ်လို့တောင် နာမည်တပ်ခေါ်မှတော့ တကယ် အရေးကြီးလို့ဖြစ်ပေရလေမည်။ ကြောင်သားရဲဆိုတော့ သူတော်စင်ကြောင်တစ်ကောင်ကောင်များဖြစ်နေမလားမသိ။

ဘာဖြစ်ဖြစ် အတော်လေးတော့ ဈေးကြီးမည့်ပုံရ၏။

စုရှောင်ရှန် မေးစေ့ကိုပွတ်သပ်ရင်း အတွေးနက်နေတာကြောင့် ရှင်းကုကု ဘာပြောရမှန်းမသိ စွံ့အသွား၏။ မကြာခင်မှာ စုရှောင်ရှန်က အတွေးနွံထဲက ပြန်ထွက်လိုက်ပြီးတော့ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် လျှပ်စီးအလား အမြန်နှုန်းနှင့် ရှင်းကုကုလက်ထဲက ကြောင်ဖြူလေးကို လုယူကာ ခေါင်းအထက်၌ မြှောက်လိုက်သည်။

“လမ်းဖယ်နော်။ မဖယ်ရင် ညှစ်သတ်ပစ်မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset