Switch Mode

အခန်း (၂၆၅)

စုရှောင်ရှန် ကယ်ပါဦး

အခြေအနေက ရုတ်တရက် ငြိမ်ကျသွားခဲ့၏။ လူအုပ်လည်း ထိုကန်ချက်ကြောင့် တိတ်ဆိတ်သွားခဲ့ပေသည်။

ပြီးနောက် မယုံကြည်နိုင်သော အမူအရာများဖြင့် မိန်းမပျိုလေးကို ပါးစပ်အဟောင်းသားကြည့်လိုက်ကြ၏။

လူတိုင်း၏ မျက်လုံးများအောက်မှာ တစ်ယောက်ယောက်ကို ဘယ်လို တိုက်ခိုက်ရဲတာလဲ။

“ဟ…”

ရွှေကြိမ်လုံးနှင့် ရှင်းကုကုလည်း တစ်မျိုးတစ်ဖုံ မှင်တက်သွားခဲ့ပေသည်။

သူမက သူ့ကိုကြတော့ ဒေါသထိန်းဖို့ပြောပြီး ခုတော့ လူတစ်ယောက်ကို တုန့်ဆိုင်းခြင်းမရှိ ကန်ထည့်ပစ်လိုက်တယ်တဲ့။ လမ်းမှာ သူ့ကို စိတ်လိုက်မာန်ပါမလုပ်ဖို့ပြောပြီး သူမကြတော့ မြို့ထဲရောက်တာနဲ့ မေ့ပစ်လိုက်ရော။ ဘာလဲဟ။

“အမကြီး”

သူ့လိုခန္ဓာကိုယ်မရှိသည့် ရှောင်ဆယ့်ခြောက် ‌တစ်ချက်တည်းဖြင့် သေသွားမှာကို စိုးရွံ့မိ၍ အနားကပ်၍ သွားကြည့်လိုက်၏။

“စိတ်မပူပါနဲ့၊ ငါဘာလုပ်နေလဲငါသိပါတယ်။ သူမသေပါဘူး။ သွား၊ အောက်ချပေးလိုက်”

ထို့‌နောက် ရွှေရောင်‌ဆိုင်းဘုတ်ကြီးမှာ ကပ်နေသည့် ရှောင်ဆယ့်ခြောက်ကို လက်ညိုးထိုးပြလိုက်ပြီးတော့ ပြောလိုက်သည်။

သူမ ပြောပြောပြီးချင်းဘဲ ဆိုင်းဘုတ်မှာ ကပ်နေသည့် လူဖြည်းဖြည်းချင်းလျောကျသွားခဲ့သည်။

ဘုတ်…။

မြေပြင်ပေါ်သို့ ရှောင်ဆယ့်ခြောက်ပြန်ကျလာသည့်အချိန်မှာ သတိမေ့နေခဲ့လေပြီ။ သူဘာမှ လုပ်နေဖို့မလိုတော့တာကြောင့် ရှင်းကုကု ပုခုံးတွန့်ပြလိုက်သည်။ ထိုလူကိုကယ်ဖို့ရန်အတွက်ကတော့… ‘ထားလိုက်ပါလေ မသိတဲ့သူကို သွေးအထွက်ခံပြီး ကယ်နေလို့ဘာထူးမှာလဲ’

အခြားတစ်ဘက်က ကုချင်းယိလည်း မျက်နှာပေါ်မှာ ထုတ်မပြပေမယ့် အတွင်းစိတ်ထဲက တုန်လှုပ်နေခဲ့သည်။

ခြေကန်ချက် တစ်ချက်တည်းနဲ့ အရှင်သခင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အမှောက်သိပ်လိုက်တယ်တဲ့။ သူမက ဘယ်လောက်တောင် သန်မာလိုက်သလဲ။

သူ့ကို လုပ်လာခိုင်းမယ်‌ဆိုရင်တောင် ဓားမပါဘဲ မစွမ်းနိုင်ပေ။

ကုချင်းအယ်နှင့် ကုချင်းဆန်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့လည်း မှင်တက်နေကြတာ သိသာသည်။

ထိုကန်ချက်က ဘယ်လိုကြည့်ကြည့် တစ်စက်ကလေးမှ ရိုးရှင်းမနေပါချေ။

“ညီမလေး” မုကျစ်ရှီထံလာပြီးတော့ ထိုမိန်းပျိုလေးက ကိုယ်ကိုကိုင်းညွှတ်လိုက်လေသည်။

မုကျစ်ရှီကတော့ အခြားဘာကိုမှ မသိဘဲ ဤမိန်းမပျိုလေး အရပ်ရှည်‌လိုက်တာဟုသာ တွေးနေ၏။

‘ငါတောင် ခြေ‌ဖျားထောက်ရင် သူမရဲ့ ပုခုံးသားလောက်ကိုပဲ ရောက်တယ်’

ထိုမိန်းမပျိုလေး ကိုယ်ကို ကိုင်းညွှတ်လိုက်သည့်အခါ သူမ၏ အရပ်နှင့်ပတ်သက်ပြီး မုကျစ်ရှီပို၍ ရှက်ရွံ့သွားတော့၏။ ဘာလို့ သူများကြတော့ ဒီလောက်အရပ်ရှည်ရတာလဲဟု မယုံကြည်နိုင်မှုများ သူမ၏ မျက်၀န်းများအတွင်း အတိုင်းသား ထင်ပေါ်နေလေသည်။

ထိုမိန်းမပျိုက မုကျစ်ရှီ၏ မေးကို မော့လိုက်ပြီးတော့ ဆိုသည်။ “အမနာမည်က ကျောက်ထန်းထန်း။ အမထန်းထန်းလို့ခေါ်လဲရတယ်။ တကယ်ပြောရရင် အမက ညီမကို မြင်လိုက်တာနဲ့ သဘောကျသွားတယ်။ အမနဲ့လိုက်ခဲ့ပါလား၊ ညီမကို လိုအပ်လို့”

မုကျစ်ရှီ၏ ခေါင်းပေါ်က ခမောက်ကို ကျောက်ထန်းထန်းဟု နာမည်ရသော မိန်းမပျိုလေး ကြည့်လိုက်၏။

ထိုပေါ်တွင် ‌အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်က သူမရောက်လာတာကိုတောင်မှမသိဘဲ ပျော်ရွှင်သော အမူအရာဖြင့် မုကျစ်ရှီ၏ ထူးခြားတဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ခံစားနေ၏။

မုကျစ်ရှီက အသက်စွမ်းအင်တွေအရမ်း‌များနေတာ သစ်သားဓာတ်နဲ့ပတ်သက်တဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိလို့ဖြစ်ရမည်ဟု မှန်းဆလိုက်သည်။ ဤသို့သော ခန္ဓာကိုယ်မျိုးကို မြင်ဖူးတာလည်း ပထမဆုံးဖြစ်သည်ဟု ကျောက်ထန်းထန်း ၀န်ခံရပေမည်။

သူမတို့ဂိုဏ်းအတွင်းရှိ သူတော်စင်ခန္ဓာကိုယ်များနှင့် မယှဉ်သာသော်လည်း ၎င်း၏ အသက်စွမ်းအင်က ပြိုင်စံရှားဖြစ်၏။ ဤကလေးမလေးက အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်အတွက် လက်ခံသူကောင်းဖြစ်လာပေလိမ့်မည်။

ဤကဲ့သို့ မထင်မှတ်ထားစွာ အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်က သူကြိုက်သည့် ခန္ဓာကိုယ်ကို ရှာတွေ့လိမ့်မည်ဟု ထင်မထားသည့်အတွက် ပွတာပဲဟု မှတ်ယူလိုက်၏။

ထိုမိန်းမပျိုလေး၏ လှပသောမျက်၀န်းများ၏ အနက်ရှိုင်းဆုံးအတွင်း၌ လောဘတက်သော အမူအရာမျိုး မသိသာလေးဖြတ်ပြေးသွားပေသည်။

မုကျစ်ရှီ တစ်ခုခုပြောရန်ပါးစပ်ဟလိုက်ကာမှ ရှောင်ဆယ့်ခြောက်က သတိမေ့သွားပေမယ့် သူ၏ ကောင်းကင်နှင့် မြေပြင်စွမ်းအားများ မပျောက်ပျက်သေးတာကို သိလိုက်ရလေသည်။

‘အရှင်သခင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ဒီမိန်းမ ကန်ထည့်လိုက်တာ သတိမေ့သွားတယ်တဲ့’

မုကျစ်ရှီ အံ့ဩလို့မကုန်နိုင်ပါ။

ဘာကြောင့် ရှောင်ဆယ့်ခြောက်၊ ဓားသမားသုံးဦးနှင့် ဤမိန်းမတို့ သူမအပေါ်ကို အာရုံစိုက်လာသလဲ ဝေခွဲမရဖြစ်နေသည်။

‘ငါက သာမန်ပဲ ဘာမှလည်း ထူးဆန်းမနေပါဘူး။ ကိုယ့်ဟာကိုယ် စုရှောင်ရှန်ပြန်လာတာကို စောင့်နေတာပါ။ ဘာတွေဖြစ် နေတာလဲ’

မုကျစ်ရှီငိုချင်နေပေမယ့် အသံကမထွက်၊ စုရှောင်ရှန်ကလည်း ပြန်မလာသေးနှင့် ဤသို့ သူမ၏ တစ်ဘ၀လုံးမှာ ကြုံမကြုံဖူးပေါင်။

‘ဘာလို့ နောက်ကရောက်လာတဲ့သူကလည်း အရှင်သခင်နယ်ပယ်ကိုတောင် အေးဆေးဖြုတ်နိုင်တဲ့သူ ဖြစ်နေရတာလဲလို့’

“မလှုပ်နိုင်ဘူးလား”

မုကျစ်ရှီဖြစ်နေတဲ့ အနေအထားကို ကျောက်ထန်းထန်း ရိပ်မိသွားတော့သည်။ ထို့နောက် မြေပြင်ပေါ်က ရှောင်ဆယ့်ခြောက်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်ပြီး စိတ်ထဲကလည်း သေသင့်သည်ဟု ရေရွတ်လိုက်၏။

‘ဘယ်လိုတောင် အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်လက်ခံသူကို ချုပ်နှောင်ရဲရတာလဲ။ ပြီးတော့ ကြောင်ဝိညာဉ်ကလည်း ဘာလို့ မတားတာပါလိမ့်’

မုကျစ်ရှီ၏ ခေါင်းပေါ်မှာ နားနေသည့် ကြောင်ဖြူကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မုကျစ်ရှီကို ချုပ်နှောင်ထားသော ကောင်းကင်နှင့် မြေပြင်စွမ်းအားများကို လက်တစ်ချက်‌ ဝေ့ရမ်းပြီး ပယ်ဖျက်ပေးလိုက်သည်။

“မကြောက်ပါနဲ့။ မမက ကာကွယ်ပေးမှာပေါ့”

“ဟူးးး…” မုကျစ်ရှီ အသက်ကို ခပ်ပြင်းပြင်းရှိုက်ထုတ်လိုက်ပြီး‌ နောက်မှာ သူမ အသံပြန်ပြုလို့ရနိုင်သွားတာကိုသိလိုက်ပြီး စိတ်လှုပ်ရှားသွားတော့သည်။

အသက်ခပ်ပြင်းပြင်းရှိုက်ရင်း တဆတ်ဆတ်တုန်ရင်နေသော မုကျစ်ရှိကိုမြင်ရသောအခါ ကျောက်ထန်းထန်း နှစ်သိမ့်လိုက်သည်။ “ဘာမှ မဖြစ်တော့ပါဘူး။ မမ ခုက စလို့ ညီမလေးကို ကာကွယ်ပေးပါ့…”

သူမ စကားပြောလို့တောင်မဆုံးသေးခင်မှာ မုကျစ်ရှီက ပါးစပ်တွင် လက်အုပ်ပြီး‌တော့ လေကို အဆုတ်တစ်ဆုံးဆုပ်ယူကာ လည်ချောင်းကို ကျယ်ကျယ်ဖွင့်ပြီး အော်လိုက်သည်။

ထိုစူးစူးဝါးဝါးအော်သံကြီးက ကောင်းကင်မှ သိန်းငှက်များ၏ အော်သံအလား ပဲ့တင်ထပ်အောင်ကို အသံအောင်ပေသည်။

“စုရှောင်ရှန်”

“ကယ်ပါဦး”

စစ်မှန်ခြင်းနယ်ပယ်စိတ်ဝိညာဉ်အနှစ်ပါရှိသော ထိုအသံက စွမ်းအားပြင်းလှတာကြောင့် ဘေးနားတွင်ရပ်ကြည့်နေကြသော လူအချို့တောင် ဖင်ထိုင်ကျသွားကြပေသည်။ လူတိုင်း မှင်တက်သွားကြ၏။

သူတို့၏ နားများကို အလျင်မှီ မဖုံးအုပ်လိုက်နိုင်သောလူများက နားစည်များပေါက်ကွဲမတတ်တောင် ခံစားသွားကြရသည်။

‌ထိုအသံ၏ တိုက်ခိုက်မှုကိုအပြည့်အ၀ခံရတာ ကျောက်ထန်းထန်းဖြစ်၏။ ၎င်းကို မပြင်ဆင်ထားရာ လိပ်ပြာလွင့်မတတ်တောင် လန့်ဖျပ်သွားခဲ့‌သည်။

သံကြိုးထိတိုက်သံများ တုန်ခါသွားပြီး သူမကိုယ်သူမ ပြန်တည်‌ငြိမ်အောင်လုပ်လိုက်ပြီးနောက်မှာလည်း အဘယ်ကြောင့် မုကျစ်ရှီ ထဖောက်ရသလဲ မသိ ပဟေဠိဖြစ်သွားပေသည်။

မုကျစ်ရှီ၏ ခေါင်းပေါ်က ကြောင်ဖြူကတော့ ပိုလို့တောင် အခြေအနေဆိုးနေ၏။

ထိုသတ္တဝါလေးက ‌ခမောက်ပေါ်မှာ တရေးတမော အိပ်စက်အနားယူနေချိန်မှာ အိပ်မက်အတွင်း အမျိုးအမည်မဖော်ပြနိုင်သော အရာကြီးနှင့် တွေ့လိုက်ရပြီး ဆတ်ကတည်း နိုးထလာခဲ့သည်။

၎င်း၏ ကိုယ်ပေါ်က အမွှေးအမျှင်များ အားလုံး ဆန့်တန်းသွားပြီးတော့ လေထဲကို ပေပေါင်းရာနှင့်ချီအောင် မြင့်တက်သွားတော့၏။

မုကျစ်ရှီအနားက ရှင်းကုကု၊ ဓားသမားသုံးယောက်တို့လည်း အလားတူ မျက်စိမျက်မှာမဲ့ရွဲ့ကာ ခုန်ဆုန်သွားကြပေသည်။ တစ်ချိန်တည်းမှာလည်း လူသားတစ်ယောက်က ဤသို့ကြောက်မက်ဖွယ်ရာအသံမျိုး မည်သို့ လုပ်နိုင်တာလဲ အတွေး၀င်လာခဲ့သည်။

သူမဘာကြောင့်အော်ရတာလဲ။ သူမကို သတ်နေတာမလို့ အကူအညီတောင်းတာလား။ ပြီးတော့ စုရှောင်ရှန်က ဘယ်သူလဲ။ လူနာမည်မှ ဟုတ်ရဲ့လား။

လူတိုင်း ကြောင်အနေသည့် အခိုက်၌ အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ရွှေအစည်းအရုံးဘက်ကို နောက်လှည့်မကြည့်ဘဲ မုကျစ်ရှီ သုတ်ခြေတင်ပြေးတော့သည်။

သူမ၏ အမြင်မှာတော့ ဘယ်သူလာလာ လာသည့်လူတိုင်းက မကောင်းသော ရည်ရွယ်ချက်များဖြင့် ဖြစ်ကြသည်။ စုရှောင်ရှန်မရှိဘဲနှင့် အခြေအနေကို ထိန်းချုပ်နိုင်စွမ်းငှာ မစွမ်းသာချေ။

သူမ တစ်ခုခုဖြစ်လာရင် ရွှေအစည်းအရုံးထဲကို ပြေး၀င်ပါဟု နှလုံးမဲ့သည့် ထို စုရှောင်ရှန်က ပြောခဲ့ပေလို့ပေါ့။ အရေးကြီးသည့် ထိုအခိုက်မှာ သူမ၏ အကိုကြီးကို မျက်လုံးစုံပိတ်ပြီး ယုံကြည်လိုက်တော့သည်။

မွေးကတည်းက ဘာလို့‌ ခြေထောက်သုံးချောင်းမပါတာလဲဟုတောင် တွေးလိုက်မိ၏။

သို့ပေမယ့် ဘယ်လောက်မှ မပြေးရသေးခင်မှာ မုကျစ်ရှီက နေရာမှာတင် ကျောက်ရုပ်အလား ရပ်သွားပြန်သည်။ ရွှေအစည်းအရုံး၏ ၀င်ပေါက်က ဘယ်လောက်မှမဝေးပေမယ့် သူမ၏ အမြင်တွင်တော့ ကမ္ဘာနှင့်လအကြား အကွာအဝေးအလားပင်။

သူမ၏ စိတ်ဝိညာဉ်အာရုံမှလည်း ၎င်းက ကျောက်ထန်းထန်းလုပ်တာဖြစ်ကြောင်းကို သိရသည်။

စိတ်ပျက်အားလျော့ခြင်း…။

ထိုအခိုက်မှာ မုကျစ်ရှီ စိတ်နှလုံးခြောက်ခြားနေပေသည်။

“ညီမလေး။ မမကို အော်လို့တော့ရတယ်။ ဒါပေမယ့် ‌အလိုရမက်ကြီးခြင်းကြောင်ဝိညာဉ်ကို မခြောက်လှန့်ပါနဲ့” အသိပြန်လည်လာသောအခါ ကျောက်ထန်းထန်းက ဆိုလိုက်သည်။

‘ငါက နင့်ကို ဖြောင့်ဖြနိုင်ပြီမှတ်နေတာ ဘယ်ဟုတ်မလဲ ငါ့ကိုတောင် အော်ပြီး ခြောက်လှန့်လိုက်သေးတယ်’

သူမကိုယ်သူမ အတော်လေး သဘောကောင်းနေပြီဟုတွက်လိုက်ပြီး သူမ၏ အရိုက်အပုတ်ခံအမြဲခံရသော ရှင်းကုကုလည်း ၎င်းကို ထောက်ခံပေသည်။

သို့ပေမယ့် သူမ၏ ရိုးသားဖြူစင်တဲ့ ရည်ရွယ်ချက်ကို အခြားတစ်ဘက်က မြေပြင်မှာ ခြေမွနင်းပစ်လိုက်၏။

ကျောက်ထန်းထန်း ခြေလှမ်းကြီးများလှမ်းလိုက်၍ ကောင်းကင်ပေါ်မှ ထိတ်လန့်နေ‌စဲဖြစ်သည့် ကြောင်ဖြူလေးကို အကဲခတ်လိုက်သည်။

ခုမှ လိုက်မှီလာတာ ဒီကြောင်လေး နောက်တစ်ခါ ထွက်ပြေးသွားရင် ဘယ်နှယ့်လုပ်မတုန်း။ စိုးရွံ့မိပါသည်။

မုကျစ်ရှီ၏ ခြေထောက်များပျော့ခွေသွား၏။ သူတို့တစ်ယောက်မှ ယုံချင်စရာမကောင်းဘူးဆိုသော သူမ၏ ဆုံးဖြတ်ချက်မှန်ကန်ပေသည်။

အနောက်မှ တစ်လှမ်းခြင်း ချဉ်းကပ်လာနေသော ရက်စက်သည့် မျက်မှာထားနှင့် ကျောက်ထန်းထန်းကို စိတ်ဝိညာဉ်အာရုံမှ ကြည့်လိုက်၏။

“ငါသေတော့မှာလား”

“သေနာလောင်း စုရှောင်ရှန်။ နင်ဘယ်မှာလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset