“ဒုခေါင်းဆောင်ဖု…။ ကျုပ်တို့ သူ့ကိုကောဘာဆက်လုပ်ရမလဲ”
“သူ့ကို အရင်စစ်ဆေးကြည့်။ ပြီးရင် ပုံရိပ်ယောင်ထဲမှာ ပိတ်မိနေတဲ့ လူတိုင်းကို စစ်ဆေး။ သေသေချာချာ စီစီစစ်စစ် မေးမြန်ပြီးပြီဆိုမှ လွှတ်ပေးလိုက်။ သံသယရှိတဲ့သူကိုတော့ ဖမ်းထား”
ထို့နောက် နောက်ဖေးလမ်းလေးက စစ်သည်များဘက်ကို ဖုယင်ဟုန် ပြန်လှည့်ပြီးတော့ အော်လိုက်သည်။ “အားလုံး ဆက်ချဲ့ပြီးရှာကြ”
“အမိန့်အတိုင်းပါ”
ထိုညီညီညာညာ ဖြေကြားသံကြီးက လေထဲတွင် ပဲ့တင်ထပ်သွားတော့သည်။ ချက်ခြင်းလက်ငင်းပဲ အမိန့်ကိုရလိုက်သည့် စစ်သည်တိုင်း အရပ်လေးမျက်နှာကို ဖြန့်ပြီး ရှာလိုက်ကြ၏။
ကိစ္စဝိစ္စတွေက မပြီးသေးတာကို သိလိုက်ရသော စုရှောင်ရှန် မှင်တက်သွားခဲ့သည်။ ကြည့်ရတာ ကံမကောင်းတဲ့လူအချို့တော့ စစ်ဆေးမေးမြန်းမှုများအပြီး၌ ဖမ်းဆီးခံရတော့မည်ထင်သည်။
‘ဒါပေမယ့် ငါ့ကို ဖမ်းချုပ်စရာမှ ဘားမှ မရှိတာ။ ထောင်ထဲရောက်သွားရင် အနည်းဆုံးတော့ တစ်လလောက်ကြာမှာပဲ။ ဒါဆိုရင် စီစဉ်ထားတာတွေအားလုံးပျက်ကုန်လိမ့်မယ်…’
“ဖု မိန်းကလေး ကျုပ်မှာ အရေးတကြီးသွားစရာရှိသေးလို့ စောစောသွားလို့ရမလား။ အဲ့လူထွက်သွားတဲ့ဘက်ကို ညွှန်ပြမယ်လေ” စုရှောင်ရှန် ဆိုလိုက်၏။
“ဘယ်သွားလဲပြောပြမယ်ဟုတ်လား” ဖုယင်ဟုန်ကို သူ့ကို သင်္ကာမကင်းသလို ပြန်လှည့်ကြည့်ကာ “နင် စောနက ပြောတော့ ဘာမှ မသိပါဘူးဆို။ ခုတော့ ဘယ်က ဘယ်လို သိသွားရပြန်တာလဲ”
“ဘာလို့ဆို ဟိုအစီအရင်ထဲမှာ အလှောင်ခံထားရတဲ့လူတွေလို မဟုတ်ဘဲ ဒီကနေ ထိုင်နေတော့ အားလုံးကို မြင်လိုက်လို့လေ”
“ဟမ့်…”
ဖုယင်ဟုန် စိတ်ထဲက ရှုတ်ချလိုက်၏။ စုရှောင်ရှန်က တကယ် မသင်္ကာစရာကောင်းလာကာ တစ်ခုခုတော့ သိထားရပေမည်။
“သိရင်ပြော”
“ပြောတော့ ပြောပြမယ်။ ဒါပေမယ့် လျှို့ဝှက်အချက်အဖြစ်တော့ထားပေးနော်။ ငါစောစောမသေချင်သေးဘူး”
“ပြောစရာရှိတာ မြန်မြန်ပြော”
စုရှောင်ရှန်က အသက်ကို ခပ်ပြင်းပြင်းရှိုက်ကာ ကိုယ်ဟန်လက်ဟန်ပြပြီးတော့ “အရပ်က ဒီလောက်၊ မျက်နှာဖုံးတပ်ထားတယ်။ မျက်လုံးက နက်မှောင်ပြီးတော့ သန်မာတဲ့ ဓားဆန္ဒရှိတယ်…”
“မျက်နှာဖုံးတပ်ထားတယ်ဟုတ်လား”
“ဟုတ်တယ်။ မျက်နှာတော့ မမြင်ရပေမယ့် တော်တော်လေးသန်မာတဲ့ ဓားဆန္ဒတော့ရှိတယ်”
“သူ ဘယ်ဘက်ထွက်သွားတာလဲ”
“မသိဘူး”
ဖုယင်ဟုန် စွံ့အသွား၏။
“နင်ပဲပြောတော့ ဘယ်ဘက်ထွက်သွားလဲ ညွှန်ပြမယ်ဆို” သူမ၏ လည်ပင်းတွင်တောင် သွေးကြောများ အနည်းငယ် ထောင်ထလာပြီးတော့ ဖျစ်ညှစ်ထားသော လေသံဖြင့် ပြောလိုက်လေသည်။
စုရှောင်ရှန်က ခါးသက်သက်ပြုံးပြကာ “ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံက သန်မာနေလို့ပေါ့။ မဟုတ်ရင် ဒီလူ့ရဲ့ ပုံပန်းသွင်ပြင်ကို တောင်သိမှာမဟုတ်ဘူး။ လမ်းတော့ညွှန်ပြပေးချင်ပေမယ့် မေးမလာနဲ့တော့ မသိတော့ဘူး”
ဖုယင်ဟုန် တိတ်ဆိတ်သွား၏။
စုရှောင်ရှန်ပေးသော အသေးစိတ်ကျကျ ဖော်ပြချက်က သူမ၏ သံသယများကိုငြိမ်းသွားစေသည်။ အကယ်၍ စုရှောင်ရှန်သာ လမ်းညွှန်ပြနိုင်ဦးမယ်ဆိုရင် အနည်းငယ်တော့ ပို၍ သင်္ကာမကင်းထပ်ဖြစ်လာဦးမည်။
ယခုလို ပြောပြဖို့တောင် စုရှောင်ရှန် အတော်လေး ကြိုးစားထားပြီဟု ယုံကြည်လေသည်။ သူက အဖမ်းမခံရအောင် အကောင်းဆုံးကြိုးစားနေရှာ၏။
သူ၏ ပြောဆိုပြုမူပုံအရလည်း စိတ်ဝိညာဉ်နန်းတော်ထဲမှာ အေးဆေးသက်တောင့်သက်သာနေလာရသည့် အတွက် အခြားသူများကို လူမဟုတ်သလို အထင်အမြင်သေးတာကို မြင်ရသည်။
ယခုကဲ့သို့ ပြောပြနိုင်တာကိုက မဆိုးပေ။ စုရှောင်ရှန်က ဒီလောက် အချိန်တိုအတွင်း ဆိုင်ရှင်နှင့် ပူးပေါင်း၍ ကျိုးကြောင်းဆီလျော၍၊ ယုံချင်စရာကောင်းသော ပုံပြင်တစ်ပုဒ်ကို စဉ်းစားနိုင်လိမ့်မည်ဟု မထင်ပေ။
သူကိုယ်၌ကလည်း မူလနန်းတော်အစောပိုင်းမှာဆိုသည့်အတွက် ကြီးကြီးမားမားစွမ်းဆောင်နိုင်ခြင်းငှာ စွမ်းသာလိမ့်မည်မဟုတ်ပေ။
ဤစုရှောင်ရှန်က သူမကို အပြစ်ကင်းစင်သလိုကြည့်နေရင်းကလည်း မကြာခဏဆိုသလို သူမ၏ အမို့အမောက်ကောက်ကြောင်းများကို ခိုးကြည့်သေးသည်။ သူက ထိုသို့ နောက်ခံကောင်းသော မျိုးနွယ်းစုများကြီးများက သခင်လေးများအတိုင်း ပြုမူနေခြင်းပင်။
စုရှောင်ရှန်ကို သံသယစာရင်းထဲက ထုတ်ပြီး ဖုယွင်ဟုန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးတော့ မျက်တောင်များပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည်။ ဤမြင်ကွင်းကိုမြင်သော စုရှောင်ရှန် သွားရည်များကျလာတော့၏။
ထို့နောက် သူမ၏ သွယ်လျသော လက်ကို ဝှေ့ရမ်းကာ ကောင်းကင်ပေါ်ပျံတက်သွားလိုက်သည်။ ပြီးမှ အေးစက်စက်အသံဖြင့် “သူ့ကို ဆယ်ရက်ချုပ်ထားပြီးတော့မှ ပြန်လွှတ်လိုက်”
သူက သံသယရှိသူမဟုတ်ရင်တောင်မှ သူ့စကားမှ ပေးလိုက်သည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများအတွက် လျော်ကြေး ဆယ်ရက်လောက်တော့ ဖမ်းချုပ်ထားသင့်သည်ဟု တွက်လိုက်၏။
“အမိန့်အတိုင်းပါ”
ဘေးနားက စစ်သည်က အလေးအနက် ခေါင်းညိတ်လိုက်သည်။
“မလုပ်ပါနဲ့။ တောင်းပန်ပါတယ်” နောက်မှ စုရှောင်ရှန်က အော်လိုက်ကာ “သိသမျှလည်းအကုန်ပြောပြပြီးပြီလေ။ ဘာလို့ ငါ့ကို ဖမ်းချုပ်ချင်ရသေးတာလဲ။ နင်က ကိုယ့်ရာထူးကို အလွဲသုံးစားလုပ်နေတာပဲ။ ငွေမက်တဲ့၊ ရမက်ကြီးတဲ့ မိန်းမ”
ဘေးနားက အစောင့်လေး တုန်လှုပ်သွားသည်။
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“လ၀က်” ကောင်းကင်မှ ဒေါသတကြီး စူးစူးရှရှ အော်သံကြီးကြားလိုက်ရသည်။
“လခွမ်း။ တရားမျှတမှုဆိုတာဘယ်မှာလဲ။ ငါ့ကို မေးခွန်းလည်းမေးသေးတယ်၊ ဖမ်းလည်းဖမ်းချုပ်ဦးမယ်။ ငါအပြစ်ရှိနေရင်တောင် မဆိုလိုဘူး။ ဘယ်မှာလဲ သက်သေပြ”
ဖုယင်ဟုန် ကောင်းကင်အထက်မှာ အစက်အပျောက်လေးဖြစ်သွားတာကိုမြင်သောအခါ ပါးစပ်မှာ လက်အုပ်ပြီးတော့ စုရှောင်ရှန် သံကုန်အော်လိုက်သည်။ “ဖမ်းခြင်းဖမ်း နင့်ကိုနင် ပြန်ဖမ်းရမှာ”
လေထဲက ဖုယင်ဟုန် အပြင်းအထန်တုန်ခါသွားပြီး ပြုတ်ကျမတတ်ဖြစ်သွားသည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“အနည်းဆုံးတော့ လူလေးငါးယောက်လောက်ထားသွားပါဟ။ တစ်ယောက်တည်းဆိုရင် ငါ့တိုက်ခိုက်မှုကိုခံနိုင်မှာမဟုတ်ဘူး”
ဖုယင်ဟုန် ထွက်သွားတာ ကြာပေပြီ။
စုရှောင်ရှန်၏ အရည်မရအဖက်မရစကားတွေကို မည်သူမှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ သူမသာဆက်နေ နေရင် အင်အားသုံး အတင်းအကြပ်လုပ်မိမှာစိုး၏။
“နောက်ဆုံးတော့ သွားပြီပဲ”
ဖုယင်ဟုန်ထွက်သွားတာကို စုရှောင်ရှန် ကြည့်နေလိုက်သည်။
ဖုယင်ဟုန်ထွက်သွားတာနဲ့အတူ သူ့ပန်းတိုင်က တစ်၀က်ပြီးမြောက်သွားလေသည်။ ဆိုရသော် သူက သံသယများကင်းသွားပြီဖြစ်၏။
လ၀က်ဖမ်းချုပ်ခံရဖို့ကတော့…
“ဟေ့လူ။ ခင်ဗျားနာမည်ဘာလဲ” ဘေးနားက စစ်သည်ဘက်ကိုလှည့်ပြီးမေးသည်။
ထိုစစ်သည်က ခေါင်းစောင်း၊ ချပ်၀တ်များဖြင့်ဆိုပေမယ့် သူ့ကိုယ်က ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းစိတ်ဆ္ဒကို ကောင်းကောင်းကြီး အာရုံခံနိုင်ပေသည်။
“စွန်းတကန်း” စစ်စည်က တိုးတိုးလေးပြောသည်။
ဖုယင်ဟုန်၏ မျက်နှာရှေ့တည့်တည့်က “ငွေမက်တဲ့၊ ရမက်ကြီးတဲ့ မိန်းမ” ဟု ဘယ်သူမှ မပြောရဲတာကြောင့် စုရှောင်ရှန်ကို အတန်ငယ် လေးစားသွားပေသည်။
“ခင်ဗျားရဲ့ ကျင့်ကြံခြင်းက” စုရှောင်ရှန် ဆက်မေးသည်။
“အဆင့်မြင့် စိတ်ဝိညာဉ်နယ်ပယ်”
“အထွတ်အထိပ်လား”
“အင်း”
“ဝိုး ကြမ်းတာပေါ့”
စုရှောင်ရှန် သူ့ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်ပါသည်။ ထိုစစ်သည်၏ နောက်ကိုကြည့်နေရင်းက ရုတ်တရက် သူ့မျက်နှာထက်၌ အံ့အားသင့်သလို အမူအရာကြီးပေါ်လာပြီးတော့ ပြောလိုက်သည်။ “ဟင် မြို့တော်၀န်ပါလား”
“မြို့တော်၀န်ဟုတ်လား”
စွန်းတကန်းခေါ် စစ်သည် လန့်ဖျပ်သွားပြီးတော့ နောက်လှည့်ကာ အလေးပြုရန် လုပ်လိုက်သည်။
ဘန်း…။
သူ့ဦးခေါင်းမှ စူးရှရှ နာကျင်မှုကိုခံစားလိုက်ရပြီး မြင်ကွင်းတစ်ခုလုံး အမှောင်ဖုန်းသွားကာ သတိလစ်သွားတော့သည်။
စုရှောင်ရှန် လက်နှစ်ဖက်ကို ရိုက်ခါလိုက်၏။
ထိုနည်းဟောင်းကြီးက တကယ်အလုပ်ဖြစ်သေးပေသည်။
ကျွမ်းကျင်စစ်သည် ဆိုစေဦးတော့ သတိတစ်ချက်လွတ်သွားတာနဲ့ ဤအကွက်ကို ခံနိုင်လိမ့်မည်မဟုတ်ချေ။
သူ့ကို “လေးစားသော” စစ်သည် လဲကျသွားခဲ့သည်။
“ဘာကို လ၀က်လဲ”
စုရှောင်ရှန်နှာမှုတ်ပြီးတော့ သတိလစ်သွားသော စွန်းတကန်းကို စားသောက်ဆိုင်ထဲ ဆွဲခေါ်သွားလိုက်၏။ တစ်လမပြောနှင့် တစ်နာရီလေးတောင် သူ့မှာ အချိန်မရှိချေ။
စိတ်ဝိညာဉ်နန်းတော်ထဲက ထွက်ဖို့ဆိုတာ လွယ်သည့်အရာမဟုတ်…။ သူ့အားလက်ရက် တစ်၀က်စာလောက်ကို ထိုသို့ အလကား မဖြုန်းတီးနိုင်ပါဘူး။ အကြီးအကဲစန်း ရောက်လာရင်တောင်မှ သူ့ကို နားချနိုင်လိမ့်မည်မဟုတ်ချေ။
ဒါ့အပြင်ကို စုရှောင်ရှန်ကလည်း စေတနာဖြင့် စစ်သည်တစ်ယောက်တည်းက သူ့ကို ဖမ်းချုပ်ထားဖို့ လွယ်မှာ မဟုတ်ဘူးလို့ ပြောသည်မလား။
ဖုယင်ဟုန် ယုံယုံ မယုံယုံ သူ့လွတ်လပ်မှုအတွက် တိုက်ခိုက်တာက သူ့ရွေးချယ်မှုဖြစ်သည်။
“သူဌေး”
စုရှောင်ရှန် ထူးမခြားနားအပြုံးလေးဖြင့် ပြန်၀င်လာတာကိုတွေ့သောအခါ ဆိုင်ရှင် ဒူးထောက်ကျမတတ်ကို ဖြစ်သွားသည်။
‘သေပါပြီ။ မြို့စောင့်စစ်သည်ကိုတောင် သူရိုက်ရဲတယ်။ သူမလုပ်ရဲတာဘာရှိဦးမလဲ။ လူငယ်လေး မင်းတော့ ကွိုင်တက်ပြီ’
“လူလေး။ ဒီအဖိုးကြီး ခင်လို့ ပြောတာ မြန်မြန်ပြေးတော့။ ထျန်းစန်းမြို့တော်ကို ပြန်မလာခဲ့နဲ့” ဆိုင်ရှင်က ရိုးရိုးသားသားပြောသည်။
“ခင်ဗျားက လူကောင်းပဲ” စုရှောင်ရှန်က ပြုံးလိုက်၏။
ထို့နောက် စွန်းတကန်းကို ကြမ်းခင်းပေါ်ပစ်ချလိုက်ကာ စကားဆိုလိုက်သည်။ “အမြန် မြို့စောင့်တပ်ကိုခေါ်… အဲမဟုတ်ဘူး၊ မြို့တော်၀န် အိမ်တော်ကိုသာ ကျုပ်က ဒီအစောင့်စစ်သည်ကို သတိမေ့သွားအောင်ရိုက်လိုက်တာပါလို့ သတင်းပို့လိုက်။ အဲ့ထက်တော့ ခင်ဗျားပိုပြီးတော့ မပြောနဲ့နော်။ ကျုပ်ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးကို လက်ခံယူထားတာ ခင်ဗျားလည်း ကြံရာပါပဲ”
ဆိုင်ရှင်မှာ စွံ့အသွားရတော့၏။
[ခုခံခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“စိတ်မပူပါနဲ့ ခင်ဗျားက သာမန်လူဆိုတော့ ခင်ဗျားကို ဘာမှ လုပ်ကြမှာမဟုတ်ပါဘူး။ ပြီးတော့ ကျုပ်ကလဲ လူဆိုးမှ မဟုတ်တာ။ အေးဆေးပေါ့”
ထို့နောက် ကျဲ၏ ခေါင်းကိုခေါက်ပြီးတော့ ခမောက်ပြန်စွပ်ပေးလိုက်သည်။ ပြီးလျှင် အမဲသားဟင်းလျာ နှစ်ထုပ်ကိုယူပြီး ထွက်သွားလိုက်၏။
“ဒီသေရည်က ခင်ဗျားအတွက်ပဲ ကျုပ်တိုက်တာ”
Ok