Switch Mode

အခန်း (၂၆၁)

ဒေါသအိုး

နောက်ဆုံး လက်ကျန် အမဲသားပြားကို စုရှောင်ရှန် စားပြီးတော့ လက်ချောင်းများကို စုပ်သပ်လိုက်သည်။

“ထျန်းစန်း စိတ်ဝိညာဉ်နန်းတော်၊ စုရှောင်ရှန်”

စုရှောင်ရှန် နားလေးမဟုတ်တာ သိတော့ ဖုယင်ဟုန်၏ မျက်ခုံးများလှုပ်သွား၏။

ယခုလည်း ဆန့်ထုတ်လာသည့် သူ့လက်က ဆီများဖြင့် ပေကျံနေတာ သူမက ဘယ်လို လက်ဆွဲနှုတ်ဆက်ရမှာလဲ။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

သူ့လက်ကလည်း အမဲသားဆီတွေနဲ့ ပေကျံနေတာ စုရှောင်ရှန် သတိထားမိသွားပြီး အမြန် ဘေးနားရှိ ကျဲ၏ ကတုံးပြောင် ဦးခေါင်းမှာ သွားသုတ်လိုက်သည်။

“ဟေ့ကောင် နှုတ်ဆက်ဦးလေကွာ”

“မေမေ” ကျဲက ဘာဖြစ်နေမှန်းမသိသော ကြောင်အနေသည့် အမူအရာဖြင့်နှုတ်ဆက်လိုက်သည်။

ဖုယင်ဟုန်ဘာပြောရမှန်းတောင်မသိတော့ချေ။ သူမက ပို၍ ပဟေဠိဖြစ်သွားရပေသည်။

“အဟွတ်၊ အဟွတ်…။ တောင်းပန်ပါတယ် ဒီကောင် ဒါပဲ ပြောတတ်တာမေ့နေတယ်” ကျဲ ရုတ်တရက်ကြီး ဖြတ်ရိုက်လိုက်မှာကြောက်တာကြောင့် သူ့နောက်ကို ပြန်ဆွဲပို့လိုက်သည်။

ထို့နောက် ဆိုင်ရှင်ဘက်ကိုလှည့်ကာ “သူဌေးရေ၊ ဟင်းလျာနှစ်ပွဲ ထုပ်ပိုးပေးဗျို့။ ကျုပ်ရဲ့ ညီမလေးစောင့်နေသေးတယ်”

ဖုယင်ဟုန် မျက်လုံးများကိုကျဉ်းမြောင်းလိုက်သည်။ သူမ ဘာမေးခွန်းမှ မမေးသော်ငြား တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ပေသည်။

စစ်မှန်ခြင်းနယ်ပယ်၊ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်၊ ညီမလေး…

‘အင်းသူတော့ တရားခံမဖြစ်လောက်ပါဘူး’ စိတ်ထဲက တွေးလိုက်သည်။

“နင်သိသမျှ‌ ‌အကုန် ပြော” ဖုယင်ဟုန် လုပ်ငန်းပြန်စလိုက်ရာ သူမ၏ မျက်နှာအမူအရာက အေးစက်သွားခဲ့၏။

“လူနှစ် ယောက်ချကြတယ်။ တစ်ယောက်‌ သေတယ်။ တစ် ယောက်ပြေးတယ်” စုရှောင်ရှန်က တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်ပါသည်။

“ဒါပဲလား”

“အင်း”

ဖုယင်ဟုန် စွံ့အသွား၏။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“အသေးစိတ်အချက်အလက် ကျကျပြော”

“ငါပြောတာ ရှင်းရှင်းလင်းလင်းလေးပါဟ”

စုရှောင်ရှန်က မယုံကြည်နိုင်စွာ ပါးစပ်ကို အဟောင်းသားဖွင့်ကာ‌ မေးလိုက်သည်။ “စောနက အနက်ရောင်ကြာပန်းကြီးကိုတွေ့တယ်မလား။ ငါဘာရှင်းပြနေဖို့လိုသေးလို့လဲ။ ဒီ့ထက် ပိုပြီ အသေးစိတ်အချက်အလက်ကျကျပြောရရင်တော့…”

စုရှောင်ရှန် တစ်ဘက်သို့လှည့်ကာ အော်လိုက်သည်။ “သူဌေး၊ နောက်ထပ် သေရည်တစ်အိုးဗျို့။ ဒီက မိန်းမနဲ့ စကားဖောင်ဖွဲ့ရဦးမယ်”

ဖုယင်ဟုန် အံကိုတင်းတင်းကြိတ်လိုက်၏။ ၎င်းက ပထမဆုံး‌အနေဖြင့် စုရှောင်ရှန်လို စိတ်တိုစရာကောင်းသည့် လူကို တွေ့မြင်ဖူးခြင်းဖြစ်ပေသည်။

“နင့်ရှေ့မှာ ရပ်နေတာ ဘယ်သူလဲသိရဲ့လား”

“မြို့စောင့်တပ်ကမလား”

စုရှောင်ရှန် သူမကို အထက်အောက် သေချာအကဲခတ်လိုက်ပြီးတော့ မကျေနပ်သော ဟန်ပန်ဖြင့် စကားဆိုလိုက်သည်။ “ငါတောင်အောက်ကို ခုမှ ပထမဆုံး ဆင်းဖူးတော့ မြို့စောင့်တပ်က အဆင့်တွေ၊ ရာထူးတွေ ဘာညာမသိဘူး။ ဒါပေမယ့်… နင်က ငါအစာစားနေတာကို လာနှောက်ယှက်တယ်။ ပြီးတော့ ငါလည်း အမှန်တိုင်းဖြေလိုက်တာကို တောင်မှ နင့်ရဲ့ အဆင့်အတန်းနဲ့ အနိုင်ကျင့်ချင်သေးတယ်ဆိုရင် ထျန်းစန်းနန်းတော်က ‌ရပ်ကြည့်နေမယ်မထင်နဲ့”

စုရှောင်ရှန်က အနည်းငယ် မာန်တက်သလိုနှင့် ခေါင်းမော့ရင်ကော့လိုက်သည်။ သူ့မျက်လုံးများအတွင်း၌ အထင်အမြင်သေးမှုတို့ကို မြင်ရ၏။

ဖုယင်ဟုန် သူ့ကို ဘယ်လို ပြန်ချေပရမလဲ မသိချေ။

‘အေး။ တကယ်တော့ ငါက သူ့ကို အနိုင်ကျင့်သလိုဖြစ်နေတာပဲ။ ဒါပေမယ့် ဘာလို့ တစ်ခုခုမူမမှန်တာ ခံစားနေရတာလဲ…”

တစ်ခုခုတော့ မှားနေတာသိပေမယ့် ဘယ်အရာမှားလဲကို ထောက်ပြနိုင်ခြင်းငှာ မစွမ်းသာချေ။ သို့ဖြင့် သူ့ရှေ့က ကောင်လေးကို သင်္ကာမကင်းကြည့်လိုက်၏။

“လူတွေက သတ်ဖြတ်နေတာ နင်က ထိုင်ပြီး စားနိုင်သောက်နိုင်သေးတယ်ပေါ့” ၎င်းက သာမန်လူတို့လုပ်ရမည့်အရာလား။

စုရှောင်ရှန်က မျက်လုံးပြူးမျက်ဆံပြူးနှင့် ဂျစ်ကန်ကန်ပြန်ဆိုသည်။

“ဒီမှာ ခုံတွေရှိနေတာ ထိုင်မစားတော့ ရပ်စားရမှာလား။ ဒါမှ မကျေနပ်သေးဘဲ ငါက ရပ်မစားရင် အိပ်ပြီးစားရမှာလား။ ဘာလဲ နင်တို့ မြို့စောင့်တပ်တွေက ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်ပြီး လူတွေ ဘယ်လို နေထိုင်လဲဆိုတဲ့ ပုံစံကိုပါ ချုပ်ခြယ်ချင်နေ‌တယ်‌ပေါ့။ ခုကော စကားပြောမယ်‌ဆို ငါအိပ်ပေးရဦးမလား။ လာပါ အတူတူ အိပ်ပြီးပြောရအောင်”

မြေပြင်ပေါ်တွင် အိပ်မလားဟု လက်ဟန်အမူအရာပြနေရာ ဖုယင်ဟုန် ဒေါသထွက်လာခဲ့၏။

‘ဒီကောင်က လျှာစောင်းထက်လိုက်တာ။ အတူတူ အိပ်မယ်ဆိုတာ… ဘာသဘောလဲ’

“ငါအဲ့လို ပြောချင်တာမဟုတ်ဘူး” သူမက ပြောသည်။

“ခုမှ လာပြီးဘူးခံမနေနဲ့”

စုရှောင်ရှန်က လေသံကိုမြှင့်ကာ စိတ်ဆိုးမာန်ဆိုး အဒွန့်တက်လိုက်သည်။ “အဲ့လိုပြောချင်တာမဟုတ်ရင် ဘာကိုပြောချင်တာလဲဆိုတာ ရှင်းပြ”

ဖုယင်ဟုန် ဘာပြောရမှန်းမသိတော့ချေ။

“ဘာလဲ”

စုရှောင်ရှန်က သူ့ရင်ဘက်ကိုပုတ်ကာ ယုံကြည်ချက်ရှိရှိ မေးလိုက်သည်။ “စောနက ပေါက်ကွဲမှုက ငါ့လို မူလနန်းတော်အစောပိုင်းက ကျင့်ကြံသူတစ်ယောက်လုပ်နိုင်တဲ့ ကိစ္စလား။ ငါက အရှင်သခင်နယ်ပယ်ကို သတ်နိုင်စွမ်းရှိတယ် ထင်နေတာလား။ ဒါမှ မဟုတ်…”

သူ့ဘေးနားက ကျဲကို လက်ညိုးထိုးပြကာ တဖြည်းဖြည်းတည်ဆောက်လာခဲ့သော အရှိန်အဟုန်နောက်က သံကုန်ဟစ်လိုက်သည်။ “ဒီကလေးက အရှင်သခင်နယ်ပယ်ကို ဖြတ်ရိုက်ပြီး သတ်လိုက်တယ်ထင်နေတာလား”

ဂျစ် ဂျစ်…။

ဖုယင်ဟုန်၏ လက်သီးက ကျစ်ကျစ်ပါအောင်ဆုပ်လွန်းလို့ အသံများတောင်မြည်လာခဲ့၏။ သူမက သွားများကိုလည်း တဂျွတ်ဂျွတ်ကြိတ်နေပေသည်။

‘မဖြစ်နိုင်ဘူးဆိုပေမယ့်။ တိုးတိုးပြောလို့မရဘူးလား။ နင့်ရှေ့မှာရှိနေတာ မြို့စောင့်တပ်က ဒုခေါင်းဆောင် ဖုယင်ဟုန်ပါ’ စိတ်ထဲမှ မကျေနပ်ချက်များကို ဆိုသည်။

သူ့ရှေ့က ဖုယင်ဟုန် ဒေါသအိုးပေါက်ကွဲထွက်တော့မကဲ့ရှိလာသည်ကိုမြင်သောအခါ စုရှောင်ရှန် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူ့အမူအရာက ပြန်၍ အေး‌ဆေးတည်ငြိမ်သွားပြီး တောင်းပန်ဟန်ဖမ်းလိုက်၏။

“တောင်းပန်ပါတယ်။ ငါက စိတ်ကြီးတဲ့သူဆိုတော့ ရိုင်းပြနေသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါ။ မြို့စောင့်တပ်က ရာထူးအရှိန်အဝါကြီးမားသူတစ်ယောက်အနေနဲ့ ဒီလောက်လေးတော့ စာမဖွဲ့ဘူးမလား”

သူက ကျဲ၏ ခေါင်းကို ပုတ်လိုက်ပြီးတော့ “တောင်းပန်လိုက်”

“မေမေ”

ဖုယင်ဟုန် အဆုတ်ထဲ၊ အသဲထဲ၊ အူကလီစာထဲနှင့် ခန္ဓာကိုယ်တစ်လျှောက်လုံးမှ တစ်ဆစ်ဆစ် ကိုက်ခဲနာကျင်နေသလိုခံစားလိုက်ရသည်။

ဒီကောင်က ဘာကောင်တုန်း။ ပြောချင်တာပြောပြီး အဆင့်အတန်းတွေကိုင်ပြီး တောင်းပန်လာတော့ သူမက ဘာလုပ်လို့ရတော့မှာလဲ။

လက်ရှိ တိုက်ပွဲအကြောင်းအရာနှင့် ပတ်သက်၍ပဲ မေးတော့မယ် သူမကြံတော့လည်း ရိုင်းပြပေမယ့် စုရှောင်ရှန်က သိသင့်သိထိုက်တာအားလုံးကို ပြောပြပြီးဖြစ်လေသည်။ သို့ပေမယ့် အသေးစိတ်အချက်အလက်ကျကျသိရန်လိုအပ်သည်။

ဒါကြောင့် အချိန်မရှိသလို စုရှောင်ရှန်နှင့် ထိုင်ပြီး သေရည်သောက်ရန်လည်း ဆန္ဒမရှိချေ။ စကားလုံးများကသာ သတ်နိုင်ရင် ဧကရာဇ်နယ်ပယ်တောင် ပွဲချင်းပြီးသေလောက်သည်။ ဒီကောင့်ကို သံသယရှိသူအဖြစ်သတ်မှတ်မယ်ဆိုရင်လည်း သူ့ကျင့်ကြံခြင်းက နိမ့်လွန်းနေရာ မသင်္ကာစရာလူစားရင်းထဲက သူမ ထုတ်လိုက်၏။

သို့ပေမယ့် ဤမျှ နိမ့်သော ကျင့်ကြံခြင်းနယ်ပယ်လေးနှင့် ထိုင်ပြီး စားနေရဲတာတော့ တကယ် ချီးကျူးဖို့ကောင်းပေသည်။

“ဘာလဲ မယုံသေးဘူးလား”

စုရှောင်ရှန် သူမကို ဘာဆက်ပြောရမလဲ မသိတော့‌တာကြောင့် ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ ပြီးလျှင် သူမနှင့် သူ့အတွက်ကို သေရည်ငှဲ့ပေးပြီးတော့ စကားပွဲခုံကို ‌လက်ဖြင့် တောက်ကာ ‌ဆို၏။ “မယုံသေးရင် ဆိုင်ရှင်ကို‌မေးကြည့်လိုက်။ ဒါပေမယ့် ဒီလောက်အချိန်‌ဆွဲနေရင် အရိပ်ထဲက လက်သည်တရားခံ လွတ်သွားလိမ့်မယ်”

ထိုစကားကြောင့် ဖုယင်ဟုန် မျက်မှောင်ကြုတ်လိုက်ကာ “အဲ့တော့ တရားခံက ဘယ်ဘက်ကို ထွက်သွားတာလဲ”

“ငါပြောရင်ရော ယုံပါ့မလား” စုရှောင်ရှန်က ရယ်သံသဲ့သဲ့ပေး၍ ဆို၏။

ထို့နောက် ဖောက်ဖေးလမ်းက လူတွေကို လက်ညိုးထိုးပြကာ “သူတို့‌ကို တစ်ယောက်မကျန်အကုန် မေးကြည့်လိုက် ဘယ်သူသိလဲလို့။ ပြီးမှ မူလနန်းတော်အစောပိုင်းက ငါ့ကို ပြန်လာမေးလှည့်”

မြို့စောင့်တပ်က စစ်သည်များက နောက်‌ဖေးလမ်းကို အသွားအလာပိတ်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည့် မြင်ကွင်းကို ဖုယွင်ဟုန်ကြည့်လိုက်သည်။

နောက်တော့ အနက်နှင့်အနီ စပ်ကြား၀တ်ထားတဲ့ လူတစ်ယောက်က သူမအနားကိုရောက်လာပြီး တစ်ခုခုတီးတိုးပြောလိုက်မှ ဖုယင်ဟုန် စိတ်သက်သာရာရသွား၏။

‘ပုံရိပ်ယောင်အစီအရင်ဆိုတော့ ဒီကောင်လည်း ဒီထဲမှာ အတင်းနေဖို့ ဖိအားပေးခံလိုက်ရတာပဲ။ ဒီလို အခြေအနေမှာ ထွက်ပြေးဖို့ကြိုးစားမယ်‌ဆိုရင် စောစောသေဖို့ပဲရှိမယ်။ ဒီ‌တော့ နေရာမှ ရပ်နေလိုက်တာအကောင်း‌ဆုံးပဲ။ ဒါပေမယ့် ထိုင်ပြီးတော့ အငမ်းမရ ဆက်စားနေဖို့ဆိုတာ ကြီးကြ…’

ဆိုင်ရှင်က လောလောလတ်လတ် နွှေးထားသော သေရည်အိုးနှင့် ထုပ်ပိုးထားသော အမဲသားဟင်းလျာတို့ကို ယူလာသည်။

ဆိုင်ရှင်များ သူမကို တစ်ခုခု သတင်းပေးနိုင်မလားတွေးမိပြီး ဖုယင်ဟုန် စကားဆိုရန် ကြံလိုက်၏။

“လူလေး ဒီ-ဒီ မှာ မင်းရဲ့ အမဲသားနဲ့ သေရည်”

“သေရည်က ကျုပ်ဟာမဟုတ်ဘူး။ သူမကို ကျုပ်တိုက်တာ။ ပြီးတော့ ကျုပ်မှာ သေမျိုးသုံးငွေလည်းမရှိတော့ ဒါနဲ့ဆို ဖြစ်တယ်မလား” စုရှောင်ရှန်က ‌စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီးတော့ ပြောလိုက်သည်။

စုရှောင်ရှန်ဘာလို့ နှစ်ခါတောင် ငွေရှင်းတာလဲ မသိသဖြင့် ဆိုင်ရှင် ကြောင်အသွားသည်။ သို့မှ စောနက စိတ်ဝိညာဉ်ကျောက်တုံးပေးတုန်းက စကားအရ သူ့ကို တစ်ခုခု လုပ်ခိုင်းစေချင်လို့မှန်း သဘောပါက်လိုက်၏။

“မ-မဟုတ်တာ။ ဟင်းလျာနဲ့ သေရည်က ငါ-ငါ ဒကာခံတာပါ”

စုရှောင်ရှန်နှင့် ပူးပေါင်းရန် ဆိုင်ရှင် အတတ်နိုင်ဆုံး ကြိုးစားပြုံးလိုက်၏။ သို့ပေမယ့် ကြောက်ကြောက်လန့်လန့်နှင့် သူ့အသံ တုန်ရင်နေတာကိုတော့ မဖုန်းကွယ်ထားနိုင်ပါချေ။

ထိုမှ ဖုယင်ဟုန် ခေါင်းကို မသိမသာလေးညိတ်လိုက်မိသည်။

စိတ်ထဲမှလည်း –
‘ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲကိုမြင်ပြီးတော့ ဒီအဖိုးကြီး မကြောက်ဘဲ ဘယ်မှာ နေလိမ့်မလဲ။ မဟုတ်ဘဲ တစ်စက်ကလေးမှ မကြောက်ဘဲ တိုက်ပွဲကို ထိုင်ကြည့်ခဲ့တယ်ဆိုရင်တော့ သူတို့နှစ်ယောက်က ပေါင်းလိမ်နေလို့ပဲ။ ဒါပေမယ့် ငါကိုက အတွေးလွန်နေတာနေမယ်”

ပြီးမှ တစ်စုံတစ်ခုကို တွေးမိကာ ‘ဒီအဖိုးကြီးကြောက်နေတာကလဲ ဟိုအကောင့် အကြံအစည်တော့မဟုတ်လောက်ဘူးမလား။ သူက မူလနန်းတော်သာသာပါ။ ဟူးးးး… ငါ တကယ် ‌အတွေးလွန်နေပြီ’

Comment

Leave a Reply

Options

not work with dark mode
Reset