စုရှောင်ရှန် စွံ့အသွားသည်။
နောက်ဆုံးတော့လည်း သက်ပြင်းမောကြီးချလိုက်ကာသာ သူအသုံးပြုတော့မည် ရွက်တစ်ထောင်ရေတံခွန်စီးဆင်းခြင်းကို ပြန်ရုတ်သိမ်းလိုက်၏။
စိတ်ထဲကလည်း – ‘ချီးလိုပဲ။ မင်းကို ဘယ်သူက တိုက်ခိုက်ခိုင်းလို့လဲဟ။ နောက်ဆုံးတော့ အရှင်သခင်နယ်ပယ်ကျင့်ကြံသူစစ်စစ်နဲ့တိုက်ခိုက်ရတာ ငါ့ဓားကိုပိုထက်အောင်သွေးဖို့ အခွင့်အရေးပါဆိုနေ ဓားတောင်ဆွဲမထုတ်လိုက်ရဘူး”
သို့ပေမယ့် ကျဲ၏ ရိုက်ချမှတော့ တစ်စုံတစ်ခုကိုသင်ယူလိုက်ရပါသည်။
ခန္ဓာကိုယ်က လုံလောက်အောင်သန်မာလာပြီဆိုရင် လှလှပပ အကွက်တွေက ဘာမှ မဟုတ်တော့ချေ။ လက်ဝါးတစ်ချက်တည်းက တိုက်ပွဲရေချိန်ကို ပြောင်းလဲနိုင်ပေ၏။
“ငါဒီလို ဘယ်တော့လုပ်နိုင်မှာလဲ…”
ထို့နောက် အသိပေးချက်ဖန်သားပြင်အောက်ခြေက ပင်ကိုယ်မှတ်များကိုစစ်ကြည့်လိုက်ပေသည်။ ၎င်းတို့ရှိနေသမျှတော့ လုပ်နိုင်မလုပ်နိုင်ဆိုတာ မေးခွန်းတောင်မေးနေစရာမလိုတော့ချေ။ ဖြစ်ကိုဖြစ်လာလိမ့်မည်။
“ပင်ကိုယ်စွမ်းရည်တွေက တကယ် အစွမ်းထက်တာပဲ”
တိတ်တခိုးနာကျင်ခြင်းကို သိုလှောင်လက်စွပ်ထဲပြန်ထည့်ပြီးသောအခါ ၎င်းကို တွေးနေတာ ရပ်လိုက်သည်။ ထို့နောက် လီခုနှစ်၏ အလောင်းစီသို့ကပ်သွားကာ လက်ထဲက မသုံးလိုက်ရသော အစီအရင်ပြားကိုယူလိုက်၏။ သိုလှောင်လက်စွပ်ကိုပါချွတ်ပြီးသောအခါ အလောင်းကို မီးလောင်တိုက်သွင်းလိုက်တော့သည်။
ကျဲ၏ အ၀တ်အစားများကလည်း စုတ်ပြတ်သတ်သွားခဲ့ပေသည်။
၎င်းက သာမန်ရိုက်ချက်လေးပဲဆိုပေမယ့် ကြောက်မက်ဖွယ်ရာ တန်ပြန်စွမ်းအားကို သာမန် အ၀တ်အစားများခံနိုင်မတဲ့လား။ သူ့ကိုယ်ပေါ်မှာကျန်ခဲ့တဲ့ အ၀တ်အစားမျှင်လေးများက တကယ် ကြည့်၍ မသင့်တော်ချေ။
ကံကောင်းတာက ဤအရာကိုရှေးရှူပြီးတော့ စုရှောင်ရှန် ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။ သူ့မူလနန်းတော်ထဲက အ၀တ်အစားကိုထုတ်ယူပြီး ကျဲကို ၀တ်ပေးလိုက်သည်။ (ရှေ့က ယွမ်နန်းတော်ဆိုတာ မူလနန်းတော်ဖြစ်ပါလိမ့်မယ်)
ဘေးက ကောက်ရိုးခမောက်ကိုယူကြည့်လိုက်ရာလည်း အပေါက်အပြဲများနှင့် နှစ်ခြမ်းဖြစ်လုနီးပါးဖြစ်နေပေသည်။
နောက်ထပ် ခမောက်တစ်လုံးကို ထုတ်ယူကာ ကျဲကိုစောင်းပေးလိုက်ပြီးတော့ “မင်းကို ဘေးကပဲ ကြည့်နေဖို့ပြောတယ်မလား။ ဘာလို့ အေးဆေးမနေချင်ဘဲ တိုက်ခိုက်ရတာလဲကွာ”
“မေမေ”
“တိုက်ခိုက်” ဟူသည့် စကားကိုကြားသောအခါ ကျဲ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုတို့ဖြင့် လင်းလက်လာပြီး တစ်ဖန် လှုပ်လှုပ်ရွရွဖြစ်လာခဲ့သည်။
စုရှောင်ရှန် အလန့်တကြား ဖြစ်သွားပြီး ပြောလိုက်သည်။ “ဟေ့ကောင်တော်တော့။ မင်းခုပဲ လူတစ်ယောက်ကိုသတ်ပြီးတာ မလုံလောက်သေးဘူးလား။ ငါမင်းနဲ့ မတိုက်ခိုက်ချင်ဘူးနော်”
“မေမေ”
ရုပ်သေးကလေးငယ်ကို ချော့ပြီးတဲ့နောက်မှာ သက်ပြင်းချပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို စတင်ရှင်းလင်းတော့သည်။
ထိုလီမျိုးရိုးနာမည်ဖြင့် လုပ်ကြံသူက ကောင်းကင်ဘုံရုပ်လွှာနယ်ပယ်ကို ရောက်တာ ကြာလောက်ပြီဖြစ်ကာ ကျန်းရှင်းရှုံထက် သိသိသာသာ ပို၍ သန်မာလေသည်။
သို့ပေမယ့် ထိုသို့လူတောင် စုရှောင်ရှန်ကို အသက်အန္တရာယ်မဖြစ်သွားစေပါချေ။ ထိုသူ့လက်ထဲမှာ မသုံးရသေးတဲ့ ဝှက်ဖဲအနည်းငယ်ကျန်နိုင်သေးပေမယ့် စုရှောင်ရှန်၏ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကတောင် သူ့ကို အခက်အခဲထဲ ထည့်နေချေပြီ။
ထို့အပြင်ကို စုရှောင်ရှန်မှာလည်း အခြားအသုံးမပြုရသေးတဲ့ နည်းစနစ်များစွာကျန်သေးရာ အရှင်သခင်နယ်ပယ် အစောပိုင်းက ပြဿနာမဟုတ်လောက်တော့ဟု ကောက်ချက်ချလိုက်သည်။
“ကောင်းကင်ဘုံရုပ်လွှာနယ်ပယ်၊ ယင်ယန် နယ်ပယ်၊ ကြယ်ဘုံလွှားနယ်ပယ်…။ အထက်နယ်ပယ်နှစ်ခုကို ငါမတွေးရဲပေမယ့် ကောင်းကင်ဘုံရုပ်လွှာနယ်ပယ်နဲ့ လုံး၀ယှဉ်ချနိုင်တယ်”
စိတ်လှုပ်ရှားနေဟန်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
တိုက်ပွဲ၏ အဆုံးသတ်က ဗြုန်းစားကြီးရောက်လာတယ်ဆိုပေမယ့် စစ်မှန်ခြင်းနယ်ပယ်အစောပိုင်းတည်းနဲ့ အရှင်သခင်နယ်ပယ်အစောပိုင်းကို အဆင့်ကြီးတစ်ဆင့်ကွာပြီး ယှဉ်တိုက်ခိုက်နိုင်တာက လူတိုင်း၏ အတွေးအမြင်ကို ကျော်လွန်နေလေပြီ။
၎င်းက ယခင်က စုရှောင်ရှန် မတွေးရဲသည့် အရာဖြစ်ချေသည်။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကို ရပြီးနောက်မှာ အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်လောက်နှင့်သာ ယှဉ်ချနိုင်မယ်လို့ ထင်ထားသည်ပေါ့။
“လာ…။ မှာထားတာတွေသွားစားရအောင်”
ကျဲကိုခေါ်လိုက်ပြီးနောက်မှာ စားသောက်ဆိုင်လေးစီ ပြန်လျှောက်သွားလိုက်သည်။
အသံတိတ် အစီအရင်ကလည်း ထိန်းချုပ်သူမဲ့သွားသောအခါ ချက်ခြင်းပျောက်ကွယ်သွားခဲ့သည်။ နောက်ဖေးလမ်းက ပုံရိပ်ယောင်အစီအရင်လည်း ပျောက်ကွယ်သွားခဲ့ပြီး ပိတ်လှောင်ထားခံရသည့် လူများ၏ မျက်နှာများအထက်တွင် ဘာဖြစ်နေသည်ကို နားမလည်နိုင်သော အမူအရာများပေါ်လာခဲ့၏။
စုရှောင်ရှန် ၎င်းကို ဂရုမစိုက်တော့ပါချေ။
စားသောက်ဆိုင်လေးမှာသာ သွားထိုင်ပြီး မီးဖိုထဲမှာ အမဲသားချက်ပြုတ်နေသည့် ဆိုင်ရှင်ကိုစောင့်နေလိုက်သည်။ ဆိုင်ရှင်ကလည်း ပေါက်ကွဲသံစကြားကတည်းက မီးဖိုထဲတွင်သွားပုန်းနေခြင်းဖြစ်ပေသည်။
“သူဌေး အမြန်လုပ်ပါ။ ကျုပ် ဗိုက်ဆာနေပြီ” စုရှောင်ရှန် အော်လိုက်သည်။
ထိုအော်သံကြားမှ ဆိုင်ရှင် ပန်းကန်နှစ်ပြားကိုကိုင်ကာ ထွက်လာခဲ့သည်။ ခမောက်နှင့်လူနှစ်ယောက် ထိုင်နေစဲဖြစ်သည်ကိုတွေ့သောအခါ တုန့်ခနဲ ရပ်သွား၏။ အနက်၀တ်လူကို မတွေ့ရတော့ချေ။
ထိုမှ ပေါက်ကွဲမှုနှင့် ဆက်စပ်မိပြီး အနက်၀တ်လူဘယ်ရောက်သွားပြီလဲဆိုတာ သိသွားပေတော့သည်။
သို့ပေမယ့် သူ့ရှေ့က အသက် နှစ်ဆယ်တောင်မရှိသေးသည့် လူငယ်လေးက အနက်၀တ်လုပ်ကြံသူကို သတ်ပစ်လိုက်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
ဆိုင်ရှင်က သာမန်လူဆိုပေမယ့် ထျန်းစန်းမြို့တော်မှာ နေလာတာကြာပြီနဲ့အမျှ စစ်မှန်ခြင်းနယ်ပယ်၊ အရှင်သခင်နယ်ပယ် စသဖြင့် သိပေသည်။
လက်များတုန်တုန်ရင်ရင်ဖြင့် ပန်းကန်နှစ်ပြားကိုကိုင်ကာ ရှေ့ဆက်သွားလိုက်သည်။ ဆိုင်ရှင်၏ အချိန်မရွေးခွေကျသွားတော့မတတ် ဒူးကိုမြင်သောအခါ စုရှောင်ရှန် ရယ်သံသဲ့သဲ့ကလေးပေးလိုက်၏။
သူ့ခမောက်ကိုပင့်ကာ သွားအဖြူတန်းကြီးများမြင်အောင် ပြုံးပြလိုက်ပြီး “မကြောက်ပါနဲ့။ ကျုပ်က လူကောင်းပါ”
ဆိုင်ရှင်က ထိုသွားဖြူကြီးများကြောင့် လန့်ဖျပ်သွားပြီး အာမေဠိတ်တောင်ပြုမိလိုက်သည်။
အနက်၀တ်လို လူကိုတောင် သတ်နိုင်တဲ့ လူတစ်ယောက်က ဘယ်မှာ လူကောင်းဖြစ်နိုင်မလဲ။ ဤလူငယ်လေးက အနက်၀တ်လူထက် ပိုခင်မင်ရင်းနှီးဖွယ်ရာ ပေါက်ရင်တောင် သူ မယုံကြည်ပါပေ။
သို့ပေမယ့် သူ့လို အားနည်းတဲ့လူတစ်ယောက်ကို မတိုက်ခိုက်လောက်ဟု တွေးပြီး စိတ်လျော့လိုက်လေသည်။
“အမြန်ကျုပ်မှာထားတာတွေ လာချပေးပါတော့”
“ဒီလောက်ဆို လုံလောက်ပြီလား” စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကိုထုတ်ယူကာ မေးလိုက်သည်။
“လုံလောက်ပါပြီ။ ပိုတောင်ပိုနေသေးတယ်” ဆိုင်ရှင် ကြောက်ရွံ့သွား၏။
ဒုတ်… ဒုတ်…။
နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံး စားပွဲပေါ် ထပ်ကျလာသည်။ ဆိုင်ရှင်က စုရှောင်ရှန် စားတာမရှင်းမှာကို ကြောက်နေတာမဟုတ်ဘဲ အလွန်အကျွံပေးနေတာကို ထိတ်လန့်နေခြင်းပင်။ သူ့နှလုံးတောင် လည်ချောင်းထဲက ခုန်ထွက်လာတော့မလို ခံစားနေရ၏။
“ဒါက မုန့်ဖိုးပေးတာ၊ ဒီဟာက…”
မိုးကောင်းကင်ကိုကြည့်ကြီးတော့ စုရှောင်ရှန် နောက်ဆက်စကားကို ဖြေးညှင်းစွာပြောလိုက်သည်။ “ခဏနေ သိလာပါလိမ့်မယ်။ သွားတော့”
စုရှောင်ရှန် လက်ဝှေ့ရမ်းပြလိုက်သောအခါ ဆိုင်ရှင်လည်း ကြောက်ကြောက်ရွံရွံဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ကောက်ယူကာ ပြန်ဆုတ်သွားလိုက်သည်။
စားပွဲပေါ်မှ အမဲသားဟင်းလျာက အချဉ်ရည်များဖြင့် ဖုံးအုပ်ထားပြီး အငွေ့တထောင်းထောင်းထနေ၏။ သူ့လက်ဖြင့် ၎င်းကို ယူစားလိုက်ရာ လက်မှာ ဆီတွေပေကျံသွားတော့သည်။
“ဝိုး ကောင်းသားပဲဟ”
ဖြစ်နိုင်ရင် အနက်၀တ်လူကိုသတ်ပြီးတာနဲ့ သူလည်း ထွက်သွားချင်ပါသည်။ သို့ပေမယ့်…
ရွှစ် ရွှစ် ရွှစ်…။
အနက်ရောင်နှင့် အနီရောင်ချပ်ကာ၀တ် စစ်သည်များများ မြေပြင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက်ဆင်းသက်လာကြသည်။ သူတို့ ရှေ့မှ ဦးဆောင်လာတာက အနီရောင်ဂုတ်ဝဲလောက်လေး ဆံပင်ဖြင့် မိန်းမပျိုတစ်ဦးဖြစ်သည်။
သူမတစ်ယောက်တည်းသာ ခေါင်းစောင်းကို စောင်းမထားတာဖြစ်ပြီး ဓားရှည်တစ်ချောင်းကိုလည်း ကိုင်ထားသည်။ သူမက တောက်တောက်ပြောင်ပြောင်ရှိလှသည်၊ မြင်သူတစ်ကာငေးစရာကောင်းလှပေသည်။
“တစ်ယောက်မကျန် သွားဖမ်းကြ”
ထိုမိန်းမပျိုလေး၏ အသံအောင်သော အမိန့်ပေးမှုအောက်မှာ နောက်က လိုက်လာသည့် ချပ်၀တ် စစ်သည်များက ညီညီညာညာ ခြေဆောင့်ကာ “အမိန့်အတိုင်းပါ” ဟု ဖြေလိုက်ကြသည်။
ထို့နောက် ချပ်၀တ်တံဆာ လှုပ်ရှားသံများကြားမှ အနက်နှင့် အနီရောင် စစ်သည်များပျောက်သွားကြသည်။ သူတို့ပြန်ပေါ်လာသောအခါ နောက်ဖေးလမ်းက လူအုပ်အကြားရောက်သွားပြီဖြစ်၏။
ထိုအနီရောင်ဆံတိုမိန်းမပျိုလေး အမိန့်ပေးသည့်အတိုင်းကို တစ်ယောက်မကျန်အကုန်ဖမ်းလိုက်လေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ သူတော့ ကွိုင်တက်ပြီဟု စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်၏။
မြို့စောင့်တပ်ဖွဲ့ရောက်လာတာ မြန်လှပေသည်။ တိုက်ပွဲပြီးမှ နေရာရှင်းဖို့ ရဲမြညွှန့်တို့အဖွဲ့လိုပေါ်လာရမှာမဟုတ်ဘူးလား။
‘ငါသွားချင်ရင်တောင် သွားလို့မရတော့ဘူး။ သူတို့ လာတားရင်လည်း ကျဲက ဖြတ်ရိုက်ရင် ရိုက်နေမှာ”
သူသာ ဤနေရာမှာ ကောင်းကောင်းမလုပ်နိုင်လျှင် တကယ် လူပုံအလယ်မှာ ခေါင်းဖြတ်သတ်ခံရဖို့က မဝေးတော့ချေ။ သူ့ရန်သူများကိုရင်ဆိုင်ခြင်းနည်းဗျူဟာမှာ နောက်ထပ် မှတ်စုတစ်ခု ထပ်တိုးလိုက်သည်။
-တိုက်ပွဲအတွင်း ရန်သူကို တစ်ချက်တည်း ရိုက်၍ သတ်နိုင်လျှင် သတ်ရန်။
အနီရောင်ဆံတိုမိန်းမပျိုလည်း ဓားကို ဓားအိမ်ထဲပြန်ထည့်ပြီး စုရှောင်ရှန်ဘက်ကို ခြေတံရှည်ကြီးဖြင့် လျှောက်သွားလိုက်သည်။ ထိုကောင်လေး အစားအသောက်မပြတ်တာကိုမြင်သောအခါ စောင့်နေလိုက်၏။
အတန်ငယ်ကြာသော…
“ဂျွတ် ဂျွတ်…”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
မိန်းမျိုလေးက သူမ၏ ဆွဲမက်ဖွယ်ရာ မျက်ခုံးများကို ပင့်ကာ မိတ်ဆက်လိုက်သည်။ “မြို့စောင့်တပ်ဖွဲ့၊ ဖုယင်ဟုန်”
“ဂျွတ် ဂျွတ်”
သူမ စကားပြောလိုက်တာတောင် အစားအသောက်မပြတ်သေးတဲ့ စုရှောင်ရှန်ကို ကြည့်ပြီး မှင်တက်သွား၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“သူက နားလေးနေတာများလား”
ထိုသို့တွေးမိပြီး သူမ မျက်နှာပေါ်က တင်းမာနေသော အမူအရာ အနည်းငယ်ပြေလျော့သွားပေသည်။