“သူက စစ်မှန်ခြင်းနယ်ပယ်မဟုတ်ဘူးလား။ သူ့မီးထိန်းချုပ်မှုက ငါ့လို ကောင်းကင်ဘုံရုပ်လွှာနယ်ပယ်ထက်တောင် ပိုပြီး ချောမွေ့နေတယ်။ နောက်က စွမ်းအားကလည်း ငါ့ထက်ပိုသာနေတယ်”
ရှဲ…။
သွားကြိမ်းစေလောက်မည့် လောင်ကျွမ်းသံကြီး တရှဲရှဲဖြင့် အနက်ရောင်မီးတောက်အစေ့ စုရှောင်ရှန်၏ ပါးစပ်မှ ပျောက်သွားသည်။
၎င်းပြန်ပေါ်လာသောအခါ လီခုနှစ်၏ အံ့အားသင့်မှုများအောက်တွင်ပင် ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်ထွက်သွားပြီး သူ့အနောက်ကို ရောက်သွားကြောင်းတွေ့လိုက်ရသည်။
ထိုမီးတောက်အစေ့က ဘာသံညာသံမှ မပေးဘဲနှင့် လေဟာနယ်ကို ဖောက်ခွင်းလာနိုင်သလိုမျိုး လျှပ်တပြက် ရောက်လာခဲ့ပေသည်။ သို့ဖြင့် သူပြင်ဆင်ထားတဲ့ ခုခံကာကွယ်မှုတွေအားလုံး အကျိုးမဲ့သွား၏။
ဤသို့ မြန်ဆန်လှသော တိုက်ကွက်ကိုမည်သူမှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။
လီခုနှစ်သူ့ခါးကိုငုံ့ကြည့်လိုက်သောအခါ သူ့တွင်ရှိ တစ်ခုတည်းသော တန်ဖိုးကြီး ခုခံခြင်းစိတ်ဝိညာဉ်ကျောက်စိမ်းပြားက ကွဲကြေသွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ ဆိုလိုတာက သူတစ်ခါသေသွားပြီးဖြစ်ပေသည်။
စုရှောင်ရှန် အလင်းပေါက်သွားကာ ထွင်လိုက်သော ယခု မီးတောက်အစေ့ နည်းစနစ်အသစ်က လီခုနှစ်ကိုသာမက ကာယကံရှင်ကိုယ်တိုင်ကိုတောင် မှင်သက်သွားစေ၏။
၎င်းက အလွန်လျှင်မြန်လှပေသည်။
ထို့နောက်မှ လီခုနှစ်နသေရတာက သက်ရောက်မှုအားအများစုကို ကျောက်စိမ်းပြားလေးက စုပ်ယူသွားလို့ဖြစ်ကြောင်း သိလိုက်ရသည်။
၎င်းက အင်မတန်အစွမ်းထက်သော နည်းစနစ်ဆိုပေမယ့် ဆိုးကျိုးများလည်းရှိပေသည်။
လီခုနှစ်ကအားနည်းလွန်းလှရာ ထိုမီးတောက်အစေ့ကိုတားဆီးနိုင်စွမ်းငှာမရှိချေ။ ၎င်းက သူ့ကို ထုတ်ချင်းဖောက်ထွက်ပြီးသွားတာနှင့် လီခုနှစ်ခင်းကျင်းထားသော အသံတိတ် အစီအရင်ကိုပါ ဖောက်ထွက်သွားခဲ့သည်။
သို့တောင် ၎င်းက ရပ်တန့်မည့်ဟန်မရသေးဘဲ ဆက်လက်၍ ရှေ့သို့ထွက်သွားကာ နောက်ဆုံး စုရှောင်ရှန့် အကြားအမြင် ရောက်နိုင်စွမ်းကိုတောင် ကျော်သွားခဲ့သည်။
“ဟာ သေပြီ”
စုရှောင်ရှန် စိုးတထိတ်ထိတ်ဖြစ်သွား၏။
လီခုနှစ် အသံတိတ်အစီအရင်ခင်းကျင်းတာကို စုရှောင်ရှန် ပို၍ သဘောကျပါသည်။ သူ့ကိုသတ်လိုက်ရင် ဘာသံညာသံမှ မထွက်တော့ရာ သူ့ကိုတောင် ကူညီရာရောက်ပေသည်။
သို့ပေမယ့် ယခုတော့ အခြေအနေက ခွေးဆွဲလေပြီ။ သူတို့နှစ်ယောက်လုံး ထိုမီးတောက်အစေ့ကြောင့် မှင်တက်နေကြချိန် ၎င်းက သူ၏ ထိန်းချုပ်မှုအောက်ကလွတ်သွားပြီး မတည်မငြိမ်ဖြစ်လာတော့သည်။
ဘုန်းးးး…။
ကောင်းကင်ပေါ်မှာ မသိရင် အနက်ရောင်ကြာပန်းကြီးဖူးပွင့်လာသလို ဧရာမ အနက်ရောင် တိမ်တိုက်ကြီးအဖြစ်ပေါက်ကွဲထွက်သွားပေသည်။ ၎င်းက ပေတစ်ရာကျော်လောက်ကြီးမားပြီးတော့ ကောင်းကင်ကို အမှောင်ဖုံးသွားလိုက်၏။
ရွှေအစည်းအရုံး၏ ထိပ်ပိုင်းတောင် ၎င်းမှ ရိုက်ခတ်မှုကြောင့် မဲနက်သွားသည်။
ယခုတော့ နောက်ဖေးလမ်းကြားက လူတွေသာမက ရွှေအစည်းအရုံးကလူများနှင့် ထျန်းစန်းမြို့သားအတော်များများတောင် တွေ့လိုက်ရ၏။
“ဒါက…”
“ဟ တစ်ယောက်ယောက်က ထျန်းစန်းမြို့တော်ထဲမှာတောင်တိုက်ခိုက်ရဲတယ်ဟ။ မြို့တော်၀န်အိမ်တော်နဲ့ မျိုးနွယ်စုကြီးလေးခုကို မျက်လုံးထဲမထားတာပဲ”
“ကြည့်ရတာ တစ်ယောက်ယောက်က မြို့စောင့်တွေနဲ့ ချုပ်ထားတဲ့ သဘောတူညီမှုကို ချိုးဖျက်လိုက်တယ်ထင်တယ်။ ဒီကောင်တော့ သေတွင်းတူးနေတာပဲ”
“ပေါက်ကွဲမှုက အားကိုကြည့်ရသလောက်တော့ ဒါက အရှင်သခင်နယ်ပယ် တွေတိုက်ခိုက်နေကြတာဖြစ်မယ်”
စိတ်ဝိညာဉ်ကျင့်ကြံသူဖြစ်ဖြစ်၊ သာမန်လူဖြစ်ဖြစ် ထိုပေါက်ကွဲမှုကြောင့် တုန်လှုပ်သွားကြရသည်သာ။
အနည်းစုက ပေါက်ကွဲမှုအားကြောင့်ဖြစ်ပြီးတော့ အများစုက ထိုလူ၏ သတ္တိကြောင့်ဖြစ်သည်။ ထို့အပြင်ကို ထိုပေါက်ကွဲမှုကိုခံရတဲ့သူအတွက်လည်း စိတ်မကောင်းဖြစ်သွားကြ၏။
တိုက်ခိုက်ချင်တော့လည်း တခြားနေရာမဟုတ်ဘဲ ထျန်းစန်းမြို့တော်ထဲမှာမှ လာပြီးတိုက်ခိုက်ကြသည်။ နိုင်သွားရင်တောင် ဘာရလိမ့်မလဲ။ ကိုယ့်သေတွင်းကိုတူးနေကြခြင်းသာဖြစ်၏။
စုရှောင်ရှန်နှင့် လီခုနှစ်တို့ကတော့ ပေါက်ကွဲမှုမှ နောက်ဆက်တွဲ အကျိုးဆက်များကိုဂရုမထားကြပေ။ ဤနေရာမှာ သူတို့ ဆက်နေလို့မဖြစ်တာတော့ သိကြသည်။
မဟုတ်ရင် သေမင်းကလာပေတော့မည်။
“ဒီတိုက်ပွဲကို တတ်နိုင်သလောက်မြန်မြန်ဖြတ်ရမယ်”
စုရှောင်ရှန်သာမက လီခုနှစ်လည်း အလားတူတွေးနေ၏။
စုရှောင်ရှန်တောင် ၎င်းကို ကောင်းကောင်းမထိန်းချုပ်နိုင်သလို ထိုပေါက်ကွဲမှုမှအားကလည်း စိတ်ကူးမယဉ်နိုင်လောက်စရာပင်။ သို့ပေမယ့် လူတစ်ယောက်က ထုတ်ချင်းဖောက်သွားတာနဲ့ မသေသွားနိုင်ပေ။
“မင်းရဲ့ ကျင့်ကြံခြင်းက မူလနန်းတော်နယ်ပယ်လေးနဲ့ ဘာလို့ မွှေးရနံ့သုံးပါးအဆောင်ကတောင် အန္တရာယ်ရှိတယ်လို့ သတ်မှတ်တာလဲ သိလိုက်ပါပြီ” စုရှောင်ရှန်ကို အန္တရာယ်ရှိသော အလင်းများလက်နေသော မျက်၀န်းများဖြင့် လီခုနှစ်ကြည့်လိုက်သည်။
စုရှောင်ရှန်က တိတ်တဆိတ်ပဲ သူ၏ စွမ်းအင်များကို ပြန်စုစည်းလိုက်၏။ ထိုတိုက်ကွက်ကို အသုံးပြုဖို့အတွက် စိတ်ဝိညာဉ်အနှစ်တော်တော်များများကို ရင်းနှီးလိုက်ရ ပေသည်။
၎င်းက သာမန်မီးတောက်အစေ့ငါးစေ့ပေါင်းထက်တောင်ပို၍ စွမ်းအင်အကုန်အကျကြီး၏။
စုရှောင်ရှန် လှောင်ရယ်ကာ ပြောဆိုလိုက်သည်။ “မင်းရဲ့ အသံတိတ်အကာအကွယ်က အတော်ကောင်းတာပဲနော်။ ခုတော့ နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ရတော့မယ် အလုပ်ရှုပ်လိုက်တာ”
“မစိုးရိမ်ပါနဲ့” လီခုနှစ်က ထူးမခြားနားသောလေသံဖြင့် “မင်းစကားထပ်ပြောနိုင်တော့မှာမှ မဟုတ်တာ ဘာကို နောက်လာမယ့် ပြဿနာတွေကို ဂရုစိုက်နေရဦးမှာလဲ”
“မဟုတ်ဘူး။ မဟုတ်ဘူး”
လက်တစ်ချောင်းထောင်ကာ ခါရမ်းပြလိုက်ပြီးတော့ “မင်းရဲ့ အသံတိတ် အစီအရင်က ငါ့အတွက် အလုပ်ရှုပ်လွန်းစေတယ်လို့ပြောချင်တာ”
လီခုနှစ် မျက်ခုံးများပင့်လိုက်သည်။
စိတ်ထဲကလည်း – ‘ဘာလဲဟ။ သူငါ့ကို တကယ် သတ်နိုင်မယ်ထင်နေတာလား’
“ဟားဟား…” လီခုနှစ် ဟက်ဟက်ပက်ပက် ရယ်မလို့ရှိသေး စုရှောင်ရှန်က ဓားအိမ်တစ်ခုထုတ်ယူလာတာကြောင့် ရပ်လိုက်ရသည်။
၎င်းက စောနက သူရှောင်လိုက်သော အနက်ရောင်ဓားပဲဖြစ်သည်။ ၎င်းအတွင်းမှ ကြောက်မက်ဖွယ်ရာ ဓားဆန္ဒတို့ ထုတ်ဖြာနေပြီး အပိုင်းအစအသေးလေးကတောင် လီခုနှစ်ကို အသိပေးချက်ခေါင်းလောင်းများညံသွားစေသည်။
“လခွမ်း။ ဒီကောင်က ဓားသမားလားဟ”
ဤကဲ့သို့ ပေါက်ကွဲမှုကြီးကိုဖြစ်ပွားစေလိုက်သည့် မီးဓာတ်ကို အထူးပေးကျင့်ကြံဟန်ရသော စုရှောင်ရှန်က ဓားသမားတစ်ယောက်လည်းဖြစ်နေ၏။
သူ့အရှိန်အဝါကို အကဲခတ်ကြည့်ရသလောက်တော့ ၎င်းက စစ်မှန်ခြင်းနယ်ပယ် မှာ ဖြစ်သည်။
“ဒီကောင့်ခေါင်း ဈေးကောင်းရတာမဆန်းတော့ဘူး”
ဤသို့သော ကိုင်တွယ်ရခက်သည့် သူကို စိတ်ဝိညာဉ်ငါးသောင်းတည်းနဲ့ သတ်ပေးရတာ ဘယ်လိုမှ မတန်ပေ။ အနည်းဆုံးတောင် စိတ်ဝိညာဉ်ငါးသိန်းလောက်က စပေးသင့်သည်။
မွှေးရနံ့သုံးပါးအဆောင်က စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းတောင်းတာ မဆန်းတော့ချေ။
သို့ပေမယ့် စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒက စစ်မှန်ခြင်းနယ်ပယ်၌သာ ဖြစ်သေးသည်။
“ငါ လီခုနှစ်က အရှင်သခင်နယ်ပယ်ကွ။ ပြီးတော့ အစီအရင်ဆရာသခင်တစ်ယောက်”
သူ့လက်ထဲမှာ ကျန်သေးတဲ့ အစီအရင်တံဆိပ်ပြားကြောင့် လီခုနှစ် ဤတိုက်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်နေပေသည်။
နောက်ဖေးလမ်းက အသံတိတ် အစီအရင်ကဲ့သို့ မဟုတ်ဘဲ ၎င်းက လုံး၀ကို လူသတ်လက်နက်ဖြစ်သည်။
စစ်မှန်ခြင်းဓားဆန္ဒမပြောနှင့် အရှင်သခင်နယ်ပယ်ဓားဆန္ဒတောင် ဤ သတ်ဖြတ်ခြင်းအစီအရင်နှင့်တွေ့ရလျှင် ဒူးထောက်ကျသွားရပေမည်။
“မေမေ”
ရုတ်တရက်ထွက်ပေါ်လာသည့် ခံစားချက်ကင်းမဲ့နေသော ထိုအသံက လီခုနှစ်၏ ကျောတစ်လျှောက်လုံးကို ချမ်းစိမ့်သွားစေလိုက်၏။
“လခွမ်း။ ဒီနေရာမှာ နောက်တစ်ယောက်ရှိနေသေးတာ ငါမေ့နေတယ်”
ထိုအသံပြုလိုက်သူက ကိုယ်နှင့် မလိုက်သော ခမောက်ကြီးစောင်းထားသည့် လူပုလေးဖြစ်သည်။
ထိုအသံက သူ့နောက်ကလာခြင်းဖြစ်ရာ အလန့်တကြား အလျှင်အမြန်လှည့်ကြည့်လိုက်ပါသည်။ ထိုတွင် ပါးမှာ ကလေးအဆီတောင်မပျောက်သေးသည့် မျက်နှာတစ်ခုနှင့် ကျလာနေသော လက်ဝါးရိုက်ချက်ကိုတွေ့လိုက်ရ၏။
“ဟူးးး…။ တော်ပါသေးတယ် တကယ်ကလေးတစ်ယောက်ဖြစ်နေလို့ပေါ့”
ဘုန်း…။
ထိုအတွေးက သူမသေခင် နောက်ဆုံး အတွေးလေးလို့ပြောရပေမည်။ ထိုစဉ်မှာ လီခုနှစ်လုံး၀ကို သတိလွှတ်ထားလေသည်။ သူ့တစ်ကိုယ်လုံးက ကြွက်သွားများတောင် ပြေလျော့သွားခဲ့၏။
ကျဲ၏ လက်ဝါးကြီး သူ့ခေါင်းပေါ်ကိုကျလာသောအခါ လီခုနှစ်၏ ဦးခေါင်းက ဖရဲသီးအလား သွေးသံတရဲရဲ ပေါက်ပြဲထွက်သွားပေသည်။
တိုက်ပွဲပြီးလေပြီ။
အသံတိတ်အစီအရင်ကတောင် မဖိနှိပ်နိုင်သော ပေါက်ကွဲသံအကျယ်ကြီးဖြစ်ပေါ်သွားသည်။
တစ်ခါတစ်ရံမှာ တိုက်ပွဲများက ထိုကဲ့သို့ လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်တည်းဖြင့် ဆုံးဖြတ်နိုင်လောက်အောင် ရိုးရှင်းပေသည်။
“မေမေ”
ကျဲက နားမလည်နိုင်စွာ ခေါင်းလေးစောင်းလိုက်ရာ ခမောက်ပြုတ်ကျသွားပြီး ပြောင်ပြောင်ချောချော ခေါင်းပြောင်ကြီးပေါ်လာသည်။
ထို့နောက် ဤလူက ဘာလို့ တစ်ချက်တည်းဖြင့် ခေါင်းပေါက်ထွက်သွားရတာလဲ မေးခွန်းထုတ်သလို စုရှောင်ရှန်ကို လှည့်ကြည့်လိုက်လေသည်။
သတ်ဖြတ်ခြင်းကွင်းပြင်မှာတုန်းက စုရှောင်ရှန်ကို ရိုက်တုန်းကဆို မာကျောတာတစ်ခုခုကို ခံစားရပေသည်။ ယခုတစ်ယောက်ကတော့ ပျော့အိလွန်းလှ၏။