“အဟမ်း။ တောင်းပန်ပါတယ်။ ခင်ဗျားက ဆိုင်ရှင်ထင်တယ်။ ဒီနေ့ဘာအထူးဟင်းလျာရှိလဲ ကြည့်ရအောင်”
“အင်း… ဒီ အမဲသားဟင်းကို အချဉ်ရည်စပ်စပ်လေးနဲ့ ယူမယ်။ ဆားလေးနည်းနည်းပိုထည့်ပေးဦး။ ဘာမှ မစားတာကြာတော့ အရသာတွေပျက်နေလို့”
“ဟုတ်သား။ အဲ့တာကို ပွဲကြီးလုပ်လိုက်နော်။ ဟီဟီး။ ဗိုက်ဆာလိုက်တာ မအောင့်နိုင်တော့ဘူး”
ရုတ်တရက်ပေါ်လာတဲ့ ကောင်လေးရဲ့ တတွတ်တွတ် စကားပြောဆိုမှုကြောင့် လီခုနှစ် အံအားသင့်သွားပြီး အသံလာရာဘက်ကိုလှည့်ကြည့်လိုက်၏။
ထိုတွင် ခမောက်စောင်းလူနှစ်ယောက်ကိုတွေ့လိုက်ရပြီး သူတို့ထဲက တစ်ယောက်က ကောင်တာကိုတောင် ခေါင်းမမှီအောင်ပုတာ တွေ့ရသည်။
အရပ်ရှည်တဲ့တစ်ယောက်ကတော့… မူလနန်းတော်နယ်ပယ်မတဲ့လား။
လီခုနှစ်၏ မျက်ဆံများကျုံ့သွားခဲ့သည်။ ဒီလောက်ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူက နောက်ဖေးလမ်းကြားလေးမှာ သူခင်ကျင်းထားတဲ့ အစီအရင်ထဲက ဘယ်လိုထွက်လာနိုင်တာလဲ။ မဖြစ်နိုင်တာ။
စားသောက်ဆိုင်လေး၏ ပိုင်ရှင်ကလည်း ကောင်တာအနောက်ဘက်က ခေါင်းထွက်လာပြီးတော့ အနောက်ကထိုင်နေသော အနက်၀တ်လူကို မရဲတရဲကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့က ကောင်လေးကို အကြံပေးလိုက်၏။ “ကောင်လေး။ မင်းသွားတော့။ ဒီနေ့ငါတို့ဆိုင်မှာ အမဲသားမရှိတော့ဘူး”
“ဘာလို့ မရှိရတာတုန်း”
စုရှောင်ရှန်က ခမောက်ကို ရှေ့သို့ဆွဲချထားတော့ သူ့မျက်နှာကိုမမြင်နိုင်ပေ။ သူက ရေခဲများဖြင့် သိုလှောင်ထားသော သေတ္တာလေးကို လက်ညိုးထိုးပြကာ “မလိမ်ပါနဲ့။ အဲ့ထဲမှာ ကျုပ်မြင်လိုက်သား”
အကြားအမြင်ဖြင့် ထိုသေတ္တာထဲမှာ မြောက်များစွာသော အမဲသားများကို ခဲထားကိုမြင်ရသဖြင့် ဒီဆိုင်ရှင်၏ လုပ်ငန်းက လတ်တလော ကောင်းမနေတာ သိသာသည်။
ဆိုင်ရှင်က ဘာပြောရမှန်းမသိဖြစ်သွားသည်။
‘လခွမ်းလိုလိုပဲ။ ဒီနေရာမှာ ပြဿနာတက်မှာမလို့ မင်းကို ထွက်သွားဖို့ ပြောနေတာဟ။ ဘာလို့ ကိုယ့်သေတွင်းကိုယ် တူးနေတာလဲ။ မင်းခုမထွက်သွားရင် သေလိမ့်မယ်ကွ’ ဟုလည်း စိတ်ထဲကပြောလိုက်ပေသည်။
ထိုမှ အရပ်ပုသော ခမောက်စောင်းလူ၏ မျက်နှာတစ်ခြမ်းကိုမြင်လိုက်ရသောအခါ ဆိုင်ရှင်ပို၍ စိတ်အားပျက်လျော့သွားရသည်။ သူက ကလေးတစ်ယောက်ကိုတောင် အဆစ်ခေါ်လာသေး၏။
“ကောင်လေး။ မင်းသွားတာကောင်းမယ်။ ဆိုင်ပိတ်ပြီ”
အပြင်ဘက်က ထိန်ထိန်လင်းနေသော ကောင်းကင်ကြီးကို စုရှောင်ရှန် မော့ကြည့်ပြီးတော့ အပြုံးလေးဖြင့်မေးလိုက်သည်။ “ပိတ်တော့မပေါ့။ ဒီလောက်အစောကြီးရှိသေးတာကို အရင်းမထိဘူးလား”
“မိုးရွာနေလို့ပါ”
“ဒီလိုမိုးရွားနေလို့လည်း သေရည်နွေးလေးနဲ့ အမဲသားနဲ့ဆိုရင် လျှာလည်မှာပဲ။ ပြောနေကြာပါတယ် ဗိုက်ဆာလာပြီ အဲ့လူလို သေရည်မြန်မြန်ချပေးဗျာ”
အနက်၀တ်လူအရှေ့က ယိုဖိတ်မတတ်ဖြည့်ထားသော သေရည်ခွက်ကို လက်ညိုးထိုးပြပြီးတော့ စုရှောင်ရှန်က ပြောလိုက်သည်။ “တော်တော်မွှေးတယ် သောက်လို့လည်းကောင်းမှာပဲ”
ဆိုင်ရှင် “…”
သူ့ရှေ့ကကောင်လေးကို ကူကယ်ရာမဲ့စွာသာကြည့်လိုက်ရတော့သည်။ ဒီကောင်လေးက တကယ်ကို သေမင်းခံတွင်း၀ထံ တိုး၀င်နေခြင်းပင်။
“ကျုပ်ဒီမှာထိုင်လို့ရလား”
သို့ပြောပြီး အနက်၀တ်လူနှင့် မျက်နှင်ချင်းဆိုင်မှာ စုရှောင်ရှန် ခွင့်ပြုချက်တောင်စောင့်မနေဘဲ ထိုင်ချလိုက်၏။ ထို့နောက် အနက်၀တ်လူကို စကားတောင်ပြောခွင့်မပေးဘဲ လက်ပြကာ “ကျေးဇူး ကျေးဇူး”
လီခုနှစ် “ဟ…”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန်က ကောင်တာဘက်ကို လက်ဝေ့ရမ်းပြပြီးတော့ “အားကျဲ လာလေ။ ဘာလုပ်နေတာလဲ”
ခမောက်ကြီးစောင်းထားသော လူပုလေး စုရှောင်ရှန်ထံကို အပြေးလေးသွားလိုက်၏။
ထို့နောက် ဆက်လက်၍ “တွေ့လား ငါ့လို ဒူးကို ကွေးပြီးတော့ သေချာထိုင်။ ပြီးတော့ ငြိမ်ငြိမ်နေ”
ချပ်…။
ကျဲ ထိုင်လိုက်သည်။
ဘာကြောင့် ချပ်၀တ်တန်ဆာ၀တ်ထားလျှင် ထွက်ပေါ်လာတတ်သော အသံကြီးပေါ်လာရသလဲ လီခုနှစ် ကြောင်အသွားသည်။
သူနဲ့ ရင်းနှီးသလိုလာလုပ်နေတဲ့ ဒီလူတွေရဲ့ နောက်ခံကဘာလဲ။
သူတို့စောင်းထားသော ကောက်ရိုးခမောက်များက ဘာစိတ်ဝိညာဉ်အရှိန်အဝါမှ ရှိမနေဘဲ သာမန်ပဲဆိုပေမယ့် စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရန် မဝံ့ရဲပါချေ။ ဒါကြောင့်လည်း မှန်းဆရခက်နေသည်။
သူစစ်ကြည့်လိုက်မယ်ဆိုရင်တောင် အခြားသူက စိတ်ဝိညာဉ်အာရုံကို ခုခံကာဖွယ်ဖို့ ရတနာတစ်ခုခု၀တ်ထားလည်း အပိုပဲဖြစ်လိမ့်မည်။ သို့ဆိုလျှင် မပြောမဆိုဖြင့် အခြားသူကို စော်ကားလိုက်သလိုပင်။
အခြားသူက မမျှော်လင့်ထားဘဲနှင့် အဆင့်အတန်းရှိရှိ အကောင်ကြီးတစ်ကောင် ဖြစ်နေမယ်ဆိုရင် အသတ်ခံနိုင်ရလောက်တဲ့အထိ ပြင်းထန်တဲ့ အကျိုးဆက်များကို ခံစားသွားရနိုင်သည်။
သူ့လက်ထဲက အစီအရင်တံဆိပ်ပြားများကို ကိုင်ရင်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူဘာလုပ်ရမလဲ ဝေခွဲမရဖြစ်နေလေသည်။
“မြန်မြန် စားစရာတွေလာချပါတော့။ ဆာနေပြီ” စုရှောင်ရှန် အော်လိုက်သည်။ ထို့နောက် သူ့ရှေ့က အနက်၀တ်လူဘက်ကို ပြန်လှည့်လာကာ ကဗျာစာသားများရွတ်လိုက်၏။
“လေမိုးအလာ လမ်းအသွယ်အသွယ်မှာ၊ မိုးစက်ကျသံ တဖျောက်ဖျာက်နှင့်၊ အဝေးဌာနီ စိမ်းမြက်တို့က အနီးကပ်မှာ အရောင်မဲ့သတဲ့။ ဒီက မိတ်ဆွေက ဘယ်လို ကောင်းကောင်းမွန်မွန် နေထိုင်ရမလဲသိတာပဲ”
“ဆိုင်တည်းထဲထိုင် မိုးတိမ်ရွေ့လျား ပြောင်းလဲ၊ လူတို့ဟာလည်း သွားသွားလာလာနှင့်၊ အပြုံးဖြင့် စောင့်ကြည့်ခြင်းဟာ ရှင်သန်ခြင်းမည်လေသတဲ့။ ဒီကမိတ်တွေရဲ့ နာမည်ကို သိခွင့်ရှိမလား”
လီခုနှစ်မျက်လုံးများကို ကျဉ်းမြောင်းပြီး သူ့အရှေ့က မျက်နှာခမောက်ဖုန်းနေသော နှစ်ယောက်ကိုကြည့်လိုက်သည်။ သူ့လို လုပ်ကြံသူတစ်ယောက်အတွက် ပထမဆုံးမြင်ဖူ သောလူများက ရင်းနှီးသလို လာဆက်ဆံနေတာ တကယ် နေရကြပ်ပေသည်။
သူ့ဓားဖြင့် ရှေ့က ကောင်လေးကိုတောင် သတ်ပစ်ချင်လိုက်၏။
သို့ပေမယ့် ထိုကောင်လေးရွတ်ဆိုသွားသော ကဗျာစာသားများက စကားလုံးတိုင်းကို သူအဓိပ္ပာယ်မဖွဲ့ဆိုနိုင်ဘူးဆိုရင်တောင် တခုခုတော့ သိလိုက်ရပါသည်။
ထိုကောင်လေးက ကျယ်ပြန့်သော အသိဉာဏ်ရှိပြီးတော့ ထူးခြားသည့် နောက်ခံရှိသော လူတစ်ယောက်ဖြစ်ရမည်။ သူက ထျန်းစန်းမြို့တော်က မိသားစုကြီးများ (သို့) မြို့တော်၀န်အိမ်တော်က သခင်လေးတစ်ယောက်ယောက်တောင်ဖြစ်ကောင်းဖြစ်နိုင်၏။
သူအပြစ်ပြုမိ၍ မသင့်ချေ။
“ကျုပ်ကို လီလို့သိကြတယ်” အသာအယာ ဖြေလိုက်သည်။
“လီဟုတ်လား။ နာမည်ကောင်းပဲ”
စုရှောင်ရှန် လက်ခုပ်လက်ဝါးတီးကာ “ကျုပ်လည်း အရင်မျိုးဆက်က လီဆိုတဲ့ မျိုးရိုးနာမည်နဲ့ နာမည်ကြီးတဲ့ လူတစ်ယောက်ကိုသိတယ်။ သူစပ်ဆိုခဲ့တဲ့ ကဗျာရှိပါတယ်။ ဘာတဲ့ ‘မိုးကောင်းကင်က ကျဆင်းလာတဲ့ လေစီးကြောင်းကိုကြည့်ရတာ နတ်ပြည်က နိဗ္ဗာန်လမ်းလေး ဆင်းလာတာလားလို့တောင် တွေးမိတယ်’ တဲ့။ သူ့ကို ကျုပ်လေးစားတာကြာပြီ။ ခင်ဗျားကောသိလား”
လီခုနှစ် “…”
ဒီကောင်လေး၏ အမေးကြောင့် လီခုနှစ် ထိုင်မရထမရ ကသိကအောက်ကြီးဖြစ်သွားသည်။
သူ့ကို ကဗျာတွေစာတွေဖွဲ့ပြီး ဒီအကြောင်းတွေလာမေးတာက ကျွဲပါးစောင်းတီးနေသည်နှင့်တူပေသည်။
သို့ပေမယ့် ထိုကြောင့်ပဲ သူ့ရှေ့က ခမောက်နှင့်ကောင်လေးက နောက်ခံကောင်းကောင်းတစ်ခုကလာမည်ဆိုတာ ပို၍ သေချာသွားပေသည်။
ထျန်းစန်းစီရင်စုက နာမည်ကြီး မျိုးနွယ်စုကြီးလေးခုက မဟုတ်ရင်တောင် အတော်အသင့်နာမည်ရှိသည့် မျိုးနွယ်စုက သခင်လေးဖြစ်ရမည်။
မဟုတ်လည်း ကောလဟာလာများထဲက ရှစ်ယောက်မြောက်ဓားနတ်ဘုရားအား အဖေအရင်းလား ကိုးကွယ်သည့် ဓားအရာရော စာပေအရာမှာပါ ဆရာတစ်ဆူဖြစ်သော ထျန်းစန်းမြို့တော်၀န်၏ သားကြီးဖြစ်နိုင်သည်။
“မသိဘူး” လီခုနှစ်က သာမန်ကာလျှံသာဖြေလိုက်သည်။
သူက မြို့တော်၀န်၏ သားကြီးမကလို့ မျိုးနွယ်စုတစ်ခုခုက သခင်လေးဖြစ်ချင်လည်း ဖြစ်နေပစေပေါ့။ သူနှင့် ဘာမှ မဆိုင်တာ မျက်နှာချိုသွေးပြီး မိတ်ဖွဲ့နေစရာမလိုပါချေ။
အဆုံးမှာ သူတို့နေထိုင်နေတဲ့ လောကနှစ်ခု ကွဲပြားလှသည်မဟုတ်ပါလား။
“မသိဘူးဆိုရင်လည်း ထားလိုက်ပါတော့။ နောက်တစ်ခါကြရင် ခင်ဗျားနဲ့ မိတ်ဆက်ပေးမယ်” စုရှောင်ရှန်က ရွှင်ပြပြဆိုသည်။
“ကောင်းပြီ” လီခုနှစ် အသံထွက်သည် ဆိုရုံလောက်လေး အသံပြုကာ ခေါင်းညိတ်လိုက်၏။
“သဘောတူတယ်နော်။ ကောင်းပြီလေ။ ခင်ဗျားတို့ နှစ်ယောက်ကို တွေ့ဖို့ သေချာပေါက်ကို စီစဉ်ပေးမယ်”
(Tang မင်းဆက်က Li Bai ကိုပြောနေတာနေပါမယ်)
စုရှောင်ရှန်က စားပွဲကို စိတ်လှုပ်တရှားရိုက်ကာ ဆိုင်ရှင်ဘက်ကို လှည့်အော်လိုက်၏။ “ကျုပ်မှာထားတာတွေ မရသေးဘူးလား ။ ဒီမိတ်ဆွေနဲ့ ဒီနေ့မှတွေ့ရတယ်ဆိုပေမယ့် မိတ်ဆွေဟောင်းတွေလို ခံစားနေရတာ ဒီနေ့ မမူးဘဲ အိမ်မပြန်ဘူး”
လီခုနှစ် ကြောင်အသွား၏။
စိတ်ထဲကလည်း – ‘ဟ။ ဘာကို မိတ်ဆွေဟောင်းတုန်း။ ငါ့သေရည်အိုးကိုကော ဘာလို့ထိနေတာလဲ’
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ပြီးနောက် စုရှောင်ရှန် ထရပ်လိုက်ပြီးတော့ နွေးနေတဲ့ သေရည်အိုးကို သူ့ဘက်ယူကာ ခွက်အလွတ်ထဲဖြည့်ပြီး ဘုတ်ကတည်း စားပွဲပေါ်ပြန်ချလိုက်သည်။ မီးကိုတောင် မငြိမ်းသတ်လိုက်ပါချေ။
“မေမေ” ကျဲ၏ မျက်၀န်းများ ၀င်းပသွားသည်။
“ကလေးတွေက မသောက်ရဘူး” ခေါင်းမော့လာသော ကျဲကို စုရှောင်ရှန် ပြန်ဖိချလိုက်သည်။
လီခုနှစ်၏ မျက်နှာအမူအရာပြောင်းလဲသွား၏။
သူ့ရှေ့က လူပုကလေးနှင့်ပတ်သက်ပြီး မူမမှန်တာ ခံစားနေရလေသည်။
ထိုလူပုလေး၏ ကျင့်ကြံခြင်းကို သူမခံစားရပေမယ့် စောနက ကြားလိုက်ရတဲ့ အသံက ဘာကြီးတုန်း…။ သူ့ရှေ့က ကောင်လေးထံ အကြည့်ပြန်လွှဲလိုက်ပြီးတော့ သခင်လေးဆိုတော့ သက်တော်စောင့်ပါမှာပဲဟု တွေးလိုက်သည်။
သို့သော် နေရာတစ်ဝိုက်လုံးကို စိတ်ဝိညာဉ်အာရုံဖြင့် စစ်ကြည့်တာတောင် ဘယ်သူ့ကိုမှ မတွေ့ရချေ။ ဒီလူပုလေးကတော့ သူ့သက်တော်စောင့်မဖြစ်နိုင်လောက်ဘူးမလား။
သို့ဆိုလျှင်တောင် သူ့ရှေ့က သခင်လေးကိုစောင့်ရှောက်မယ်ဆိုရင် အတင့်အသင့်တော့ သန်မာရမယ်မလား။ ဘာကျင့်ကြံမှုကိုမှ ဘာလို့ မခံစားရတာလဲ။
သူက ကောင်းကင်ဘုံရုပ်လွှာအထက်က ယင်ယန်နယ်ပယ်၊ ကြယ်ဘုံလွှားနယ်ပယ် တစ်ခုခုကများလား။
‘မဖြစ်နိုင်ပါဘူး’ လီခုနှစ် သူ့အတွေးဖြင့်သူ တုန်လှုပ်သွား၏။
အရှင်သခင်တွေက စစ်မှန်ခြင်းတို့ စတင်ခြင်းနယ်ပယ်တို့နှင့် လောကနှစ်ခုခြားသည်။ တစ်ယောက်ယောက်က ကောင်းကင်နှင့် မြေပြင်၏ တာအိုနှင့် နီးကပ်လာပြီဆိုရင် သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်များက အလင်းပေါက်တာလေး၊ဆေး မှီဝဲတာလေးနဲ့ မတိုးတက်နိုင်တော့ပေ။
ပောင်းကင်ဘုံရုပ်လွှာနယ်ပယ် အစောပိုင်းကနေ အလယ်ပိုင်းနယ်ပယ်ကို အဆင့်သေးလေးချိုးဖျက်ဖို့တောင် အလင်းပေါက်ခြင်း အကြိမ်ရေများစွာ လိုအပ်ပေသည်။ အလင်းပေါက်တယ်ဆိုတာ လွယ်ကူတဲ့အရာလား။
ဒီလူပုလေးက ဘယ်နှနှစ်ရှိဦးမှာလဲ။
ထိုခမောက်အောက်က မျက်နှာကို စိတ်ဝိညာဉ်အာရုံဖြင့်ကြည့်လိုက်ချင်ပေမယ့် သူ့ရှေ့က လူငယ်လေး၏ ထူးခြားတဲ့ အရှိန်အဝါကြောင့် မဝံ့မရဲဖြစ်နေသည်။
ထိုလူငယ်လေးရွတ်ဆိုသွားတဲ့ အထဲမှာပါတဲ့ အပြင်ဘက် အစီအရင်ထဲက ပတ်ပြေးနေတဲ့ လူတွေကို သူကြည့်လိုက်သည်။
ပြောရရင် သူက ဘယ်လို ဤအစီအရင်ကို သတိတောင်မထားမိလို့ ကျော်ဖြတ်လာနိုင်ရတာလဲ။ ဒီနှစ်ယောက်ဘယ်သူတွေလဲ။
အသိပေးချက်ဖန်သားပြင်ပေါ်က အသိပေးချက်များကို ပီတိများရွှင်စွာ စုရှောင်ရှန် ကြည့်နေပေသည်။ ၎င်းတို့အပေါ်မှ သံသယအ၀င်ခံရပါသည်ဆိုတဲ့ အသိပေးချက်မှ အနက်၀တ်လူကို သူလှည့်စားနိုင်လိုက်ပြီဆိုတာ သိရ၏။
ဖုန်းကုန်း နံပါတ် (၂) ပေါ်လာလေပြီ။
သူ့ခွက်ထဲက သေရည်များကို မမော့ခင်မှာ ဟက်ဟက်ပက်ပက်ရယ်ကာ ဆိုလိုက်သည်။ “မိတ်ဆွေလီ။ ဘာလို့ ကျုပ်ကိုပဲ ကြည့်နေတာလဲ။ သောက်ပါဦး”
သူ့ရှေ့က လူငယ်လေး သေရည်ကို ခေါင်းစောင်းပြီးသောက်နေချိန် မျက်နှာကို တွေ့ရလို တွေ့ရငြားကြည့်နေခြင်းဖြစ်ပါသည်။
မျှော်လင့်မထားစွာ သေရည်ခွက်ကို အင်္ကျီလက်စဖြင့်ကာ၍ လေ့ကျင့်ထားသည့်အလား သူ့ရွှင်ပြတဲ့ အမူအရာနှင့်ဆန့်ကျင်ဘက် အိန္ဒြေရှိရှိ သောက်ပြသွားပေသည်။
သို့ဖြင့် စုရှောင်ရှန်၏ မျက်နှာကို မြင်နိုင်စွမ်းငှာ မစွမ်းသာတော့ချေ။
ယခု အခြားတစ်ဘက်က ဆိုလာမှတော့ သောက်ရမည်မလား မသောက်ရဘူးလား တွေဝေသွားတော့သည်။
အတန်ကြာတော့ လီခုနှစ် ဆုံးဖြတ်ချက်ချလိုက်ကာ သေရည်ခွက်ကို ယူလိုက်သည်။ အခြားတစ်ဘက်က နောက်ခံကောင်းသည့် မျိုးနွယ်စုကဖြစ်နေမှတော့ မိတ်ဆွေဖွဲ့ဖို့ စိတ်ကူးမရှိဘူးဆိုရင်တောင် မျက်နှာသာပေးတာက နာသွားသည်မှ မဟုတ်ချေ။
“ဖူးးးး”
သို့ပေမယ့် သေရည်ခွက်ကိုပါးစပ်မှာတေ့ပြီး သောက်တော့မည့်စဲစဲမှာ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ထိုလူငယ်လေးက ဆိုင်းမဆင့်ဘုံမဆင့် ပါးစပ်ထဲက သေရည်များကို သူ့မျက်နှာတည့်တည့် ထွေးလိုက်၏။
အချို့ သေရည်များက သူ့ နှာခေါင်းနှင့် ပါးစပ်ထဲတောင်၀င်သွားကြသည်။
လီခုနှစ် အမျက်ထွက်သွားခဲ့သည်။ နဖူး၌ သွေးကြောများထောင်ထလာခဲ့ပြီး သူ့ရှေ့ကလူငယ်လေးကို မျက်လုံးနီကြီးများဖြင့် ကြည့်လိုက်၏။
“တောင်းပန်ပါတယ်။ သေရည်အရမ်းပူနေတာ မေ့သွားတယ်”
စုရှောင်ရှန်က ခေါင်းအထက်က ခမောက်ကို ချွတ်လိုက်ပြီးတော့ စားပွဲပေါ်တွင် ညှင်သာစွာ တင်လိုက်သည်။ ထို့နောက် တိတ်တခိုးနာကျင်ခြင်းကိုထုတ်ယူကာ “ကျုပ်ပြန်သုတ်ပေးမယ်”