Switch Mode

အပိုင်း (၁၀၅၃)

စစ်သည်များ၏ခေါင်းဆောင်

နတ္ထိဘုံသည် ဘုံကြီး သုံးခုကြားတွင် တည်ရှိပေသည်။ အဆုံးအစမဲ့ကာ ကျယ်ပြောသော ဘုံကြီးသည် မဟာလမ်းစဉ်၏ ရောင်စဉ်များဖြင့် ခြုံလွှမ်းထား၏။ ထူးဆန်း အံ့အားသင့်ဖွယ် ကောင်းသော အလင်းများသည် နေရာတိုင်းတွင်ရှိကာ အချို့သော အလင်းမှုန်များသည် ရုပ်ဝတ္ထုအသွင်ကိုပင် ဆောင်လျက် အလင်း မျက်နှာပြင်များ အဖြစ် ဖွဲ့စည်းကာ နတ္ထိဘုံအား ဧရာမဝင်္ကပါ အလား ခြုံလွှမ်း ထားကြ၏။

အရှင်သခင် ကင်းမဲ့သော သည်နယ်မြေသည် အမှန်တကယ်အားဖြင့် ဘုံကြီးသုံးခု၏ အုပ်စိုးမင်းမူခြင်းကို ခံရကာ အဆုံးအစမဲ့သော စစ်ပွဲများ မြစ်ဖျားခံရာ နေရာလည်း ဖြစ်၏။ နောက်ပိုင်းတွင် သည်နယ်မြေကို ထိန်းချုပ်ခွင့်မှာ ရှန့်ထိုအဆင့် အောက်မှ တန်ခိုးရှင်များ၏ တိုက်ပွဲဖြင့် အဆုံးအဖြတ်ပေးရန် ဘုံကြီးသုံးခုက သဘော တူညီခဲ့ကြသည်။ တိုက်ပွဲအား ဆယ်နှစ်တစ်ခါ ပြုလုပ်၏။ ဤနည်းဖြင့် သူတို့က အဆုံးအစမဲ့သော တိုက်ပွဲများအား လျှော့ချ နိုင်ပေသည်။ ဆယ်နှစ်တွင် တစ်ကြိမ် တိုက်ခိုက်ခြင်းက ဘုံသုံးခုအတွက် သင့်တော်သော နည်းလမ်း တစ်ခုဟု အားလုံးက သတ်မှတ်ကြ၏။

နတ္ထိဘုံသည် အရှင်သခင် ကင်းမဲ့သည် ဆိုသော်လည်း လူနေကျဲပါးခြင်းတော့ မရှိပေ။ အမှန်တကယ်အားဖြင့် လူနေထူထပ် ပေသည်။ များစွာသော ကျင့်ကြံခြင်း အင်အားစုများနှင့် ခြေသလုံးအိမ်တိုင် တန်ခိုးရှင်များသည် နတ္ထိဘုံ၌ လာရောက် လေ့ကျင့်ကြ၏။ အချိန်နှင့်အမျှ ရှန့်ထိုများသည် သည်နေရာသို့ ရောက်လာ နေကြသည်။ အဝေးမှ တော်ဝင်မြေများ သည်ပင် သူတို့၏ လူငယ် မျိုးဆက်များအား ခေါ်ဆောင်ကာ သည်နေရာတွင် လာရောက် လေ့ကျင့်စေကြ၏။ ထို့ကြောင့် သည်နေ့သည် အချိန်အခါတွင် နတ္ထိဘုံသည် အလွန်တရာ လူစည်ကားသည်ဟု ဆိုနိုင်ပေသည်။

မှန်သည် … နတ္ထိဘုံသည် အတားအဆီး အကန့်အသတ် ကင်းမဲ့သော နေရာတော့ မဟုတ်ပေ။ နတ္ထိဘုံအတွင်း၌ ဝင်ရောက် လေ့ကျင့်ရန် တော်ဝင်စိတ်ဝိညာဉ် ကျောက်တုံးများအား ဝင်ကြေးအဖြစ်‌ ပေးရပေသည်။ ထို့ကြောင့် နတ္ထိဘုံအား ဆယ်နှစ်တာ ကာလ အုပ်ချုပ်နိုင်ခြင်းသည် ပမာဏ များပြားသော စိတ်ဝိညာဉ် ကျောက်တုံးများအား အချိန်နှင့်အမျှ ပိုင်ဆိုင်စေ နိုင်သည်။ ထို့အပြင် ထိုဝင်ကြေးသည် နတ္ထိဘုံမှ ပေးသော အကျိုးစီးပွား အများအပြားထဲမှ တစ်ခုတည်းသာ ဖြစ်သည်။

ထိုအခိုက်တွင် ကောင်းကင်ထက်၌ ကျယ်လောင်သော အသံတစ်ခုအား ကြားကြရကာ လေထုသည် တုန်ခါသွား၏။ ရွှေရောင် အလင်းအရံအတား တစ်ခု ပေါ်ပေါက်လာခဲ့ကာ မရေမတွက်နိုင်သော လူများက ကောင်းကင်ထက်ကို ကြည့်ကြလျှင် ထိုနေရာတွင် ဧရာမဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာပြီး အလင်းတန်းများ ကောင်းကင်မှနေ၍ နတ္ထိဘုံ တစ်နေရာသို့ ကျဆင်း လာခဲ့သည်။ ထိုနေရာတွင် ရှေးဟောင်းမြို့ တစ်ခုရှိနေပြီး များစွာသော အလံများ မြို့ပေါ်၌ ပျံသန်းနေကြကာ “ရှား“ ဟူသော စာလုံးအား ရေးထွင်းထား၏။

“အင်ပါယာရှားဘုံက လူတွေ ရောက်လာကြပြီ” မရေမတွက်နိုင်သော သူများက ထိုမြင်ကွင်းကို ကြည့်ကာ ပြောကြသည်။ ဘုံသုံးခုကသာ ဤသို့သော နည်းလမ်းဖြင့် ပေါ်ထွက် လာနိုင်ပေသည်။

သိပ်မကြာခင် ရှားအင်ပါယာဘုံ၊ လီအင်ပါယာဘုံနှင့် ဒီမွန်အင်ပါယာဘုံတို့ ဆင်းသက် လာကာ ကိုယ်ပိုင်စခန်းများ ပြုလုပ်ကြသည်။ ယခု ထိုလူများမှာ စစ်ပွဲ၌ ပါဝင်မည့်လူများ ဖြစ်ကြသည်။ ထို့အပြင် ဤတစ်ခေါက် ဆင်းသက် လာသူများမှာ အလွန် အားကောင်းကြသည်။ ရှားအင်ပါယာဘုံမှ ရောက်လာသော စစ်တပ်နှစ်ခုမှာ ထန်စစ်တပ်နှင့် ထိုစစ်တပ်တို့ ဖြစ်ကြသည်။ ထိုစစ်တပ်နှစ်ခုအား စစ်သူကြီးထန်နှင့် စစ်သူကြီးထိုတို့ ဦးဆောင်ကာ တိုက်ရည်ခိုက်ရည် အလွန်ကောင်း၏။ စစ်သူကြီးထန်သည် စစ်သူကြီး ရှစ်ဦးအနက် အတော်ဆုံးဖြစ်ရာ သည်စစ်ပွဲ၏ အရေးပါမှုကို ခန့်မှန်း နိုင်ပေသည်။

အင်ပါယာရှားဘုံမှ အင်အားစုများ၏ ခေါင်းဆောင်မှာ မင်းသမီးရှားရှင်းယွန် ဖြစ်မည်ဟု လူအများအပြားက ကောက်ချက် ချကြသည်။

အင်ပါယာ ရှားဘုံသည်သာ အင်အားကောင်းသည် မဟုတ်ဘဲ အင်ပါယာလီဘုံနှင့် ဒီမွန်အင်ပါယာဘုံတို့ သည်လည်း အလွန် အားကောင်းသော စစ်တပ်များအား ခေါ်ဆောင် လာခဲ့ကြသည်။

အလင်းတန်းသည် ကောင်းကင်မှနေ၍ အင်ပါယာရှားမြို့သို့ ကျဆင်း လာခဲ့သည်။ စစ်တပ်အား မည်သူတို့ ဦးဆောင်သည်ကို လူအများအပြားက စုံစမ်း မေးမြန်းနေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် နောက်ထပ် အရပ်တစ်ခုမှ အလင်းတန်းတစ်ခု ကျဆင်း လာသည်။ ကောင်းကင်၌ အာကာသ ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အင်ပါယာလီဘုံမှ တန်ခိုးရှင်များ ရောက်ရှိ လာခဲ့ကြချေပြီ။

ကျယ်လောင်သော အသံနှင့်အတူ လေဟာနယ်မှာ သိမ့်ခနဲ တုန်သွားသည်။ ကောင်းကင်မှ အရှိန်အဝါ ကြီးမားသော သားရဲ အရောင်အဝါနဲ့အတူ အလင်းတန်း တစ်ခုသည် ဒီမွန်း အင်ပါယာမြို့သို့ ကျဆင်းလာခဲ့၏။

သတင်းများသည် နတ္ထိဘုံ အတွင်းသို့ မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။ အင်ပါယာ ဘုံသုံးခုက သူတို့၏ မျိုးဆက်များအား ခေါင်းဆောင်အဖြစ် စစ်တပ်များ ဦးဆောင်ကာ စေလွှတ်ခဲ့ကြသည်။

အင်ပါယာရှားဘုံမှ စစ်တပ်ကို မင်းသမီးရှားရှင်းယွန်က ဦးဆောင် လာခဲ့သည်။

အင်ပါယာလီဘုံမှ စစ်တပ်ကို မင်းသား လီယောင်က ဦးဆောင် လာခဲ့သည်။

ဒီမွန်းအင်ပါယာဘုံမှ စစ်တပ်ကို ဦးဆောင်လာသူမှာ အမြွှာများ ဖြစ်ကြသော ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ ဖြစ်ကြသည်။

ဤတွင် နတ္ထိဘုံတစ်ခုလုံး ကြီးစွာ လှုပ်ခတ်သွားရသည်။ အတိတ်၌ နတ္ထိဘုံ တိုက်ပွဲများကို ဘုံသုံးခုမှ မင်းသား၊ မင်းသမီးများ ဦးဆောင်လေ့ မရှိပေ။

ဤတစ်ခေါက် တိုက်ပွဲမှာ နှစ်တစ်ရာအတွင်း နတ္ထိဘုံ၌ အကြီးအကျယ်ဆုံး တိုက်ပွဲများ ဖြစ်ပေမည်။ သည်တိုက်ပွဲက နောင်တွင် ဘုံသုံးခု၏ အင်အား အဆင့်အတန်းကို ကိုယ်စားပြုခြင်းလည်း ဖြစ်ပေမည်။ အင်ပါယာရှားဘုံမှ ရှားရှင်းယွန်၊ ဒီမွန်းအင်ပါယာဘုံမှ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့သည် လက်ရှိ မျိုးဆက်များ အတွင်း ပါရမီအမြင့်ဆုံး အဖြစ် နာမည် ကျော်ကြားသည်။

***

အင်ပါယာရှားမြို့တွင် ရှားရှင်းယွန် ဦးဆောင်သော တန်ခိုးရှင်များသည် မြို့၏ အလယ်ဗဟို နေရာသို့ ဆင်းသက် လာခဲ့ကြသည်။

ရှေ့တွင် သူတို့ထံသို့ တန်ခိုးရှင် အများအပြား လှမ်းလာခဲ့ကြသည်။ ဦးဆောင်လာသူ နှစ်ဦးမှာ ထည်ဝါသော အရောင်အဝါနှင့် ခန့်ညားသော ရုပ်သွင်များ ရှိကြသည်။ သူတို့က အရှိန်အဝါများအား ထုတ်လွှတ်ခြင်း မရှိသော်လည်း ပတ်ဝန်းကျင်အား ကြီးမားသော ဖိအားများ ဖြစ်စေနိုင်သည်။ သူတို့နောက်တွင် ရှန့်ထိုအဆင့်ရှိသော တန်ခိုးရှင်တစ်စု ပါလာ၏။ တစ်ဖန် နောက်ထပ်လည်း အလွန်ကြီးမားသော ရှီစစ်တပ်သည် သူတို့နောက်မှ လိုက်ပါ လာကြ၏။ တစ်ချက် ကြည့်လိုက်သည်နှင့် ထိုလူများမှာ အလွန် စွမ်းအား ကြီးမားသူများ ဖြစ်ကြောင်း သိနိုင်ပေသည်။

ပြည်နယ်ကိုးခုမှ လူများမှာ ထိုအင်အားများကို ကြည့်ပြီး ရင်သပ်ရှုမော ဖြစ်နေကြသည်။ ဤအရာကပင် အထက်ဘုံမှ စစ်ပွဲများ ဖြစ်ပေသည်။ သူတို့၏ အင်အားများသည် ပြည်နယ်ကိုးခုမှ တော်ဝင်မြေဆယ်ခု ပါဝင် တိုက်ခိုက်သော အင်အားထက်ပင် ကြီးမားပေသည်။ ထို့အပြင် ဤစစ်ပွဲက နတ္ထိဘုံအား ထိန်းချုပ်ပိုင်ခွင့် စစ်တပ်ဖြစ်သည်။ အကယ်၍ ဘုံတစ်ခုနှင့် တစ်ခုအကြား တကယ့်စစ်ပွဲ ဖြစ်ပွားပါက မည်မျှ ကြီးကျယ် ခမ်းနား လိုက်မည်နည်း။

ကောလာဟလများအရ အတိတ်၌ မရေမတွက်နိုင်သော စစ်ပွဲများ ဖြစ်ပွားခဲ့၏။ အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့ ကောင်းကင် ဒေသအား မစုစည်းခင်က ကောင်းကင် ဒေသသည် မရေမတွက်နိုင်သော စစ်ပွဲများဖြင့် ပရမ်းပတာ ဖြစ်နေခဲ့သည်။

“မင်းသမီး …” စစ်ပွဲအား ဦးဆောင်လာသော တော်ဝင် စစ်သူကြီးနှစ်ပါးက မင်းသမီး ရှားရှင်းယွန်အား အနည်းငယ် ဦးညွှတ်ကြသည်။

“မင်းသမီး …” သူတို့နှစ်ယောက်၏ နောက်မှ စစ်တပ်ကြီး သည်လည်း မင်းသမီးအား ဦးညွှတ် ဂါရဝပြုကြသည်။

“စစ်သူကြီးနှစ်ပါးနဲ့ စစ်သည်တွေကို အခုလို ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် …” ရှားရှင်းယွန်က ကြည်လင် ပြတ်သားစွာ ပြောသည်။

“ပြီးခဲ့တဲ့ ဆယ်စုနှစ်က တိုက်ပွဲမှာ ကျုပ်တို့ အင်ပါယာရှားဘုံက ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ရတယ်။ ကျုပ်တို့မြို့က ချိုးဖျက် တိုက်ခိုက်ခံရပြီးတော့ အင်ပါယာရှားဘုံရဲ့ အလံတော်ဟာလည်း အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် စော်ကား ခံခဲ့ရတယ်။ ဒါတင်မကဘဲ မရေမတွက်နိုင်တဲ့ တန်ခိုးရှင်တွေဟာလည်း သတ်ဖြတ်ခံခဲ့ရတယ်။ ဒီတစ်ခေါက်တော့ ကျုပ်တို့က တိုက်ပွဲမှာ အနိုင်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားကြရမယ်” ဗိုလ်ချုပ်ထန်က ပြောသည်။

“ဒါတင်မကဘဲ အင်ပါယာလီဘုံက ဒီစစ်ပွဲအတွက် ရှန့်ထိုတစ်ဝက် တန်ခိုးရှင်တွေကို အောက်လမ်း နည်းတွေနဲ့ ဖန်တီး ထားတယ်။ လတ်တလောကပဲ သူတို့က ငါတို့ဘုံမှာ လာပြီးတော့ ကြွားဝါခဲ့သေးတယ်” ရှားရှင်းယွန်က ဗိုလ်ချုပ်ထန်အား ပြောသည်။ ထိုတိုက်ပွဲတွင် လီယောင်က သူမအား အမှန်တကယ် လက်ထပ်ခွင့် လာတောင်းခြင်း မဟုတ်ပေ။ ဘုံနှစ်ခုမှာ သင့်မြတ်ခြင်း မရှိရာ လီယောင်၏ ရည်ရွယ်ချက်က ထင်ရှား နေပေသည်။

“ဒါက တာလီ အင်ပါယာဘုံက နန်းတွင်း အကြံပေးရဲ့ လုပ်ဆောင်မှုတွေ ဖြစ်ရမယ် …” ဗိုလ်ချုပ်ထန်က ထူးမခြားနားစွာ ပြောသည်။ အင်ပါယာလီဘုံအား တာလီပြည်ထောင် အဖြစ်လည်း ပြောကြပေသည်။

တာလီပြည်ထောင်၏ နန်းတွင်း အကြံပေးသည် မြင့်မားသော တန်ခိုးစွမ်းအား ရှိကာ သူ့ပညာရပ်များသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းပြီး ထူးခြား ဆန်းပြားပေသည်။ သူသည် ချပ်ဝတ်လက်နက် ပြုလုပ်ခြင်းများ၌ ထူးချွန်သလို အမှောင်ပညာရပ်၌လည်း သိနားလည်သူ ဖြစ်သည်။ သူသည် တာလီ ပြည်ထောင်၌ ကြောက်မက်ဖွယ် အကောင်းဆုံးသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်၏။ ပြောကြသည်မှာ မင်းသား လီယောင်သည် သူ၏တပည့် ဖြစ်သည်။

“ဒါပေမဲ့လည်း ဒီတိုက်ပွဲမှာ အင်ပါယာရှားဘုံက အနိုင်ရလိမ့်မယ် …” ရှားရှင်းယွန်က လွန်စွာ ယုံကြည်မှုရှိသော အသံဖြင့် အေးစက်စွာ ပြောသည်။

ထိုအခိုက်တွင် အင်ပါယာရှားနန်းတော် အပြင်ဘက်၌ လီယောင်၏ စိန်ခေါ်မှုကို သူမက အဘယ်ကြောင့် လက်မခံခဲ့သည်ကို ရီဖူရှင်း နားလည်လိုက်တယ်။ ထို့အပြင် သူမက မိမိ၌ ဝမ်ချွန်းတို့၏ တိုက်ပွဲ သတင်းကိုလည်း တမင်တကာ လျှို့ဝှက် ထားသည့်ပုံဟန် ဖြစ်သည်။ သူမက အင်ပါယာရှားဘုံ၏ တကယ့်စွမ်းရည်များအား တစ်ဖက်ဘုံများသို့ မသိစေလိုသည်မှာ ထင်ရှားသည်။

“မင်းသမီးက အရမ်း ယုံကြည်မှု ရှိနေမှတော့ ကျုပ်တို့က သေချာပေါက် အနိုင်ရမှာပဲ …” ဗိုလ်ချုပ်ထန်က သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။

“ဒီစစ်ပွဲပြီးသွားရင် ခေါင်းဆောင်တွေ အကုန်လုံးက နတ္ထိဘုံက ရတဲ့ မဟာလမ်းစဉ်ရဲ့ သတ္တု အပိုင်းအစတွေကို ခွဲဝေရရှိမည်။ ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ လူတွေကိုလည်း ထိုက်သင့်တဲ့ ဆုလာဘ်တွေ ပေးအပ်မယ်” ရှားရှင်းယွန်က လူအုပ်ကိုကြည့်ကာ ပြောသည်။ သူမပြောသော သတ္တုအပိုင်းအစမှာ သဘာဝစွမ်းအင် ကျောက်တုံးများကို ပြောခြင်း ဖြစ်သည်။ ထိုအရာက ကျင့်ကြံသူများ အတွက် တန်ဖိုးအရှိဆုံး အထောက်အပံ့များ ဖြစ်ကြ၏။

ထိုအချိန်တွင် ဗိုလ်ချုပ်ထန်က မျက်မှောင်ကြုတ် လိုက်သည်။ သူက နောက်လှည့်ကာ အဝေးသို့ ကြည့်လျက် အေးစက်စွာ ပြောသည် … “စစ်ပွဲက မစသေးဘူး။ အင်ပါယာလီဘုံက တစ်ဖက် အုပ်စုကို အနှောင့်အယှက် လုပ်နေပြီလား”

“တောင်းပန်ပါတယ် စစ်သူကြီး … မင်းသားလီယောင်က မင်းသမီး ရှားရှင်းယွန်နဲ့ ဒီမွန်း အင်ပါယာဘုံရဲ့ ခွန်ကျန်းနဲ့ ခွန်ရွှမ်တို့ကို ခွန်စွန်းမြို့ရဲ့ ကျူးရှောင် မျှော်စင်မှာ တွေ့ဖို့ ဖိတ်ကြားပါတယ်” သတင်းပို့သူက လေထဲမှနေ၍ ကြည်လင်စွာ ပြောသည်။

ရှားရှင်းယွန်က လေထဲသို့ ကြည့်ကာ ပြောသည် … “ကောင်းပြီ … ငါသွားမယ်”

“ကြည့်ရတာ လီယောင်က တော်တော် ယုံကြည်မှု ရှိနေတဲ့ပုံပဲ” တော်ဝင် စစ်သူကြီးထန်က မှတ်ချက်ပြုသည်။

“သွားရအောင် … လီယောင်က ငါတို့ကို ဖိတ်ခေါ်မှတော့ အင်ပါယာလီဘုံနဲ့ ဥဒေါင်း အင်ပါယာဘုံက ခေါင်းဆောင်တွေကို သွားတွေ့ ကြတာပေါ့” ရှားရှင်းယွန်က လေထဲသို့ ပျံတက်ကာ ပြောသည်။ ရုတ်တရက် လူအများအပြားက သူမ၏နောက်မှ လိုက်ကြသည်။

“စစ်တပ်က ဒီမှာ ကျန်နေခဲ့ပါ” စစ်သူကြီးထန်နှင့် စစ်သူကြီးထိုတို့က မင်းသမီးနှင့်အတူ လိုက်ပါသွားမည် ဖြစ်သော်လည်း ကျန်သူများက အင်ပါယာရှားမြို့တွင် ကျန်နေရစ်မည် ဖြစ်သည်။ အင်ပါယာရှား နန်းတော်မှ မင်းသမီးနှင့်အတူ လိုက်ပါ လာသူများကလည်း သူမ၏နောက်သို့ လိုက်ပါကြမည် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset