၇ရက်ခန့် ကြာသောအခါ အင်ပါယာရှား နန်းတော်၌ လူအများအပြား လာရောက် စုစည်းကြ၏။
အင်ပါယာရှားဘုံမှ အင်အားစု အများအပြား လာရောက်ကြ၏။ မှန်သည် … အင်ပါယာရှား အုပ်ချုပ်သော အင်အားစုများအပြင် တခြားသော ထိပ်သီး အင်အားစုများကလည်း သူတို့သဘောဆန္ဒ သက်သက်ဖြင့် လာရောက် ကူညီကြ၏။ သို့တိုင်အောင် လီဟန်ဓားနန်းတော်မှ တန်ခိုးရှင်များကဲ့သို့ လာရောက်ပါဝင်ခြင်း မရှိသူများလည်း အများအပြား ရှိကြပေသည်။
တိမ်တိုက် တောင်ကြားနှင့် ရှောင်ကလန်တို့မှ တန်ခိုးရှင် အများဆုံး ထောက်ပံ့ပေးကြ၏။ မည်သို့ဆိုစေ သူတို့နှင့် အင်ပါယာရှားတို့၏ ဆက်ဆံရေးမှာလည်း ပိုမိုကောင်းမွန်သော အနေအထား၌ ရှိပေသည်။ မင်းသမီး ကိုယ်တိုင်ကလည်း ပါဝင်တိုက်ခိုက်မည့် တိုက်ပွဲဖြစ်ရာ သူတို့အနေဖြင့် အကောင်းဆုံး ထောက်ပံ့ရန် လိုပေသည်။
အင်အားစုများ အားလုံး ယနေ့တွင် ရောက်လာခဲ့ကြကာ အထက်ဘုံမှ လူများက ယာယီစခန်း တစ်ခုဖြင့် စတည်းချကြပြီး ပြည်နယ်ကိုးခုမှ လူများက ယာယီ စခန်းငယ်လေးများဖြင့် စတည်းချကြသည်။
ရီဖူရှင်းသည်လည်း ပြည်နယ်ကိုးခု၏ ယာယီစခန်းသို့ ရောက်လာခဲ့၏။ ရီဖူရှင်းနှင့် ယူချင်းတို့သာ မဟုတ်ဘဲ ရာရာ၊ မှန်နန်းတော် သခင်မနှင့် ကျေးရွာ ခေါင်းဆောင်တို့လည်း ရောက်လာ ကြပေသည်။ နတ္ထိဘုံသည် ကျင့်ကြံခြင်းအတွက် အလွန် အထောက်အကူ ပြုသောနေရာ ဖြစ်ပေသည်။
ရှားရှင်းယွန်သည် နန်းတော်၏ ရင်ပြင်တွင် ရပ်ကာ ကောင်းကင်သို့ မော့ကြည့်လျက် ပြောသည် … “ဒီတစ်ခေါက် နတ္ထိဘုံမှာ ပြည်နယ်ကိုးခုက လာရောက်တဲ့သူတွေကို ရီဖူရှင်းက ဦးဆောင်လိမ့်မယ်”
သူမ၏ စကားကိုကြားလျှင် ရှန့်ထိုများက ရှားရှင်းယွန်ကို ကြည့်ကာ သူမသည် ရီဖူရှင်းအပေါ် အမှန်တကယ် အရေးပေးသည်ဟု တွေးမိကြသည်။
အင်ပါယာရှားဘုံမှ ထိပ်သီး အင်အားစုများသည် သူတို့ထဲမှ လူငယ်မျိုးဆက် ခေါင်းဆောင်များ ဖြစ်သော ရှောင်ရှမ်း၊ ကုန်းစွန်းကျောင်းနှင့် ရွှမ်ယွန်အော့တို့ ကဲ့သို့သော သူများ၏ ဦးဆောင်မှုဖြင့် ကိုယ်စီကိုယ်င ယာယီစခန်းခွဲများဖြင့် သီးသန့် နေနိုင်ကြသည်။ ရီဖူရှင်းကလည်း ပြည်နယ်ကိုးခုမှ ကောင်းကင် ရွေးချယ်ခံသူများအပြင် တော်ဝင်ကျဲနန်းတော်မှ ထိပ်သီး ပါရမီရှင်များဖြင့် ကိုယ်ပိုင်စခန်းကို ပြုလုပ်နိုင်သည်။
အင်ပါယာရှား နန်းတော်မှ ရှားရှင်းယွန် ဦးဆောင်သော အင်အားစုမှာမူ အားအကောင်းဆုံး ဖြစ်သည်။
ပြည်နယ်ကိုးခုမှ အချို့သော ကောင်းကင် ရွေးချယ်ခံများသည် သူတို့အား ရီဖူရှင်းက ဦးဆောင်မည်ဟု ကြားသိရသောအခါ သဘောမကျ ဖြစ်ကြရသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက မင်းသမီးနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ကာ မြင့်မားသော အဆင့်အတန်း တစ်ခုအား ပိုင်ဆိုင်ထားဟန် ရသည်။
“မင်းသမီး …” အစောင့်တစ်ယောက် ရှားရှင်းယွန်ထံသို့ ရောက်လာကာ ဦးညွှတ်လျက် ပြောသည် … “ယောင်းထိုင် နန်းတော်ရဲ့ သမီးတော် ယောင်းချီက မင်းသမီးကို တွေ့ခွင့် တောင်းပါတယ်”
“သူမက ဘာလာလုပ်တာလဲ …” ရှားရှင်းယွန်၏ အသံက အေးစက်နေသည်။ ယောင်းထိုင် နန်းတော်သည် အင်ပါယာရှားဘုံ အတွင်း၌ ထိပ်သီး အင်အားစု တစ်စု ဖြစ်သော်လည်း အင်ပါယာရှား နန်းတော်နှင့် နီးကပ်သော ဆက်ဆံရေး ရှိသည် မဟုတ်ပေ။ သူ၏ တည်နေရာမှာလည်း အင်ပါယာရှား နန်းတော်နှင့် လွန်စွာ ဝေးပေသည်။ သို့သော် လတ်တလော၌ ယောင်းချီသည် ဤနေရာသို့ မကြာခဏ ရောက်လာလေ့ရှိကာ သူမ၏ ရည်ရွယ်ချက်မှာလည်း ရှင်းလင်းခြင်း မရှိပေ။
“သူမက နတ္ထိဘုံတိုက်ပွဲမှာ ပါဝင်ချင်တယ်လို့ ပြောပါတယ်”
“သူတို့ကို ဝင်ခွင့်ပေးလိုက် …” ရှားရှင်းယွန်က ပြန်ပြောသည်။
“ဟုတ်ကဲ့ …” အစောင့်က ထွက်ခွာသွားလျှင် မကြာခင် ယောင်းချီ ဦးဆောင်သော ယောင်းထိုင် နန်းတော်မှ တန်ခိုးရှင်များ ရောက်ရှိ လာခဲ့ကြသည်။ ချက်ချင်းပင် လူအများက သူတို့အား စိတ်ဝင်တစား ကြည့်ကြသည်။ မည်သို့ဆိုစေ ယောင်းချီမှာ လူငယ်မျိုးဆက်များ အကြား နာမည် ကျော်ကြားသော မိန်းမလှ ဖြစ်ပေသည်။
“ယောင်းချီက မင်းသမီးကို နှုတ်ဆက်ပါတယ် …” ယောင်းချီက အနည်းငယ် ဦးညွှတ်ကာ အရိုအသေ ပေးသည်။
ရှားရှင်းယွန်က သူမအားကြည့်ကာ အေးစက်စွာ ပြောသည် … “ယောင်းထိုင် နန်းတော်က ရှီအဆင့်တွေကိုပဲ ခေါ်လာတာလား”
“ဟုတ်ကဲ့ပါ မင်းသမီး … နတ္ထိဘုံတိုက်ပွဲက ရှန့်ထိုအဆင့်အောက်က လူတွေပဲ ပါဝင် တိုက်ခိုက်ကြရမှာလို့ သိထားပါတယ်။ တကယ်လို့ ရှန့်ထိုအဆင့်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရင် အရှင်မင်းကြီးရဲ့ စစ်တပ်က တုံ့ပြန်မှု လုပ်မယ်လို့ ယူဆပါတယ်” ယောင်းချီအသံက သိမ်မွေ့ညင်သာ ပေသည်။ ရှားရှင်းယွန်သည် မိန်းမတစ်ယောက် ဖြစ်သည့်တိုင် ယောင်းချီ၏ အလှကို ချီးကျူး ရပေသည်။
“နတ္ထိဘုံသို့ ရောက်တဲ့အခါ ငါ့ရဲ့အမိန့်ကို စောင့်မျှော်ပါ” ရှားရှင်းယွန်က ပြောသည်။
“ဟုတ်ကဲ့ပါ မင်းသမီး …” ယောင်းချီက ခေါင်းညိတ်သည်။ ထို့နောက် သူမက ပြုံးလျက် တစ်နေရာသို့ လျှောက်သွားသည်။ သူမသွားသော နေရာမှာ ပြည်နယ်ကိုးခုမှ လူများ၏ ယာယီစခန်းသို့ ဖြစ်နေသည်။
“ဆရာရီ … ကျွန်မတို့ တွေ့ကြပြန်ပြီ” ယောင်းချီက ရီဖူရှင်းအား ပြုံးလျက် ပြောသည်။
“နတ်မိမယ် …” ရီဖူရှင်းကလည်း ပြန်လည်၍ ခေါင်းညိတ်သည်။
ပြည်နယ်ကိုးခုမှ သူများသည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ ဤအကောင်ကား အထက်ဘုံသို့ သွားရောက်ခဲ့သည်မှာ သိပ်မကြာသေး သော်လည်း မင်းသမီးက သူ့အား အရေးပေးသလို ယခု အလွန်လှသော မိန်းကလေး တစ်ယောက်ကလည်း ဤနေရာသို့ ရောက်သည်နှင့် ရီဖူရှင်းအား လာရောက် နှုတ်ဆက်သည်။
ပြည်နယ်ကိုးခုမှ လူများသာမက ရီဖူရှင်း ကိုယ်တိုင်လည်း ထိုအချက်ကို နားမလည်ပေ။
“အင်ပါယာရှားဘုံမှာ ကောလာဟလတွေအရ လီဟန်ဓားနန်းတော် တိုက်ပွဲမှာ ဆရာရီက ရှုံးနိမ့်သွားတယ်လို့ ကြားရတယ်။ ဒါပေမဲ့ ယောင်းချီ မယုံဘူး။ တိုက်ပွဲက ဘယ်လို ပြီးဆုံးသွားသလဲ ယောင်းချီ သိချင်ပါတယ်” ယောင်းချီက ပြုံးလျက် ပြောသည်။ ပုံမှန်အားဖြင့် ရီဖူရှင်းသာ အမှန်တကယ် ရှုံးနိမ့်ခဲ့သည် ဆိုပါက ဤသို့ မေးခြင်းသည် သူ့အား ရန်စသည်နှင့် တူပေသည်။ သို့သော် ယခု မေးမြန်းသူက နတ်သမီးတမျှ ချောမော လှပသူဖြစ်ကာ သူမမေးသော မေးခွန်းမှာ စော်ကားစေလိုသော သဘောဖြင့် မည်သူကမှ သတ်မှတ်ကြမည် မဟုတ်ပေ။ ထိုအရာက သူမသည် ရီဖူရှင်းအပေါ် အပြည့်အဝ ယုံကြည်တဲ့ပုံစံ ဖြစ်သည်။ အမှန်တကယ်အားဖြင့် ထိုတိုက်ပွဲရလဒ်ကို သူမသာမဟုတ် တခြားလူများ အားလုံးကလည်း အလွန် သိလိုကြပေသည်။
“ကျုပ်နိုင်တယ် … ဝမ်ချွန်းလည်း နိုင်တယ်” ရီဖူရှင်းက ပြောသည်။ ထိုတိုက်ပွဲတွင် ရီဖူရှင်းက အမှန်တကယ် အနိုင်ရခဲ့ခြင်း ဖြစ်သော်လည်း ဝမ်ချွန်းသည် အရှုံးအား သင်ခန်းစာယူလျက် သူ၏ စိတ်နှလုံးအား ပိုမိုရင့်သန်စေခဲ့ပြီး ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့သည်။ ထို့ကြောင့် ဝမ်ချွန်းသည်လည်း အနိုင်ရသည်ဟု ပြောနိုင်ပေသည်။
ယောင်းချီ၏ မျက်လုံးများက ရီဖူရှင်းအား စိုက်ကြည့်ကာ ပြုံးလျက် ပြောသည် … “တကယ့် ဆိုလိုရင်းက ဘာလဲဆိုတာ မသိပေမဲ့ အစ်ကိုရီက အနိုင်ရတယ်လို့ ပြောမှတော့ အနိုင်ရတယ်လို့ မှတ်လိုက်ပါ့မယ်”
“နိုင်ရင်နိုင်တယ် … ရှုံးရင်ရှုံးတယ် … ဘယ်လိုလုပ် တိုက်ပွဲတစ်ခုမှာ နှစ်ယောက်လုံးက အနိုင်ရပါ့မလဲ” တိမ်တိုက်ကျေးရွာမှ ကုန်းစွန်းကျောင်းက ဝင်ပြောသည်။
ရီဖူရှင်းက ကုန်းစွန်းကျောင်းအား ကြည့်သည်။ ရှောင်ရှမ်းက မိမိသည် မင်းသမီး၏ အနီးတွင် ရှိနေခြင်းအား သဘောမကျသည့် ကိစ္စကို ရီဖူရှင်းက သိနားလည်သော်လည်း ကုန်းစွန်းကျောင်းက မိမိအပေါ် အဘယ်ကြောင့် အမြင်မကြည်သည်ကို နားမလည်ပေ။
“တစ်နေ့ မင်းက ဝမ်ချွန်းလို အဆင့် ရောက်လာခဲ့ရင် နားလည်လိမ့်မယ်” ရီဖူရှင်းက ထိုစကား တစ်ခွန်းကိုသာ ပြောသည်။
ထိုနေ့က ဝမ်ချွန်းသည် လီဟန်ဓား နန်းတော်မှ ထောင်ပေါင်း များစွာသော ဓားများကို စီးနင်းလျက် ဆင်းသက်လာခဲ့ကာ အင်ပါယာလီဘုံမှ ထိပ်သီး တန်ခိုးရှင်များအား အနိုင်ယူခဲ့သည်။ သူကား အမှန်တကယ်ပင် အင်ပါယာရှားဘုံ အတွင်း၌ နံပါတ်တစ်ဟု ဆိုနိုင်သော်လည်း ရီဖူရှင်းက လူအများရှေ့တွင် ကုန်းစွန်းကျောင်းအား ဝမ်ချွန်း၏ အဆင့်မဟုတ်ဟု ပြောခြင်းသည် သူ့အား နှိမ်ရာ ရောက်ပေသည်။ ထို့အပြင် ကုန်းစွန်းကျောင်းသည် မိမိနှင့် တစ်တန်းတည်း မဟုတ်ဟု ရီဖူရှင်းက ဆိုလိုသည်လည်း ဖြစ်၏။
ကုန်းစွန်းကျောင်းက ရီဖူရှင်းအား တည်ငြိမ်စွာ ကြည့်ကာ ပြောသည် … “ဝမ်ချွန်းက ရှန့်ထိုအဆင့်သို့ ရောက်သွားပြီ။ ကျုပ်က သေချာပေါက် သူနဲ့ အဆင့်မတူတော့ဘူး။ ဒါပေမဲ့ မင်းကရော … ”
“လီဟန်ဓားနန်းတော် ၃၃လွှာမှာ ရီဖူရှင်းနဲ့ ဝမ်ချွန်းတို့ တိုက်ခိုက်ခဲ့ကြတယ်။ အနိုင်ရသူက ရီဖူရှင်းပဲ” ထိုစဉ် အသံတစ်သံအား ကြားကြရ၏။ ရှားရှင်းယွန်က ထိုသို့ ပြောလိုက်လျှင် လူအများအပြား၏ စိတ်နှလုံးက တုန်ခါသွားကြသည်။
လီဟန်ဓားနန်းတော် တိုက်ပွဲ၌ ရှားရှင်းယွန်သည် ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ရာ သူမ၏စကားမှာ မှားနိုင်စရာ မရှိပေ။ ထိုတိုက်ပွဲတွင် ရီဖူရှင်း အနိုင်ရခဲ့၏။
အားလုံးမှာ အကြီးအကျယ် ထိတ်လန့် သွားကြသည်။ ရီဖူရှင်း ရှုံးနိမ့်သွာခဲ့သည်ဟု လူအများအပြားက ခန့်မှန်းခဲ့ကြ၏။ အချို့က တိုက်ပွဲမှာ သရေကျ သွားခဲ့သည်ဟု တွေးထင်ခဲ့ကြ၏။ သို့သော်လည်း ရီဖူရှင်း အနိုင်ရမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
အကယ်၍ သူသာ အနိုင်ရခဲ့သည်ဆိုလျှင် ဝမ်ချွန်းက အဘယ်ကြောင့် ရှန့်ထိုအဆင့်သို့ တက်လှမ်း နိုင်ခဲ့သနည်း။
ရီဖူရှင်းက တောင်ပေါ်မှ ဆင်းလာသောအခါ အဘယ်ကြောင့် တွေဝေ နေခဲ့ရသနည်း။
ရီဖူရှင်းက လီဟန်ဓား နန်းတော်ကို အဘယ်ကြောင့် လှောင်ပြောင်ခြင်း မပြုခဲ့ရသနည်း။
လူအများအပြားက နားမလည်ကြပေ။ ယောင်းချီက ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်နေခဲ့သည်။
“ဝမ်ချွန်းက ရှုံးနိမ့်ခဲ့တယ် ဆိုပေမဲ့ သူက အရှုံးကို သင်ခန်းစာယူပြီး သူ့စိတ်သံသယတွေကို ရှင်းလင်း စေခဲ့တယ်။ ဒီအတွက်ကြောင့်ပဲ သူဟာ အရှုံးနဲ့အနိုင်ကြားက အနှောင်အဖွဲ့တွေက လွတ်မြောက်နိုင်ပြီး နတ်ဘုရားပြစ်ဒဏ်ကို ဆင့်ခေါ်နိုင်ခဲ့တယ်။ ဒီအတွက် ဝမ်ချွန်းလည်း အနိုင်ရတယ်လို့ ရီဖူရှင်းက ပြောတာ မမှားခဲ့ဘူး” ရှားရှင်းယွန်က ပြောသည်။ သူမ၏အသံက တည်ငြိမ်နေသော်လည်း သူမ၏ စကားလုံးတိုင်းက ကုန်းစွန်းကျောင်း၏ စိတ်နှလုံးကို ဓားဖြင့် ထိုးဆွသည့်အလား ခံစားရစေသည်။ သူမက ဆက်ပြောသည်… “ နောက်ထပ် မေးချင်တာ ရှိသေးလား …”
ကုန်းစွန်းကျောင်း၏ စိတ်နှလုံးမှာ တုန်ခါသွားခဲ့ရသည်။ ရီဖူရှင်းက ဝမ်ချွန်းအား ရှုံးနိမ့်သွားသည့် သတင်းသာ ဆိုပါက သူ့အနေဖြင့် များစွာ ထိခိုက်မည် မဟုတ်သော်လည်း လက်ရှိတွင် သူ့အနေအထားမှာ သိပ်မကောင်းပေ။
ရီဖူရှင်းက အနိုင်ရသော်လည်း သူကား မောက်မာခြင်း မရှိခဲ့ပေ။ သူက တိုက်ပွဲနှင့် ပတ်သက်၍လည်း ဘာမှ မပြောခဲ့ပေ။ ဝမ်ချွန်းလည်း အနိုင်ရသည်ဟုပင် သူက ပြောခဲ့သေးသည်။ သို့သော် သူ၏ အတင်းမေးမြန်း စွက်ဖက်မှုကြောင့်၊ ရှားရှင်းယွန်ရှေ့တွင် ရီဖူရှင်းအား သူ၏အရှုံးကို ဝန်ခံစေလိုသော စိတ်ဖြင့် ဝင်ရောက် ပြောဆိုခြင်းက သူ မည်မျှ သဘောထား သေးသိမ်ကြောင်း လူအများကို ချပြသလို ဖြစ်နေသည်။
လူအများအပြားက ကုန်းစွန်းကျောင်းအား ဂရုဏာသက်စွာ ကြည့်ကြသည်။ ရှားရှင်းယွန်က သူ့အား ကြိမ်းမောင်းခြင်း မပြုခဲ့သော်လည်း သည်အရာက သူကိုယ်တိုင် တူးထားခဲ့သော ထောင်ချောက် ဖြစ်နေသည်။ ရှားရှင်းယွန်က အမှန်တရားအား ထုတ်ဖော်ပြောခြင်းက သူ့အား ကြီးစွာ အရှက်ရစေခဲ့သည်။
“တစ်လောကလုံးက နန်းတော်သခင်ရီ ရှုံးနိမ့်ခဲ့တယ်လို့ သတ်မှတ် တွေးထင်ခဲ့ကြတယ်။ ဆရာရီက ဘယ်တုန်းကမှ မရှင်းပြခဲ့ဘူး။ ဒီနေ့ နှစ်ဦးလုံး အနိုင်ရခဲ့တယ် လို့တောင် ဆရာရီက ပြောခဲ့တယ်။ ဒီလို စိတ်သဘောထား ကြီးမှုက … ” ယောင်းချီက ရီဖူရှင်းအား ပြုံးလျက် ကြည့်သည်။
“ထွက်ခွာမယ် …” သူမ၏စကားမဆုံးမီတွင်ပင် ရှားရှင်းယွန်က ကြားဖြတ်ပြောလျှင် အားလုံးကို မှင်တက် သွားစေခဲ့သည်။
***