Switch Mode

အပိုင်း (၁၀၅၁)

ကောင်းကင်ဒေသ၏သမိုင်းကြောင်း

တခြားသော ထိပ်သီး အင်အားစုများ ဘာတွေးသည်ကို ရီဖူရှင်းက ဂရုမစိုက်ပေ။ သူက တခြားတစ်ဖက်သို့ လှမ်းကြည့်လျှင် ပြည်နယ်ကိုးခုမှ တခြားသော လူများကို မြင်သည်။ ထိုအထဲတွင် ပြည်နယ်ကိုးခု ကျောင်းတော်မှ တွန်ဟေး၊ လင်းရှာပိုင်တို့နှင့် ကျိရှားတော်ဝင် နန်းတော်မှ ပိုင်လွေလီတို့ ပါဝင်သည်။ အမှန်တကယ်အားဖြင့် ဤနေရာတွင် ကောင်းကင် ရွေးချယ်ခံများ အားလုံး ရောက်ရှိ လာခဲ့ကြသည်။

မှန်သည် … ပြည်နယ်ကိုးခုမှ လူများအပြင် ရှားရှင်းယွန်၏ သက်တော်စောင့်များ ဖြစ်ကြသော လူအချို့လည်း ရှိနေကာ ထိုအထဲတွင် ဗိုလ်ချုပ်ထန်၏ သားဖြစ်သော ထန်ကျိအား ရီဖူရှင်း သိသည်။

ထိုအခိုက်တွင် ရီဖူရှင်းထံသို့ အစေခံ မိန်းကလေးတစ်ဦး ရောက်လာကာ ပြောသည် … “ကိုယ်ရံတော်ရီ … မင်းသမီးက အခေါ်ခိုင်းလိုက်ပါတယ်” သူ့အားခေါ်သော ဘွဲ့ကိုကြားကာ ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ ကိုယ်ရံတော်ရီတဲ့လား… သေစမ်း …။

“သွားလိုက် …” ရှန့်ထိုရှားက သူ့အား ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ အစေခံမိန်းကလေး နောက်သို့ လိုက်ပါ သွားခဲ့သည်။

ရီဖူရှင်းက အစေခံ မိန်းကလေးနှင့်အတူ နောက်ထပ်ခန်းမ တစ်နေရာသို့ ရောက်ရှိ လာခဲ့သည်။ ထိုနေရာတွင် ရှားရှင်းယွန်က ငြိမ်သက်စွာ ရပ်နေခဲ့သည်။

“မင်းသမီး …” ရီဖူရှင်းက ပြောသည်။

“လာခဲ့ပါ … ” ရှားရှင်းယွန်က ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ သူမ၏ဘေးသို့ လျှောက်လာခဲ့သည် … “မင်းသမီးက အထက်ဘုံနဲ့ အောက်ဘုံက လူတွေကို ဘာတွေကို ခေါ်ရတာလဲ” ရီဖူရှင်းက မေးသည်။

“နင်က ကောင်းကင် ဒေသရဲ့ သမိုင်းကြောင်းကို သိသလား … ” ရှားရှင်းယွန်က မေးသည်။

ရီဖူရှင်းက ‌ခေါင်းယမ်းသည်။ သူက ချင်းကျူမြို့၌ ကြီးပြင်း လာခဲ့ခြင်းဖြစ်ရာ ပြည်နယ်ကိုးခု ကျောင်းတော်၌ စာအုပ်စာပေ များစွာကို ဖတ်ရှု လေ့လာခဲ့သော်လည်း ကောင်းကင်ဒေသ၏ သမိုင်းကြောင်းကိုမူကာ သိနားလည်ခြင်း မရှိပေ။ သူက အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့နှင့် ပတ်သက်၍သာ အနည်းငယ် သိနားလည်ပေသည်။

“ရှေးခေတ်အခါက ကောင်းကင်လမ်းစဉ် ပြိုလဲခဲ့ပြီးတော့ ကျင့်ကြံခြင်းတွေက ပိတ်ဆို့ခြင်း ခံရတယ်။ လမ်းစဉ်ဟာ ထောင်ပေါင်း များစွာသော ဘုံအဖြစ်သို့ ပြောင်းလဲခဲ့တယ်။ နှစ်ထောင်ပေါင်း များစွာ ကြာတဲ့အထိ စွမ်းအားမြင့် ပုဂ္ဂိုလ်တွေဟာ မဟာလမ်းစဉ်ကို ထိန်းချုပ်ပြီးတော့ သက်ရှိတွေကို အနိုင်ကျင့်ခဲ့ကြတယ်။ ကျင့်ကြံခြင်း ကမ္ဘာဟာလည်း အလွန်တရာ ရက်စက်ကြမ်းကြုတ် ပြီးတော့ စွမ်းအားကြီးတဲ့ လူတွေက ပိုပြီးတော့ စွမ်းအားကြီး လာကြတယ်။ အားနည်းတဲ့ သူတွေကတော့ အမြဲတမ်း အနိုင်ကျင့်ခံရတယ်” ရှားရှင်းယွန်က ပြောသည်။

ထိုစကားများကို ကြားလျှင် ရီဖူရှင်းသည် စိတ်လှုပ်ရှား သွား၏။ ရှေးခေတ်အခါ၌ ကောင်းကင်သည် ပြိုလဲခဲ့၏။ ကောင်းကင်ဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ကျင့်ကြံခြင်း လမ်းစဉ်က အဘယ်ကြောင့် ပိတ်ဆို့ခံခဲ့ရသနည်း။ လမ်းစဉ်က အဘယ်ကြောင့် ထောင်ပေါင်း များစွာသော ဘုံအဖြစ်သို့ ပြောင်းလဲခဲ့ရသနည်း။

အင်ပါယာရှားဘုံတွင် လောကဓာတ်များနှင့် သဘာဝ စွမ်းအားများမှာ ပိုမိုသန့်စင်ပြီး ကြွယ်ဝရာ အောက်ဘုံထက် ကျင့်ကြံရန် ပိုမို သင့်တော်ပေသည်။ ဤသိုဆိုလျှင် အင်ပါယာရှားဘုံထက် ပိုမို ကောင်းမွန်သော နေရာများ ရှိနေပါသေးသလော။

“လွန်ခဲ့တဲ့နှစ် ၃၀၀က ဘာတွေဖြစ်ခဲ့တာလဲ … ” ရီဖူရှင်းက ရုတ်တရက် မေးသည်။

“ကောင်းကင်ဒေသရဲ့ သမိုင်းကြောင်းဟာ လုယက်ခြင်း၊ ဖျက်ဆီးခြင်း၊ ကစဉ့်ကလျား ဖြစ်ခြင်းတို့နဲ့ ပြည့်နှက်နေတယ်။ ခေတ်ဟောင်းက ပုဂ္ဂိုလ်ကြီးတွေဟာ အင်အားစုတွေကို တည်ထောင်ခဲ့တဲ့ အတွက်လည်း မဟာလမ်းစဉ်ရဲ့ လုယက်ခြင်းဟာ ပိုပြီးတော့ ရက်စက် ကြမ်းတမ်းခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်၃၀၀က အရှင်ဒွန်ဟောင်နဲ့ ဧကရာဇ်ရီချင်တို့က သူတို့ကိုယ်သူတို့ အင်ပါယာများအဖြစ် ကြွေးကြော်ပြီးတော့ လောကကြီးကို အစီအစဉ်တကျ ဖြစ်အောင် ပြန်လည် တည်ဆောက်ခဲ့ကြတယ်။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ကောင်းကင် ဒေသဟာ ပိုမိုကောင်းမွန်တဲ့ အနေအထားသို့ ရောက်လာခဲ့တယ်။ ဒါပေမဲ့ အခြေခံ ပြဿနာတွေက‌တော့ ရှိနေတုန်းပဲ” ရှားရှင်းယွန်က ဆက်ပြောသည် … “ဒါပေမဲ့ ဒါက ငါတို့နဲ့ သိပ်မဆိုင်ဘူး။ အဲဒါတွေကို မတွေးတာ အကောင်းဆုံးပဲ” ရီဖူရှင်း၏ နောက်ခံ သမိုင်းကြောင်းသည် အလွန်တရာ နက်ရှိုင်းသည်ဟု သူမ၏ အဖေက ပြောခဲ့သည်။ ထိုအကြောင်းအရာက ဧကရာဇ်ရီချင်နှင့် ပတ်သက်သည်ကို သူမ ခန့်မှန်းမိ၏။

“ကောင်းကင်ဒေသရဲ့ သမိုင်းကြောင်းက ဒီတစ်ခေါက် လူစုတာနဲ့ သက်ဆိုင်လို့လား …” ရီဖူရှင်း မေးသည်။

“ငါပြောတာက နောက်ခံ သမိုင်းကြောင်း သက်သက်ပဲ။ မဟာလမ်းစဉ်ရဲ့ ဘုံ၃၀၀၀အများစုကို ရန်ဟောင် တန်ခိုးရှင်တွေက ထိန်းချုပ်တယ်။ ဒါပေမဲ့ ခြွင်းချက် နယ်မြေတွေလည်း ရှိတယ်။ တချို့သော ဘုံတွေက ပိုင်ရှင်မရှိဘူး။ ဥပမာ အင်ပါယာရှားဘုံနဲ့ သိပ်မဝေးတဲ့နေရာမှာ နတ္ထိဘုံဆိုတာ ရှိတယ်။ အဲဒါက ကောင်းကင်လမ်းစဉ် ပြိုပျက်တုန်းက ကျန်ခဲ့တဲ့ အပိုင်းအစတစ်ခုပဲ။ အခု နတ်ဘုရားလမ်းစဉ်က ပြန့်ကျဲခြင်းမရှိဘဲ နတ္ထိဘုံကို ဖုံးအုပ်ထားတယ်။ ခြေသလုံးအိမ်တိုင် တန်ခိုးရှင် အများအပြားက အဲဒီကို သွားရောက်ပြီးတော့ လေ့ကျင့်ကြတယ်။ ပြီးတော့ ဘုံသုံးခုရဲ့ တန်ခိုးရှင်တွေကလည်း အဲဒီမှာ စတည်းချ နေကြတယ်” ရှားရှင်းယွန်က ဖြေသည်။

“အင်ပါယာရှားဘုံနဲ့ အင်ပါယာလီဘုံ … ” ရီဖူရှင်းက မေးသည်။

“ဟုတ်တယ် …” ရှားရှင်းယွန်က ခေါင်းညိတ်သည် … “ဒီမွန်းအင်ပါယာဘုံကို ဥဒေါင်း အင်ပါယာဘုံက အုပ်ချုပ်တယ်။ ဒီဘုံသုံးခုက အိမ်နီးချင်းတွေ ဖြစ်ပြီးတော့ နတ္ထိဘုံက ဘုံသုံးခုရဲ့ အလယ်ဗဟိုမှာ ရှိနေခဲ့တယ်”

ရီဖူရှင်းက ပြည်နယ်ကိုးခု၌ လေ့ကျင့်နေခဲ့စဉ်က မြေရိုင်းပြည်နယ်သည် ဒီမွန်းအင်ပါယာဘုံနှင့် ဆက်စပ်နေခဲ့သည်ဟု သူကြားဖူးခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က နွေဦးပြည်နယ်၏ အနောက်ဘက် စူးစူးသို့ ဆက်သွားခဲ့ပါက တာလီပြည်ထောင်သို့ ရောက်ပေမည်။

“အဲဒီနေရာက မဟာလမ်းစဉ်ကို နားလည်ဖို့အတွက် လူတွေကို အကူအညီ ဖြစ်စေတယ် …” ရီဖူရှင်းကမေးသည်။

“ဟုတ်တယ် … ” ရှားရှင်းယွန်က ခေါင်းညိတ်သည် … “နတ္ထိဘုံဟာ ကျင့်ကြံခြင်းဘုံ တစ်ခုတည်း မဟုတ်ဘူး။ အထက်ဘုံက တန်ခိုးရှင်တွေအတွက် အထောက်အပံ့ ပစ္စည်းတွေဟာ အဲဒီနေရာက လာတယ်။ အဲဒီအရာတွေဟာ ကောင်းကင် လမ်းစဉ်ကနေ ဖြစ်တည်လာတာ ဖြစ်လို့ အရမ်းကို ထူးဆန်း အံ့အားသင့်ဖို့ ကောင်းတယ်။ သူတို့က မဟာလမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ နားလည် သိမြင်သော အထောက်အကူ ပေးသလို တော်ဝင်ရတနာတွေ အဖြစ်လည်း ပြုလုပ်နိုင်တယ်”

ဤတွင် ရီဖူရှင်းမှာ စိတ်လှုပ်ရှားရ၏။ သူက အထက်ဘုံသို့ ရောက်လာခဲ့သည်မှာ သိပ်မကြာသေး သော်လည်း အောက်ဘုံ၏ ကျင့်ကြံခြင်း အထောက်အပံ့များမှာ မည်မျှ နည်းပါးသည်ကို နားလည်လိုက်သည်။ ထိုသို့သော အထောက်အပံ့ ပစ္စည်းများအား ပိုင်ဆိုင်ခြင်းက ရှီတန်ခိုးရှင် တစ်ပါးအား ရှန့်ထိုအဆင့်သို့ တက်လှမ်းရန် ပိုမို လွယ်ကူစေသည်။ ဤသည်ကပင် အထက်ဘုံမှလူများ ခေါ်ဆိုသော ကျင့်ကြံခြင်း အထောက်အပံ့ ပစ္စည်းများ ဖြစ်သည်။

ဤတွင် နတ္ထိဘုံမှ ရနိုင်သော အထောက်အပံ့များမှာ အထက်ဘုံများအတွက် အလွန်တရာ အရေးပါလာခဲ့၏။ ထို့အတွက် ထိုဘုံနှင့် ဆက်စပ်နေသော ဘုံသုံးခုသည် ထိုအထောက်အပံ့များကို ကာလတစ်ခုကြာ ပိုင်ဆိုင်ရန် အလို့ငှာ သဘောတူညီချက်များ ထားလျက် တိုက်ခိုက်ကြရ၏။ ထိုတိုက်ပွဲ၏ အနိုင်အရှုံးရလဒ်ဖြင့် ထိုဘုံကို မည်သူက ဆယ်နှစ်တာ ကာလ ထိန်းချုပ်ခွင့်ရရန်ကို ဆုံးဖြတ်ပေသည်။

“ဘုံသုံးခု သဘောတူညီချက်အရ နတ္ထိဘုံရဲ့ ၁၀နှစ်တာကာလ ထိန်းချုပ်ပိုင်ခွင့်ကို ရှီတန်ခိုးရှင်တွေရဲ့ တိုက်ပွဲနဲ့ အဆုံးအဖြတ် ပေးမယ်။ ဒါပေမဲ့ ရှန့်ထို အဆင့်တွေကလည်း အဲဒီကို လိုက်ပါကြလိမ့်မယ်။ တစ်ခါတလေ စည်းမျဉ်း ချိုးဖောက်တာတွေလည်း ဖြစ်နိုင်တာမို့လို့ ရှန့်ထို အဆင့်တွေရဲ့ တိုက်ပွဲကလည်း အချိန်မရွေး ဖြစ်နိုင်တယ်” ရှားရှင်းယွန်က ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ ပြည်နယ်ကိုးခု၏ တော်ဝင်စစ်ပွဲတွင် အင်ပါယာရှား၏ စည်းမျဉ်းကို မည်သူမှ မလိုက်နာပဲ မနေရဲကြပေ။ သို့သော်လည်း ဘုံသုံးခု၏ တိုက်ပွဲတွင် နှုတ်အားဖြင့် သဘောတူညီမှုမျှသာ ရှိသည်။ ထိုစည်းမျဉ်းများအား ကြီးကြပ်ပေးသောသူ မရှိရာ စည်းမျဉ်းမှာ အချိန်မရွေး ကျိုးပျက် နိုင်ပေသည်။

“ကျုပ်တို့ ဘယ်အချိန် သွားကြမလဲ …” ရီဖူရှင်းက မေးသည်။ သူက သေချာပေါက် ငြင်းဆန်မည် မဟုတ်ပေ။ အကြောင်းပြချက်ကား သည်တိုက်ပွဲတွင် အင်ပါယာလီဘုံ ပါဝင်မည် ဖြစ်သောကြောင့် ဖြစ်သည်။

“ငါက အင်အားစုတွေ အကုန်လုံးကို ၇ရက်အတွင်း ဒီကိုလာရောက်ဖို့ အမိန့်ပေးထားတယ်။ အဲဒီအချိန်ရောက်ရင် နင်က ပြည်နယ်ကိုးခုရဲ့ အင်အားစုတွေကို ဦးဆောင်ရမယ်” ရှားရှင်းယွန်က ပြောသည်။

“ကောင်းပြီ …” ရီဖူရှင်းက သဘောတူသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset