Switch Mode

အပိုင်း (၁၀၄၉)

ကိုယ်ပိုင်တန်ခိုးအဆင့်နဲ့လူ

မရေမတွက်နိုင်သော လူများသည် လီဟန်ဓား နန်းတော်၏ တောင်ခြေ၌ ရပ်နေကြ၏။

ရီဝူချင်းတို့က ကိုယ်ပိုင်စွမ်းရည် သက်သက်ဖြင့် လီဟန်ဓားနန်းတော်၏ အထက်လွှာများသို့တိုင် တက်ရောက် သွားနိုင်ခဲ့ကြ၏။ အင်ပါယာရှားဘုံမှ မရေမတွက်နိုင်သော လူများသည် အထက်လွှာများမှ ရောက်လာမည့် တိုက်ပွဲ သတင်းများကို စောင့်ဆိုင်း နေကြ၏။

ရီဖူရှင်းနှင့် ယူချင်းတို့ စွမ်းရည်ဖြင့် သေချာပေါက် လီဟန်ဓားနန်းတော် ၃၃လွှာသို့ တက်လှမ်း နိုင်ပေလိမ့်မည်။ သူတို့က ထိုနေရမှ ဘေးကင်းစွာ ပြန်ဆင်း လာနိုင်ပါ့မလား။

“ကြည့်လိုက် …”

တစ်ယောက်က အော်ဟစ်လိုက်၏။ မရေမတွက်နိုင်သော လူများက အပေါ်ကို မော့ကြည့်ကြသည်။ ထိုနေရာတွင် ကြောက်မက်ဖွယ် ကောင်းသော နတ်ဘုရားပြစ်ဒဏ် ပေါ်ပေါက်လာချေ၏။ နတ်ဘုရားပြစ်ဒဏ်သည် ပြင်းထန်လွန်းသဖြင့် ကောင်းကင်သည် အရောင် ပြောင်းလဲရသည်။ အလင်းတစ်စက်ချင်းသည် မဟာလမ်းစဉ်၏ ဓားတစ်လက်နှင့် အလားသဏ္ဌာန် ရသည်။

“နတ်ဘုရား ပြစ်ဒဏ် …”

လူအများအပြား၏ စိတ်နှလုံးမှာ တဒိန်းဒိန်း ခုန်နေကြသည်။ တစ်စုံတစ်ယောက်ကား အမှန်တကယ် ရှန့်ထိုအဆင့်သို့ တက်လှမ်း၏။ ဖြစ်နိုင်ဖွယ် အရှိဆုံးမှာ လီဟန်ဓား နန်းတော်မှ တစ်စုံတစ်ယောက်သာ ဖြစ်ရပေမည်။

တစ်ဖက်တွင် ရီဖူရှင်းတို့၏ တိုက်ပွဲမှာ ဤမျှ မြန်ဆန်စွာ ပြီးဆုံးခဲ့သည်ကို မျှော်လင့် မထားမိခဲ့ကြ။

“ရီဖူရှင်းလား … ဝမ်ချွန်းလား …”

အချို့က တီးတိုး ရေရွတ်ကြ၏။ နတ်ဘုရား ပြစ်ဒဏ် အကြောင်းကို ပြောမည်ဆိုလျှင် သူတို့ဦးဆုံး တွေးမိသည်က ရီဖူရှင်း သို့မဟုတ် ဝမ်ချွန်းသာ ဖြစ်သည်။

“ရီဖူရှင်းက ထူးခြား ထက်မြက်တယ် ဆိုပေမဲ့ သူ့တန်ခိုးအဆင့်က ရှန့်ထိုဖြစ်ဖို့ လုံလောက်တဲ့ ရင့်သန်မှု မရှိသေးဘူး။ ဝမ်ချွန်းကတော့ ကွန်းရှီအဆင့်မှာ ရှီနေခဲ့တာ တော်တော် ကြာပြီ။ သူက ရှန့်ထိုတစ်ဝက်တောင် ဖြစ်နေခဲ့ပြီ”

“ဒါဆို ဝမ်ချွန်း အနိုင်ရခဲ့တာပေါ့ …”

“သူက ရီဖူရှင်းကို လီဟန်ဓား နန်းတော်မှာ တိုက်ခိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒီနည်းနဲ့ သူ့လမ်းစဉ် မှန်ကန်တာကို သက်သေပြခဲ့ပြီးတော့ ရှန့်ထိုအဆင့် တက်လှမ်းခဲ့တာပဲ ဖြစ်ရမယ်”

လူအများက တီးတိုး ဆွေးနွေးကြသည်။ တိုက်ပွဲတွင် အနိုင်ရသူမှာ ဝမ်ချွန်း ဖြစ်ရပေမည်။ မဟုတ်လျှင် သူက မည်သို့ ရှန့်ထို ဖြစ်သွားမည်နည်း။ အင်ပါယာရှားဘုံမှသာ မဟုတ် လီဟန်ဓား နန်းတော်မှ ဓားသမား အများစုပင် ထိုအတွေးများ ရှိနေကြ၏။

ထိုအခိုက်တွင် ရီဖူရှင်းတို့ လီဟန်ဓားနန်းတော်မှ ဆင်းသက် လာခဲ့ကြ၏။ သူတို့က လီဟန်ဓားနန်းတော် အလွှာတစ်ခုချင်းစီကို ဖြတ်သန်းလျက် ဆင်းသက် လာသည်ကို တောင်ခြေမှ လူများ တွေ့မြင်ကြ၏။ သူတို့က လုချွန်၊ ဖန်းရှောင်တို့ အနီးမှ ဖြတ်သွားလျှင် ထိုလူများက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။

“လီဟန်ဓား နန်းတော်ရဲ့ ရှန့်ထိုအဆင့် အောက်မှာ ဘယ်သူမှ ရှင့်ကို အနိုင်မယူနိုင်ဘူး … ဟုတ်လား …” ဖန်းရှောင်က ငေါ့တော့တော့ ပြောကာ လှောင်ပြောင်၏။ အစ်ကိုဝမ်ချွန်းက ရီဖူရှင်းအား အနိုင်ရခဲ့သည်ဟု သူမ တထစ်ချ တွက်ထားပေသည်။

ရီဖူရှင်းက သူမအား တစ်ချက် ကြည့်သည်။ ပုံမှန်အတိုင်းဆို သူ့အနေဖြင့် သူမအား ပြန်လည် ပြောဆိုမိပေမည်။ ယခုကား သူ့တွင် ထိုသို့ ပြောလိုစိတ်များ မရှိတော့။ သူမအား လျစ်လျူရှုလျက်ပင် ရီဖူရှင်းတို့က ရှေ့သို့ ဆက်သွား လိုက်ကြသည်။

သူတို့ အောက်သို့ ဆင်းနေခဲ့စဉ်မှာပင် ဝမ်ချွန်းသည် နတ်ဘုရား ဆေးကြောခြင်း ဖြစ်စဉ်ကို အောင်မြင်စွာ ဖြတ်သန်းကာ ရှန့်ထိုတစ်ပါး ဖြစ်သွားခဲ့လေသည်။ လီဟန်ဓား နန်းတော်မှ လူများအားလုံးက ပြုံးကြသည်။ ယခု လီဟန်ဓား နန်းတော်တွင် နောက်ထပ် ရှန့်ထိုတစ်ပါး မွေးဖွားခဲ့ချေပြီ။

ရီဖူရှင်းတို့ အဖွဲ့ကား အထီးကျန်ဆီသော ဧည့်သည်များနှင့်သာ တူသည်။ သူတို့က အရှိန်အဝါ ကြီးမားစွာဖြင့် ရောက်လာခဲ့ပြီး တိတ်ဆိတ်စွာ ပြန်သွားခဲ့ကြသည်။ ဤတွင် လီဟန်ဓားသမားများ၏ ကောက်ချက်မှာ ပိုမိုခိုင်မာ လာခဲ့ကြတော့သည်။

ရီဖူရှင်းတို့က လီဟန်ဓားနန်းတော်၏ တောင်ခြေသို့ ရောက်လာခဲ့သောအခါ မရေမတွက်နိုင်သော မျက်လုံးများနှင့် ဆုံရသည်။ ကျေးရွာခေါင်းဆောင်၊ ကျန်ကျောင်းနှင့် တခြားလူများလည်း ထိုနေရာတွင် စောင့်ဆိုင်း နေကြ၏။ သူတို့က လူအများ၏ ပြောဆို ဆွေးနွေးမှုများကို ကြားသိ ကြပေ၏။ သို့သော် သူတို့အနေဖြင့် ရီဖူရှင်း၏စွမ်းရည် အစစ်အမှန်ကို သိမြင်ထားကြပြီးဖြစ်ရာ ရီဖူရှင်းအနေဖြင့် မည်သည့်နည်းနှင့်မျှ မရှုံးသည်ကို သိကြသည်။ ဝမ်ချွန်းက ရှန့်ထိုဖြစ်ခဲ့ခြင်းမှာကား ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စသာဖြစ်ရာ သူတို့အနေဖြင့် မည်သို့မှ မခံစားရပေ။

“သွားရအောင် …” ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်ကို ပြောသည်။ ထို့နောက် သူတို့က ဧရာမဓားကြီးအား ဆင့်ခေါ်ကာ ထွက်သွားခဲ့ကြ၏။

“တိုက်ပွဲမှာ ဘာဖြစ်ခဲ့တာလဲ …” မရေမတွက်နိုင်သော လူများသည် ရီဖူရှင်းတို့ ထွက်သွားသည်ကို ကြည့်ကာ တီးတိုး ရေရွတ်ကြ၏။ သူတို့က ဘာမှ ပြောဆိုခြင်း မရှိဘဲ ထွက်သွားခဲ့ကြသည်။

ဆွေးနွေးမှုများ အရှိန်မြင့်တက် လာခဲ့ကာ နောက်ဆုံးတွင် တစ်ယောက်က ပြောသည် … “တွေ့လား … ကျုပ်ပြောသားပဲ။ ဝမ်ချွန်း သေချာပေါက် အနိုင် ရလိမ့်မယ်လို့။ ရှန့်ထိုအဆင့် အောက်က နံပါတ်၁ ဆိုတာက တကယ့် ရှန့်ထိုမှ မဟုတ်တာ”

အများစုက ဝမ်ချွန်း အနိုင်ရသည်ဟု ကောက်ချက် ချကြ၏။ သို့တိုင်အောင် မည်သူမှ တိုက်ပွဲ၏ တကယ့် အမှန်တရားကို မသိကြပေ။

ရီဖူရှင်း ရှုံးနိမ့်သွားသော သတင်းမှာ တောမီးအလား မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့၏။ မရေမတွက်နိုင်သော လူများက တိုက်ပွဲနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေးကြသည်။

ဝမ်ချွန်း ရှန့်ထို ဖြစ်သွားပြီးနောက် လီဟန်ဓား နန်းတော်မှ ရှန့်ထို အများအပြား ပေါ်ထွက် လာခဲ့ကြသည်။ ပုံမှန်အားဖြင့် တိုက်ပွဲရလဒ်ကို သူတို့အားလုံး သိကြပေသည်။ ရှန့်ထိုဖြစ်သည့်တိုင် သူတို့၏စိတ်မှာ တုန်လှုပ် ကြရပေ၏။

လီဟန်ဓားသမားက ရှန့်ထိုများအား ကြည့်ကာ ပြောသည် … “ကျုပ်ဟာလည်း ဘုံတွေ အများကြီးကို သွားလာဖူးတယ်။ တိုက်ပွဲတွေ အများကြီး တိုက်ခဲ့တယ်။ တိုက်ပွဲတွေ အများကြီး ရှုံးနိမ့်ခဲ့ဖူးတယ်”

ဤတွင် ရှန့်ထိုများက ထိတ်လန့်ခြင်း ကြီးစွာဖြင့် လီဟန်ဓားသမားအား ကြည့်ကြသည်။ အင်ပါယာရှားဘုံ၏ နံပါတ်တစ် ဓားသမားသည် အမှန်ပင် အကြိမ်များစွာ ရှုံးနိမ့်ခဲ့ဖူး၏။
“မဟာလမ်းစဉ်ရဲ့ ကျင့်ကြံသူတွေဟာ အရှုံးမရှိနိုင်ဘူးလို့ ဘယ်သူပြောလဲ” လီဟန်ဓားသမားက ဆက်ပြောသည် … ”ဒီတိုက်ပွဲကို ဥပမာအနေနဲ့ သင်ခန်းစာ ယူပါ။ လီဟန်ဓား နန်းတော်က ဓားပညာကို လေ့လာဆည်းပူးရာ နေရာပဲ”

အင်ပါယာရှားဘုံ၌ လူအများအပြားက သူ့အား နံပါတ်တစ် ဓားသမားအဖြစ် သတ်မှတ်ကြ၏။ သို့သော် နံပါတ်တစ် ဓားသမားသည် အရှုံးမရှိသောသူ မဟုတ်ပေ။

ထိုသို့ပြောကာ လီဟန်ဓားသမား ထွက်သွားခဲ့သည်။

ရှန့်ထိုများ၏ စိတ်နှလုံးမှာ ကြီးစွာ လှုပ်ခတ်ခဲ့ကြသည်။ သူတို့၏ အသိအမြင်များ မှာလည်း ပိုမို ကျယ်ပြော လာခဲ့ကြ၏။

ကျင့်ကြံသူများ အနေဖြင့် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့လျှင်ပင် သူတို့အနေဖြင့် သူတို့၏ စိတ်နှလုံးများကို အလုံးစုံ သံသယ ကင်းစင် စေနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လီဟန်ဓားသမားက လီဟန်ဓားနန်းတော်မှ လူများအား အမြဲတမ်းအားဖြင့် မထားသင့် မထားအပ်သော မာနတရားများအား ဖယ်ရှားရန် ဆုံးမခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ဤအတိုင်းသာ ဆက်လက် ကျင့်ကြံနေပါက လီဟန်ဓား နန်းတော်သည် အနာဂတ်တွင် မည်သို့ ဖြစ်လာမည်နည်း။

ဝမ်ချွန်းသည် ထိုအခိုက်တွင် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားဟန် ရသည်။ သူက လီဟန်ဓား နန်းတော်မှ လူများအား ကြည့်ကာ ပြောသည် … “ကျုပ်တို့ အားလုံးက ဆရာရဲ့ ဆုံးမစကားကို မြေဝယ်မကျ နားထောင်ရမယ်။ လီဟန်ဓား နန်းတော်ကို နံပါတ်တစ် ဓားနန်းတော် အဖြစ် သတ်မှတ်ကြပေမဲ့ ဒီနေ့ သင်ခန်းစာကိုလည်း မေ့လို့မရဘူး”

“အစ်ကို … ရီဖူရှင်းက ဘယ်လိုပုံစံမျိုးလဲ” ဓားသမားအချို့က မေးကြသည်။ သူတို့အားလုံးမှာ ယူချင်းတို့ဖြင့်သာ ရင်ဆိုင် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။ သူတို့၏ စီနီယာအစ်ကိုပင် ရှုံးနိမ့်ခဲ့ရသော ရီဖူရှင်းသည် မည်မျှ ထက်မြက်သနည်း။

ဝမ်ချွန်းက အဝေးသို့ ကြည့်သည် …

“ကျုပ်က ကိုယ်ပိုင်တန်ခိုး အဆင့်နဲ့လူလို့ လီဟန်ဓား နန်းတော်က အကြီးအကဲတွေ ချီးကျူးခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့ ငါပြောချင်တာက ရှန့်ထိုအဆင့်အောက်မှာ ရီဖူရှင်းဟာ ကိုယ်ပိုင်တန်ခိုး အဆင့်နဲ့လူပဲ။ တခြားလူတွေက သူ့ထက် နိမ့်ကျတဲ့ အဆင့်မှာပဲ ရှိတယ်”

ထို့နောက် သူက နောက်လှည့်ကာ ဆက်ပြောသည် … “ရှန့်ထိုတစ်ပါး ဖြစ်ခဲ့ပေမဲ့ ကျုပ်က အချိန်တစ်ခုအထိ တံခါးပိတ် လေ့ကျင့်ရဦးမယ်”

ဓားသမားများအားလုံး အေးခဲသွားကြသည်။ ရီဖူရှင်းအပေါ် ဝမ်ချွန်း၏အမြင်မှာ အလွန် ကောင်းမွန်နေမည်ဟု သူတို့ မထင်ထားခဲ့ကြ။

***

ဝမ်ချွန်း၏ ချီးကျူးမှုကို ရီဖူရှင်း မသိခဲ့ပေ။ ဧရာမဓားကြီးပေါ်တွင် စီးနင်းရင်း သူသည် အတွေးနက် နေသည်။ ယခင်က ကော့တေး၌ သူ၏ဆရာ သင်ကြားခဲ့သည်များကို ပြန်အမှတ် ရလာသည်။ စိတ်နှလုံး လွတ်လပ်သူများသာ လောကကြီးကို ပိုမိုမှန်ကန်သော နည်းလမ်းဖြင့် ကြည့်မြင်နိုင်သည်။ ထိုသို့သော လူများသည်သာ ပါရမီ နိမ့်ခြင်း မြင့်ခြင်းနှင့် မသက်ဆိုင်ပဲ မြင့်မားသော တန်ခိုးအဆင့်များသို့ တက်လှမ်း နိုင်ကြသည်။ ရှန့်ထိုဖြစ်ရန် မူကား ပိုမိုရင့်သန်သော စိတ်နှလုံးအား လိုအပ်ပေသည်။

သူတို့က လီဟန်ဓားနန်းတော် ၃၃လွှာသို့ တက်ရောက် တိုက်ခိုက်ခဲ့ကြ သော်လည်း လီဟန်ဓား သမားသည် ရီဝူချင်းအား ဓားတစ်လက်ကို ငှားရမ်းကာ ကူညီပေးခဲ့သည်။ သူ၏ စိတ်နှလုံးသည် အမှန်တကယ် လွတ်လပ်ကာ ပိုမိုမြင့်မားသော စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်း တစ်ခုအား ပိုင်ဆိုင်၏။ ထိုအဖြစ်က ရီဖူရှင်းအား မိမိကိုယ်ကိုယ် အရှက်ရစေခဲ့သည်။ သူ့အနေဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ငြိမ်သက်စွာဖြင့် တွေးတော ဆင်ခြင်ကာ ပြန်လည်သုံးသပ်ရန် လိုပေသည်။ မည်သို့ဆိုစေ သူသည်လည်း ရှန့်ထိုဖြစ်ရန် သိပ်မဝေးတော့ပေ။

ရီဝူချင်းက ရီဖူရှင်း၏ ဘေးနားသို့ လျှောက်လာကာ အဝေးသို့ ကြည့်သည်။ လီဟန်ဓားသမားက သူ့အား ဓားတစ်လက် ငှားရမ်းခဲ့ရာ သူ၏စိတ်သည်လည်း များစွာ ပြောင်းလဲခဲ့ရသည်။

“လီဟန်ဓားသမား ငှားရမ်းခဲ့တဲ့ဓားက ငါ့ဆီမှာ ရှိနေတုန်းပဲ” ရီဝူချင်းက တိတ်ဆိတ်စွာ ပြောသည်။

“အင်း …” ရီဖူရှင်းက ခေါင်းညိတ်သည် … “အင်ပါယာရှားဘုံရဲ့ နံပါတ်တစ် ဓားသမားဟာ တကယ်ပဲ လေးစားစရာ ကောင်းပါတယ်”

ရီဖူရှင်းက သက်ပြင်းရှည်ကြီး တစ်ချက် ရှိုက်လိုက်ကာ ရုတ်တရက် ပြုံးသည်။ ထို့နောက် သူက ဝူချင်း၏ လက်တစ်ဖက် ကင်းမဲ့နေသော လက်မောင်းအိုးအား ကြည့်ကာ ပြုံးလျက် ပြောသည် … “ဝူချင်း … မင်းက အခု ကွန်းရှီအဆင့်သို့ ရောက်နေပြီ။ ရှန့်ထိုအဆင့်သို့ ရောက်ခဲ့ရင် နတ်ဘုရား ဆေးကြောခြင်း စွမ်းအင်ကြောင့် မင်းလက်က အသစ် ပြန်ဖြစ်လာလိမ့်မယ်”

ရီဝူချင်းက သူ၏ လက်မောင်းအိုးအား ကြည့်ကာ ပြောသည် … “နှစ်တွေ တော်တော် ကြာခဲ့ပြီ။ ငါက ဒါနဲ့ အသားကျနေခဲ့ပြီ”

“ဟုတ်တယ် … ငါတို့ အတူတူ ရှိနေခဲ့ကြတာ နှစ်တွေ အများကြီး ကြာခဲ့ပြီ။ ကြာလွန်းလို့ မင်းက ဒါနဲ့ အသားကျ နေခဲ့ပြီပဲ” ရီဖူရှင်းက ပြုံးလျှင် ရီဝူချင်းကလည်း ပြုံး၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset