Switch Mode

အပိုင်း (၁၀၄၈)

ဓားတစ်လက် ငှားရမ်းခြင်း

ရီဖူရှင်းသည် ဓားမုန်တိုင်း အလယ်၌ ရပ်နေ၏။ သူ့စိတ်ဝိညာဉ် သည်လည်း လီဟန်ဓား အသိတွင် ပိတ်ဆို့ခြင်း ခံရသည်။

သည်ခံစားချက် …

ရီဖူရှင်းသည် ရှန့်ထိုကျန့်၏ ဆေးစမ်းသပ်မှုကို ခံယူခဲ့ရ၏။ ဆေးသည် အမှန်တကယ်အားဖြင့် နတ်ဘုရား ဆေးကြောခြင်း စွမ်းအားကို တုပကာ စီရင်ထားခြင်းဖြစ်ပြီး ထိုဆေးဖြင့် ရုပ်ခန္ဓာကိုယ်အား ထုဆစ်အသွင် ပြောင်းခြင်းဖြစ်သည်။ ဖျက်ဆီးခြင်းမှသည် အသစ် ပြန်မွေးဖွားခြင်းကို ဖြစ်၏။

ယခု ဝမ်ချွန်း၏ ဓားမုန်တိုင်းထံမှ နတ်ဘုရား ပြစ်ဒဏ်အလား ခံစားချက်ကို သူရသည်။ ဤတွင် သူ၏ဓားပညာသည် နတ်ဘုရား ပြစ်ဒဏ်ကဲ့သို့ ပြင်းထန်ကာ တကယ့်ရှန့်ထိုအဆင့်သို့ ရောက်ရန် အလွှာပါးတစ်ခုမျှသာ ခြားတော့သည်ကို သိနိုင်သည်။

သို့သော် ဆေးစမ်းသပ်မှုကို အကြိမ်ကြိမ် ခံယူထားသော ရီဖူရှင်းအတွက် ထိုဓားမုန်တိုင်းမှာ ထူးခြားသွားခြင်းတော့ မရှိပေ။

ရီဖူရှင်း၏ ခန္ဓာကိုယ်က လင်းလက်လာသည်။ သူ့မျက်လုံးများ စူးရှလာ၏။ သူက ရှေ့သို့ တစ်လှမ်းတက်သွားကာ ဝမ်ချွန်း၏ အကန့်အသတ်နှင့် သူ့တွင် မိမိအား ခြိမ်းခြောက်နိုင်စွမ်း ရှိသလား ရီဖူရှင်း ကြည့်လိုသည်။ သည်ကဲ့သို့သော ပြိုင်ဘက်ကား အင်ပါယာရှားဘုံ အတွင်း၌ ရှားရှင်းယွန်မှလွဲ၍ တခြားတစ်ယောက် ရှာမတွေ့နိုင်တော့။

ဝမ်ချွန်း၏ မျက်လုံးများက ရီဖူရှင်းအား ကြည့်နေသည်။ သူသည် သူ၏ဓားကို ရုပ်ခန္ဓာကိုယ် သက်သက်ဖြင့် ခုခံ၏။ သူသိသလောက် ရီဖူရှင်းကဲ့သို့ သန်မာသောသူ နောက်တစ်ယောက် ရှိနိုင်မည် မဟုတ်ပေ။ ရှားရှင်းယွန်ပင် ထိုသို့ လုပ်နိုင်မည်လား သူသံသယဝင်သည်။ သို့သော် သူ၏စိတ်က တည်ငြိမ်နေသည်။ သူ၏ခြေလှမ်းတိုင်းတွင် ဓားအသိမှာ ဆင့်ကဲ အားကောင်းလာခဲ့၏။ သူတို့နှစ်ယောက် အကြား နေရာသည်လည်း မုန်တိုင်းများ ပြင်းထန်စွာ ဖြစ်ပေါနေခဲ့၏။

ဝမ်ချွန်း၏လက်က သူ့အား ကြည့်ကာ ဆန့်တန်းသည်။ အဆုံးအစမဲ့သော ဓားအသိများသည် သူ၏လက်တွင် စုစည်းလာကာ ဓားတစ်လက် စတင် ဖွဲ့စည်းလာ၏။

သူက ပြောသည် … “ ကျုပ်က မဟာလမ်းစဉ်ကိုသုံးပြီး ဓားတစ်လက်ကို ဖန်တီးတယ်။ မင်းက ဒီဓားချက်ကို ခုခံနိုင်ရင် ရှန့်ထိုအဆင့်အောက်မှာ မင်းကို ယှဉ်နိုင်တဲ့သူ မရှိတော့ဘူး”

သူတို့အနီးမှ လေဟာနယ်သည် အေးခဲသွားဟန်ရပြီး အရာအားလုံး ရပ်တန့်သွား၏။ ရီဖူရှင်း၏ လောကဓာတ်သည် ပတ်ဝန်းကျင် တစ်ခုလုံးအား ရိုက်ခတ်လာသော်လည်း ဓားအသိ စီးဆင်းခြင်းကိုမူကား မရပ်တန့်နိုင်။ သူ့ပြိုင်ဘက်၏ ဓားအသိသည် သူ့လောကဓာတ် အတန်းအစား၏ အပေါ်၌ ရှိနေ၏။

ရီဖူရှင်းက လက်ဆန့်တန်း လိုက်လျှင် သူ့လက်၌ လှံရှည်တစ်လက် ပေါ်လာသည်။ ရီဖူရှင်း၏လှံချက် ရောက်လာသည်ကို စောင့်ဆိုင်းပြီးမှ ဝမ်ချွန်းက ဓားကို ဝှေ့ယမ်းသည်။ ရိုးရှင်းသော ဓားချက်သည် စစ်မှန်သော ဓားလမ်းစဉ် ဖြစ်သည်။

သူတို့အနီးတွင် ဓားအလင်းတစ်ချက် လင်းလက်သွားသည်။ သူတို့အနီးမှ စွမ်းအင်စီးကြောင်းများ ပြိုပျက်သွားကာ အရာအာလုံးမှာ ပကတိ ကင်းစင်သွား၏။ ဓားတစ်လက်သည် အရာအားလုံးကို ဗလာနတ္တိ ဖြစ်သွားစေခဲ့၏။

ရီဖူရှင်းထံမှ ကြီးမားသော အားလှိုင်းတစ်ခု ဖြာထွက်လာခဲ့၏။ သူ့တန်ခိုးအဆင့်က ဝမ်ချွန်းလောက် မမြင့်သလို သူသည် မဟာလမ်းစဉ်အား သိနားလည်ခြင်း မရှိသေးသော်လည်း သူ၏ကြီးမားသော ခွန်အားသည် ရှေ့သို့ ဆက်တိုးသွားနိုင်၏။ လောကဓာတ် အလင်းများသည် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ လှံရှည်ထံသို့ စီးဆင်းသွားခဲ့သည်။

တစ်ဖက်မှ ဓားရောက်လာသည်ကို မြင်လျှင် သူကလည်း လှံရှည်ကို ထိုးသွင်းလိုက်၏။ ပြင်းထန်သော အလင်းကွဲထွက်မှုနှင့် အနက်ရောင် လေပွေလှိုင်း တစ်ခုသည် ကြီးမားသော ဓားအသိအောက်တွင် အမှန်တကယ် ဖြစ်တည်လာသည်။ လှံရှည်သည် တစ်လက်မစီ ရွေ့လျားတိုင်း ပိုမို အားကောင်းလာခဲ့၏။

သင်၏ဓားသည် မည်မျှ အားကောင်းပါစေ၊ ကျုပ်က ချိုးဖျက်ပေမည်။

နှစ်ဦးသား တိုက်ခိုက်ခဲ့ကြသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ယခုမှသာ အမှန်တကယ် တိုက်ခိုက်ခြင်းသို့ ရောက်၏။ နှစ်ဦးလုံးသည် ရှီအဆင့်အောက်၌ အမြင့်ဆုံးသော စွမ်းရည်ကို ပိုင်ဆိုင်ကြ၏။ တစ်ယောက်က ဓားလမ်းစဉ်ကို လေ့ကျင့်ကာ နောက်တစ်ယောက်သည် လှံရှည်ကို လေ့ကျင့်၏။ နှစ်ဦးလုံးသည် သူတို့ နားလည်သမျှသော စွမ်းအားများကို ပေါင်းစပ်နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် ဓားနှင့် လှံရှည်တို့ ရင်ဆိုင် တိုက်ခိုက်လျှင် ရှုပ်ထွေးသော နည်းစနစ်များ မလိုအပ်တော့ပေ။

ထို့ကြောင့် အစမှသည် အဆုံးအထိ ထိတွေ့ ရင်ဆိုင်မှု တစ်ခုဖြင့် လုံလောက်ပေသည်။

ဓားသည် လှံရှည်နှင့် ရင်ဆိုင်မိလျှင် ထောင်ပေါင်း များစွာသော ဓားအသိများသည် ပြန့်ကျဲသွားပြီး လှံရှည်မှာလည်း တစ်စတစ်စ ပြိုပျက် သွားခဲ့ရသည်။ ပြင်းထန်သော မုန်တိုင်းများ ရစ်ပတ်နေခဲ့လျှင်ပင် သူတို့က ရှေ့သို့ ဆက်၍ တိုးလာခဲ့ကြသည်။ ဝမ်ချွန်းက သူ၏လက်အား ရှေ့သို့ ချိန်ရွယ်လိုက်လျှင် ရီဖူရှင်းကလည်း လှံရှည်အစား သူ၏လက်သီးကို အသုံးပြု၏။ နောက်တစ်ဖန် ရင်ဆိုင်မိလျှင် တစ်လောကလုံး သိမ့်ခနဲ တုန်သွားသည်။

လက်သီးနှင့် လက်ညှိုးတို့ ရင်ဆိုင်တွေ့မိသော အခိုက်တွင် အဆုံးအဆမဲ့သော ဓားအသိသည် သူ၏လက်သီးမှ တစ်ဆင့် လက်တစ်ချောင်းလုံးသို့ စီးဆင်းလာခဲ့သည်။ ထို့နောက် သူတစ်ကိုယ်လုံးသို့ ဓားအသိများ ရစ်ပတ်လာခဲ့၏။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ လက်သီးက တစ်ဖက်လူ၏ လက်ညှိုးမှသည် တစ်ကိုယ်လုံးသို့ ပြင်းထန်သော အားလှိုင်းတစ်ခု ရိုက်ခတ်စေခဲ့သည်။

ကျယ်လောင်သော အသံနှင့်အတူ နှစ်ဦးသား၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။

ယူချင်းက သူ၏တိုက်ပွဲအား အဆုံးသတ်ခဲ့ပြီး ဖြစ်သည်။ အားလုံး၏ အကြည့်များက လှုပ်ရှားခြင်း ကင်းမဲ့သော လူနှစ်ယောက်ထံ ရောက်နေကြသည်။ ထိုအခိုက်တွင် အခြေအနေမှာ အနည်းငယ် ထူးဆန်းနေ၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် ဓားစွမ်းအင်များ စီးဆင်းနေပြီး ဝမ်ချွန်း၏ ဓားအသိများမှာ လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

ဤသို့ဆိုလျှင် အနိုင်ရသူမှာ မည်သူ ဖြစ်သနည်း။

ပြင်းထန်သော မုန်တိုင်းများ သူတို့နှစ်ဦးကို ရစ်ပတ်ထားဆဲ ဖြစ်သည်။ မုန်တိုင်းများမှာ တစ်စတစ်စ ပြယ်လွင့်လာခဲ့သလို ရီဖူရှင်းအား စီးဆင်းနေသော ဓားအသိများသည်လည်း တဖြည်းဖြည်း ပျက်ပြယ် လာခဲ့သည်။ ဓားအသိသည် သူ့အား မည်သည့်အခါကမှ ထိခိုက်စေခဲ့ခြင်း မရှိသည့်အလား ရီဖူရှင်းကား ပကတိ ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်သည်။ သူ၏မျက်လုံးများက စူးရှတောက်ပစွာဖြင့် ရှေ့မှ ဝမ်ချွန်းကို ကြည့်နေသည်။

ဝေါ့ …

ဝမ်ချွန်းသည် သွေးတစ်ပွက် အန်၏။ ထိုအခိုက်တွင် အောက်မှ ကြည့်နေကြသော ဓားသမားများ၏ စိတ်နှလုံးတို့မှာ ပြင်းထန်စွာ တုန်လှုပ် ချောက်ချားကြသည်။

လီဟန်ဓားနန်းတော်မှ ရှန့်ထိုအဆင့်အောက်၌ နံပါတ်တစ် ဓားသမားဖြစ်သော ဝမ်ချွန်းသည် အကြီးအကဲများ၏ ကြီးမားသော မျှော်လင့်ချက်များအား ထမ်းပိုးထားသူ ဖြစ်သည်။ မရေမတွက်နိုင်သော ဂျူနီယာများက သူ့အား လေးစား အားကျကြသည်။ ယခု သူ၏ပါးစပ်တွင် သွေးများကို မြင်ကြရသည်။ သူ့ခန္ဓာကိုယ်မှ အရောင်အဝါများသည် မြန်ဆန်စွာပင် ဖျော့တော့လာခဲ့၏။ ထိုအရာက လူတစ်ယောက်သည် နတ်ဘုရားတစ်ပါး အဖြစ်သို့ တက်လှမ်းခဲ့ပြီးမှ သာမန်လူ တစ်ဦးအဖြစ်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည့်အလား။

ဝမ်ချွန်းက နောက်လှည့်ကာ လေထဲမှ ဆင်းသက်လာခဲ့သည်။ သူ၏လှုပ်ရှားမှုများက နှေးကွေးကာ အားမရှိသောပုံစံ ဖြစ်သည်။ ဤမတိုင်ခင်က တက်ကြွ လန်းဆန်းသော ပုံစံများလည်း မရှိတော့။ သူသည် မူလက ထိုင်နေရာသို့ လှမ်းသွားလိုက်ကာ ထိုနေရာတွင်ပင် ထိုင်လျက် မျက်လုံးကို မှိတ်လိုက်သည်။

သူ ရှုံးနိမ့်သွားခဲ့သည်မှာ သံသယ ဖြစ်စရာမလို။

ရှန့်ထိုတစ်ဝက် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သော်လည်း သူသည် ရီဖူရှင်းအား အနိုင်ယူရန် မတတ်နိုင်ခဲ့။ တိတိကျကျ ပြောရရင် ပြိုင်ဘက်က သူ့အား ကြီးစွာ ထိခိုက်စေခဲ့သည်။ သူ၏ အတွင်းအင်္ဂါ အစိတ်အပိုင်းများမှာ ကြေပျက်သွားခဲ့ပြီး သူ့ကိုယ်ရောင်ကိုယ်ဝါ မှာလည်း အလွန်အမင်း အားနည်း နေခဲ့သည်။

ထိုအခိုက်တွင် ဝမ်ချွန်းသည် သူ၏ကျင့်ကြံခြင်း လမ်းစဉ်နှင့် ပတ်သက်၍ ပြန်တွေးမိသည်။ သူသည် ငယ်ရွယ်စဉ် ကတည်းက ကျော်ကြား၏။ သူက လီဟန်ဓား နန်းတော်သို့ ဝင်ရောက်ခဲ့ရာ အများစု၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူက လီဟန်ဓားနန်းတော် ၃၃လွှာသို့အထိ တက်လှမ်းကာ လီဟန်ဓားသမားထံ၌ ပညာ ဆည်းပူးနိုင်ခဲ့သည်။

လွန်ခဲ့သော ငါးနှစ်က သူသည် ကွန်းရှီအဆင့်သို့ တက်လှမ်းခဲ့ကာ သူနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်သူ လက်ချိုးရေ၍ ရသည်။

လွန်ခဲ့သော နှစ်နှစ်က သူသည် လီဟန်ဓားနန်းတော်မှ ရှန့်ထိုအဆင့် အောက်တွင် ရှိသော ဓားသမားများ အားလုံးကို အနိုင်ယူခဲ့၏။ သူ့အနေဖြင့် အနိုင်ရရန် ဒုတိယဓားချက်ကို အသုံးပြုခဲ့ရသောသူ အနည်းငယ်မျှသာ ရှိခဲ့သည်။

ထိုအချိန်မှစ၍ သူသည် လီဟန်ဓားနန်းတော်၌ ရှန့်ထိုအဆင့် အောက်တွင် ပထမဓား ဖြစ်လာခဲ့သည်။

သူသည် ဤအတိုင်း ကျင့်ကြံ သွားပါကလည်း ရှန့်ထိုအဆင့်သို့ မကြာမီ တက်လှမ်းတော့မည်ကို သေချာ၏။ သူက ရီဖူရှင်းအား အနိုင်ယူခဲ့လျှင်ပင် ထူးခြားသွားခြင်း မရှိပေ။

ရီဖူရှင်းသည် အထက်ဘုံ၌ ပေါ်မလာခဲ့သည်မှာ သိပ်မကြာ သေးသော်လည်း လွန်စွာ နာမည်ကျော်ကြား၏။ အင်ပါယာရှားနှင့် ရှားရှင်းယွန်တို့ကလည်း သူ့အား တန်ဖိုး ထားကြသည်။ ရှောင်ကလန်၌ ရီဖူရှင်းက သူသည် လီဟန်ဓား နန်းတော်၏ ရှန့်ထိုအဆင့်အောက်မှ မည်သူ့ကိုမဆို အနိုင်ယူနိုင်သည်ဟု သက်သေပြခဲ့သည်။ ရီဖူရှင်းသည် ပြိုင်ဘက်ကောင်း တစ်ဦးဖြစ်ကာ သူက မိမိကိုပင်လျှင် အနိုင်ယူနိုင်လောက် သည်ကို သိသည်။ သို့သော်လည်း သူက ရီဖူရှင်းအား လီဟန်ဓားနန်းတော် ၃၃လွှာသို့ ဖိတ်ခေါ်ခဲ့၏။

အကယ်၍ ရီဖူရှင်းက လီဟန်ဓားနန်းတော် ၃၃လွှာသို့အထိ တက်ရောက်ကာ မိမိအပါအဝင် လီဟန်ဓားသမားများ အားလုံးကို အနိုင်ယူခဲ့ပါက လီဟန်ဓား နန်းတော်သည် မည်သို့ ဖြစ်လာခဲ့မည်နည်း။ မိမိကကော မည်သို့ ဖြစ်လာမည်နည်း။ သူတို့၏ ဓားလမ်းစဉ်အပေါ် ကျင့်ကြံခြင်း၌ အနှောင့်အယှက်များ ဖြစ်လာခဲ့မည်လား။ မိမိတို့၏ဓားအပေါ် သံသယများ ဖြစ်လာခဲ့မည်လား။ ဓားလမ်းစဉ်သည် အမှားအယွင်း ဖြစ်လာခဲ့မည်လော။

ယခု သူရှုံးနိမ့်ခဲ့ရာ သူ၏ဓား နှလုံးသားသည်လည်း ယိမ်းယိုင် လာခဲ့သည်။ သူသည် ရှန့်ထိုတစ်ဝက် ဖြစ်သော်လည်း ရီဖူရှင်းအား အနိုင်မယူနိုင်ခဲ့။ သူ၏ စိတ်က မတုန်လှုပ်ဘဲ မည်သို့နေမည်နည်း။ တစ်လောကလုံးက သူ၏အရှုံးကို သိကြမည်ဖြစ်ကာ သူ၏နာမည်မှာလည်း အမည်းစက် ထင်ပေလိမ့်မည်။

လီဟန်ဓားနန်းတော်၏ မည်သူ တစ်ဦးတစ်ယောက်ကမှ ရီဖူရှင်းအား အနိုင်မယူနိုင်ခဲ့ကြပေ။ မိမိကြောင့် အင်ပါယာရှားဘုံ အတွင်း၌ ဂုဏ်သိက္ခာ ကြီးမားသော လီဟန်ဓား နန်းတော်သည် နာမည်ပျက်ရ၏။ သူ၏စိတ်က သေချာပေါက် ယိုယွင်းခဲ့သည်။

သူက တင်ပျဉ်ခွေထိုင်ကာ မျက်လုံးကိုမှိတ်လျက် တွေးတောသည်။ ထိုအခိုက်တွင် မရေမတွက်နိုင်သော အတွေးများ သူ့စိတ်ထဲသို့ ရောက်လာ၏။ မိမိက ဓားပညာကို ကျင့်ကြံခြင်းမှာ နာမည်ကျော်ကြားခြင်း၊ ချမ်းသာ ကြွယ်ဝခြင်းတို့ အတွက်လား။ သို့မဟုတ် မိမိ၏ စိတ်ဓာတ်ခံယူချက် အတွက်လား။

“မင်းက ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် ဓားတစ်လက်နဲ့ ဖြတ်တောက်လိုက်ပါ” အမြင့်ဆုံးသော တောင်ထွတ်ဆီမှ လီဟန်ဓားသမား၏ အသံသည် ဝမ်ချွန်း၏ နားစည်ထံသို့ ရိုက်ခတ် လာခဲ့သည်။ ထိုအခိုက်တွင် ဝမ်ချွန်း၏ စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါသည်။ သူ့ဆရာထံမှ သင်ယူ လေ့လာခဲ့ရသော ဓား၏ သဘောတရားများကို သူအမှတ်ရသည်။

နာမည်ကျော်ကြားမှု၊ အောင်မြင်မှု၊ ကြွယ်ဝမှုနှင့် ဤလောကမှ အရာခပ်သိမ်းတို့မှာ တန်ဖိုးမရှိပေ။ မဟာလမ်းစဉ်ကို လိုက်နာ ကျင့်ကြံသူများသည် ထိုလမ်းစဉ်၌ အမြဲတမ်း အနိုင်ရနိုင်မည် မဟုတ်ပေ။

ဝမ်ချွန်းက လီဟန်ဓားသမားထံသို့ မော့ကြည့်ကာ ပြုံးလျက်ပြောသည် … “ကျွန်တော် နားလည်ပါပြီ ဆရာ …” သူက မျက်လုံးကိုလွှဲကာ သူ့ရှေ့မှလူကို ကြည့်သည်။ ထိုအခိုက်တွင် သူ၏ အားနည်းနေသော ကိုယ်ရောင်ကိုယ်ဝါသည် အလွန်အမင်း အားကောင်း လာခဲ့၏။ ထိုအခိုက်တွင် သူ၏ဓားအသိသည် ကောင်းကင်ယံသို့တိုင် တက်ရောက် သွားခဲ့သည်။

ဝမ်ချွန်းသည် ထိုနေရာတွင်ပင် မားမားမတ်မတ် ထိုင်ကာ ခိုင်မာသော စိတ်နှလုံးဖြင့် ဆိုသည် … “ဒီနေ့မှသည် …  ဒီလောကမှာ နာမည် ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းတို့ကို သွေဖည်ပြီး ကျုပ် ဝမ်ချွန်းက ဓားလမ်းစဉ်ကို လျှောက်လှမ်းမယ်”

ဤတွင် ကောင်းကင်ထက်၌ ဓားပညာ မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ် ပေါ်ပေါက်လာခဲ့သည်။

“နတ်ဘုရားပြစ်ဒဏ် …” ရီဖူရှင်းက ကောင်းကင်ကို မော့ကြည့်ကာ ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူတို့က လီဟန်ဓားနန်းတော် ၃၃လွှာသို့အထိ တက်ရောက်ကာ ဝမ်ချွန်းအား အနိုင်ယူခဲ့၏။ သို့သော်လည်း ဝမ်ချွန်းက ထိုအရှုံးကို သင်ခန်းစာယူကာ ရှန့်ထိုအဆင့်သို့ တက်ရောက်ခဲ့သည်။ သူ၏စိတ်နှလုံးသည် ထိုအခိုက်၌ သံသယ ကင်းစင်ခဲ့၏။

ဝမ်ချွန်း ရှုံးနိမ့်ခဲ့သည်။ သို့သော် သူသည် ရှန့်ထိုအဆင့်သို့ တက်လှမ်းခဲ့၏။

ထိုအခိုက်တွင် ရီဖူရှင်းသည် အလွန် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

“ကျေးဇူးတင်ပါတယ် … ” ဝမ်ချွန်းက ရီဖူရှင်းကိုကြည့်ကာ အလေးအနက် ပြောသည်။ သို့သော် ရီဖူရှင်း၏ စိတ်ခံစားချက်မှာ ပိုမို၍ ရှုပ်ထွေးလာခဲ့၏။ လီဟန်ဓားနန်းတော်မှ လူများသည်လည်း ထိုနည်းတူ ခံစားနေကြရသည်။

ထိုအခိုက်တွင် အကြည့်တစ်ခုကို ရီဖူရှင်းက ခံစားရသည်။ သူက လေထဲကို လှမ်းကြည့်လျှင် လီဟန်ဓားသမားအား မြင်သည်။ လီဟန်ဓားသမားက ရီဖူရှင်းအား ကြည့်နေ၏။ ရီဖူရှင်းက တစ်ဖက်လူသည် သူ၏ အတွင်းစိတ် ပဋိပက္ခနှင့် သံသယများကို ထွင်းဖောက် မြင်သည်ဟု ခံစားရသည်။

ထို့နောက် လီဟန်ဓားသမားက ရီဖူရှင်း၏ နောက်နားတွင် ရပ်နေသော ရီဝူချင်းအား ကြည့်သည်။ ဓားတစ်လက်သည် ရီဝူချင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့၏။ ထိုဓားသည် လီဟန်ဓားသမား၏ ခန္ဓာကိုယ်မှ ဖြစ်တည်လာသော ဓားဖြစ်သည်။

ရီဖူရှင်းသည် အံ့အားသင့်သွားကာ ရီဝူချင်းအား လှမ်းကြည့်သည်။ ဓားသည် ရီဝူချင်းအား ထွင်းဖောက်သွားကာ ထူးခြားနက်ရှိုင်းသော ဓားအသိများသည် သူ့အား ရစ်ပတ် စီးဆင်းသွားသည်။ ဓားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားဟန်ရသည်။

ရီဝူချင်းက သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားလုမတတ် ခံစားရသည်။ အတွင်း၌ ဓားအသိများ ပြင်းထန်စွာ လှည့်ပတ် နေကြသည်။ ထိုအခိုက်တွင် သူက မျက်လုံးကိုမှိတ်ကာ ဓားအသိများအား လွတ်လွတ်လပ်လပ် စီးဆင်းစေခဲ့သည်။ သူ့ထံမှ ပိုမိုပြင်းထန်သော ဓားအသိများ ဖြာထွက် လာခဲ့သည်။ နောက်ဆုံးတွင် ရီဝူချင်းသည် အဆင့်မြင့်ကွန်းရှီသို့ တက်လှမ်းခဲ့၏။

မျက်လုံးကို ဖွင့်လိုက်လျှင် ရီဝူချင်း၏ မျက်လုံးများ၌ ဓားတစ်လက် ရှိနေဟန်ရ၏။ သူက ကောင်းကင်ထက်မှ လီဟန်ဓားသမားကို နားမလည်စွာ ကြည့်သည်။

“မင်းရဲ့ ဓားနှလုံးသားက သန့်စင်တယ်။ ဒါကြောင့် ငါ့ဓားကို ငှားရမ်း ပေးလိုက်တယ်” လီဟန်ဓားသမားက တည်ငြိမ်စွာ ပြောသည်။

ရီဖူရှင်းက နောက်လှည့်ကာ လီဟန်ဓားသမားအား ကြည့်သည်။ သူ၏မျက်လုံးများထဲ၌ နောင်တ၏ အငွေ့အသက် တချို့ရှိနေ၏။ ထို့နောက် သူက လီဟန်ဓားသမားအား ဦးညွှတ်ကာ နောက်လှည့်လျက် ပြောသည် … “ဒီက ထွက်သွားရအောင် … ”

***

Comment

Leave a Reply

Options

not work with dark mode
Reset