Switch Mode

အပိုင်း (၁၀၄၇)

ရှန့်ထိုအဆင့် အောက်မှ ပြင်းထန်သော တိုက်ပွဲ

ဝမ်ချွန်းကား နန်းတော်ရှေ့၌ ငြိမ်သက်စွာ ထိုင်နေသည်။ သူ့ထံမှ ဓားအသိများ ဖြာထွက်နေ၏။ ရီဖူရှင်းက ဝမ်ချွန်းအား ကြည့်ရာတွင် သူသည် လူတစ်ယောက် မဟုတ်ဘဲ ဓားတစ်လက်အလား ခံစားရသည်။

တခြား အရပ်တစ်ခု၌ ရှေးဟောင်း တောင်ထွတ်များ အပေါ်၌ ဓားတစ်လက် အလား နန်းဆောင်များ ရှိနေသည်။ နန်းတော်တစ်ခု၏ ထောင့်စွန်း တစ်နေရာတွင် လူတစ်ယောက်သည် လက်နှစ်ဖက်အား နောက်တွင်ထားကာ အောက်သို့ ငြိမ်သက်စွာ ကြည့်နေ၏။

လီဟန်ဓား သမားသည် တိုက်ပွဲအား ကိုယ်တိုင် ကြည့်နေသည်။

လေထဲတွင် ဖီးနစ်ပြာနှက်အား စီးနင်းလျက် ရှားရှင်းယွန်သည် အောက်သို့ ငြိမ်သက်စွာ ကြည့်နေသည်။ ရီဖူရှင်းတို့အဖွဲ့ လီဟန်ဓားနန်းတော် ၃၃လွှာသို့ ရောက်လာသည်ကို သူမမြင်သည်။ ယခုထိ ရီဖူရှင်းသည် တစ်ချက်မှ မတိုက်ခိုက်သေးပေ။

ရီဝူချင်းကား လုချွန်နှင့် တိုက်ခိုက်ပြီးနောက် သူ၏ အားအင်အများစု ကုန်ခန်းသွားခဲ့၏။ မဟုတ်လျှင် သူတစ်ယောက်တည်းဖြင့် လီဟန်ဓားနန်းတော် ၃၃လွှာသို့ တက်နိုင်ပေမည်။

သည်မြင်ကွင်းကား တစ်နည်းနည်းဖြင့် ဆင်တူပေသည်။ သူတို့က ကျူးထန်နန်းတော် ကိုးလွှာသို့ တက်ခဲ့စဉ်ကလည်း ဤသို့ဖြစ်သည်။

သို့သော်လည်း ယနေ့ လီဟန်ဓားနန်းတော် အပေါ်ဆုံး ၁၁လွှာသည် ကျူးထန်နန်းတော်မှ လူများထက် အားကောင်း ကြပေသည်။ သို့သော်လည်း ရီဖူရှင်းတို့အဖွဲ့က ပိုအားကောင်းသည်။

ရီဖူရှင်းတို့ရှေ့တွင် ဓားသမားတစ်စု ရပ်နေကြသည်။ ရီဖူရှင်းတို့သည် အပေါ်ဆုံးအလွှာသို့ အထိ အေးအေးလူလူ တက်လာနိုင်ခြင်းက သူတို့အတွက် ကောင်းသော လက္ခဏာ မဟုတ်ပေ။ အထူးသဖြင့် လီဟန်ဓားသမား ကိုယ်တိုင် ကြည့်ရှုနေသော အချိန်တွင် သည်ကဲ့သို့သော ကိစ္စက အရှက်ရဖွယ်ရာ ဖြစ်၏။

ယူချင်းက ရှေ့သို့ တက်သွားလျှင် မြေကြီးက တုန်ခါသွားသည်။

ထိုနေရာတွင် လီဟန်ဓား နန်းတော်မှ အတော်ဆုံး ရှီတန်ခိုးရှင်များ ရှိကြပြီး သူတို့ အားလုံးသည်လည်း အောက်လွှာမှ လူများထက် အားကောင်းကြ၏။

ထိုအခိုက်တွင် ဓားသမား တစ်ယောက်က ယူချင်းအား တိုက်ခိုက်သည်။ ဓားသည် လျှပ်စီး မုန်တိုင်းအလား ပြင်းထန်စွာ ဝင်ရောက်လာခဲ့၏။

ယူချင်း၏ ခန္ဓာကိုယ်တွင် ဗုဒ္ဓနှင့်မိစ္ဆာ အလင်းတို့ ဖြာထွက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်အား ပြိုပျက်ခြင်း ကင်းစေသည်။ ကြောက်မက်ဖွယ် ဓားအလင်း ရောက်လာသောအခါ ကျယ်လောင်သော အသံကို ကြားရသော်လည်း ယူချင်းသည် ဘာမှ မဖြစ်သည့်အလား ရှေ့သို့ ဆက်လက် တိုးဝင်လာခဲ့သည်။

ဖျက်ဆီးခြင်း စီးကြောင်းများသည် သူ့ခန္ဓာကိုယ်အား ရစ်ပတ်ထားပြီး ဓားသည် ယူချင်း၏ ခန္ဓာကိုယ်၏ မိစ္ဆာအငွေ့အသက်များ၌ တဖြည်းဖြည်း ဝါးမျိုခြင်း ခံရသည်။

ဝုန်း …

ကျယ်လောင်သော အသံနှင့်အတူ ယူချင်းသည် နတ်ဆိုး တစ်ပါးအလား ရှေ့သို့ တက်လှမ်းလာခဲ့ကာ တစ်ဖက်လူအား ကြီးမားသော ဖိအားများပေးသည်။

ဓားသမားက ခန္ဓာကိုယ်ကို ကွေးညွတ်ကာ တိုက်ခိုက်လျှင် ဓားအလင်းသည် ယူချင်းထံသို့ တစ်ဖန် ပြင်းထန်စွာ ရိုက်ခတ် သွားပြန်သည်။ သို့သော်လည်း ယူချင်းက သည်အတိုင်း မိစ္ဆာအသွင် ပြောင်းစေလျက် ထိုဓားအသိများအား ဝါးမျိုသွားခဲ့သည်။

ဘန်း …

လေဟာနယ် တုန်ခါသွားကာ ယူချင်းက ရှေ့သို့ တစ်လှမ်း တက်လာသည်။ သူ့ထံမှ ပြင်းထန်သော မိစ္ဆာစွမ်းအားများ ဖြာထွက်လာခဲ့လျှင် သူသည် နတ်ဆိုးတစ်ပါး အသွင်သို့ လုံးလုံးပြောင်းလဲ သွားဟန်ရ၏။

ဓားသမား၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ယခု ယူချင်းအား ဒီမွန်းရုပ်တုများ ရစ်ပတ် ကာကွယ်ထားဟန် ရသည်။ ယူချင်းက ရှေ့သို့ တစ်လှမ်း တက်လာခဲ့ပြန်လျှင် ဖျက်ဆီးခြင်း စွမ်းအားသည် ရောက်လာသမျှသော ဓားအသိများအား မိမိကိုယ်ပိုင်အဖြစ် ပြောင်းလဲ စေခဲ့သည်။

ကောင်းကင်သည် အလင်းများ ကွယ်ပျောက်လျက် မည်းမှောင်သွားခဲ့ကာ စစ်မှန်သော ကမ္ဘာပျက် ဓားမုန်တိုင်း အသွင်သို့ ပြောင်းလဲ လာခဲ့၏။

သူ၏အမူအရာက အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။ ယခု သူသည် မိမိ၏ကိုယ်ပိုင်ဓား ပညာဖြင့် ပြန်လည် ရင်ဆိုင် တိုက်ခိုက်ရကာ တစ်ဖက်ဓား အသိကို ပြန်လည်၍ ချေဖျက်ရာတွင် ကြီးစွာ ခက်ခဲနေခဲ့သည်။ သူ့ရှေ့တွင် ကောင်းကင်ကို ဖုံးလွှမ်းလျက် ဖြစ်ပေါ်လာသော ဗုဒ္ဓလက်ဝါး တံဆိပ်တော်သည် သက်ရှိများ အားလုံးထံသို့ ကျဆင်းလာခဲ့ကာ ဓားလမ်းစဉ်ကို ပျက်စီး ပြိုလဲစေသည်။

ကျယ်လောင်သော အသံနှင့်အတူ သူ့ခန္ဓာကိုယ်သည် မြေပြင်နှင့် ပြားကပ်သွားပြီး လုံးဝ ဖိနှိပ် ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကား သွေးခြင်းခြင်း နီရဲသွားကာ ပြင်းထန်စွာ ဒဏ်ရာ ရသွားခဲ့သည်။

သို့သော် သူ့နောက်မှ ဓားသမားသည်လည်း ကြောက်ရွံ့ခြင်း မရှိဘဲ ဆက်လက် တိုက်ခိုက်ကြသည်။ သူတို့ ရှုံးနိမ့်မည် သိသော်လည်း တိုက်ခိုက် လိုကြပေ၏။

လီဟန်ဓားနန်းတော် ၃၃လွှာမှ သူတို့သည် အမြင့်ဆုံးတွင် ရပ်နေကြသူများ ဖြစ်ကြပြီး သူတို့ မတိုက်ခိုက်ပါက မည်သူတို့ တိုက်ခိုက်မည်နည်း။

ရီဖူရှင်းက သူတို့အား မကြည့်ပေ။ သူက တစ်ယောက်တည်း ခွဲထွက်သွားကာ နန်းတော်ရှေ့၌ ရပ်နေသော လူထံသို့ လှမ်းသွား လိုက်သည်။ ဝမ်ချွန်းထံမှ သူသည် ရှန့်ထိုအဆင့် အတွင်းမှ တစ်စုံ တစ်ယောက်အလား အငွေ့အသက်များပင် ခံစားနေရပေသည်။

ထိုနေ့က ဝမ်ချွန်းသည် လီဟန်ဓားနန်းတော် ၃၃လွှာမှ ဆင်းလာခဲ့ကာ အင်ပါယာလီဘုံမှ တန်ခိုးရှင်များအား ဓားတစ်ချက်တည်းဖြင့် ကိစ္စဖြတ်ခဲ့၏။ သူသည်ကား ရှီအဆင့်၏ အမြင့်ဆုံးသို့ ရောက်နေခဲ့ကာ ရှန့်ထိုအဆင့်သို့ လွန်စွာ နီးကပ်နေသော အနေအထား ဖြစ်သည်။

သူသည် ထိုအဆင့်သို့ ရောက်ရန် အလွှာပါးတစ်ခုသာ ခြားနေခဲ့ပြီ ဖြစ်ဟန်ရကာ သူ့ထံမှ ရှန့်ထို အငွေ့အသက်များပင် ခံစားမိနေရပြီ ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ချွန်းက မျက်လုံးများကို ဖွင့်လိုက်ကာ ရီဖူရှင်းအား ကြည့်သည်။ သူ့မျက်လုံးများက ကြောက်မက်ဖွယ် ဓားအသိများ ထွက်ပေါ်နေပြီး သူက ရီဖူရှင်းအား ကြည့်သောအခိုက် ရီဖူရှင်းသည် သူ့မျက်လုံးများမှ တစ်ဆင့် စိတ်ဝိညာဉ်နယ်သို့ တိုးဝင်လာသော ဓားအသိများအား ခံစားရသည်။ သို့သော်လည်း ရီဖူရှင်းက တစ်ဖက်လူအား တည်ငြိမ်စွာ ပြန်ကြည့်သည်။

အလွန် ပြင်းထန်သော ဖိနှိပ်အားတစ်ခု ထိုနေရာသို့ လွှမ်းခြုံလာသည်။ ဝမ်ချွန်းက ဘာမှ မလုပ်သေး သော်လည်း ရီဖူရှင်းသည် တစ်ဖက်လူ၏ ဓားအသိ နယ်ပယ်ထဲသို့ ကျဆင်း သွားသည့်အလား ခံစားရ၏။

ရီဖူရှင်းသည် ဓားအသိများကြောင့် အနှောင့်အယှက် ဖြစ်ဟန်ပင် မရဘဲ ဝမ်ချွန်းထံသို့ လှမ်းသွားခဲ့သည်။

ရှန့်ထိုအဆင့် အောက်မှ ပထမဓားကို သူသည်လည်း စမ်းကြည့်လို၏။

သူ၏ခြေလှမ်းတိုင်း၌ ဓားအသိသည် သူ့အား အရူးအမူး လာရောက် ထိုးနှက် တိုက်ခိုက်ကြ၏။ သာမန်ရှီတန်ခိုးရှင် တစ်ယောက်သာ ရီဖူရှင်းနေရာ၌ ဆိုပါလျင် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားမည်မှာ သေချာ၏။

ဝမ်ချွန်း၏ အမူအရာကား အလွန်အမင်း တည်ငြိမ်နေ၏။

သူ့ရှေ့တွင်ကား ပြည်နယ်ကိုးခု၌ တစ်သက်တွင် တစ်ခါသာ ပေါ်ထွက်လာခဲ့သော ပါရမီရှင် ရှိနေသည်။ သူက အထက်ဘုံသို့ တက်လှမ်း လာခဲ့လျှင်ပင် အင်ပါယာရှားနှင့် မင်းသမီးတို့ တန်ဖိုး ထားရသောသူ ဖြစ်ပေသည်။

သည်တိုက်ပွဲတွင် သူသည် အနိုင်ကိုလည်း မလိုသလို အရှုံးကိုလည်း မလိုပေ။ သူ့နှလုံးသားနှင့် ဓားတို့ တစ်သားတည်း ဖြစ်ကာ သူ့ဓားလမ်းစဉ် သံသယ ကင်းစင်သော အခြေအနေအားသာ လိုအပ်ပေသည်။

“ဓား …” ဝမ်ချွန်းက တစ်ခွန်း ဆိုသည်။ သူတို့နှစ်ဦး တွေ့ဆုံကတည်းက ဝမ်ချွန်းအနေဖြင့် ပထမဆုံး ဆိုသော စကားလည်းဖြစ်၏။

အသံနှင့်အတူ ဓားစွမ်းအင်သည် ကောင်းကင်ထက်သို့ ထိုးတက် သွားသည်။ ထိုအခိုက်တွင် ကောင်းကင်ထက်မှ မရေမတွက်နိုင်သော ဓားများသည် သူ့ခန္ဓာကိုယ်အား လာရောက် ရစ်ပတ်၏။

“သွား …”

နောက်ထပ် စကားသံတစ်ခုတွင် ထောင်ပေါင်း များစွာသော ဓားများသည် ကောင်းကင်ကို ခွင်းကာ မြစ်ရေအလား စီးဆင်းလျက် လှပစွာ ကျဆင်းလာခဲ့သည်။ ထိုဓားတွင် ရှန့်ထို အငွေ့အသက်များပင် ပါဝင်နေ၏။ ကောင်းကင်မှ ကျဆင်းလာသော မြစ်ရေဓားသည် လေထုကိုခွင်းကာ ဝိညာဉ်များကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိဟန်ရ၏။

ရီဖူရှင်း၏ အပေါ်တွင် ဖျက်ဆီးခြင်း အလင်းတစ်ခုသည် သူ့အား ဗဟိုပြုလျက် ပေါက်ကွဲ ထွက်လာပြီး ထောင်ပေါင်း များစွာသော အလင်းတန်းများ ဖြစ်ပေါ်စေ၏။ အလင်းတန်း တစ်ခုစီက ဓားတစ်လက်အလား တစ်ဖက်ဓား အသိနှင် ရင်ဆိုင် တိုက်ခိုက်သည်။

ဓားအသိနှင့် ဖျက်ဆီးခြင်း အလင်းတို့ ပြင်းထန်စွာ ရင်ဆိုင် တိုက်ခိုက်လျှင် သူတို့ နှစ်ယောက်အကြား ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်လာသည်။

ဓားအသိများ ပျက်ပြယ်သွားခြင်း မရှိသလို ဖျက်ဆီးခြင်း အလင်းသည်လည်း ထိုနည်းတူ ဖြစ်၏။ ရီဖူရှင်းက ဖျက်ဆီးခြင်း အလင်းအား သယ်ဆောင်ကာ ဝမ်ချွန်းထံသို့ နတ်ဘုရား တစ်ပါးအလား လှမ်းသွားခဲ့သည်။

ရီဖူရှင်းက သူ့ထံသို့ တစ်လှမ်းပြီး တစ်လှမ်း လာနေသည်ကို မြင်လျှင် ဝမ်ချွန်း၏ ခန္ဓာကိုယ်သည် လေထဲသို့ တဖြည်းဖြည်း မြောက်တက် လာခဲ့သည်။ သူကလည်း ရီဖူရှင်းထံသို့ လှမ်းသွား လိုက်၏။ သူတို့နှစ်ယောက်ကား တိုက်ပွဲ အတွင်း၌ဟုပင် မထင်ရပေ။

သို့သော်လည်း သူလှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ရှီတန်ခိုးရှင်များအား ပြားကပ် သွားစေနိုင်သော ဖျက်ဆီးအားများ ပါဝင်သည်။ သူတို့နှစ်ယောက် အကြား နေရာသည်လည်း ပကတိကင်းမဲ့ဇုန် ဖြစ်လာသည်။

ဖျက်ဆီးခြင်း အလင်းနှင့် ဓားအလင်းတို့သည် ပြင်းထန်စွာ ရင်ဆိုင်မိနေဆဲ ဖြစ်သည်။

ဝမ်ချွန်းထံမှ သံသယကင်းစင်သော ဓားအလင်းများ ဖြာထွက်နေခဲ့ကာ သူ့တစ်ကိုယ်လုံးသည် ထောင်ပေါင်း များစွာသော ဓားအသိများနှင့် ပေါင်းစပ် နေသည့်အလား ထင်မှတ်ရသည်။ ထိုသို့သော အခြေအနေတွင် ရီဖူရှင်းသည် အမှန်တကယ်ပင် ဖိအားကို ခံစားရပြီး သူရင်ဆိုင်နေသော သူမှာ ရှန့်ထို တစ်ဝက်မျှသာ မဟုတ်ဘဲ တကယ့်ရှန့်ထို တစ်ပါးဟုပင် ခံစားရသည်။

“သုံးထောင်သော ဓားလမ်းစဉ် …” ဝမ်ချွန်းက တစ်ခွန်း ဆိုသည်တွင် ကောင်းကင်မှ ဓားအလင်းများ အားလုံးသည် သူ့ခန္ဓာကိုယ်တွင် လာရောက် ပေါင်းစပ်ကာ သူ့အား ပိုမို၍ပင် လင်းလက် တောက်ပစေသည်။ သူ့ခန္ဓာကိုယ်သည် ထိုအခိုက်တွင် အသွေးအသားများ မဟုတ်တော့ဘဲ ဓားတစ်လက်ဟုသာ ထင်မှတ်ရတော့၏။

ထောင်ချီသော ဓားအလင်းတန်းများ ပျက်ပြယ် သွားကြပြီး ထိုအရာများမှာ ဝမ်ချွန်းနှင့် ပေါင်းစပ်ခဲ့ကာ သူ့အတွက် အရည်အသွေးပိုင်း ဆိုင်ရာ များစွာ ပြောင်းလဲခဲ့ရသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်း အလင်းသည် ဖိနှိပ်ခံရ၏။ လမ်းစဉ်သည် လောကဓာတ်အား ဖိနှိပ်သောအခါ လမ်းစဉ်၏ အောက်၌ မည်သည့် လောကဓာတ်မှ မတည်ရှိနိုင်ပေ။

ဝမ်ချွန်းသည် သုံးထောင်သော ဓားအသိတို့အား အသုံးပြုကာ ဓားလမ်းစဉ်အဖြစ် ပြောင်းလဲခဲ့သည်။

ထိုအခိုက်တွင် ဝမ်ချွန်းသည် ဓားလမ်းစဉ်ကို ကိုယ်စားပြု၏။

လူသည် ဓားဖြစ်ကာ ဓားလမ်းစဉ်လည်း ဖြစ်၏။

သူက ရှေ့သို့ ဆက်တက် လာခဲ့လျှင် ဓားအသိသည် ရီဖူရှင်း၏ ရုပ်ခန္ဓာကိုယ်ကို ထွင်းဖောက်ကာ သူ၏ စိတ်အသိအား လာရောက် ဖြတ်တောက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset