ထိုအယောက်နှစ်ထောင်ထဲတွင် ကိုးဆယ်ရာခိုင်နှုန်းနီးပါးမှာ ပဉ္စမနှစ်မှ စီနီယာကျောင်းသားများဖြစ်ကြသည်။ သူတို့သည် ကျင့်ကြံခြင်းအပိုင်းတွင်ဖြစ်စေ၊ စွမ်းအားအပိုင်းတွင်ဖြစ်စေ အမြင့်ဆုံးအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ သူတို့မှာ တာအိုကျောင်းထဲတွင် ပညာသင်ယူနေခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ရာ ကျောင်းသားအသစ်များထက် အသာစီးရနေကြသည်မှာ မထူးဆန်းပေ။
တိုက်ပွဲများအတွင်း ဝမ်ပေါင်လဲ့ အာရုံစိုက်၍ ကြည့်ရှုအကဲခတ်ရသော ကျောင်းသားများစွာ ရှိခဲ့သည်။ သိုင်းပညာဌာနမှ ကျောင်းသားတချို့ဆိုလျှင် သိုင်းပညာဌာနတစ်ခုသာ လေ့လာသင်ယူခွင့်ရှိသည့် အမျိုးမျိုးသော လျှို့ဝှက်ပညာရပ်များစွာကို ကျွမ်းကျင်တတ်မြောက်ထားကြသည်။ တချို့မှာ သူတို့၏နောက်တွင် ပုံရိပ်ယောင်များကို ဖန်တီးနိုင်စွမ်း ရှိကြ၏။ ယင်းမှာ သွေးချီအမြောက်အမြား ပေါ်ထွက်လာပြီး ထူးဆန်းသော ပုံစံတစ်မျိုးဖြင့် လည်ပတ်ရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမြန်နှုန်းနှင့် ပတ်သတ်သည့် လျှို့ဝှက်ပညာရပ်များစွာလည်း ရှိသေးသည်။ ထို ပညာရပ်များကို အသုံးပြုလိုက်ပါက အလွန်အံ့ဩဖွယ်ရာ ကောင်းလောက်အောင် လျင်မြန်သွားကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ပင် မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။
သိုင်းပညာဌာနမှ ထိုသိုင်းသမားများမှာ ဒုတိယအဆင့်သာ ရှိသေးသည်။ ဝမ်ပေါင်လဲ့ အကြောက်ရဆုံးမှာ မှော်ဆေးရည်ဌာနနှင့် မန္တန်အစီအရင်ဌာနတို့ပင် ဖြစ်ကြသည်။ ထိုဌာနနှစ်ခုမှ ကျောင်းသားများ အသုံးပြုကြသော ဗျူဟာများမှာ အလွန် ထူးဆန်းလှသည်။
သိုင်းပညာဌာနမှ ကျောင်းသားတယောက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိသည့် မှော်ဆေးရည်ဌာနမှ စီနီယာကျောင်းသားတစ်ယောက်ကို ဝမ်ပေါင်လဲ့ မြင်ခဲ့ရသည်။ သို့သော် သူသည် အဆိပ်မှော်ဆေးရည်ပညာရပ်တွင် ကျွမ်းကျင်သောကြောင့် သူ၏ပြိုင်ဘက်အား လက်မြှောက်အရှုံးပေးသွားအောင် ဖိအားပေးနိုင်ခဲ့သည်။
မှော်ဆေးရည်ဌာနတွင် ခန္ဓာကိုယ်အား သန်မာတောင့်တင်းလာအောင် လုပ်ပေးနိုင်သည့် ဆေးလုံးများလည်း ရှိသေးသည်။ သူတို့မှာ ထိုဆေးလုံးများကို မျိုချလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ ခွန်အားများမှာ အဆမတန် ကြီးထွားလာကြပြီး အလွန် အစွမ်းထက်လာသောကြောင့် အခြားလူများမှာ တုန်လှုပ်ချောက်ချားသွားကြရသည်အထိပင်။
ထိုကဲ့သို့ မတူညီသော ဆေးလုံးများစွာရှိသလို မှော်ဆေးရည်ဌာန၏ တိုက်ခိုက်ရေးနည်းလမ်းများမှာလည်း အမျိုးမျိုး ကွဲပြားနေ၏။ ထို့ကြောင့် ၎င်းတို့ကို ကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။
ဝမ်ပေါင်လဲ့မှာ မှော်ဆေးရည်ဌာနကြောင့် စိတ်ပူနေရစဉ် မန္တန်အစီအရင်ဌာနကြောင့်လည်း ခေါင်းခဲနေရ၏။ ထို မန္တန်အစီအရင်ဌာနမှ ကျောင်းသားများမှာ တိုက်ပွဲစသည်နှင့် တစ်ပြိုင်နက် မန္တန်အစီအရင်များကို အမြန်ဆုံးနည်းဖြင့် ဖန်တီးနိုင်စွမ်းရှိကြသည်။ သူတို့မှာ ပတ်ဝန်းကျင်၏ စွမ်းအားများကိုအသုံးပြုကာ ပြိုင်ဘက်များကို ဖိအားပေးနိုင်သလို ပိတ်လှောင်နိုင်စွမ်းလည်း ရှိကြသည်။ ဝမ်ပေါင်လဲ့ကိုယ်တိုင် မြင်ခဲ့ရသည့် တိုက်ပွဲတစ်ပွဲထဲတွင် မန္တန်အစီအရင်ဌာနမှ ကျောင်းသားတစ်ယောက်မှာ ပုံရိပ်ယောင်ကြီးတစ်ခုလုံးကို ဖန်တီးနိုင်ခဲ့၏။
ထိုတိုက်ပွဲထဲတွင် သူ၏ပြိုင်ဘက်မှာ တိုက်ပင်မတိုက်ခိုက်တော့ဘဲ ချက်ချင်း အရှုံးပေးလိုက်ရသည်။
ထို ဌာနနှစ်ခုအပြင် ထောင်ချောက်ဌာနနှင့် အခြားဌာနများမှာလည်း လွယ်ကူသောပြိုင်ဘက်များတော့မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာမူ ထိုကဲ့သို့ ကြည့်ရှုကာ အကဲခတ်လေ့လာခဲ့ရာမှ ကောင်းကင်တာအိုကျောင်း တစ်ကျောင်းလုံး၏ စနစ်ကို ပို၍ နက်နက်နဲနဲ နားလည်စပြုလာတော့သည်။
နောက်ဆုံးတွင် ထိုကျောင်းသား အယောက်ငါးသောင်းထဲမှ နှစ်ထောင်တိတိကို ရွေးချယ်ပြီးသွားပြီဖြစ်ပြီး စာရင်းပေးသွင်းထားသော ကျောင်းသားခေါင်းဆောင်အားလုံးမှာ စာမေးပွဲ၏ ဒုတိယအဆင့်ကို စတင်ရန် စတင်ပူးပေါင်းကြတော့မည်ဖြစ်သည်။ ဤအဆင့်ကို နောက်ဆုံးအဆင့် ရွေးချယ်မှုဟုပင် ခေါ်ဆိုနိုင်၏။
ဌာနအသီးသီးမှ တိုက်ပွဲများကို ကြည့်ရှုနေကြသော ကျောင်းသားများအတွက်မူ ဤ ဒုတိယအဆင့်ပွဲစဉ်များမှာ ပထမအဆင့်ပွဲစဉ်များထက် ပို၍ စိတ်ဝင်စားစရာ ကောင်းလာကြပြီဖြစ်သည်။ ဆရာများပင်လျှင် စိတ်ပါဝင်စားနေကြသည်ဖြစ်ပြီး ပွဲတစ်ပွဲစီရှိ ဒိုင်လူကြီးအရေအတွက်မှာ တစ်ယောက်မှ သုံးယောက်အထိ ပြောင်းလဲသွားပြီ ဖြစ်သည်။
ထို တာအိုကျောင်းသား နှစ်ထောင်စွန်းစွန်းထဲရှိ ကျောင်းသားများအားလုံးမှာ ကောင်းကင်တာအိုကျောင်း၏ ထိပ်သီးများ ဖြစ်ကြသည်။ ထိုအယောက်နှစ်ထောင်ထဲမှ အများစုမှာ အာနာပါနအဆင့်သို့ တက်လှမ်းနိုင်ကြမည်ဟူ၍ပင် ရဲရဲကြီးဆိုနိုင်၏။
ရှုံးနိမ့်သွားခဲ့သည့် နောက်ဆုံးအယောက်တစ်ထောင်ပင် တာအိုကျောင်း၏ ကိုယ်ပိုင်မှော်ဝင်နယ်မြေ စစ်ဆေးပွဲထဲတွင် အာနာပါနအဆင့်သို့ ကူးပြောင်းတက်လှမ်းနိုင်ခွင့် ရရှိဦးမည်သာဖြစ်သည်။
ထို့ကြောင့် ဤစာမေးပွဲအတွင်း သေဆုံးမှုများမရှိစေရန် တာအိုကျောင်းက အထူးဂရုပြုနေရသည်။
မတော်တဆဖြစ်ရပ် အမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဆင့်မြင့်ကျွန်းမှ ရောက်လာကြသည့် လူများပင်ရှိသည်။ ထိုသို့ဖြင့် ကျောင်းသားအယောက်နှစ်ထောင်၏ စာမေးပွဲမှာ ကောင်းကင်တာအိုကျောင်း တစ်ကျောင်းလုံး၏ အရေးအကြီးဆုံး အစီအစဉ်ကြီးတစ်ခု ဖြစ်လာ၏။ ပွဲများကို ကြည့်ရှုနေကြသည့် လူအရေအတွက်မှာလည်း အမြင်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။
မရေမတွက်နိုင်သော ကျောင်းသားများစွာမှာ ထိုကဲ့သို့ အာရုံအပြည့်စိုက်၍ ကြည့်ရှုနေကြစဉ် ဝမ်ပေါင်လဲ့မှာ သတိပေးစာတစ်ခုကို ရလိုက်သဖြင့် သူ၏ ပထမဆုံး တိုက်ပွဲအတွက် မဲနှိုက်လိုက်၏။
သူသည် ဝိညာဉ်ကွန်ရက်ပေါ်မှာပင် မဲနှိုက်၍ ရသောကြောင့် သတ်မှတ်ထားသော နေရာဆီသို့ သွားမနေတော့ပေ။ ယခုတွင် ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူထဲ၌ တင်ပျဥ်ခွေထိုင်နေ၏။ သူသည် ဝိညာဉ်ရေခဲရေများကို အားရပါးရသောက်သုံး၍ သူ၏ ပါးစပ်ကိုသုတ်လိုက်ပြီး ဝိညာဉ်ကွန်ရက်ကို ဖွင့်ကြည့်လိုက်သည်။
” ပထမဆုံး တိုက်ပွဲကို ဘယ်ဌာနကလူနဲ့ တိုက်ရမှာပါလိမ့် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ မဲနှိုက်လိုက်၏။ သိပ်မကြာခင် ရလဒ်တစ်ခု ထွက်ပေါ်လာသည်။ သို့သော် သူ့ပြိုင်ဘက်မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြထားခြင်းမရှိဘဲ ထိုတိုက်ပွဲကိုကျင်းပမည့် တိုက်ခိုက်ရေးကွင်းနှင့် အချိန်ကိုသာ ဖော်ပြထားသည်။
တိုက်ပွဲမှာ နှစ်နာရီအကြာတွင် စတင်မည်ဖြစ်ပြီး တိုက်ခိုက်ရေးကွင်းမှာ ဓမ္မလက်နက်ဌာန၏ တတိယမြောက် တိုက်ခိုက်ရေးကွင်းတွင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ဆွံ့သွားရ၏။ သူသည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် မဲနှိုက်ဖူးသည်ဖြစ်ရာ သူ၏ပြိုင်ဘက်မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း သိခွင့်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ ထို့ကြောင့် သူသည် ခေါင်းကုတ်ကာ ဝိညာဉ်ကွန်ရက်ပေါ်သို့ တက်ကြည့်လိုက်သောအခါမှ အခြားလူများစွာမှာလည်း ထိုကဲ့သို့ပင်ဖြစ်နေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် အနည်းငယ် တွေးတောစဉ်းစားလိုက်ပြီး ကောက်ချက်ချလိုက်၏။
” ဒါ ကိုယ့်ပြိုင်ဘက်က ဘယ်သူလဲ ဆိုတာသိသွားရင် ကလိမ်ကကျစ် ကျမှာစိုးလို့ အဲဒီလိုမလုပ်နိုင်အောင် ကြိုတင်ကာကွယ်ထားတဲ့ သဘောပဲ။ ဒါကြောင့် သူတို့က အချိန်နဲ့ တိုက်ခိုက်ရေးကွင်းကိုပဲ ထုတ်ပေးတာ။ ငါတို့တွေ တိုက်ခိုက်ရေးကွင်းကို ရောက်တဲ့အခါမှသာ ငါတို့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ သိရမှာပဲ။ ဒီ ကောင်းကင်တာအိုကျောင်းက တော်တော်ကို ဉာဏ်ပြေးတာပဲကွ ”
ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ ထို့နောက် အချိန်သိပ်မကျန်တော့သည်ဖြစ်၍ သူသည် အလျင်အမြန်ပင် တရားထိုင်ကာ သူ၏ အသက်ရှုနှုန်းများကို ထိန်းညှိလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိပ်ဆုံးအနေအထားသို့ ရောက်သွားသောအခါမှသာ သင်ပြင်းအရှည်ကြီး ချလိုက်၏။ ထို့နောက် သူသည် အချိန်ကိုရေတွက်ရင်း နတ်ဝိဇ္ဇာဂူထဲမှ ထွက်လာခဲ့ပြီးနောက် တိုက်ပွဲစတင်ခါနီး အချိန်သို့ ရောက်သောအခါ တတိယမြောက် တိုက်ခိုက်ရေကွင်းဆီသို့ ပြေးသွားလိုက်တော့သည်။
ဓမ္မလက်နက်ဌာနတွင် တိုက်ခိုက်ရေးကွင်း စုစုပေါင်း ဆယ်ကွင်းခန့် ရှိသည်။ တတိယမြောက် တိုက်ခိုက်ရေးကွင်းမှာ ဝိညာဉ်ကျောက်တုံးခန်းမ၏ အနီးတွင် တည်ရှိ၏။ ထိုအချိန်တွင် ဆရာသုံးယောက်မှာ တိုက်ခိုက်ရေးကွင်း၏ အပြင်ဘက်တွင်ထိုင်ကာ ပြိုင်ပွဲဝင်နှစ်ယောက်စလုံးကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ထိုတိုက်ခိုက်ရေကွင်း၏ ပတ်ပတ်လည်တွင် ထိုင်၍ ပွဲကြည့်ရန် စောင့်ဆိုင်းနေကြသည့် လူများစွာလည်း ရှိ၏။
ထိုပွဲကြည့်ပရိသတ် ကျောင်းသားများမှာ ပြိုင်ပွဲဝင်များကို မသိပါသော်လည်း ထိပ်ဆုံးအယောက်နှစ်ထောင်ထဲတွင် ပါလာသည့်လူများမှာ အစွမ်းထက်သော သူများသာဖြစ်လိမ့်မည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် ထိုကျောင်းသားများအားလုံးအတွက်မူ နာမည်ကျော်ကြားသော လူတစ်ယောက်၏ တိုက်ပွဲ သို့မဟုတ် သူတို့ကြည့်ရန် ရွေးချယ်ထားသော တိုက်ပွဲများမှလွဲ၍ အခြားတိုက်ပွဲများမှာ ထူးထူးခြားခြား ကွဲပြားခြားနားနေမည် မဟုတ်ပေ။
” ဒီနေရာမှာ ဘယ်သူတွေ တိုက်ခိုက်ကြမလဲ မသိဘူး။ ငါတို့ရဲ့ ဓမ္မလက်နက်ဌာနက တစ်ယောက်ယောက်များ ဖြစ်နေမလား ”
” အားလုံးပဲ ဝိညာဉ်ကွန်ရက်ကို မျက်ခြည်မပြတ် စောင့်ကြည့်ထားနော်။ သိပ်မကြာခင် ကြေညာတော့မှာ။ ငါကတော့ ဝမ်ပေါင်လဲ့ တိုက်ခိုက်မဲ့ ပွဲကို ကြည့်ချင်တယ် ”
” ကျောက်ယမုန့်ရဲ့ ပွဲကို ကြည့်ရတာ ပိုကောင်းမယ်ထင်တယ်။ သူက သမင်ဖြူတာအိုကျောင်းကိုတောင် ဝင်ခွင့်ရခဲ့တဲ့ ထိပ်တန်းအဆင့် ကျောင်းသူတစ်ယောက်လေ ”
ဘေးပတ်ပတ်လည်မှ လူများမှာ ထိုအကြောင်းများကို ဆွေးနွေးငြင်းခုန်နေကြစဉ် လူအုပ်ကြီးမှာ ရုတ်တရက် အော်ဟစ်လိုက်ကြပြီး လမ်းဖယ်ပေးလိုက်ကြ၏။ ထိုအခါ ထိုလူအုပ်ကြီးထဲမှ တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော အေးစက်စက် အမူအရာနှင့် ပိန်ပါးပါး လူငယ်လေးတစ်ယောက် ရှေ့သို့ထွက်လာပြီး တိုက်ခိုက်ရေကွင်းပေါ်သို့ ခုန်တက်သွား၏။
သူသည် ထိုပေါ်တွင် ရပ်ရင်း သူ၏ အင်္ကျီလက်ကိုဝှေ့ယမ်းကာ ကောင်းကင်ကြီးကို အေးစက်စက် မော့ကြည့်လိုက်သည်။
” ဝူဟိုင်စန့်ပါလား။ သူက ပထမဆုံး ကျောင်းသားအယောက်ငါးသောင်းထဲက ပဉ္စမနှစ် စီနီယာ ကျောင်းသားတစ်ယောက်ပဲ။ သူ သန့်စင်ထားတဲ့ ဓမ္မအဆောင်က တမူထူးခြားလောက်အောင်ကို အစွမ်းထက်တယ်လို့ ငါကြားထားတယ် ”
” ဒီပွဲမှာ ငါတို့ရဲ့ ဓမ္မလက်နက်ဌာနက အစွမ်းထက် ပြိုင်ပွဲတစ်ယောက်ကို ကြည့်ရမယ်ဆိုတာ ငါ မယုံနိုင်သေးဘူး။ ဟားဟား … သူ့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာနဲ့ ဘယ်ဌာနကလဲဆိုတာကို ငါ အရမ်းသိချင်နေပြီဟေ့ ”
လူအုပ်ကြီးမှာ စကားစမြည်များ ပြောဆိုရင်း ပို၍ စိတ်လှုပ်ရှားလာကြစဉ် ဝူဟိုင်စန့်မှာ တိုက်ပွဲစင်မြင့်ပေါ်တွင် ရပ်ကာ စိတ်မရှည်သည့် အမူအရာဖြင့် အချိန်ကို ကြည့်နေ၏။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလို လူအုပ်ကြီးထဲမှ ပို၍ပင် ကျယ်လောင်သော အော်သံကြီးတစ်သံ ထပ်၍ ပေါ်ထွက်လာပြန်သည်။
ထိုအသံကြီးနှင့်အတူ ခပ်လှမ်းလှမ်းမှနေ၍ ဝမ်ပေါင်လဲ့တစ်ယောက် ပြေးလာ၏။ သူသည် အလွန် လျင်မြန်နေပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ချက်ချင်းပင်တန်း၍ ခုန်တက်သွားလိုက်သည်။ ထို လုံးဝန်းသော ခန္ဓာကိုယ်ကြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်သွားသောအခါ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားကြတော့သည်။
” ဝမ်ပေါင်လဲ့ပါလား ”
” သူက တကယ်ကြီး တိုက်ပွဲစင်မြင့်ပေါ်ကို တက်သွားတာဟ။ မဟုတ်မှလွဲရော… ”
” ဘုရားရေ။ ဝူဟိုင်စန့်ရဲ့ ပြိုင်ဘက်က တကယ်တမ်းတော့ ဝမ်ပေါင်လဲ့ ဖြစ်နေတာပါလား ”
လူအုပ်ကြီးမှာ အသက်ပြင်းပြင်း ရှူလိုက်ကြတော့သည်။ သူတို့မှာ ဆွေးနွေးငြင်းခုံရင်း ဝူဟိုင်စန့်အား ကရုဏာစိတ်များဖြင့် ကြည့်နေကြ၏။
ဝမ်ပေါင်လဲ့မှာ သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး သူ၏ အရည်အချင်းများကို လူတိုင်းက အသိအမှတ်ပြုထားပြီးဖြစ်၍ သူသည် ဓမ္မလက်နက်ဌာန၏ အဆင့်တစ်ဆိုသော ရာထူးကို ထိုက်ထိုက်တန်တန် ရရှိထားသည်ဟု ဆိုနိုင်သည်။ ထို့အပြင် သူ၏ ရာထူးအဆင့်အတန်းကြောင့် အခြားဌာနများမှ လူများမှာ တိုက်ခိုက်လျှင် တိုက်ခိုက်ရဲလောက်ပါသော်လည်း သူနှင့် ဌာနအတူတူမှဖြစ်သော လူများထဲတွင်မူ မည်သူက သူ့အား ယှဉ်ရဲပါ့မည်နည်း ။
ဝမ်ပေါင်လဲ့မှာမူ ဟန်ဆောင်ချောင်းဟန့်လိုက်၏။ သူကိုယ်တိုင်ပင် ထူးဆန်းသည်ဟု ခံစားနေရသည်။ သူ၏ ပထမဆုံးပြိုင်ဘက်မှာ သူ၏ ဌာနမှ ဖြစ်နေလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။ ယခုတွင်မူ သူသည် ကျေနပ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ကျယ်လောင်စွာရယ်မောကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ လူအုပ်ကြီးအား အရိုအသေပေးလိုက်ပြီးနောက် ဝူဟိုင်စန့်အား စိုက်ကြည့်လိုက်၏။ သူ၏ အမူအရာမှာလည်း တည်ကြည်သွားသည်။
” စီနီယာ။ ကျနော်က ကျောင်းသားခေါင်းဆောင်ဆိုတဲ့အချက်ကို မေ့ထားလိုက်ပါ။ အစ်ကို့ရဲ့ အကောင်းဆုံး ဓမ္မအဆောင်ကို ထုတ်ပြီးတော့ ကျနော့်ကို တိုက်ခိုက်လိုက်။ ကျနော်က သုံးထပ်ကွမ်းကျောင်းသားခေါင်းဆောင် ဖြစ်နေပေမဲ့ အစ်ကို့ကို လက်စားပြန်ချေမှာ မဟုတ်ပါဘူး ”
ဝမ်ပေါင်လဲ့ ရောက်ရှိလာမှုကြောင့် တည်ငြိမ်နေခဲ့သော ဝူဟိုင်စန့်မှာ မျက်လုံးများ ပြူးသွားရသည်။ သူ၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွား၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ နောက်သို့ဆုတ်သွားပြီး ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ စိတ်ပျက်လက်ပျက်နှင့် ညည်းညူနေရတော့သည်။
” တောက်ကွာ။ ငါကိုက တော်တော်ကံဆိုးတာ။ သူနဲ့မှ ကျရတယ်လို့ ”
ဝူဟိုင်စန့်မှာ အလွန် စိတ်ဓာတ်ကျသွား၏။ အခြားသူများအတွက်ဆိုလျှင် သူသည် ထိပ်ဆုံးအယောက်နှစ်ထောင်ထဲသို့ ဝင်နိုင်ခဲ့သည့် အစွမ်းထက် ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်၏။ သို့သော် သူသည် ကံကောင်း၍သာ ထိပ်ဆုံးအယောက်နှစ်ထောင်ထဲသို့ ပါလာခဲ့ခြင်းဖြစ်ကြောင်း သူက သိထား၏။ အကယ်၍ ဤပွဲစဉ်တွင် အခြားဌာနမှ လူတစ်ယောက်ယောက်နှင့် သူ ရင်ဆိုင်ရလျှင်တောင် အခွင့်အရေး ရှိနိုင်ဦးမည်ဖြစ်သည်။
သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့အကြောင်းကို တွေးမိလိုက်သဖြင့် ဝူဟိုင်စန့်မှာ ရှုံ့မဲ့မဲ့သာ ရယ်မောနေရတော့သည်။ သူသည် ယခင်က ဝမ်ပေါင်လဲ့၏ တိုက်ခိုက်ပုံများကို မြင်ဖူးထားသည်ဖြစ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသည်ကိုလည်း သိထားသည်။ အထူးသဖြင့် လက်ချောင်းလှန်ချိုးသည့် တိုက်ကွက်နှင့် ပေါင်ကြားကန်ကျောက်သည့် တိုက်ကွက်များကို အမှတ်ရသွားသောအခါ သူသည် အသားများပင် တုန်ရီသွားရသည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ကျောင်းသားခေါင်းဆောင်ဆိုသော ရာထူးကို စိတ်ပူမနေရန် ပြောထားပါသော်လည်း ဝူဟိုင်စန့်အတွက်မူ ထိုစကားမှာ သတိပေးချက်တစ်ခုကဲ့သို့ ဖြစ်နေ၏။ သူသည် အဘယ့်ကြောင့် မေ့နိုင်ပါမည်နည်း။
” မင်းကို အာခံတဲ့လူတွေမှန်သမျှ အဖြစ်ဆိုးနဲ့ ကြုံရတာချည်းပဲ။ မင်း လက်စားမချေဘူးလို့ ပြောတဲ့စကားကို ငါက ယုံရမှာလား။ အဲဒီစကားကို ယုံရင် ငါက တော်တော်ကို တုံးလို့ပဲ ”
ဝူဟိုင်စန့်မှာ ထိုကဲ့သို့ တွေးတောနေရင်း ဆရာသုံးယောက်မှာ စည်းမျဉ်းစည်းကမ်းများကို ထပ်၍ ဖတ်ပြလိုက်ပြီး တိုက်ပွဲစတင်ကြောင်း ကြေညာလိုက်သည်။
ထိုကဲ့သို့ ကြေညာလိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့က အသံအကျယ်ကြီး အော်ဟစ်ကာ ရှေ့သို့လှမ်းလာရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ဝူဟိုင်စန့်မှာ ချက်ချင်းပင် နောက်သို့ ဆုတ်သွားပြီး အော်ပြောလိုက်၏။
” ငါ အရှုံးပေးတယ်။ ငါ အရှုံးပေးတယ် ”
သူသည် ထိုသို့ဆိုလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား အရိုအသေးပေးလိုက်ပြီး နောက်သို့လှည့်ကာ ချက်ချင်းပင် ထွက်ခွာသွားသည်။ သူသည် စိတ်ဓာတ်ကျနေပါသော်လည်း သူ၏ ဆုံးဖြတ်ချက်မှာ မှန်ခဲ့သည်ဟု မှတ်ယူထား၏။ ယခုတိုက်ပွဲပြီးလျှင် နောက်ထပ်တိုက်ပွဲများ ကျန်ရှိနေသေးသည် မဟုတ်ပါလော။ ထို့အပြင် သူ တိုက်ခိုက်ရေးကွင်းထဲမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် သူ့အား ဖမ်းဆီးရန်အတွက် စစ်ဆေးရေးမှူးများစွာ ရောက်မလာနိုင်ဘူးဟု မည်သူ အာမခံနိုင်ပါမည်နည်း။
ထို့ကြောင့် သူသည် သူ၏ ခွန်အားကိုခြွေတာ၍ နောက်ပွဲသို့ရောက်မှ အားသွန်ခွန်စိုက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ ထိုသို့သာဆိုလျှင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားမည် မဟုတ်ပါလော။
လူအုပ်ကြီးမှာမူ ဝူဟိုင်စန့်၏ ဆုံးဖြတ်ချက်ကြောင့် သက်ပြင်းများချသွား၏။ သို့သော် သူတို့အများစုမှာ သူ၏ ဆုံးဖြတ်ချက်ကို နားလည်သလို သဘောလည်းတူကြသည်။ သူတို့မှာလည်း သူ့နေရာတွင်သာ ဖြစ်နေမည်ဆိုပါက အရှုံးပေးရန်သာ ဆုံးဖြတ်ခဲ့ကြမည် မဟုတ်ပါလော။
” သူက လုပ်ပိုင်ခွင့်အာဏာတွေ အများကြီးရှိတဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်လေ။ ဒီလို အရှုံးပေးလိုက်တာ အကောင်းဆုံးပဲ ”
” သူ့ကို အနိုင်မယူနိုင်မဲ့အချက်ကို စိုးရိမ်မနေနဲ့။ တကယ်လို့ သူ့ကို အနိုင်ရသွားမယ်ဆိုရင်တောင် အပြစ်လုပ်မိသလို ဖြစ်သွားမှာလေ ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ပင် အားမစိုက်ရဘဲ အနိုင်ရသွားသဖြင့် ပျော်ရွှင်ကျေနပ်နေပြီး အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိများထဲတွင်ပါသော ဆရာသခင်များ၏နယ်မြေထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားနေရတော့သည်။
” ရုပ်အချောဆုံး လူတွေကို တစ်ကမ္ဘာလုံးက ကောင်းကောင်းကန်းကန်း ဆက်ဆံကြတယ်လို့ လူအများက ပြောကြတာ မမှားဘူးပဲ။ အခုဆိုရင် ငါက တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ လူတွေကို လက်မြှောက်အရှုံးပေးသွားအောင် လုပ်နိုင်တဲ့ အဆင့် ရောက်နေပြီ။ တာအိုကျောင်းတစ်ကျောင်းလုံးမှာ ဒီလိုမျိုး လုပ်နိုင်တဲ့သူ တခြား ဘယ်သူရှိလို့လဲ။ ဘယ်သူမှ မရှိဘူးကွ ”
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ချီးကျူးရင်း သူ၏ မျက်နှာကိုပွတ်၍ သူ၏ ကျစ်လျစ်သေးသွယ်သော ခန္ဓာကိုယ်လေးကို ကြည့်လိုက်၏။ သူသည် အလွန်တရာ ပျော်ရွှင်ကျေနပ်ကာ ဘဝင်ခိုက်နေပြီ ဖြစ်သည်။
” ဪ ဝမ်ပေါင်လဲ့၊ ဝမ်ပေါင်လဲ့။ မင်းက ရိုးရိုးတန်းတန်း လူသားတစ်ယောက် မဟုတ်တော့ဘူးပဲ “