လီဟန်ဓား နန်းတော်၏ အလယ်အလတ် ၁၁လွှာတွင် ရီဝူချင်းသည် ကြီးမားသော အရှိန်အဟုန်ဖြင့် ရွေ့လျား နေခဲ့သည်။ သူ့ရှေ့၌ တားဆီးလာသော ဓားသမားများ အားလုံးမှာ ဒဏ်ရာများရပြီး နောက်ဆုတ် ကြရ၏။
ထိုအခိုက်တွင် လီဟန်ဓား နန်းတော်မှ အကြီးအကဲ တချို့တို့သည် ထိုမြင်ကွင်းအား ကြည့်ကာ အံ့အားသင့် ကြရ၏။ ရီဖူရှင်းတို့ ၅ယောက်က လီဟန်ဓား နန်းတော်အား လာရောက် စိန်ခေါ်မည်ဟု မထင်ထားကြပေ။ ယခုအထိ ရီဝူချင်းသာ တိုက်ခိုက် နေခဲ့သည်။
စွမ်းအား အကြီးဆုံးဖြစ်သော ရီဖူရှင်းနှင့် ယူချင်းတို့ကား ယခုထိ တိုက်ခိုက်ခြင်း မရှိကြသေးပေ။
“သူတို့က အပေါ် ၁၁ လွှာသို့ ရောက်တော့မယ်” အပေါ်သို့ ဆက်လက် တက်သွားသော ဓားအား ကြည့်ကာ သူတို့က ရေရွတ်မိကြသည်။ ရီဝူချင်း တစ်ယောက်တည်းသည် လီဟန်ဓား နန်းတော်မှ မရေမတွက်နိုင်သော ဓားများထက် သာလွန်ပေသည်။
မကြာခင် ရီဝူချင်းသည် ကောင်းကင်အပေါ် ၁၁လွှာသို့ ခြေချမိခဲ့ပြီး ထိုနေရာသည်လည်း လီဟန်ဓား နန်းတော်မှ တကယ့် ပါရမီရှင်များ စုစည်းရာ နေရာဖြစ်ပေသည်။
ရီဖူရှင်းတို့အုပ်စု လီဟန်ဓား နန်းတော်သို့ ရောက်ကတည်းက ယခုအချိန်အထိ အချိန်အားဖြင့် သိပ်ကြာမြင့်ခဲ့ခြင်း မရှိသေးပေ။ သူတို့က လီဟန်နန်းတော် အပေါ် ၁၁လွှာသို့ တက်ရောက် လာသည့်တိုင် ရီဝူချင်း၏ ဓားကိုသာ အသုံးပြုခဲ့ကြ၏။
ထိုအချိန်တွင် ရှေ့သို့ သွားနေသော ဓားအသိသည် ပျက်ပြယ် သွားခဲ့ပြီး ရီဝူချင်းတို့ အုပ်စုက အဆုံးအစမဲ့သော ဓားအသိများ ရစ်ပတ်ကာ ထိုနေရာတွင် ရပ်နေကြသည်။ သူတို့က ရှေ့သို့ ကြည့်လိုက် ကြကာ ဆက်လက်၍ လှမ်းသွား လိုက်ကြသည်။
၁၁လွှာတွင်ကား ပိုမိုနည်းပါးသော လူများရှိနေသည်။ သူတို့က မော့ကြည့်လျှင် အောက်မှသည် အပေါ်သို့အထိ လူများ ဟိုမှ ဒီ ရှိနေကြသည်ကို မြင်၏။ အလွှာတစ်ခုစီတွင် လူအနည်းငယ်သာ ရှိပြီး အပေါ်သို့ တက်လေလေ ပိုမို နည်းပါးသော အရေအတွက်သာ ရှိလေ ဖြစ်သည်။ သို့သော် တစ်ယောက်ချင်းစီ တိုင်းသည် ရှီအဆင့်၏ အမြင့်ဆုံးတွင် ရှိနေကြသည်။
ထိုအချိန်တွင် ရီဝူချင်း၏ရှေ့၌ ဓားသမား တစ်ယောက် လာရပ်သည်။ သူ့သက်စောင့်ဝိညာဉ် မွေးဖွားလာခဲ့လျှင် ပြင်းထန်သော ဓားအသိများ ထွက်ပေါ်လာ၏။ သူ့အပေါ်တွင် ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာကာ အောက်သို့ အလင်းများ ဖြာထွက်သည်။ အလင်းသည် ရီဝူချင်းတို့ထံသို့ ဖြာထွက် လာခဲ့သည်။
ထိုအခိုက်တွင် ဓားစွမ်းအားများသည် မိုးစက်များကဲ့သို့ ဖြစ်ပေါ်လာသည်။ ဓားဝင်္ကပါသည်လည်း တဖြည်းဖြည်း ပိုမို ကြီးမားလာခဲ့ကာ ကောင်းကင်ကိုပင် ဖုံးအုပ်သည်။ အဆုံးအစမဲ့သော ဓားအသိများသည် ဓားဝင်္ကပါမှ ကျဆင်းလာခဲ့၏။ ဓားအသိများသည် မိုးစက်များအလား ကျဆင်းလာခဲ့ကာ ကောင်းကင် အောက်မှ အရာခပ်သိမ်းအား ထွင်းဖောက် သွားလိုဟန် ရှိသည်။
ရီဝူချင်းနှင့် တခြားလူများက မိုးစက်များ အောက်တွင် ရပ်နေကြသည်။
ထိုအခိုက်တွင် ရီဝူချင်း၏ နဖူးမှ ဓားဝိညာဉ် ထွက်ပေါ်လာခဲ့ကာ သူ့ခန္ဓာကိုယ်အား ပိုမို လင်းလက်စေခဲ့သည်။ တစ်ဖန် သူသည် ရန်ဟောင်ဓား အသိအား အသက်သွင်းခဲ့၏။
သူက ထိုနေရာတွင်ပင် ရပ်ကာ ဓားလမ်းစဉ်နှင့် ပေါင်းစပ် သွားသည့်အလား၊ မဟာလမ်းစဉ်ဓား၏ အကြီးအမှူး ဖြစ်သည့်အလား၊ အဆုံးအစမဲ့သော ဓားအသိတို့သည် ကောင်းကင်နှင့် မြေပြင်အကြား ရီဝူချင်းကို ဗဟိုပြုလျက် စီးဆင်း လာကြတော့သည်။
လေထဲတွင် ဓားမိုးစက်များ ကျဆင်းလာခဲ့လျှင် စုချွဲနှင့် ကျွေ့ချိန်ချူတို့သည် ခုခံ တားဆီးခြင်းများ ပြုလုပ်သော်လည်း ရီဝူချင်းကား လှုပ်ရှားခြင်း မပြုပေ။
ဓားမိုးစက်များ သူ့အပေါ်သို့ ကျဆင်း လာခဲ့သော်လည်း သူ့အား ဒဏ်ရာ မရစေနိုင်ပေ။ ထိုဓားများမှာ သူ့ခန္ဓာကိုယ်နှင့်ပင် ပေါင်းစပ် သွားခဲ့သည်။
သူ့ခန္ဓာကိုယ်မှ ပိုမိုလှပသော ဓားအလင်းတစ်ခု ဖြစ်ပေါ် လာခဲ့၏။
“ရန်ဟောင်ဓား အသိအပေါ်မှာ ဝူချင်းရဲ့ သိနားလည်မှုက ပိုပြီးတော့ နက်ရှိုင်း လာခဲ့တယ်” ရီဖူရှင်းက မိမိကိုယ်ကို တွေးသည်။
ကောင်းကင် ထက်တွင် လီဟန်ဓား နန်းတော်မှ ဓားသမားသည် အန္တရာယ်ကို ခံစားမိကာ မျက်မှောင်ကြုတ်သည်။ ရီဝူချင်း လှုပ်ရှားလျှင် သူသည် ဓားတစ်လက် အဖြစ် ပြောင်းလဲသွားပြီး ဓားဝင်္ကပါထံသို့ တိုက်ရိုက် ဦးတည် သွားသည်။ သူ၏ တစ်လက်တည်းသော လက်က လေထဲသို့ ချိန်ရွယ်၏။
ဝှစ် …
ဓားဝင်္ကပါ အပေါ်မှ အလင်းများ လာရောက် စီးဆင်းသော်လည်း ရီဝူချင်းက ထိုအရာအား သိဟန်မတူ။ နောက်ဆုံး တစ်ကြိမ်က ကဲ့သို့ သူက ကောင်းကင်သို့ လက်ညှိုးကို ထိုးလိုက်လျှင် ထိုနေရာမှ ဓားအလင်း တစ်ချက် ပေါ်လာကာ ဓားဝင်္ကပါထဲသို့ လာရောက် ဖြတ်တောက်သည်။
ကောင်းကင်တွင် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့ကာ ရီဝူချင်းသည် ထွင်းဖောက်ခြင်း လောကဓာတ်အား သယ်ဆောင်လျက် ဓားဝင်္ကပါအား ထိုးနှက် တိုက်ခိုက်လျှင် ထိုအရာမှာ ချက်ချင်း ပျက်စီး ကွယ်ပျောက် ရ၏။ တန်ခိုးရှင်သည် ညည်းသံ တစ်ချက်ပေးကာ ဓားဝင်္ကပါမှာလည်း ပျောက်ကွယ် သွားသည်။ ထိုအရာမှာ သူ့သက်စောင့်ဝိညာဉ် ဖြစ်ရာ ရီဝူချင်းက ဖျက်ဆီးရန် သူခွင့်မပြုပေ။
သူ့ဘေးမှ ဓားတစ်လက် ဖြတ်သန်း သွားသည်။ ရီဝူချင်းက ထိုအရာကို တစ်ချက်မျှပင် မကြည့်ဘဲ ရှေ့သို့ ဆက်တက် သွား၏။ လီဟန်ဓား နန်းတော်မှ တန်ခိုးရှင်၏ ပါးစပ်တွင် သွေးစသွေးနများ ရှိနေပြီး သူ့မျက်နှာမှာ ပြာနှမ်း သွားခဲ့သည်။
ဓားတစ်ကွက်မျှသာ။ သူက ဤနေရာတွင် စောင့်ကြပ်ကာ ရီဖူရှင်းနှင့် တိုက်ခိုက်မည်ဟု တွေးထားခဲ့သော်လည်း ယခု ရီဝူချင်း၏ ဓားတစ်ကွက်မျှဖြင့် ရှုံးနိမ့်ခဲ့ရသည်။
“ဒီအကောင် …” စုချွဲနှင့် ကျွေ့ချိန်ချူတို့က ရီဝူချင်း ကောင်းကင်သို့ သူ၏ဓားဖြင့် ထိုးတက်သွားသည်ကို ကြည့်ကာ မြန်ဆန်စွာဖြင့် လိုက်မီအောင် ကြိုးစားကြသည်။ သူက လီဟန်ဓား နန်းတော် ၃၃လွှာအထိ တစ်ယောက်တည်းဖြင့် ချိုးဖျက်ရန်များ ကြံစည် နေသည်လား။
သူက အမှန်တကယ် လုပ်နိုင်လောက် ပေသည်။
ရီဖူရှင်းကလည်း အနည်းငယ် အံ့အားသင့် သွားသည်။ သူက နောက်မှ ဆက်လက်၍ လိုက်ပါ သွားခဲ့သည်။
ယနေ့ ဝမ်ချွန်းက သူ့အား လီဟန်ဓား နန်းတော်သို့ လာရန် ဖိတ်ခေါ် ခဲ့သော်လည်း ရီဝူချင်းသည်လည်း မည်မျှအထိ သွားနိုင်မည်ကို သူတို့ ကြည့်နိုင်ပေသည်။
သူတို့ငါးယောက် ရှေ့သို့ ဆက်သွားခဲ့ကြလျှင် ပြိုင်ဘက်များမှာ ပိုမို၍ အားကောင်း လာခဲ့ပေသည်။ ရီဝူချင်းသည်လည်း ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် သွားနေ၏။ အပေါ်တွင် စောင့်နေကြသော တန်ခိုးရှင်များတွင် ဓားတစ်လက်စီသာ ရှိကြဟန် တူသည်။
ရီဝူချင်းတွင်လည်း ဓားတစ်လက်တည်းသာ ရှိကာ သူသည်လည်း ဓားပညာတွင်သာ ထူးချွန်ပေသည်။
ထိုအချိန်တွင် ကောင်းကင် အထက်တွင် ကြီးမားသော ဖိအားတစ်ခု ဆင်းသက် လာသည်။ ကောင်းကင်နှင့် မြေပြင်က အသံပေးပြီး အဆုံးအစမဲ့ကာ လှပသော ဓားအမှတ်အသား တစ်ခု မွေးဖွားလာခဲ့ပြီး ရီဝူချင်းထံသို့ တိုက်ရိုက် ဖြတ်တောက် လာခဲ့သည်။
မိုင်သုံးထောင်ဓား…
နောက်ဆုံး တစ်ကြိမ်က သည်ဓားချက်တွင် ရီဝူချင်း ရှုံးနိမ့်ခဲ့သည်။
သည်တစ်ကြိမ်တွင်ကား သူက လက်ကို သည်အတိုင်း မြှောက်လိုက်ပြီး ထိုနေရာသို့ ချိန်ရွယ်လိုက်လျှင် ဓားအလင်း တစ်ချက် ဖြစ်ပေါ်လာကာ ဓား အမှတ်အသားအား ဖျက်ဆီး သွားသည်။
သို့သော်လည်း သူ့အား နောက်ထပ် ဓားတစ်လက်က နှုတ်ဆက် နေသည်။ ထိုဓားသည် ပိုမိုပြင်းထန် အားကောင်း၏။ ထိုသူသည် ရီဝူချင်း၏ ရှေ့တွင် ရပ်နေခဲ့သည်။ သူကား လီဟန်ဓား နန်းတော်မှ လုချွန်ဖြစ်သည်။
ထိုနေ့က လုချွန်သည် ယူချင်းအား ရှုံးနိမ့် သွားပြီးနောက် သူက လီဟန်နန်းတော် ၃၃လွှာသို့ တက်ကာ နည်းနာ ခံယူခဲ့သည်။ ထိုအချက်က သူ့အား အနည်းနှင့် အများတော့ တိုးတက် စေခဲ့၏။ ထိုမျှက တိုက်ပွဲရလဒ်ကို ပြောင်းလဲ နိုင်ပါမည်လား။
ဓားများ တစ်လက်ပြီး တစ်လက် ကျဆင်း လာခဲ့သည်။ နောက်မှ ကျဆင်းလာသော ဓားသည် ရှေ့မှ ဓားထက် ပိုပြင်းထန်၏။ သို့သော် ရီဝူချင်းသည် ဓားများကို တစ်လက်ပြီး တစ်လက် ဖျက်ဆီးခဲ့၏။
သူ့ခန္ဓာကိုယ်တွင် အလွန်အမင်း ပြင်းထန်သော ဓားအသိတစ်ခု ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းတွင် ကွဲပြားခြားနားသော ဓားအသိတစ်ခု ဖြာထွက် လာနေသည်။ ထိုအခိုက်တွင် အဆုံးအစမဲ့သော ဓားအသိသည် ကောင်းကင်ထက်၌ စီးဆင်းပြီး ရီဝူချင်း၏ ခန္ဓာကိုယ်နှင့် ရောနှောသည်။
ယခင် သူက အပျက်အစီး နယ်မြေများသို့ လေ့ကျင့်ရန် သွားရောက်စဉ်က သူသည် ရန်ဟောင်ဓား အသိသုံးမျိုးအား ရရှိခဲ့သည်။
ဓားတစ်လက်သည် ကောင်းကင်ကို ခွဲရန်ဖြစ်ပြီး နောက်ဓား တစ်လက်သည် အမှန်တရားသို့ ပြန်သွားရန် ဖြစ်သည်။
ရီဝူချင်း၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားခဲ့ကာ သူသည် သံသယ ကင်းစင်သော စိတ်အနေအထားသို့ ရောက်လာခဲ့၏။ ထိုအရာက ဓားတစ်လက် ဖြစ်သော်လည်း အမှန်တကယ်အားဖြင့် ရုပ်ဝတ္ထု အနေဖြင့်တော့ မဟုတ်ပေ။
ဓားကို ဝှေ့ယမ်းခြင်း မပြုသလို၊ တိုက်ခိုက်ခြင်း ခုခံခြင်း အလျှင်းမရှိဘဲ သူ့ခန္ဓာသည် လေထုကို ခွင်းသွားခဲ့သည်။
လုချွန်၏ အမူအရာကား အေးစက်နေသည်။ ရီဝူချင်းကသာ သေလိုသည် ဆိုပါက ရှားရှင်းယွန်ပင် ဘာမှ ပြောနိုင်မည် မဟုတ်ပေ။
ရီဝူချင်းက ဓား အမှတ်အသားများထဲ သူ့ခန္ဓကိုယ်ဖြင့် တိုးဝင် သွားသည်ကို လူအများအပြားက မြင်ကြရသည်။ ယူချင်းက သူ့အား ကာကွယ်ပေးရန် ကြံသော်လည်း ရီဖူရှင်းက သူ့အား မလုပ်ရန် စိတ်ဖြင့် တားဆီးသည်။
သူက ရီဝူချင်း၏ စိတ်နေ သဘောထားကို ကောင်းကောင်း သိနားလည် ပေသည်။ သူကား အလွန် ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်ကာ ထိုအတွက် မိမိ အသက်ကိုပင် ရင်းရန် ဝန်မလေးပေ။
သူ့ရုပ်ခန္ဓာသည် ဓား အမှတ်အသားများ ထဲသို့ ဝင်သွားရာ ထိုမြင်ကွင်းကို ကြည့်မြင်သူများ အားလုံးမှာ ကြီးစွာ ထိတ်လန့် ကြရသည်။ ထို့နောက်တွင် ဓားအမှတ်အသားများ အဆက်မပြတ် ပေါက်ကွဲသွားပြီး ရီဝူချင်းက ရှေ့သို့ ဆက်လက် တိုးဝင်သွားသည်ကို မြင်ကြ၏။
သူ့တစ်ကိုယ်လုံး ဓား အမှတ်အသားများထဲသို့ တိုးဝင်သွားခဲ့ကာ ဓားအသိများမှာ အောက်သို့ အရူးအမူး ကျဆင်းကြသည်။ လူအများအပြားက လေထဲကို ထိတ်လန့်တကြား ကြည့်ကြသည်။ ဓားအမှတ်အသားများ အားလုံး ပေါက်ကွဲသွားပြီး ရီဝူချင်း ရှေ့သို့ တိုးဝင် သွားသည်ကို သူတို့အားလုံး မြင်ကြ၏။
ဘန်း … ဘန်း … ဘန်း …
ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ရီဝူချင်းက အမှန်တကယ် ထိုတိုက်ခိုက်မှုများအား ကျော်ဖြတ်ကာ တစ်ကိုယ်လုံးသည် ဝေဝါး ပါးလျသွားပြီး လုချွန်၏အရှေ့ သိပ်မဝေးသော တစ်နေရာတွင် ပေါ်လာသည်။ သူက ရပ်တန့်ခြင်း မရှိဘဲ ရှေ့သို့ ဆက်လက် တိုးဝင်သွားခဲ့ကာ လုချွန်၏ မျက်လုံး ရှေ့မှောက်သို့ ရောက်လာသည်။ သူ၏ လက်ညှိုးဖြင့် တစ်ချက် ချိန်ရွယ် လိုက်သည်တွင် ကျောက်တုံးများ ပြိုပျက်သည့် လှိုင်းသဏ္ဌာန်တစ်ခု ဖြစ်လာသည်။
လုချွန်က တစ်ချက် အော်ဟစ်ကာ သူ၏တစ်သက်သာ ကျင့်ကြံခြင်း စွမ်းအားများ အားလုံးကို စုစည်းပြီး သူ့ဓားဖြင့် စွမ်းအား အမြင့်ဆုံးသော ဓားချက်အား ထုတ်လိုက်သည်။ ရီဝူချင်း၏ လက်ချောင်းများသည် ဝေဝါးသွားခဲ့ပြီး သူ၏ ရုပ်ခန္ဓာသည် ဓားပေါ်သို့ ကျဆင်း လာခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်တွင် လုချွန်သည် သူ့ခန္ဓာကိုယ်အား ထောင်ပေါင်း များစွာသော ဓားများ ထွင်းဖောက် လာသည်ဟု ခံစားရသည်။ သူ့ထံသို့ နီးကပ်လာသော ခန္ဓာကိုယ်သည် အနီးသို့ ရောက်လေလေ သူထုတ်လွှတ်သော ဓားသည်လည်း တစ်စတစ်စ ပြိုပျက် လာခဲ့တော့သည်။
ပြိုင်ဘက်ကင်းသော ဓားအလင်း ပေါက်ကွဲ ထွက်သွားလျှင် လူတိုင်း၏ မျက်လုံးများအား မှင်တက် သွားစေသည်။ ထိုအခိုက်တွင် ရီဝူချင်းသည် ထိုနေရာတွင်ပင် ရပ်နေဆဲ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှ ဓားအသိသည်လည်း များစွာ အားနည်း သွားသည်ကို မြင်ကြသည်။ လုချွန် အတွက်မူ သူကား သွေးခြင်းခြင်း နီနေပြီး ပါးစပ်မှလည်း သွေးတစ်ပွက်ပြီး တစ်ပွက် အန်ကျ၏။
ရီဝူချင်းက သူ့အား ခံစားချက်များ ကင်းမဲ့သော မျက်လုံးများဖြင့် ကြည့်ကာ ရှေ့သို့ ဆက်သွားခဲ့သည်။
ယူချင်းကလည်း ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လှမ်းသွားပြီး လုချွန်အား အေးစက်စွာ ကြည့်ပြီး ရှေ့သို့ ဆက်သွားခဲ့သည်။
နောက်ထပ် ဓားသမား တစ်ယောက် တိုက်ခိုက်လိုက်လျှင် ရီဝူချင်းက ထပ်မံ၍ လှုပ်ရှားခြင်း မပြုပေ။ သူ့နောက်မှ ယူချင်းက ရှေ့သို့ တက်သွားကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လက်သီး တစ်ချက်သည် လေထုကို ခွင်းကာ တိုးဝင်သွားလျှင် ထိုလက်သီးချက်က တစ်ဖက်လူ၏ ဓားများအား ကြေပျက်သွားစေပြီး ထိုသူကိုလည်း နောက်သို့ လွင့်စဉ် သွားစေခဲ့၏။
ယခင်က လုချွန်သည် သူ၏လက်သီး တစ်ချက်ကိုပင် မခံနိုင်ခဲ့သလို ယခုလည်း တခြားလူများသည် ထူးခြားသွားခြင်း မရှိပေ။ သူတို့က ဝမ်ချွန်းကဲ့သို့ မဟုတ်လျှင် ယူချင်းအား ရင်ဆိုင်ရန် မလွယ်ကူပေ။
လူ၅ယောက်သည် လှေကားထစ်အတိုင်း အပေါ်သို့ ဆက်လက် သွားကြလျှင် မည်သူကမှ သူတို့အား မတားဆီးနိုင်ပေ။ ဤနည်းဖြင့် သူတို့သည် လီဟန်ဓားနန်းတော် ၃၃လွှာသို့ ရောက်လာခဲ့ကြသည်။
မော့ကြည့်လျှင် ရှေ့၌ ရှေးဟောင်း နန်းတော် တစ်ခုရှေ့၌ လူတစ်ယောက် ထိုင်နေ၏။
***