Switch Mode

အခန်း ( ၇၉ )

ဥာဏ်အလင်းပွင့်သွားသည့် ကလေးငယ်

” ငါက အဆင့်နိမ့်ကျွန်းမှာ ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ။ ငါ ဒီထက်ပိုပြီး တိုးတက်ချင်တယ်ဆိုရင် ရှေးဟောင်းသိုင်းအဆင့်ကနေ ဖောက်ထွက်ပြီးတော့ အာနာပါနအဆင့်ကို တက်လှမ်းမှဖြစ်မယ် ”

” အဆင့်မြင့်အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္ထိတွေထဲမှာ အောင်မြင်မှုကြီးကြီးမားမား ရချင်ရင် နေရာတစ်နေရာထဲမှာ ရပ်နေလို့မရဘူးလို့ ရေးထားတယ်။ အခု ငါ့ရဲ့ဘဝကြီးက သက်တောင့်သက်သာ ရှိနေပြီဆိုပေမဲ့ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်အောင် အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရဖို့အတွက် အာနာပါနအဆင့်ကို တက်လှမ်းနိုင်အောင် လုပ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ လက်သီးများကိုဆုပ်ကာ သူ၏ မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များ ခပ်ရေးရေး ပေါ်လာ၏။

ယခုတွင် သူသည် အဆင့်မြင့်ကျွန်းအကြောင်းကို အတန်ငယ် နားလည်နေပြီ ဖြစ်သည်။ သူသည် အဆင့်နိမ့်ကျွန်းတွင် လူအများကို လွှမ်းမိုးနိုင်စွမ်း ရှိပါသော်လည်း အဆင့်မြင့်ကျွန်းမှ လူများ၏ မျက်လုံးများထဲတွင်မူ သူသည် သူတို့၏ အဆင့်အထိ မရောက်သေးပေ။ သူသည် ထိုလူများ၏ စကားဝိုင်းများထဲတွင် ထည့်ပြောခံရခြင်း မရှိလောက်အောင် အဆင့်နိမ့်သော လူတစ်ယောက် မဟုတ်ပါသော်လည်း သူနှင့် ထိုအဆင့်မြင့်ကျွန်းမှ လူများ၏ ကြားတွင် လျှိုမြောင်ကြီးတစ်ခုကဲ့သို့ ခြားနားနေဆဲပင်။

မိုးသစ်တောထဲတွင် ကြုံခဲ့ရသည့် သေရေးရှင်ရေး တိုက်ပွဲကြီးကြောင့် အခြားလူများ၏ အနိုင်ကျင့်ခြင်းကို မခံရစေရန်အတွက် အမြဲတစေ ပို၍ အစွမ်းထက်လာနေရန် လိုအပ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထား၏။ ပြည်ထောင်စုထဲတွင် လူတယောက်၏ ကျင့်ကြံခြင်းအဆင့်မှာ အစိုးရရာထူးများနှင့်လည်း အတိုင်းအတာတစ်ခုအထိ ဆက်နွယ်မှု ရှိနေသည်လည်း ဖြစ်သည်။

” ဝင်ဖြေလိုက်မယ်ကွာ။ ထိပ်ဆုံး အယောက်တစ်ထောင်ထဲကို ပါအောင်လုပ်ပြီးတော့ မှော်ဝင်နယ်မြေဆီကို ရောက်အောင်သွားမယ်။ ပြီးရင် အခွင့်အရေးတွေကို ရအောင် သိမ်းပိုက်ပြီးတော့ အာနာပါနအဆင့်ကို ရောက်အောင်လုပ်မယ် ”

သူ ထိုကဲ့သို့ ဆုံးဖြတ်လိုက်စဉ်မှာပင် ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းမှ အခြားသူများစွာကလည်း သူ့အတိုင်းပင် ဆုံးဖြတ်ချက် ချလိုက်ကြသည်။

စာမေးပွဲဝင်ဖြေရန် ပြင်ဆင်နေကြသည့် ကျောင်းသားအများစုမှာ စီနီယာကျောင်းသားများ ဖြစ်ကြပါသော်လည်း ရှေးဟောင်းသိုင်းအဆင့်မှ ခန္ဓာအချုပ်အနှောင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ကျောင်းသားသစ်တချို့မှာလည်း ဝင်ရောက်ဖြေဆိုရန် စဉ်းစားနေကြ၏။ နောက်ဆုံးတွင် သူတို့က အစမ်းဖြေကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ အကယ်၍ သူတို့ ကျရှုံးသွားခဲ့လျှင်တောင် နောက်တစ်ကြိမ်ထပ်၍ ကြိုးစားခွင့် ရှိနေဦးမည်ဖြစ်သည်။ သို့သော် သူတို့မှာ လက်လျှော့လိုက်မည်ဆိုပါက သူတို့ကိုယ်သူတို့ မကျေမနပ် ဖြစ်နေရမည် ဖြစ်သည်။

သူတို့ထဲမှတစ်ယောက်မှာ ကျိုးရိဖန် ဖြစ်၏။ ယခုတွင် သူသည် သိုင်းပညာဌာန၏ သရုပ်ပြခန်းမထဲတွင် ကျင့်ကြံမှု ပြီးဆုံးသွားသောကြောင့် ချွေးများကိုသုတ်ကာ အသံလွှင့်လက်စွပ်မှ ကြေညာချက်ကို နားထောင်ရင်း မျက်လုံးများ အရောင်လက်သွား၏။

” ထိပ်ဆုံး အယောက်တစ်ထောင် ဆိုပါလား… ငါ့ရဲ့ ပန်းတိုင်က ထိပ်ဆုံးဆယ်ယောက်ထဲ ပါဖို့ပဲ ”

တချိန်တည်းမှာပင် သိုင်းပညာဌာနထဲ၌ ချန်းကျစ်ဟန်နှင့် လုကျစ်ဟောင်တို့မှာလည်း ဆုံးဖြတ်ချက်များ ချလိုက်၏။ အခြားဌာနများတွင်လည်း ထိုနည်းတူပင်။ မှော်ဆေးရည်ဌာနမှ တုမင်ကလည်း ဝင်ရောက်ဖြေဆိုရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် မန္တန်အစီအရင်ဌာနထဲရှိ နတ်ဝိဇ္ဇာဂူ၏ ဝရန်တာပေါ်တွင် တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော ချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ရှိနေ၏။ သူမ၏ နက်မှောင်နေသော ဆံပင်များမှာ လေထဲတွင် မျောလွင့်နေ၏။
( ဘာသာပြန်သူမှတ်စု။ English translator က Array Runes ကနေ Array formation လို့ပြောင်းရေးထားတဲ့အတွက် ရှေ့ခန်းများတွင် မှော်ကျောက်စာဌာနဟု ပြန်ဆိုထားရာမှ ယခုအချိန်မှစ၍ မန္တန်အစီအရင်ဌာန အဖြစ် ပြောင်းလဲရေးသားသွားပါမည် )

ထိုမိန်းမပျိုလေး၏ အမူအရာမှာ ရိုးစင်းကာ လှပကြော့ရှင်းမှုနေပြီး လောကီရေးရာ ကိစ္စများကို စိတ်ဝင်စားခြင်း အလျင်းမရှိသည့်ပုံပင်။ သူမ၏ မျက်ဝန်းများထဲတွင် အပြစ်ကင်းစင်မှု အရိပ်အယောင်များ ရှိနေသလို ကျင့်ကြံခြင်းအပေါ် ထားရှိသော စိတ်ဓာတ်ပြတ်သားမှုကိုလည်း မြင်နိုင်၏။

သူမသည် ပါရမီပါပြီး ထူးချွန်သည့်အပြင် လွန်ခဲ့သော တစ်နှစ်ခန့်က နာမည်ကျော်ကြားခဲ့ပြီး သမင်ဖြူတာအိုကျောင်းသို့ပင် တက်ခွင့်ရခဲ့သည်။ သူမသည် ကျောင်းသားခေါင်းဆောင် ဖြစ်လာခဲ့ပါသော်လည်း သိုသိုသိပ်သိပ်သာ နေခဲ့၏။ သူမ၏ အမည်မှာ ကျောက်ယမုန့် ဖြစ်သည်။

” အာနာပါနအဆင့် ”
ကျောက်ယမုန့်သည် တည်ငြိမ်မှု အပြည့်ရှိသော မျက်ဝန်းများဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမအတွက်မူ အာနာပါနအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ထိုစာမေးပွဲအား ဝင်ဖြေသင့်၊ မဖြေသင့်ကို စဉ်းစားတွေးတောနေရန်ပင် မလိုအပ်သည့်ပုံပင်။ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ သူမ ရွေးချယ်ထား‌သည့် လမ်းစဉ် ဖြစ်နေသောကြောင့် ဖြစ်သည်။

လူတိုင်းမှာ ကိုယ်စီကိုယ်စီ ပြင်ဆင်နေကြစဉ် တာအိုအလင်းဆောင်ဌာနနှင့် ဝမ်ပေါင်လဲ့တို့၏ ကြားရှိ ပဋိပက္ခကြီးမှာ သိသိသာသာ ငြိမ်ကျသွား၏။ သို့သော် အပြီးတိုင် ပျောက်ဆုံးသွားခြင်းတော့ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော တာအိုအလင်းဆောင်ဌာနထဲတွင် ဉာဏ်အလင်းပွင့်ရန်အတွက် ဝမ်ပေါင်လဲ့အား အသုံးချခဲ့သည့် ကျောင်းသားများထဲမှ တစ်ယောက်မှာ အောင်မြင်စွာ ဉာဏ်အလင်းပွင့်သွားနိုင်ခဲ့သည်ဆိုသော သတင်းများ ပျံ့နှံ့နေသောကြောင့် ဖြစ်သည်။ သူသည် လက်ရှိတွင် တံခါးပိတ် လေ့ကျင့်နေ၏။

ထိုသတင်းကြောင့် တာအိုအလင်းဆောင်ဌာနမှာ အလွန် စိတ်လှုပ်ရှားသွားကြသည်။ တာအိုကျောင်း စာမေးပွဲများကြောင့်သာ မဟုတ်ပါက ကျောင်းသားအသစ်များမှာ ဉာဏ်အလင်းပွင့်နိုင်ရန်အတွက် ဝမ်ပေါင်လဲ့အား အသုံးချရန် တာစူနေကြမည် ဖြစ်သည်။ သူတို့၏ လူအင်အားမှာ ယခင် တစ်ခေါက်ကထက်ပင် ပို၍ပင် ကြီးမားနေမည်မှာ အမှန်ပင်။

ဝမ်ပေါင်လဲ့မှာ ထိုသတင်းကို ကြားလိုက်ရပြီးနောက် ကြောက်ရွံ့သွား၏။ ထို့နောက် သူသည် တာအိုအလင်းဆောင်ဌာနထဲတွင် ကျောင်းသားပေါင်း နှစ်သောင်းရှိသည်ဆိုသည့် အဆောင်မှူး၏ သတိပေးစကားကို ပြန်၍ အမှတ်ရသွားသည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။

” သတင်းအတုတွေပါ။ သတင်းအတုတွေပဲ ဖြစ်မှာပါ ”

ရက်အနည်းငယ်အတွင်း တာအိုကျောင်းစာမေးပွဲသတင်းများမှာ လူတိုင်းဆီသို့ ပျံ့နှံ့သွားကြပြီး စာရင်းပေးသွင်းနေကြတော့သည်။ တာအိုအလင်းဆောင်တောင်ထိပ်ပေါ်တွင် ရှေ့သို့ငေါထွက်နေသည့် ချောက်ကမ်းပါးလေးတစ်ခု ရှိနေ၏။ ၎င်း၏အောက်တွင် အဆုံးမရှိလောက်အောင် နက်ရှိုင်းနေသော ချောက်နက်ကြီးတစ်ခု ရှိနေပြီး အထက်တွင်မူ အပြာရောင်ကောင်းကင်ကြီးနှင့် အဖြူရောင်တိမ်တိုက်များ ရှိနေကြသည်။ ထိုနေရာတွင် ရပ်နေပါက ကောင်းကင်းယံသို့ ပျံတက်သွားနိုင်သည့်အလားပင် ခံစားရနိုင်သည်။

ထို ကျောက်ကမ်းပါး၏ အစွန်းတွင် ခံ့ညားသော ထိပ်ပြောင်လူငယ်လေးတစ်ယောက် တင်ပျဉ်ခွေ ထိုင်နေသည်။ သူသည် တာအိုကျောင်းဝတ်ရုံကို ဆင်မြန်းထား၏။ သူသည် တာအိုအလင်းဆောင်ဌာန၏ ကျောင်းသားခေါင်းဆောင် မဟုတ်သလို ထိုဌာနထဲတွင် လူသိလည်းမများပေ။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်ခဲ့သည့် ကိစ္စရပ်ကြီးထဲတွင်လည်း ဝင်မပါခဲ့ပေ။ ထို အဓိပ္ပါယ်မရှိသော ရာထူးဂုဏ်ပုဒ်များအားလုံးမှာ သူ့အတွက် တစိုးတစိမျှ အရေးမပါသည့် ပုံပင်။

သူ့အပြင် သူ၏ ကမ္ဘာကြီးတစ်ခုလုံးမှာလည်း သူ့ရှေ့တွင်ရှိနေသော ခွက်အလွတ်တစ်လုံးကဲ့သို့ မယုံကြည်နိုင်လောက်အောင် သန့်ရှင်းစင်ကြယ်နေ၏။

ထိုခွက်ထဲတွင် ရေလုံးဝမရှိသလို ၎င်းကို သူ၏ရှေ့၌ ချထားသည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည်။ သူ တင်ပျဉ်ခွေ ထိုင်နေသည်မှာလည်း အတော်အသင့် ကြာမြင့်နေပြီဖြစ်သည်။

သူကိုယ်တိုင်ပင်လျှင် ထိုနေရာ၌ ထိုင်နေသည်မှာ အချိန်မည်မျှခန့် ရှိနေပြီဖြစ်ကြောင်းကို မသိတော့ပေ။ ထို့အချိန်တွင် ရုတ်တရက် ထို ခွက်အလွတ်ထဲ၌ ရေစက်တစ်စက် ပေါ်လာ၏။

ထို ခွက်အလွတ်ထဲတွင် ရေစက်တစ်စက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုလူငယ်လေးမှာ ပြုံးလိုက်၏။ သူ ပြုံးလိုက်သောအခါ သူ၏ ပတ်ပတ်လည်တွင် မတူညီသော သက်စောင့်စွမ်းအားတစ်မျိုး ပေါ်ထွက်လာသကဲ့သို့ ဖြစ်သွား၏။

ထိုသက်စောင့်စွမ်းအားများ ပျံ့နှံ့သွားသောအခါ သူ၏ ဘေးနားတစ်ဝိုက်တွင် ပန်းပင်များနှင့် မြက်ပင်များမှာ အလိုအလျောက် ရွေ့လျားလာကြ၏။ သူ၏ ပတ်ပတ်လည်ရှိ အပင်များမှာ အနည်းငယ်ခန့်ပင် ကြီးထွားလာသည့်ပုံ ပေါက်နေ၏။

တချိန်တည်းမှာပင် သူ၏နောက်ဘက်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် အကြီးအကဲတစ်ယောက် လေထုထဲမှနေ၍ ပေါ်ထွက်လာ၏။

ထိုအကြီးအကဲကြီးမှာ ရိုးရှင်းသော တာအိုဝတ်ရုံတစ်ခုကိုသာ ဆင်မြန်းထားသည်။ သူ၏ မျက်နှာပေါ်တွင် အရေးကြောင်းများဖြင့် ပြည့်နှက်နေပါသော်လည်း သူ၏အကြည့်မှာ အမျက်ဒေါသများနှင့် မောက်မာဝင့်ကြွားမှုများ ချုပ်ငြိမ်းနေပြီး စူးရှစွာ တောက်ပနေ၏။ အကယ်၍ သူ၏ မျက်လုံးများကို သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ၎င်းတို့ထဲတွင် မီးဖိုကြီးတစ်လုံး ရှိနေသည့်ပုံ ပေါက်နေသည်ကို မြင်မည်ဖြစ်သည်။

မျက်လုံးများဖွင့်ကြည့်ပါက သူ့အား မြင်ရမည် ဖြစ်သော်လည်း မျက်လုံးများကို မှိတ်လိုက်လျှင်မူ မီးတဟုန်းဟုန်း တောက်လောင်နေသည့် နေမင်းကြီးမှာ မိမိရှေ့သို့ ရောက်လာသည့်အလား ခံစားလိုက်ရမည်ဖြစ်သည်။

အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ထိုလူကြီးထံမှ ပေါ်ထွက်နေသော ဖိအားမှာ ပါမောက္ခကြီး၏ စာသင်ချိန်က အလည်လာခဲ့သော အဆင့်မြင့်ကျွန်းမှ အကြီးအကဲကြီး ထက်ပင် များစွာ သာလွန်နေသည်ကို သေချာပေါက် သတိထားမိသွားမည်သာ ဖြစ်သည်။ သူ၏ ဖိအား အလွန် ကြောက်စရာကောင်းပြီး ကမ္ဘာကြီးကိုပင် မီးလောင်တိုက်သွင်းပစ်နိုင်လောက်သည့် အဆင့်တွင် ရှိနေ၏။

ထို့အပြင် ထိုအကြီးအကဲကြီး ရောက်ရှိလာမှုကို အဆင့်နိမ့်ကျွန်းမှ တစ်ယောက်တစ်လေပင် သတိမထားမိခဲ့ကြပေ။ သူသည် ဆန္ဒရှိပါက သူ့ကိုယ်သူပင် ဖုံးကွယ်ပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေပြီး ကောင်းကင်တာအိုကျောင်း တစ်ကျောင်းလုံးတွင် မည်သူကမှ သူ့ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ထိုလူကြီးမှာ ပြည်ထောင်စုဥက္ကဋ္ဌဟောင်းနှင့် ကောင်းကင်တာအိုကျောင်း၏ တစ်ဦးတည်းသော မဟာထိပ်သီးအကြီးအကဲကြီး ဖြစ်နေသောကြောင့် ဖြစ်သည်။

” မဆိုးဘူးပဲကွ။ အချိန်နည်းနည်း ပေးလိုက်ရပေမဲ့ အောင်မြင်တယ်လို့ သတ်မှတ်လို့ ရပါတယ် ”
အကြီးအကဲကြီးက ပြုံးကာ နူးညံ့သိမ်မွေ့သောလေသံဖြင့် ဆိုလိုက်၏။

သူ ထိုသို့ ဆိုလိုက်သောအခါ ထိပ်ပြောင်လူငယ်လေးမှာ ချက်ချင်းပင် နောက်သို့လှည့်လာ၏။ ထို့နောက် သူ၏နောက်တွင် ရှိနေသော အကြီးအကဲကြီးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မတ်တတ်ထရပ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုအသေပေးလိုက်၏။

” ဆရာ ”

” မင်း တာအိုကျောင်းရဲ့ အတန်းတင် စာမေးပွဲကြီးမှာ ဝင်ပါစရာ မလိုဘူး။ အဲဒါက တာအိုအလင်းဆောင်ဌာနက မဟုတ်တဲ့ လူတွေဝင်ပြိုင်ဖို့ သက်သက်ပဲ။ မင်းအတွက်က… ငါ မင်းကို တာအိုအလင်းဆောင်ဌာနက လူတွေပဲ သီးသန့် ကျင့်ကြံလို့ရတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ် ”
အကြီးအကဲကြီးက ထိုကဲ့သို့ ဆိုလိုက်ပြီး သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး မှုန်ဝါးသွား၏။ အရာအားလုံး ပြန်လည် ကြည်လင်လာသောအခါတွင်မူ အကြီးအကဲကြီးသာမက ထိုလူငယ်လေးပါ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးလာပြီး စာမေးပွဲများအတွက် စာရင်းပေးသွင်းထားကြသော တာအိုကျောင်းသား အားလုံးမှာ နေ့မအိပ် ညမအိပ် ကြိုးပမ်းကာ စာမေးပွဲအတွက် ပြင်ဆင်နေကြ၏။ စာမေးပွဲဖြေဆိုမည့် နေ့ရက်ကိုလည်း အတည်ပြုသတ်မှတ်လိုက်ပြီး ဖြစ်သည်။

နောက်ငါးရက်အကြာတွင် အတန်းတင်စာမေးပွဲကြီးများကို ဖြေဆိုတော့မည်ဖြစ်သည်။

ထိုအတောအတွင်း စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား အရေအတွက် အတိအကျ ထွက်ပေါ်လာ၏။ ယခုအခေါက်မှာ ထူးခြားသောကြောင့် သာမန်စာမေးပွဲများထက် အယောက်တစ်သောင်းကျော်ပင် ပို၍များနေသဖြင့် စုစုပေါင်း အယောက်ငါးသောင်းအထိ ရှိနေပြီဖြစ်သည်။

ထိုပိုများလာသော ကျောင်းသားအယောက် တစ်သောင်းကျော်မှာ ငါးနှစ်အတွင်း ဘွဲ့မရသေးပါသော်လည်း ကြိုးစားခွင့်ရှိသည်ဟု ယုံကြည်ထားကြသည့်သူများ ဖြစ်သည်။

တာအိုကျောင်းကြီးလေးကျောင်း၏ စုပေါင်းမှော်ဝင်နယ်မြေထဲသို့ ကျောင်းသားအယောက်တစ်ထောင်ခန့်သာ ဝင်ခွင့်ရမည်ဖြစ်သော်လည်း ထိုကဲ့သို့ အခွင့်အရေးမျိုးမှာ ရှားပါးသည်ဖြစ်ရာ မိမိကိုယ်ကို ယုံကြည်မှုရှိကြသည့် ကျောင်းသားများအားလုံးမှာ လက်လွှတ်မခံလိုကြဘဲ ထိပ်ဆုံးအယောက်တစ်ထောင်ထဲသို့ ရောက်အောင်လုပ်ရန် စိတ်ကူးထားကြသည်။

ထိပ်ဆုံးအယောက်တစ်ထောင်ထဲသို့ မရောက်နိုင်ခဲ့သဖြင့် စုပေါင်းမှော်ဝင်နယ်မြေ စစ်ဆေးပွဲထဲသို့ ဝင်ရောက်ခွင့် မရှိသူများမှာလည်း ကောင်းကင်တာအိုကျောင်း၏ ကိုယ်ပိုင် မှော်ဝင်နယ်မြေ စစ်ဆေးပွဲကို ဝင်ပြိုင်နိုင်ဦးမည် ဖြစ်သည်။ ထိုစစ်ဆေးပွဲ၏ အဆင့်မှာ အများကြီးပို၍ နိမ့်ပါးပြီး ရရှိနိုင်မည့် အရှည်လျားဆုံး ဝိညာဉ်အမြစ်မှာ ငါးလက်မသာ ရှိပါသော်လည်း လူအများစုအတွက်မူ ငါးလက်မမှာ လုံလောက်ပေသည်။

တချိန်တည်းမှာပင် ထိုကဲ့သို့ ဖြေဆိုမည့် လူအရေအတွက် များလာသောကြောင့် တာအိုကျောင်းကြီး လေးကျောင်းမှာ မှော်ဝင်နယ်မြေကို ဖွင့်နေချိန်တွင် ထို ကျောင်းသားပေါင်း ငါးသောင်းခန့်ရှိသော ပြိုင်ပွဲများနှင့် တိုက်ပွဲများကို ကောင်းကင်တာအိုကျောင်းထဲ၌သာ ကျင်းပမည် ဖြစ်သည်။ အခြားကျောင်းသားများစွာမှာမူ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးကို သူတို့၏ ကျောင်းသားဘဝတွင် တစ်ကြိမ်တည်းသာ ကြုံတွေ့ကြရမည် ဖြစ်သည်။

ထို့ကြောင့် စာရင်းပေးသွင်းထားခြင်း မရှိသော ကျောင်းသားများပင်လျှင် ထိုစာမေးပွဲကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။

” ဘယ်သူတွေကများ ထိပ်ဆုံးအယောက်တစ်ထောင်ထဲကို ပါသွားမလဲ မသိဘူး ”

” ပထမနှစ်တွေကိုတော့ ထည့်တွက်မနေနဲ့တော့။ ဒုတိယနှစ် ကျောင်းသားတွေထဲက ဝမ်ပေါင်လဲ့၊ ကျိုးရိဖန်၊ ကျောက်ယမုန့်နဲ့ တခြားလူတွေ အားလုံးမှာ အခွင့်အရေးရှိတယ် ”

” စီနီယာကျောင်းသားတွေကိုလည်း လျှော့တော့မတွက်နဲ့နော်။ တာအိုကျောင်းထဲကို စီနီယာကျောင်းသားတွေ ရောက်နေတာ သူတို့တွေထက် ပိုကြာနေတဲ့အပြင် သူတို့ထက်လည်း ပိုပြီးတော့ လေ့ကျင့်ထားကြတာ။ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံကြမှာ မဟုတ်ဘူး ”

တာအိုကျောင်းသားများ၏ လက်ဆုံစကားဝိုင်းများဖြစ်စေ၊ ဝိညာဉ်ကွန်ရက်ပေါ်တွင် ဆွေးနွေးငြင်းခုံကြခြင်းဖြစ်စေ ထို ငါးရက်အတွင်း စာမေးပွဲကြီး၏ အကြောင်းမှာ လူတိုင်း၏ နှုတ်ဖျားတွင် နေရာယူထားကြသည်။ ထိုစာမေးပွဲကြီးအကြောင်းကို တဖြည်းဖြည်းနှင့် လူပြောများလာကြပြီး နောက်ဆုံးတွင် ထိုစာမေးပွဲကြီး စတင်ကျင်းပမည့်နေသို့ ရောက်လာတော့သည်။

ထိုနေ့သို့ ရောက်လာသောအခါ တာအိုကျောင်းမှာ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်လိုက်သည်။

ပထမဦးဆုံး ကျင်းပမည့် အရည်အချင်းစစ်ပွဲတွင် ကျောင်းသားပေါင်းငါးသောင်းထဲမှ နှစ်ထောင်တိတိကို ရွေးချယ်မည်ဖြစ်သည်။

စာရင်းပေးသွင်းထားသည့် ကျောင်းသားခေါင်းဆောင်များမှာမူ ထို အရည်အချင်းစစ်ပွဲထဲတွင် ဝင်ပြိုင်စရာမလိုပေ။ သူတို့မှာ ထိုစစ်ဆေးပွဲများ ပြီးသွားလျှင် ရွေးချယ်ခံထားရသော ကျောင်းသားနှစ်ထောင်ထဲသို့ ချက်ချင်း ရောက်သွားမည်ဖြစ်သည်။

နောက်ထပ်တစ်ဆင့်မှာ ထိုအယောက်နှစ်ထောင်ထဲမှ ထိပ်ဆုံးအယောက်တစ်ထောင်ကို ရွေးချယ်ရန်ဖြစ်သည်။ ထိုသို့ရွေးချယ်မည့် နည်းလမ်းမှာလည်း ရှုပ်ထွေးမှုမရှိပေ။ ထို ကျောင်းသားအယောက်နှစ်ထောင်မှာ မဲများနှိုက်၍ ပြိုင်ဘက်များကို ရွေးချယ်ကာ ငါးပွဲတိတိ တိုက်ခိုက်ရမည်ဖြစ်သည်။

ထိုတိုက်ပွဲများကို ကောင်းကင်တာအိုကျောင်းရှိ ဌာနအသီးသီး၏ တောင်ထိပ်များပေါ်တွင် ကျင်းပမည်ဖြစ်ပြီး တိုက်ခိုက်ရေးကွင်းပေါင်း တစ်ရာနီးပါးခန့် ရှိမည်ဖြစ်သည်။ အလားတူပင် မိမိ တိုက်ခိုက်ရမည့် တိုက်ခိုက်ရေးကွင်းများကိုလည်း မဲများနှိုက်ကာ ရွေးချယ်ရမည်ဖြစ်သည်။

နောက်ဆုံးအဆင့်များ သတ်မှတ်ရာတွင်မူ ငါးပွဲစလုံး အနိုင်ရရှိသောသူများမှာ ထိပ်ဆုံးအယောက်တစ်ထောင်တွင် ပါနေမည်မှာ အသေအချာပင် ဖြစ်သည်။ လေးပွဲနိုင်ကာ တစ်ပွဲရှုံးသော လူများမှာလည်း ထိပ်ဆုံးအယောက်တစ်ထောင်သို့ အခက်အခဲမရှိ ဝင်နိုင်မည်သာဖြစ်သည်။ အခြားသူများမှာမူ ကျန်ရှိနေသော နေရာများအတွက် ထပ်၍ တိုက်ခိုက်ရမည် ဖြစ်သည်။

ထိုကဲ့သို့သော ပြိုင်ပွဲမျိုးကြောင့် အဆင့်တစ်နေရာ ရရှိသူကို အတိအလင်း သိနိုင်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုလျှင် အဆင့်တစ် ရရှိသူပင် ရှိမည်မဟုတ်ဘဲ ထိပ်ဆုံးအယောက်တစ်ထောင်သာ ရှိနေမည်ဖြစ်သည်။ ထို့အပြင် ဤစာမေးပွဲတွင် ကံမှာလည်း အရေးကြီးသော ကဏ္ဍတစ်ခုမှ ပါဝင်နေ၏။

စည်းမျဉ်းစည်းကမ်းများအား ကြေညာကာ စာမေးပွဲစတင်လိုက်ပြီးနောက် သိပ်မကြာခင် ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းရှိ ကျောင်းသားများအားလုံး၏ စိတ်ဓာတ်တက်ကြွမှုများမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားတော့သည်။ စာမေးပွဲကြီးထဲတွင် ဝင်ရောက်ဖြေဆိုခွင့် ရရှိခဲ့သည့် လူများမှာလည်း ထို တိုက်ခိုက်ရေးကွင်းပေါင်း တစ်ရာနီးပါးထဲတွင် စတင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြတော့သည်။

ထိုသို့ဖြင့် တိုက်ပွဲများမှာ တစ်ပွဲပြီးတစ်ပွဲ စတင်နေပြီဖြစ်သည်။ ဆရာများမှာလည်း ထိုတိုက်ပွဲများတွင် ဒိုင်အဖြစ် ဆောင်ရွက်ပေးရန်နှင့် ထိခိုက်ဒဏ်ရာရမှုများ မရှိရလေအောင် ဂရုစိုက် ပြင်ဆင်ပေးရသည်ဖြစ်ရာ အလုပ်ရှုပ်နေကြ၏။

ချက်ချင်းဆိုသလိုပင် တာအိုကျောင်းထဲရှိ တိုက်ခိုက်ရေးကွင်းများထဲ၌ အော်ဟစ်သံများဖြင့် ဆူညံသွားတော့သည်။ ကျောင်းသားများ၏ အားပေးသံများမှ ပဲ့တင်ထပ်သံများကြောင့် အဆင့်နိမ့်ကျွန်းတစ်ကျွန်းလုံးမှာ တုန်ရီနေ၏။

ဝမ်ပေါင်လဲ့မှာမူ နတ်ဝိဇ္ဇာဂူထဲတွင် တစ်နေကုန် တံခါးပိတ်လေ့ကျင့်နေခြင်း မရှိဘဲ တိုက်ခိုက်ရေကွင်းများထဲမှ အခြားတိုက်ပွဲများကို သွား၍ကြည့်နေသည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ အခြားဌာနမှ ကျောင်းသားများ၏ တိုက်ပွဲများကို ကြည့်ရှုရန်ဖြစ်သည်။ သူသည် သူ၏ တိုက်ပွဲများထဲတွင်လည်း အခြားဌာနမှလူများနှင့် သေချာပေါက် တိုက်ခိုက်ရမည်ဖြစ်ကြောင်း နားလည်ထားသည် မဟုတ်ပါလော။

” မန္တန်အစီအရင်ဌာန၊ ထောင်ချောက်ဌာန၊ မှော်ဆေးရည်ဌာန… အဲ့ဌာကလူတွေ ဘယ်လိုတိုက်ခိုက်သလဲဆိုတာကို နားလည်အောင် လုပ်ထားဖို့ လိုအပ်တယ်။ အဲဒါမှ ငါ နိုင်ဖို့အခွင့်အလမ်းတွေ ပိုများလာမှာ ”
ဝမ်ပေါင်လဲ့မှာ သူတို့ကို လျှော့တွက်၍ မရကြောင်း သိထား၏။ ထို့ကြောင့် သူသည် မုန့်များကိုစားသုံးရင်း တိုက်ခိုက်ရေးခွင်းများ၏ အနီးတွင်ရပ်ကာ ထိုတိုက်ပွဲများကို အာရုံစိုက်၍ အကဲခတ်ကြည့်ရှုနေတော့သည်။

တိုက်ပွဲပေါင်းများစွာကို တစ်ပြိုင်နက်တည်း ကျင်းပသည်ဖြစ်ရာ သူသည် နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်သွားသောအခါတွင် ဝိညာဉ်ကွန်ရက်ပေါ်၌ ရုပ်သံမှတ်တမ်းများကို ရှာဖွေကာ ရှင်းရှင်းလင်းလင်း နားလည်သွားသည်အထိ လေ့လာနေလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွားပြီး နောက်ဆုံးတွင် လူအယောက်ငါးသောင်းကျော်ထဲမှ အယောက်နှစ်ထောင်သာ ကျန်ရစ်ခဲ့တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset