အခန်း (၂၉)

နှလုံးသားမှစကားသံ

အခန်း (၂၉) နှလုံးသားမှစကားသံ

ရွှီအိမ်တော်မှာ ဆန်းအိမ်တော်ထက်ပင် ပိုပြီး ခမ်းနားလေသည်။ တံခါးဝတွင် ခြင်္သေ့ရုပ်ကြီး များဖြင့် အလှဆင်ထားသည်။

အိမ်တော်ထဲတွင် သစ်ပင် ပန်းမာန်များတော့ မရှိပေ။ သာမန်ထက် ပိုပြီး အသုံးအဖြုန်း ကြီးသည့် မိသားစုတစ်ခု ဖြစ်ပုံ ရလေသည်။  ဘာကြောင့်မှန်း မသိ ဆန်းလျန်မှာ စိတ်ကသိကအောက်ဖြင့် ဒေါသ ထွက်နေမိသည်။

သို့သော် သူက စိတ်ကိုထိန်းကာ ဒေါသထွက်သည့် ဟန်တော့ မပြပေ။

ရွှီအိမ်တော်မှာ ဆန်းအိမ်တော်ထက် စောပြီး တည်ထောင်ခဲ့သည့် အိမ်တော်တစ်ခု ဖြစ်လေသည်။ အိမ်တော်ကြီးမှာ အလွန်ကြီးမား ခမ်းနားလှသည်။ ဆန်းအိမ်တော်ထက်ပင် ပိုပြီး ခမ်းနားလေသည်။ သို့သော် ဗိသုကာပိုင်းတွင်တော့ သိပ်ပြီး ပညာသားမပါလှပေ။

အိမ်တော်ထဲသို့ ဝင်မိလေ ဆန်းလျန်မှာ ပိုပြီး ဒေါသ ထွက်လာမိလေ ဖြစ်လေသည်။ အိမ်ထဲရှိ လေထုမှာ သစ္စာမရှိခြင်း၊ဖောက်ပြန် ပျက်စီးခြင်း အရိပ်အငွေ့များဖြင့် ပြည့်နှက် နေလေသည်။ ထို အရိပ်အငွေ့များက မသတီစရာ ကောင်းစွာ ဆန်းလျန်ကို တိုက်ခိုက် နေကြလေသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ဆန်းလျန်မှာ မကောင်းမိစ္ဆာများနှင့် ပတ်သက်လျှင် အာရုံခံစားမှု အလွန် ကောင်းသည့်အတွက် ဖြစ်လေသည်။ သူ့နှလုံးသားထဲတွင် စိတ်အာရုံ လွှဲပြောင်း၍ မရလောက်အောင် ဖြစ်နေပြီး ရွှီအိမ်တော်မှ မိစ္ဆာ အငွေ့အသက်များမှာ သူ၏ အာရုံကို များစွာ နှောင့်ယှက်နေလေသည်။

ထို့ပြင် သာမန်လူများမှာ သူတို့၏ လောဘနှင့် ရမ္မက်စိတ်များကို မည်သို့ ထိန်းချုပ်ရမည်ကို မသိကြပေ။ ထိုသူများကို နတ်မိစ္ဆာများက နှောက်ယှက်လျှင်တောင်မှ သိပ်ပြီး သတိ မထားမိကြသည့် မဟုတ်ပေ။

အနည်းငယ် ဆက်သွားလိုက်တော့ ပန်းချီပြခန်း တစ်ခုသို့ ရောက်ရှိ လာလေသည်။ ထိုအခန်းထဲတွင် ဆန်းလျန် တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။ ထိုသို့ ထိုင်နေစဉ် အရှေ့တောင်ဘက်တွင် အနက်ရောင် မြူခိုးငွေ့များ ရစ်သိုင်း နေသည်ကို ဆန်းလျန် တွေ့လိုက်ရလေသည်။

ထိုအနက်ရောင် အငွေ့များကို သာမန် လူတစ်ယောက်ဆိုလျှင် မြင်ရမည် မဟုတ်ပေ။ ဆန်းလျန်၏ စိတ်အာရုံ ခံနိုင်သည့် အစွမ်းကြောင့်သာ ထို မိစ္ဆာငွေ့များကို မြင်ရခြင်း ဖြစ်လေသည်။

အမှန်တော့ သာမန် မျက်လုံးဖြင့် မြင်သည့် အရာများကို ဦးနှောက်မှ အဆုံးအဖြတ် ပေးလေသည်။ ထို့ကြောင့် မျက်လုံးမှ အမှန်တကယ် မြင်ခြင်းနှင့် လက်တွေ့ဖြစ်ရပ်မှာ အနည်းငယ် ကွာခြားတတ်လေသည်။

လောကတွင် မြင်တွေ့ရခြင်းနှင့် ကြားသိရခြင်းများမှာ လွန်စွာမှ ရှုပ်ထွေးလှလေသည်။ နတ်ဘုရားများပင်လျှင် အရာအားလုံးကို အမှန်အတိုင်း မသိမြင်နိုင်ကြပေ။

ထို့ပြင် လုပ်ဆောင်ရသည့် အချက်အလက် များပြားသွားလျှင် ဦးနှောက်မှာ ဝန်ပိပြီး ရပ်တန့် သွားတတ်လေသည်။

သို့သော် လူတစ်ယောက်၏ နှလုံးသားကတော့ ဦးနှောက်ကဲ့သို့ အချက်အလက်များစွာ လက်ခံထားနိုင်ခြင်း မရှိပေ။ သို့သော် နှလုံးသားကတော့ မတူညီသည့် ရှုထောင့်မှ သိမြင် ခံစားနိုင်သည့် စွမ်းရည်ရှိလေသည်။

ရွှီဟုန်က ပန်းချီပြခန်းထဲသို့ အသက် သုံးဆယ်ခန့် အမျိုးသမီးတစ်ဦးနှင့်အတူ ပြန်လည် ရောက်ရှိလာလေသည်။

အမျိုးသမီးမှာ သေးသွယ်သောခါး၊ လှပသောပခုံးများနှင့် ဖြူစင်သော အသားအရေ ရှိလေသည်။ သူမက ပြုံးပြလိုက်သည့် အခါတွင် မျက်ဝန်းများ၏ အလှကပိုပြီး ပေါ်လွင် သွားရလေသည်။

လှပသော အမျိုးသမီးမှာ ယောက်ျား ပီသပြီး ချောမောသော ဆန်းလျန်ကို မြင်တွေ့ လိုက်ရသည့် အခါ ရင်ခုန် သွားရလေသည်။

“မင်းကို စောင့်ခိုင်းထားရတာ တောင်းပန်ပါတယ်။အဲဒါ မင်းအဒေါ် ကြောင့်ပဲပေါ့။ မင်းလာတယ် ဆိုတာနဲ့ သူမက ဝတ်စားပြင်ဆင်နေတာ မပြီးတော့ဘူး။မင်းက ငါတို့ မိသားစုဝင်ပါပဲ။ ဒီလောက် ပြင်ဆင်နေဖို့ မလိုဘူးပြောလည်း မရဘူးလေ။မင်းက မိသားစုဝင် ဖြစ်လို့ ပိုပြီး အလေးထားရမယ်လို့ သူက ပြောနေတာ”

ရွှီဟုန်က ဇနီးဖြစ်သူအတွက် ဂုဏ်ယူသည့် လေသံနှင့် ပြောလိုက်သည်။ မည်သူမဆို ယခုလို ချောမော လှပသည့် ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ထားလျှင် ဂုဏ်ယူမည် ဖြစ်ပေသည်။

ရွှီဟုန်မှာ ဝူထုန် နတ်ဘုရားများကို မေ့လျော့နေခဲ့လေသည်။

လှပသော အမျိုးသမီး၏ ခန္ဓာကိုယ်မှ သင်းရနံ့လေးက သူမ၏ ခံစားချက်များကို ဖော်ပြ နေလေသည်။ ဆန်းလျန်မှာ ထိုအချက်ကို လုံးဝ သဘောမကျမိပေ။ သူ့ စိတ်များမှာ ပိုပြီး ကသိကအောက်ဖြစ်ကာ မကြည်မလင် ဖြစ်နေရ လေသည်။ ရွှီဟုန်၏ ဇနီးဖြစ်သူ ယန်သခင်မ ဆီမှ ထွက်ပေါ်နေသည့် မိစ္ဆာ အငွေ့အသက်များမှာ ရွှီဟုန်ဆီမှ ထွက်ပေါ်နေသည့် မိစ္ဆာ အငွေ့အသက် များထက်ပင် ပိုပြီး ပြင်းထန် နေသေးသည် မဟုတ်ပါလား။

ဆန်းလျန်က ရွှီဟုန်နှင့် သူ၏ ဇနီးဖြစ်သူကို အေးဆေးစွာပင် ကြည့်လိုက်သည်။ နတ်ဆိုးမိစ္ဆာမှာ ရွှီအိမ်တော်တွင် ရှိနေသည်မှာ သေချာနေလေပြီ။

“ဦးလေးရွှီရဲ့ အိမ်တော်ကြီးက တကယ် အကြီးကြီးပဲ။ကျွန်တော် လျှောက်ကြည့်လို့ ရမလား။ တောင်ဘက်ပိုင်းက နေရာတွေကို ကြည့်ရတာ အေးချမ်း ဆိတ်ငြိမ်မယ့်ပုံပဲ”

တောင်ဘက်ပိုင်း နေရာများမှာ မကောင်းသည့် အငွေ့အသက်များကို အပြင်းထန်ဆုံး ခံစားနေရသည့် နေရာဖြစ်လေသည်။ အနက်ရောင် မြူခိုးငွေ့များမှာ ထိုနေရာတွင် အလွန်ထူထပ် နေလေသည်။ ကြည့်ရသည်မှာ မကောင်းဆိုးဝါး ပုန်းခိုနေသည့် နေရာ ဖြစ်ပုံရလေသည်။

ထိုနေရာတွင် လူသံလည်း မကြားရသည့်အပြင် ကျေးငှက်များ၏ အော်သံပင် မကြားရပေ။ ငှက်များပင် ထိုနေရာသို့ ပျံသန်း သွားရောက်ကြသည့်ပုံ မပေါ်ပေ။ ထိုနေရာတွင် ခေါင်မိုး တစ်ခု၏ ထောင့်စွန်းလေးကို မြင်နေရပြီး ဝတ်ကျောင်းတော် တစ်ခု၏ အမိုးနှင့် ဆင်တူလေသည်။

ဆန်းလျန် စကားကြောင့် ယန်သခင်မ၏ ပန်းနုရောင် မျက်နှာလေးမှာ သွေးဆုတ်ဖြူရော် သွားပြီး ရွှီဟုန်မှာလည်း အံ့သြတုန်လှုပ် သွားရလေသည်။

“ဆန်းလျန်က တောင်ပေါ်မှာ နှစ်နှစ်လောက် ကျင့်စဉ်တွေ ကျင့်ကြံလာတာ၊ သူ့ကြည့်ရတာ ဘာအစွမ်းအစမှ မရှိသေးတဲ့ လူငယ်လေးလို့ ထင်ရပေမယ့် ဝူထုန် နတ်ဘုရားတွေရဲ့ နေရာကိုတောင် သိနေပါ ပေါ့လား”

ဟု ရွှီဟုန် တွေးလိုက်မိလေသည်။

ဆန်းလျန်သာ နတ်ဘုရားများနှင့် ပတ်သက်ပြီး အပြစ် တစ်စုံတစ်ရာ ပြုမိပါက ဆန်းလျန် ဆန်းအိမ်တော်သို့ ပြန်သွားသည်နှင့် အပြစ်ပေး ခံရမည့်သူမှာ ရွှီဟုန်သာ ဖြစ်လေသည်။ ဆန်းလျန်မှာလည်း တာအိုကျင့်စဉ် ကျင့်ကြံခဲ့သည့် နှစ်နှစ် အချိန်လေးဖြင့် နတ်ဆိုးများကို နှိမ်နင်း နိုင်ရန်မှာ အလွန်ပင် အသက် ငယ်နေသောကြောင့် ယုံရခက် ဖြစ်နေရလေသည်။

ဆန်းလျန်ကို ကူညီမည့်သူ ရှိကောင်းရှိပေ လိမ့်မည်။ မည်သို့ပင် ဖြစ်စေ အခြေအနေကို စောင့်ကြည့်ရန် ရွှီဟုန် ဆုံးဖြတ်လိုက်လေသည်။ ဆန်းလျန်မှာ ရွှီအိမ်တော်မှ နတ်ဆိုးများကို တကယ်ပင် မောင်းထုတ်နိုင်မည် ဆိုလျှင်တော့ သူတို့အတွက် ဝမ်းသာစရာပင် ဖြစ်လေသည်။

“အိမ်ကြီးက အရမ်းကြီးပြီး နေတဲ့သူက နည်းတယ်လေ။အဲဒီ အရှေ့တောင်ဘက်က လူမနေဘူး။ မင်း ကြည့်ချင်တယ် ဆိုရင်တော့ အစားအသောက်တွေ စားပြီးရင် သွားကြည့်လို့ ရပါတယ်”

ရွှီဟုန်က ပြုံးပြီး ပြောလိုက်လေသည်။

ယန်သခင်မက ရွှီဟုန်၏ လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူမ နဖူးထက်တွင် ချွေးစေးများ ပျံနေလေသည်။

ဆန်းလျန်က တောင်ဘက်ပိုင်းကို မသွားလျှင်တောင်မှ ရွှီဟုန်ကတော့ ဆန်းလျန်ကို အတင်း သွားခိုင်းမည်ဟု ဆုံးဖြတ်ထားလိုက် လေတော့သည်။

ရွှီအိမ်တော်မှ အစားအသောက်များ အလွန်ကောင်းသည် ဆိုသည့်စကားမှာ ရွှီဟုန်က ကြွားဝါ ပြောဆိုခြင်း မဟုတ်ပါ။ တကယ်ပင် ကောင်းမွန်ခြင်း ဖြစ်လေသည်။

တူညီနေသည့် ဟင်းတစ်မျိုးတည်း ကိုပင် လှီးဖြတ်ထားသည့် ပုံစံမတူ၊ မီးအပူပေးခြင်း မတူဘဲနှင့် အရသာနှစ်မျိုး ကွဲပြားအောင် ထူးကဲစွာ ချက်ပြုတ် ထားလေသည်။

အမဲသားကိုပင်လျှင် အလတ်ဆတ်ဆုံး အသားနှင့် အချိုဆုံး အသားနှစ်မျိုး ခွဲချက် ထားလေသည်။ အသားအနံ့ မွှေးနေစေရန်လည်း အထူး ပြုလုပ်ထားပြီး မီးအပူ ညီမျှစွာဖြင့် ချက်ပြုတ် ထားသောကြောင့် အသားမှာ အရမ်းနူးအိနေခြင်း မရှိသည့်တိုင် ရှားပါးသည့် အရသာမျိုးကို ခံစား ရလေသည်။

အသားဖတ်မှာ လျှာထဲသို့ ပျော်ဝင်သွားပြီး အသားကို မျိုချ လိုက်သည့်တိုင် မွှေးရနံ့က လျှာပေါ်တွင် စွဲထင် နေသေးသည်။

ဆန်းလျန်မှာ ဤမျှ ကောင်းမွန်သည့် အစားအသောက်များကို သူ့ဘဝ နှစ်ခုလုံးတွင် မစားခဲ့ဖူးပေ။ ဟင်းလျာများမှာ တကယ်ပင် စွဲမက်စရာ ဖြစ်လေသည်။

ကောင်းသည်ဆိုသည် ထက်ပင် ပိုလေသည်။

“ထမင်းစားတုန်း ဘာလို့ဓားကြီး ကိုင်ထားရတာလဲ။စားရတာ ဘယ်အဆင်ပြေပါ့မလဲ”

ယန်သခင်မက မေးလိုက်သည်။

ဆန်းလျန်၏ ခါးတွင် ချိတ်ထားသည့် နှစ်ပေကျော်ခန့် ရှည်သည့် ဓားကို သူမက ကြည့်ပြီး ပြောလိုက်ခြင်း ဖြစ်လေသည်။  ဓားရိုးမှာ အစိမ်းရောင် ဖြစ်ပြီး မည်သည့် အမှတ်အသားမှ မရှိပေ။  ဓားအသစ်တစ်လက် ဖြစ်ဟန် တူလေသည်။

ရွှီဟုန်မှာလည်း ထိုဓားကို အစကတည်းကပင် သတိထား မိနေခြင်း ဖြစ်ပြီး ယန်သခင်မ အမေးကို စောင့်နေခြင်း ဖြစ်လေ သည်။

“ဒီဓားက တကယ်တော့ သစ်သားနဲ့ လုပ်ထားတာပါ”

ဆန်းလျန်က ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်။ တကယ်ပင် သစ်သားဓား တစ်ချောင်းဖြစ်ပြီး စန္ဒကူးရနံ့ သင်းပျံ့ နေလေသည်။

“မင်းက ခုထိသစ်သားဓားနဲ့ ကစားနေသေး တာလား”

ယန်သခင်မက သူမပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်မောလိုက်လေသည်။

“ယောက်ျားကောင်းတွေက ဓားကိုင်ကြတယ် မလား။ ကျွန်တော်လည်း သူတို့ကို အတု ခိုးထားတာပေါ့”

ဆန်းလျန်က ပုံမှန်အတိုင်းပင် ပြန်ပြော လိုက်သော်လည်း မယဉ်ကျေးသည့် ပုံစံမျိုးတော့ မဟုတ်ပါ။ သူ၏ ကလေးတစ်ယောက်ပမာ နုနယ်သော မျက်နှာလေးကို ကြည့်ပြီး ယန်သခင်မ ရယ်မော လိုက်မိ လေတော့သည်။

“အချစ်လေး ဘာများ ရယ်စရာ ရှိလို့လဲ”

စူးရှရှယောက်ျားသံ တစ်သံက မေးလိုက်ခြင်း ဖြစ်လေသည်။ ထိုအသံကြောင့် အခန်း တစ်ခုလုံးမှာ အေးစက်သွားပြီး အခန်းတွင်း အပူချိန်များ ချက်ချင်း လျော့ကျသွားသလို ခံစား လိုက်ရလေသည်။

ရုပ်ရည် ချောမောလှပသည့် စာပေသမား လူငယ်တစ်ယောက် အခန်းထဲသို့ ဝင်လာလေသည်။ ထိုလူငယ်ကို တွေ့သည်နှင့် ယန်သခင်မမှာ ကြောက်လန့် နေလေတော့သည်။

ရွှီဟုန်မှာတော့ များစွာ တုန်လှုပ်သွားပုံ ရလေသည်။ ဝူထုန် နတ်ဘုရားတစ်ပါး ဖြစ်သည့် ကပ်ရောဂါ နတ်ဘုရား ရောက်လာလိမ့်မည်ဟု သူမျှော်လင့် မထားမိပေ။

လူငယ်မှာ အလွန် မောက်မာပုံ ရလေသည်။ သူက ယန်သခင်မ၏ သေးသွယ် လှပသော ခါးလေးကို လှမ်းဖက်လိုက်ပြီး ရွှီဟုန်ကိုတော့ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ သူက ရိုင်းစိုင်းစွာဖြင့် စားပွဲပေါ်သို့ တက်ထိုင် လိုက်လေသည်။ သူ၏ အပြုအမူများမှာ စာပေသမား တစ်ယောက်နှင့် လားလားမျှ မတူပါ။ ဓားပြ တစ်ယောက်နှင့်ပင် တူနေလေသည်။

အဖြစ်အပျက်များက ရုတ်တရက် ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး ဆန်းလျန်ကတော့ ကြောက်လန့်သွားခြင်း မရှိခဲ့ပါ။ သူ့ရင်ထဲတွင်တော့ စိတ်ကသိကအောက် ဖြစ်ကာ မကြည်မလင် ခံစားနေရဆဲ ဖြစ်လေသည်။

“မင်းသိလား။ကျုပ်က ထမင်းစားနေတုန်း နှောင့်ယှက်တာကို မကြိုက်ဘူး”

ဆန်းလျန်က လူငယ်ကို ခပ်အေးအေးပင် ပြောလိုက်သည်။

ရွှီဟုန်မှာ ကြမ်းပြင်ပေါ်တွင် နာကျင်စွာဖြင့် အော်ဟစ်ရင်း လဲကျနေပြီး ယန်သခင်မ၏ မျက်နှာတွင်တော့ ကြောက်ရွံ့မှုက အထင်းသား ပေါ်လွင်နေလေသည်။ သို့သော် ဆန်းလျန်ကတော့ မည်သို့မျှ မဖြစ်ပေ။

အိပ်မက်ထဲတွင် သူတို့ ပထမအကြိမ် တိုက်ခိုက်ခဲ့ဖူး ကြစဉ်က အနိုင်အရှုံး မသဲကွဲ ခဲ့သော်လည်း ဆန်းလျန်ကတော့ အသာစီး ရခဲ့လေသည်။

ယခုတော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့ကြပြီ။ ဆန်းလျန်က လူငယ်ထံမှ မည်သည့် ဖိအားကိုမျှ မခံစားရပေ။ စိတ်အနှောင့်အယှက် ဖြစ်ခြင်းကိုသာ ခံစားနေရလေသည်။

ထို ခံစားချက်ကြီးကို ဆန်းလျန် မကြိုက်ပေ။

ကျင့်ကြံသူ တစ်ယောက်၏ အတွေးများမှာ ရှင်းလင်း နေသင့်သည်။ တောင်တွေးမြောက်တွေး ဖြင့် စိတ်များ ရှုပ်ထွေးနေခြင်းမျိုး မဖြစ်သင့်ပေ။ ကျင့်ကြံသူ တစ်ယောက်မှာ စိတ်အလိုသို့ မလိုက်ဘဲ ထိန်းချုပ် သင့်လေသည်။ အစွဲအလမ်းများ၏ နှောင့်ယှက်ခြင်း မခံရသင့်ပေ။

လူငယ်၏ စိတ်ဝိညာဉ်မှာ အားကောင်းသော်လည်း မကောင်းမိစ္ဆာ ရမ္မက်ဆန္ဒများဖြင့် ပြည့်နေ လေသည်။ မကောင်းသည့် အငွေ့အသက်များ သူ့ထံမှ ထွက်ပေါ်နေလေသည်။

ထိုလူငယ်မှ ဘာကြောင့် ရူးသွပ်သွားခြင်း မရှိသေးသည်ကို ဆန်းလျန် နားမလည်နိုင် ဖြစ်နေ ရသည်။ သူ၏ အာရုံခြောက်ပါးမှာ မသန့်စင်သည့် တိုင်အောင် စိတ်အာရုံ ပျံ့လွင့်ခြင်း များကိုတော့ ထိန်းချုပ် ထားနိုင်ပုံ ရလေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset