ထိုနေ့က အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်၏ လေဆိပ်ထဲတွင် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ၎င်းမှာ ကောင်းကင်ယံထဲမှ မြည်ဟည်းထွက်ပေါ်လာခြင်းဖြစ်ပြီး မြို့တော်တစ်ခုလုံး ပဲ့တင်ထပ်သွား၏။
ထို့နောက် ကောင်းကင်ယံတွင် လေပြင်းများ အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်လာပြီး ဖိနှိပ်အားကောင်းသော အငွေ့အသက်တစ်မျိုး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။
ထိုကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် ဖိနှိပ်အားကောင်းသော အငွေ့အသက်တို့ကြောင့် လေဆိပ်ထဲရှိ ဝန်ထမ်းများမှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။ သူတို့မှာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသောအခါ သူတို့၏တစ်ဘဝလုံးတွင် လုံးဝမမြင်ဖူးသော သင်္ဘောပျံကြီးတစ်စင်း တဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
၎င်းအား သင်္ဘောပျံတစ်စင်းဟုပင် ခေါ်၍မရတော့ပေ။ ၎င်းမှာ ပေတစ်သောင်းခန့် ရှည်လျားကာ ၎င်း၏ ပုံစံမှာ ခံတပ်တစ်ခုနှင့် တူနေပြီး အဝေးမှ ကြည့်လိုက်ပါက ၎င်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှစွာ တောက်ပနေ၏။ ၎င်းအား ကြည့်မိလိုက်သည့် လူတိုင်း မျက်ရည်များ ယိုလာရသည် အထိပင်။
ထို့ကြောင့် ၎င်းမှာ အသေးစား နေမင်းတစ်စင်းနှင့်ပင် တူနေတော့သည်။
လေဆိပ်မှဝန်ထမ်းများနှင့် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ထဲမှ မြို့သူမြို့သားများအပြင် လမ်းသွားလမ်းလာ မြောက်မြားစွာမှာ ထိုခံတပ်နေမင်းကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းအား ချက်ချင်းပင် သတိထားမိလိုက်ကြ၏။
” ဘုရားရေ… ဘာကြီးလဲဟ ”
” ကြည့်ရတာ ကြယ်တစ်စင်းနဲ့တူတယ်။ ဒါပေမဲ့ သူ့ရဲ့အရွယ်အစားက ထူးဆန်းနေသလိုပဲ…. ”
ထိုအချိန်တွင် နယ်မြေဆယ့်နှစ်ထဲရှိ မြူခိုးတာအိုကျောင်း၏ ပြည်သူ့ရင်ပြင်ပေါ်တွင် ဝမ်ပေါင်လဲ့မှာ ကျင့်သိုကျစ်နှင့် အခြားကျောင်းသားများ၏ ကျင့်ကြံခြင်းလုပ်ငန်းများကို ကြီးကြပ်ညွှန်ကြားပေးနေ၏။ သူသည်လည်း ကောင်းကင်ယံထဲရှိ စူးရှတောက်ပသော အလင်းတန်းကြီးကို မြင်လိုက်ရသောအခါ ကြက်သေသေသွားရသည်။
” ဗုံးပေါက်တာလား ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အမူအရာ တင်းမာသွား၏။ ကျင့်သိုကျစ်မှာလည်း အလောတကောနှင့် ခေါင်းမော့ကြည့်လိုက်ပြန်သည်။ သူသည် တစ်ခေါက်ကြည့်ပြီးသွားပြီ ဖြစ်ပါသော်လည်း မသေချာသေးသောကြောင့် နောက်ထပ်တစ်ကြိမ်ထပ်၍ သေသေချာချာ ကြည့်ရှုအကဲခတ်လိုက်ပြန်သည်။ ထို့နောက် သူသည် မှုန်ကုပ်ကုပ်နဲ့ ဆိုလိုက်၏။
” ကျောင်းအုပ်။ ဒါ ဗုံးပေါက်တာမဟုတ်ဘူး။ ဟို ဂြိုဟ်ကောင် ကျင့်သိုမင် ရောက်လာတာ။ သူက ကြွားရတာ သိပ်ကြိုက်တာမလို့ အခု သူ့ရဲ့ခံတပ်ကြီးကိုစီးပြီး ရောက်လာတာဗျ ”
” သိပါတယ် ဗုံးမဟုတ်ဘူးဆိုတာကို ”
ဝမ်ပေါင်လဲ့မှာ စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ဆိုလိုက်ပြီးမှ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် သိချင်ဇောနှင့် မေးလိုက်ပြန်သည်။
” ကျင့်သိုမင်က မင်းရဲ့အစ်ကိုလား ”
” ကျောင်းအုပ်ရယ်။ ကျောင်းအုပ်ရဲ့အမြင်မှာ ကျနော် ဒီလောက်တောင် အိုနေပြီလားဗျ။ ကျင့်သိုမင်က ကျနော့် ဦးလေးပါ။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်က လုံးဝမတူပါဘူး။ သူက အသုံးအဖြုန်းကြီးတဲ့ အရူးတစ်ယောက်။ ကျနော်ကတော့ သူ့ထက်အများကြီး ပိုတော်တယ်၊ ကျနော်က ပိုက်ဆံကို မလိုဘဲနဲ့ မသုံးဘူး ”
ကျင့်သိုကျစ်မှာ သက်ပြင်းချကာ ထိုသို့ဆိုလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ ဂုဏ်ယူမိသွားသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ ကျင့်သိုကျစ်အား အထူးတဆန်းကြည့်လိုက်ပြီး ချောင်းဟန့်ကာ ဆိတ်ငြိမ်နေလိုက်၏။ သူသည် ကျင့်သိုမင်၏ ရောက်ရှိလာမှုအကြောင်းကို သိချင်နေခြင်းဖြစ်သည်။ သူတို့နှစ်ယောက်မှာ လပေါ်တွင် ဆုံခဲ့ကြသည်ဖြစ်ပြီး ထိုလူငယ်လေးမှာ သူ၏ ဓမ္မလက်နက်နှင့် အလဲအလှယ်လုပ်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့အတွက် တန်ဖိုးမဖြတ်နိုင်သည့် အကူအညီများကို တစ်ဖက်တစ်လမ်းမှနေ၍ ပေးကမ်းခဲ့သည်ဟုပင် သတ်မှတ်နိုင်ပေသည်။
” ကျင့်သိုမင်ပါ ရောက်လာပြီဆိုတော့အင်္ဂါဂြိုဟ်ပေါ်မှာ လူတွေတော်တော် များလာပြီပဲ။ ငါ အခွင့်အရေးရရင် သူ့ဆီ သွားလည်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်၏။ သူ၏ဘေးတွင်မူ ကျင့်သိုမင်မှာ ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲ၌ ပျံဝဲနေသော ခံတပ်ကြီးအားကြည့်၍ နှာမှုတ်လိုက်၏။
” ကျနော်ဦးလေးဆီမှာ ဝါသနာတွေအများကြီးဗျ။ သူက မိန်းမချော မိန်းမလှလေးတွေဆိုရင် အရူးအမူးပဲ။ ကျနော့်အထင်တော့ သူ အင်္ဂါဂြိုဟ်ပေါ်က ကောင်မလေးတစ်ယောက်ယောက်ကို မျက်စိကျနေတာပဲဖြစ်ရမယ်။ အဲဒီလိုမှမဟုတ်ရင် အင်္ဂါဂြိုဟ်ပေါ်ကိုလာရတာက သူ့အတွက် အရှင်လတ်လတ် ငရဲကျသလို ဖြစ်နေမှာလေ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ လကမ္ဘာပေါ်တွင်ရှိခဲ့စဉ်တုန်းက ကျင့်သိုမင်၏ နောက်မှ လိုက်လာကြသည့် လူတန်းကြီးကို ပြန်၍ အမှတ်ရသွားသဖြင့် သူသည် သက်ပြင်းချမိလိုက်ပြီး မနာလိုဖြစ်သွားရတော့သည်။ ထို့နောက် အိမ်ပြန်ရောက်လျှင် သူ၏ အဖေအား သူတို့နှင့် အဆက်အသွယ် ပြတ်နေသည့် ဆွေမျိုးများ ရှိ၊မရှိ မေးမြန်းရန် တွေးမိလိုက်သည်။ သူတို့လုံးဝမကြားဖူးသော ကျိကျိတက် ကြွယ်ဝချမ်းသာနေသည့် ဆွေမျိုးတစ်ယောက်တလေ ရှိနေနိုင်သည်မဟုတ်ပါလော။
အထူးသဖြင့် သူ၏အဘိုးမှာ မည်သည့်နေရာတွင် နေထိုင်နေပါသနည်း။
သူသည် ကလေးဘဝတုန်းက ထိုမေးခွန်းအား မေးခဲ့ဖူးပါသော်လည်း သူ၏ဖခင်ဖြစ်သူမှာ ပြန်မဖြေခဲ့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အထူးအဆန်း ဖြစ်နေရတော့သည်။ တစ်ခုခုမှာ လွဲနေရပေမည်။ ထိုအတွေးများကြောင့် သူသည် ရုတ်တရက်ဆိုသလို စိတ်များလှုပ်ရှားလာတော့သည်။
” ငါ့ဆီမှာ တကယ်ပဲ ကျိကျိတက်ချမ်းသာပြီး သိုသိုသိပ်သိပ် နေတတ်တဲ့ အဘိုးတစ်ယောက် ရှိရင်ရှိနေမှာ ”
ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်ကူးယဥ် ကမ္ဘာလေးထဲ၌ ပျော်ရွှင်စွာ မျောလွင့်နေစဉ် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ထဲရှိ မိဘပြည်သူအများစုမှာ အုတ်အော်သောင်းနင်း ဖြစ်နေကြပြီဖြစ်သည်။ မြို့တော်နယ်မြေအသီးသီးမှ သင်္ဘောပျံပေါင်း မြောက်မြားစွာမှာ အရှိန်အဟုန်ဖြင့် လေဆိပ်ဆီသို့ ဦးတည်ပျံသန်းလာကြ၏။ ၎င်းတို့အားလုံး၏ ပုံပန်းသွင်ပြင်များမှာ တစ်ပုံစံတည်းပင်။ ကိုယ်ထည်မှာ ငွေရောင်သုတ်ထားပြီး ပြေပြစ်သွက်လက်သည့်ပုံစံဖြစ်အောင် တည်ဆောက်ထားသည်။ ၎င်းတို့အားလုံးမှာ နိုင်ငံရေးအဖွဲ့အစည်း တစ်ခုတည်းမှ ဖြစ်ပုံရပြီး အလွန်အင်မတန်မှလည်း တန်ဖိုးကြီးမားမည့်ပုံ ပေါက်နေသည်။
ထိုကဲ့သို့သော သင်္ဘောပျံပေါင်း ရာပေါင်းများစွာမှာ လေဆိပ်ဆီသို့ ဦးတည်ပျံသန်းသွားကြသည်။ ၎င်းတို့အားလုံးမှာ လေဆိပ်၏ ခုခံကာကွယ်မှုများနှင့် မန္တန်အစီအရင်များကို လျစ်လျူရှုနိုင်သည့် အထူးအခွင့်အရေးများကို ပိုင်ဆိုင်ထားကြသည်ပုံပင်။ ထို့ကြောင့် ၎င်းတို့မှာ ရပ်တန့်သွားခြင်းမရှိဘဲ ထိုအတားအဆီးများနှင့် အစီအရင်များကို ကျော်ဖြတ်သွားပြီး လေဆိပ်ထဲရှိ အကြီးဆုံး ရင်ပြင်ကြီးထဲတွင် ဆင်းသက်လိုက်ကြသည်။ ထို့နောက် ထိုသင်္ဘောပျံများပေါ်မှ ကျင့်ကြံသူပေါင်း တစ်ထောင်ကျော် ထွက်လာကြ၏။
ထိုကျင့်ကြံသူများမှာ တူညီဝတ်စုံများကို ဆင်မြန်းထားကြသည်။ သူတို့မှာ ချက်ချင်းပင် လူစုခွဲသွားကြပြီး အခြားသင်္ဘောပျံများအား ထိုနေရာတစ်ဝိုက်မှ ပထုတ်ကာ ကျယ်ပြန့်သော နေရာတစ်ခု ဖန်တီးလိုက်ပြီးနောက် အတန်းလိုက် အစီအရီ တန်းစီလိုက်ကြသည်။ ထို့နောက် သူတို့သည် ခေါင်းများငုံ့၍ စောင့်ဆိုင်းနေကြတော့သည်။
လူတိုင်း ထိုငွေရောင်သင်္ဘောပျံကြီးများနှင့် သူတို့၏ တူညီဝတ်စုံများကို မျက်မှန်းတန်းမိနေသောကြောင့် အံ့ဩတုန်လှုပ်သွားကြ၏။ ထို့နောက် သူတို့မှာ ကောင်းကင်ယံထဲရှိ ခံတပ်ကြီးက လေဆိပ်ထဲသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို ငေးကြည့်ရင်း ပင့်သက်များ ရှိုက်မိသွားကြတော့သည်။
” လသုံးစင်း မဟာမိတ်အဖွဲ့ပဲ ”
” လသုံးစင်း မဟာမိတ်အဖွဲ့က လူတွေက ဒီခံတပ်ကြီးထဲက လူကို ကြိုဆိုဖို့ရောက်လာကြတာ။ ဒီထဲမှာ ပါလာတဲ့လူက လသုံးစင်း မဟာမိတ်အဖွဲ့ထဲမှာ တော်တော်လေးကိုအရေးပါတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ် ”
လူတိုင်း ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေကြစဉ် ကောင်းကင်ယံထဲရှိ ခံတပ်ကြီးမှာ တဖြည်းဖြည်းနှင့် အနားသို့ချဉ်းကပ်လာ၏။ ထို့ကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာလည်း ပို၍သိသာထင်ရှားလာသဖြင့် ၎င်းအား အထူးပြုလုပ်ထားသည့် စိန်တစ်မျိုးဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း လူတိုင်း သိလိုက်ရ၏။ ထိုစိန်မှာ တမူထူးခြားလောက်အောင် မာကျောပြီး မှော်ဝင်ငွေထက်ပင် ပို၍ခိုင်ခံ့သည်။ ထို့အပြင် ၎င်း၏ ဝိညာဉ်ချီ ကူးပြောင်းနိုင်စွမ်းမှာ အထူးကောင်းမွန်သောကြောင့် ၎င်းမှာ ဓမ္မလက်နက်များ ပြုလုပ်ရာ၌လည်း မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည်။
ဓမ္မလက်နက်များအား ပြုလုပ်ရန်လိုအပ်သည့် ပါဝင်ပစ္စည်းများမှာ အလွန်အင်မတန်မှ ဈေးကြီးလွန်းလှသောကြောင့် ၎င်းတို့မှာလည်း အဖိုးတန်နေရခြင်းဖြစ်သည်။ ထိုကဲ့သို့ ဈေးကြီးသော ပစ္စည်းကို အသုံးပြု၍ ယခုလောက် အဆမတန် ကြီးမားသည့် ခံတပ်ကြီးတစ်ခုလုံးကို တည်ဆောက်ထားသည်ဖြစ်ရာ ၎င်း၏ တန်ကြေးမှာ ခန့်မှန်း၍ပင် ရမည်မဟုတ်ပေ။
အတိုင်းမသိ အဖိုးတန်နေမည်သာဖြစ်သည်။
ထိုခံတပ်ကြီးမှာ ၎င်း၏ မျက်စိကြိမ်းစရာကောင်းသော အလင်းတန်းများကို ထုတ်လွှတ်ရင်း အနားသို့ရောက်လာသောအခါ လူတိုင်း၏ အသက်ရှူနှုန်းများမှာ မတည်မငြိမ် ဖြစ်လာကြတော့သည်။ သူတို့အားလုံးမှာ ထိုမျှလောက် အဆမတန် ကြီးမားနေသော ယာဉ်ကြီး၏ မျက်စိကြိမ်းစရာကောင်းသော အလင်းတန်းများထံမှ ကာကွယ်နိုင်ရန်အတွက် သူတို့၏ ဝိညာဉ်ချီများကို မျက်လုံးများထဲ၌ စုစည်းထားရ၏။ ထိုခံတပ်ကြီး၏ အပြင်ဘက်အခြမ်းပေါ်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေသည်။ ထို ကမ္ဗည်းစာတန်းများ၏ ကြားတွင် အထူးဝိညာဉ်ကျောက်တုံးများအား သုံး၍ ဖန်တီးထားသည့် အမြောက်များကို တပ်ဆင်ထားသည်။
ထိုခံတပ်ကြီးမှာ အမြင်တွင် ထင်းနေပြီး ဖိအား အပြည့်ရှိသော အရွယ်အစားနှင့် ပုံပန်းသွင်ပြင်တို့ကိုသာ ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ ၎င်း၏ တိုက်ပွဲသုံးစွမ်းရည်များမှာလည်း အလားတူပင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေ၏။ ၎င်း၏ စွမ်းအားအကုန်လုံးကိုသာ ထုတ်လွှတ်လိုက်မည်ဆိုပါက ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ရီသွားမည်မှာ မလွဲဧကန်ပင်။
လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်စွာနှင့် ရပ်ကြည့်နေကြစဉ် လေထဲ၌ မိုးခြိမ်းသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ထို့နောက် ထိုဧရာမခံတပ်ကြီးမှာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဆင်းသက်လာတော့သည်။ ထိုခံတပ်ကြီး၏ တံခါးများမှာ ပွင့်သွားပြီး အနက်ရောင်အင်္ကျီများ ဆင်မြန်ထားကြသည့် လူသန်ကြီး ဆယ့်နှစ်ယောက် ထွက်လာကြသည်။ သူတို့အားလုံးမှာ အံ့ဩဖွယ်ရာ ကျင့်ကြံခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။ သူတို့၏ နောက်တွင်မူ လူမျိုးစုအသီးသီးမှ ချောမောလှပသည့် အမျိုးသမီး အစေခံများ လိုက်လာကြသည်။
ထိုလူတန်းကြီး၏ အဆုံးတွင် ကျင့်သိုမင် ပါလာ၏။
သူသည် သူ၏ ပန်းပွင့်ပုံများ ရိုက်နှိပ်ထားသော ဘောင်းဘီများကို ဝတ်မထားပေ။ ကျင့်သိုမင်မှာ အနက်ရောင် နေကာမျက်မှန်တစ်လက်ကို တပ်ထားကာ ရုံးသုံးဝတ်စုံတစ်ခုကို ဆင်မြန်းထားပြီး သူ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသောအခါ သူ၏ ပခုံးအထိရှည်သော ဆံပင်များမှာ လေပြေလေညင်းထဲတွင် ယိမ်းထိုးနေ၏။ သူသည် မပြုံးချင်ပြုံးချင်နှင့် ပြုံးထားပြီး သူ၏နောက်တွင် ရုပ်သေးရုပ်သုံးရုပ် လိုက်လာ၏။
တစ်ရုပ်မှာ အမျိုးသားရုပ်သေးရုပ်၊ တစ်ရုပ်မှာ အမျိုးသမီးရုပ်သေးရုပ်ဖြစ်ပြီး အခြားတစ်ရုပ်မှာ သားရဲရုပ်သေးရုပ်ကြီးတစ်ရုပ် ဖြစ်သည်။
ထိုရုပ်သေးရုပ် တစ်ရုပ်ချင်းစီတိုင်းမှာ ချပ်ဝတ်တန်ဆာများကို ဆင်မြန်းထားကြ၏။ ထိုချပ်ဝတ်တန်ဆာများဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများကိုကြည့်လျှင် ထိုချပ်ဝတ်တန်ဆာများမှာ ရုပ်သေးရုပ်များထက်ပင် ပို၍အစွမ်းထက်နေသည်ကို သိနိုင်ပေသည်။
” မင်္ဂလာပါ သခင်လေး ”
ကျင့်သိုမင် ခံတပ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရင်ပြင်ထဲတွင်တန်းစီနေကြသည့် ကျင့်ကြံသူပေါင်း တစ်ထောင်ကျော်မှာ ညာလက်သီးပေါ် ဘယ်လက်ဝါး တင်လိုက်ကြပြီး သူ့အား တရိုတသေ ဦးညွှတ်လိုက်၏။ သူတို့၏ သံပြိုင်အော်ဟစ်သံများမှာ မိုး ခြိမ်းသံများကဲ့သို့ လေထဲတွင် ပဲ့တင်ထပ်သွားသည်။
ကျင့်သိုမင်ကမူ သူမည်သည့် နေရာသို့ရောက်သည်ဖြစ်စေ ထိုကဲ့သို့ ဆက်ဆံခံရသည်ကို ကျင့်သားရနေသည့်ပုံပင်။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ လူအယောက်တစ်ထောင်ကျော် ခြံရံလျက် နောက်ထပ်သင်္ဘောပျံတစ်စင်းပေါ်သို့ တက်သွားလိုက်ပြန်သည်။ ခဏအကြာတွင် သင်္ဘောပျံပေါင်း ရာပေါင်းများစွာမှာလည်း လေပေါ်သို့ ပျံတက်သွားကြပြီး ကျင့်သိုမင်လိုက်ပါစီးနင်းနေသည့် သင်္ဘောပျံကြီး၏ ပတ်ပတ်လည်တွင် ကာကွယ်ပေးလိုသည့် ပုံစံများဖြင့် စုဝေးနေကြတော့သည်။ ထို့နောက် ၎င်းတို့အားလုံးမှာ နယ်မြေဆယ့်နှစ်ဆီသို့ ဦးတည်သွားကြ၏။
ထိုသင်္ဘောပျံကြီးများ၏ စီတန်းထားပုံကို မြင်လိုက်ရမည်ဆိုလျှင် ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားရမည်သာဖြစ်သည်။ ၎င်းမှာ အလွန်အင်မတန်မှ အံ့ဩဖွယ်ရာ ကောင်းလွန်းနေ၏။ ထိုသင်္ဘောပျံများမှာ ကောင်းကင်ယံကြီးထဲတွင် အရှိန်အဟုန်ပြင်းစွာ ဝဲပျံနေကြသည့် ဝိညာဉ်ကျောက်တုံးများနှင့် တူနေသည်။
” ချမ်းသာရတာ တယ်လည်း ကောင်းသကိုး ”
လူအုပ်ကြီးမှာ ထိုသင်္ဘောပျံများ ထွက်ခွာသွားသည်ကို ကြည့်ရင်း မနာလိုဖြစ်နေသည့် လေသံများဖြင့် တတွတ်တွတ် ရေရွတ်လိုက်ကြ၏။
နယ်မြေဆယ့်နှစ်ဆီသို့ သွားရာလမ်းတွင် ကျင့်သိုမင်မှာ သင်္ဘောပျံထဲရှိ ချောမောလှပသော အမျိုးသမီး ကျင့်ကြံသူ နှစ်ယောက်၏ ပေါင်ပေါ်တွင် ခေါင်းအုံး၍ လဲလျောင်းနေ၏။ ထို့နောက် အခြားအမျိုးသမီး ကျင့်ကြံသူတစ်ယောက်က လှီးပေးထားသည့် သစ်သီးများကို နည်းနည်းချင်းစီ ကိုက်ဝါးရင်း သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်၏။ ထို့နောက် သူသည် သူ၏ရှေ့တွင် တည်ကြည်မှု အပြည့်ရှိသောအမူအရာဖြင့် သူ့အား အစီရင်ခံနေသည့် သက်လတ်ပိုင်းလူကြီးအား စိုက်ကြည့်လိုက်သည်။
” သခင်လေး။ ဒီနှစ် လသုံးစင်းမဟာမိတ်အဖွဲ့က အင်္ဂါဂြိုဟ် ကိုလိုနီမြို့တော်ထဲမှာ ခုလိုအမြတ်အစွန်းတွေ ရခဲ့ပါတယ် …. ”
” အဘိုးကြီးလီရာ။ ဒါတွေကို ကျနော့်အဖေဆီပဲ အစီရင်ခံလိုက်ဗျာ။ ကျနော် ဒါတွေကို ဂရုမစိုက်တာ ခင်ဗျားလည်း အသိပဲ ”
ကျင့်သိုမင်မှာ သန်းဝေလိုက်ပြီး ထိုလူကြီးပြောမည့် စကားကို ဟန့်တားလိုက်သည်။
ထိုသက်လတ်ပိုင်းလူကြီးမှာမူ မျက်နှာရှုံ့မဲ့သွားပြီ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ကျင့်သိုမင်အား ကြည့်လိုက်၏။ သခင်လေး၏ ကျင့်ကြံခြင်းအဆင့်မှာ ယခုတွင် အခြေတည်အဆင့်၌ ရှိနေပြီဖြစ်ပြီး သူ၏ အခြေတည်အဆင့် အမြုတေမှာ အပိုင်းအစများဖြင့် ဖန်တီးထားခြင်းမဟုတ်ဘဲ အကောင်းပတိရှိသော အဆောင်တစ်ခုဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း သူက သိလိုက်၏။ ထို့နောက် သူသည် ကျင့်သိုမင်၏ ဘေးတွင် ရပ်နေသည့် ရုပ်သေးရုပ်သုံးရုပ်ကို အကဲခတ်လိုက်ပြီးနောက် သက်ပြင်းချကာ တိုးတိုးလေး ထပ်ပြောလိုက်ပြန်သည်။
” သခင်လေး။ အင်္ဂါဂြိုဟ်ပေါ်က နိုင်ငံရေးအခြေအနေတွေက ရှုပ်ယှက်ခတ်နေပြီးတော့ ဆက်ဆက်ထိမခံတဲ့ အနေအထားမှာ ရှိနေတာ။ ကျနော်တို့တွေ သိုသိုသိပ်သိပ်နေရင် ပိုကောင်းမလားလို့ ”
သူသည် ခံတပ်ကြီးအကြောင်း ပြောနေခြင်းဖြစ်သည်။
ထိုအခါ ကျင့်သိုမင်မှာ ရယ်မောကာ ခါးမတ်မတ် ထထိုင်လိုက်ပြီး ညင်သာစွာဆိုလိုက်၏။
” ကျနော့် အဖေက ကျနော်တို့နှစ်ယောက်စာ သိုသိုသိပ်သိပ် နေပေးထားတာ။ ကျနော်ပါ ထပ်ပြီးတော့ သိုသိုသိပ်သိပ် နေနေမယ်ဆိုရင် ကျနော်တို့ရဲ့ လသုံးစင်း မဟာမိတ်အဖွဲ့က ပြဿနာအကြီးအကျယ် တက်ကုန်မှာပေါ့။ အဲ့အကြောင်း မပြောပါနဲ့တော့။ အဘိုးကြီးလီ … ကျနော် ခင်ဗျားကို လီယီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုခိုင်းထားတာ အဆင်သင့်ဖြစ်ပြီလား ”
ထိုလူကြီးမှာ ကျင့်သိုမင်ပြောခဲ့သော စကားများ၏ ပထမတစ်ပိုင်းကြောင့် အတွေးများထဲ၌နစ်မျောနေစဉ် ဒုတိယတစ်ပိုင်းကြောင့် ရှုံ့မဲ့မဲ့နှင့် ပြုံးမိသွား၏။ ထို့နောက် သူသည် ထူးဆန်းသော မျက်နှာအမူအရာတစ်ခုဖြင့် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး ကျင့်သိုမင်အား လှမ်းပေးလိုက်သည်။
ထိုအခါ ကျင့်သိုမင်မှာ မျက်လုံးများအရောင်လက်သွား၏။ သူသည် ထိုကျောက်စိမ်းပေလွှာအား လှမ်းယူလိုက်ပြီးနောက် စတင်ဖတ်ရှုလိုက်တော့သည်။ ထိုသို့ ဖတ်ရှုပြီးသွားသောအခါ သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်သွားပြီး သူသည် သူ၏ပေါင်ကို ရိုက်မိလိုက်တော့သည်။
” လီယီက တစ်မျိုးလေးပဲကွ။ ဒါ ကျင့်သိုမင်ဆိုတဲ့ ငါ မျက်စိကျနေတဲ့ ကောင်မလေးပဲ။ သူက လက်ထောက်ဘုရင်ခံရဲ့ လက်ထောက် ဖြစ်နေတာကိုး။ သူ့ရဲအနာဂတ်က ထွန်းလင်းတောက်ပနေမှာ အမှန်ပဲ ”
ကျင့်သိုမင်မှာ လီယီအကြောင်းကို တွေးတောရင်း သူ၏နှလုံးသားထဲ၌ အချစ်မီးတောက်များ တောက်လောင်လာတော့သည်။ သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် လီယီအား ပထမဆုံးအကြိမ်အဖြစ် မြင့်ခဲ့ရသည့် အချိန်ကတည်းက သူမ၏ လုံးကြီးပေါက်လှ ခန္ဓာကိုယ်အား ချက်ချင်းပင် စွဲမက်သွားခဲ့သည်။ သူသည် ရင်ထဲတွင် သူမအား တမ်းတမ်းစွဲဖြစ်နေပြီဟု ခံစားနေရ၏။ သူ၏ ဘဝတစ်လျှောက်လုံးတွင် ထိုကဲ့သို့ အကြိမ်နှစ်ရာကျော် ခံစားဖူးသည့်တိုင်အောင် သူ၏ စိတ်လှုပ်ရှားမှုများနှင့် ချစ်ဇောဟုန်များမှာ လျော့ကျသွားခြင်းမရှိပေ။
သူသည် လီယီအား ပိုးပန်းရန် အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်လာခဲ့ခြင်း ဖြစ်ပါသော်လည်း ဤနေရာအထိ ရောက်လာပြီဖြစ်ရာ တရားဝင် ရာထူးတစ်ခုကိုလည်း ပိုင်ဆိုင်ထားသင့်ပေသည်။ တိုက်ဆိုင်စွာပင် မီးဝိညာဉ်ကျောင်း၏ လက်ထောက်ကျောင်းအုပ် ရာထူးမှာ လက်ရှိတွင် လစ်လပ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် သူသည် မီးဝိညာဉ်ကျောင်း၏ လက်ထောက်ကျောင်းအုပ်အသစ် ဖြစ်သွားပြီဖြစ်သည်။