ပွဲကြည့်စင်မြင့်ပေါ်ရှိ လူတိုင်း၏ မျက်နှာအမူအရာများမှာ အမျိုးမျိုးပြောင်းလဲသွားကြ၏။ ဝမ်ပေါင်လဲ့ ပြောခဲ့သော စကားများမှာ လိမ္မာပါးနပ်လွန်းလှပေသည်။ သူသည် ပုံကြီးချဲ့နေခြင်း မရှိဘဲ ကျိုးကြောင်းခိုင်လုံစွာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူသည် သူ့ကိုယ်သူ ပဓာနမထားဘဲ ကျောင်းသားများကိုသာ ဦးစားပေးခဲ့သည် မဟုတ်ပါလော။ ကျောင်းသားတပ်ပေါင်းစုအတွက် အမည်တစ်ခု တောင်းဆိုပေးခဲ့သည့် သူ၏ လုပ်ရပ်ကိုကြည့်လျှင် သူ၏ စံနှုန်းကို အထင်အရှား မြင်နိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ အင်္ဂါဂြိုဟ်ဘုရင်ခံက ထိုကဲ့သို့ ဘွဲ့နာမည်တစ်ခုခုကို အပ်နှင်းလိုက်မည်ဆိုလျှင် မြူခိုးတာအိုကျောင်းမှာ အင်္ဂါဂြိုဟ်ပေါ်ရှိ ထိပ်တန်းအဆင့်ကျောင်း နှစ်ကျောင်းထဲမှ တစ်ကျောင်းအနေနှင့်သာ ရှိတော့မည်မဟုတ်ဘဲ တစ်ခုတည်းသော ထိပ်တန်းအဆင့်ကျောင်း ဖြစ်သွားတော့မည်ဖြစ်သည်။
သူ၏ကျောင်းမှ ကျောင်းသားများမှာလည်း ထိုချီးမြှင့်မှုကြောင့် ယခင်ကနှင့် လုံးဝမတူလောက်အောင် စိတ်ဓာတ်အားမာန်များ တက်ကြွလာကြမည်ဖြစ်သည်။ ထို့အပြင် ဘုရင်ခံအပေါ်ထားရှိသော သူတို့၏ ကျေးဇူးတရားများနှင့် သစ္စာစောင့်သိစိတ်များမှာလည်း ထိပ်ဆုံးအဆင့်အထိ မြင့်တက်သွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ဗျူဟာမှာ ကျောင်းသားများ၏ သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ လေးစားကြည်ညိုနေကြသည့် စိတ်များကြောင့် လောင်းရိပ်မိသလို ဖြစ်နေသည့် ပြဿနာကို ဖြေရှင်းနိုင်လိုက်ရုံသာမက ဘုရင်ခံကိုလည်း လိမ္မာပါးနပ်စွာ မျက်နှာချိုသွေးနိုင်လိုက်သည်။
ထိုကျောင်းသားတပ်ပေါင်းစုမှာ ဘွဲ့နာမည်တစ်ခု ရရှိလိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းမှာလည်း ထိုနာမည်နှင့်အတူ ထင်ပေါ်ကျော်စောသွားမည်ဖြစ်ပြီး သူ၏အမည်မှာ အင်္ဂါဂြိုဟ်၏ သမိုင်းတွင် ထင်ကျန်နေခဲ့မည်သာဖြစ်သည်။ ထိုတပ်ပေါင်းစုကြီးနှင့် ၎င်း၏ အမည် ရှင်သန်နေသရွေ့ အင်္ဂါဂြိုဟ်ပေါ်ရှိ ဝမ်ပေါင်လဲ့၏ မှတ်တမ်းမှတ်ရာများမှာ လုံးဝ ပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။
ထိုကဲ့သို့သော ရိုးရှင်းသည့်စကားလုံးများကို လူတိုင်း ပြောနိုင်ပါသော်လည်း ထိုစကားလုံးများ၏ အဓိပ္ပါယ်လေးနက်မှုများမှာ ရှုပ်ထွေးလွန်းလှပေသည်။ ထိုကဲ့သို့ ပြောမိဖို့ရာ အတွေးထဲ၌ ပေါ်လာရန် လိုအပ်သလို ယခုလောက် ကြီးမားသော ပရိတ်သတ်အုပ်ကြီး၏ ရှေ့တွင် ပြောရဲသည့် သတ္တိရှိရန်လည်း လိုအပ်သေးသည့်အပြင် ထိုကဲ့သို့ပြောဆိုနိုင်ရန် အခွင့်အရေးတစ်ခု ရရှိရန်လည်း လိုအပ်သေးသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ထိုအချက်များအားလုံးနှင့် ပြည့်စုံနေသောကြောင့် ကွင်းထဲရှိ လူတိုင်းကို အထင်ကြီးအံ့ဩသွားအောင် လုပ်နိုင်လိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် မြူခိုးတာအိုကျောင်း၏ ကျောင်းအုပ်မှာ စိတ်လှုပ်ရှားမှုများကြောင့် အသားများတုန်ရီနေ၏။ အကယ်၍ ဘုရင်ခံသာ ထိုကျောင်းသားတပ်ပေါင်းစုအား ဘွဲ့အမည်တစ်ခု အပ်နှင်းလိုက်မည်ဆိုလျှင် သူရရှိနိုင်မည့် ရာထူးဂုဏ်ကျက်သရေများအကြောင်းကို တွေးမိနေတော့သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ယှဉ်နိုင်မည်မဟုတ်သော်လည်း ကျောင်းအုပ် ဖြစ်နေသည့်အလျောက် သူ၏ ကူညီထောက်ပံ့မှုများကိုလည်း မည်သူကမှ လွယ်လင့်တကူ မေ့ပျောက်သွားကြမည်မဟုတ်ပေ။
ထို့ကြောင့် သူ လက်ရှိရာထူးမှ နုတ်ထွက်ပြီး ကမ္ဘာပေါ်သို့ ပြန်ရောက်သည့်အချိန်တွင် ရရှိမည့် သူ၏ရာထူးအသစ်မှာ နဂိုတုန်းက သူ့အတွက် စီစဉ်ပေးထားသည့် ရာထူးလောက် နိမ့်ကျနေတော့မည်မဟုတ်ပေ။ ထိုအတွေးများကြောင့် သူသည် စိတ်နှလုံးလှုပ်ရှားသွားရပြီး ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ ကျေးဇူးတင်နေမိတော့သည်။
မီးဝိညာဉ်ကျောင်းအတွက်မူ ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုမှာ အိပ်မက်ဆိုးကြီးတစ်ခု ကဲ့သို့ပင်။ ထိုကျောင်းမှ ကျောင်းအုပ်နှင့် ဆရာများ၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူဆုတ်သွားကြပြီး ရှုံ့မဲ့သွားကြတော့သည်။ သို့သော် သူတို့မှာ အခြားဘာမှမတတ်နိုင်သောကြောင့် ဒေါသ၊ နောင်တနှင့် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့်သာ လီဝူချန်းအား စိုက်ကြည့်နေကြတော့သည်။
” မင်းက ဘာလို့ သူ့ကိုမှ သွားပြီးတော့ အပြစ်လုပ်မိရတာလဲ ”
လီဝူချန်းမှာလည်း သူတို့နည်းတူ မျက်နှာဖြူဆုတ်နေပြီ ဖြစ်သည်။ သူသည် နာကြည်းလွန်းလှသောကြောင့် စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။ မြူခိုးတာအိုကျောင်းမှ ကျောင်းသားများ၏ တိုက်ခိုက်လိုစိတ်များမှာ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာကြပြီဖြစ်ရာ သူသည် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်၏။ သူသည် ဝမ်ပေါင်လဲ့နှင့် တစ်ဦးချင်းယှဉ်ပြိုင်တိုက်ခိုက်ရာတွင် ရှုံးနိမ့်သွားခဲ့ရုံသာမက ကျောင်းသားများအား ပြုစုပျိုးထောင်ပေးရာ၌ သူနှင့် မယှဉ်နိုင်သောကြောင့် အပြတ်အသတ် ရှုံးနိမ့်သွားသည်ဟုပင် ဆိုနိုင်ပေသည်။
သို့သော် သူသည် အရှုံးမပေးချင်သေးပေ။ သူ၏စိတ်ထဲတွင် သူ၏ မိသားစုနောက်ခံအင်အားနှင့် သူ၏ အနာဂတ်အကြောင်းကိုသာမက အခြားအရာများစွာကိုပါ တွေးတောမိနေ၏။ ထို့နောက် ကျောင်းသားတပ်ပေါင်းစုအား ဘွဲ့အမည်တစ်ခု အပ်နှင်းပေးရန် ဝမ်ပေါင်လဲ့က တောင်းဆိုလိုက်သည်ကို ကြားလိုက်ရသောအခါ သူ၏ခန္ဓကိုယ်မှာ အပြင်းအထန်တုန်ရီသွားရတော့သည်။ ထို့ကြောင့် သူသည် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း သူ၏ ရင်ဘတ်ထဲ၌ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် သူ၏ နှလုံးသားထဲ၌ သူဘဝတစ်လျှောက်လုံး မခံစားဖူးခဲ့သည့် မနာလိုစိတ်များ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။
ပရိသတ်များထဲတွင် ကျေနပ်အားရနေကြသည့်လူများ၊ ခံစားချက်မျိုးစုံ ရောယှက်နေကြသည်လူများ၊ စိတ်လှုပ်ရှားနေကြသည့် လူများနှင့် မျှော်လင့်ချက်များ ပျက်သုဥ်းသွားသည့်လူများ အသီးသီးရှိနေကြ၏။ ထို့နောက် ကွင်းကြီးမှာ တဖြည်းဖြည်းနှင့် တိတ်ဆိတ်ငြိမ်သက်သွား၏။ မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများမှာ ခေါင်းငိုက်စိုက် ချထားကြပြီး မြူခိုးတာအိုကျောင်းမှ ကျောင်းသားများမှာမူ စိတ်လှုပ်ရှားမှုများနှင့် စိုးရိမ်မှုများကြောင့် အသက်ရှုသံများ မငြိမ်မသက် ဖြစ်လာပြီး သူတို့၏မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များနှင့် စိုးထိတ်မှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ ပြည်သူ့ရင်ပြင်ကြီးပေါ်ရှိ ထိုအဖွဲ့နှစ်ဖွဲ့မှာ ပြဒါးတစ်လမ်း သံတစ်လမ်းကဲ့သို့ ဖြစ်နေ၏။
အနီရောင် ဝတ်ရုံများ ဆင်မြန်းထားသော အင်္ဂါဂြိုဟ်ဘုရင်ခံမှာ သူတို့၏မျက်ဝန်းများထဲမှ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။ သူမ စောစောတုန်းကပြောခဲ့သည့် နောက်ဆုံးတစ်ဆင့် ကျန်သေးသည်ဆိုသော စကားမှာ အရှုံးပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ သူတို့မှာ မီးဝိညာဉ်ကျောင်းမှ အဖွဲ့တစ်ဖွဲ့လုံးအား တစ်ယောက်မကျန် ချေမှုန်းပစ်လျှင်တောင် ကိစ္စကြီးကြီးမားမားတစ်ခု ဖြစ်လာမည် မဟုတ်ပေ။ ထိုကဲ့သို့ချေမှုန်းမှုကြောင့် သူတို့မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုများ ပိုမိုပြင်းထန်လာနိုင်ပါသော်လည်း သူတို့၏စိတ်ထဲတွင် ယခုကဲ့သို့ အဖွဲ့တစ်ဖွဲ့လုံး ခံစားရသည့် ဂုဏ်ကျက်သရေမျိုးကို ခံစားနိုင်မည်မဟုတ်ပေ။ ရန်သူများ၏ စိတ်နှလုံးများထဲသို့ အကြောက်တရားများ ရိုက်သွင်းပြီး အရှုံးပေးအောင် အတင်းအကျပ် ဖိအားပေးနိုင်မှသာ ယခုလိုခံစားနိုင်မည် ဖြစ်သည်။
ထို့ကြောင့် မီးဝိညာဉ်ကျောင်းမှာ လူတစ်ယောက်တည်းကို မဟုတ်ဘဲ အဖွဲ့တစ်ဖွဲ့လုံးကို အရှုံးပေးလိုက်သည်ဟု အဓိပ္ပါယ်ရပေသည်။
ဘုရင်ခံမှာ ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ သူ့အား အဓိပ္ပါယ်ပါပါကြည့်လိုက်၏။ ထို့နောက် သူမမှာ အကြည့်လွှဲလိုက်ပြီး စိတ်လှုပ်တရှားဖြစ်နေသော ကျောင်းသားများအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် တစ်ခဏမျှ တွေးတောသုံးသပ်လိုက်၏။ ထို့နောက် သူမမှာ အားပေးအားမြှောက်ပြုလိုသော မျက်ဝန်းများဖြင့် ထိုင်ခုံမှထလာ၏။
” ရည်မှန်းချက်ပန်းတိုင် အကြီးကြီးတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက ဝေဟင်မှာ ခရီးနှင်ပြီးတော့ ကြယ်တာရာတွေဆီ ရောက်တဲ့အထိ သွားနိုင်မှာ အသေချာပါပဲ။ သူတို့ရဲ့ အောင်မြင်မှုတွေက တိမ်လွှာတွေပေါ်အထိ မြင့်တက်ပြီး တိုင်းပြည်တစ်ခွင်လုံး ပျံ့နှံ့နေမှာပါ ”
” အဲဒီတော့ မင်းတို့ကို တိမ်ပျံကျောင်းသားတပ်ပေါင်းစုလို့ ငါ နာမည်ပေးလိုက်မယ် ”
ဘုရင်ခံက ထိုသို့ဆိုလိုက်သည်နှင့် ကွင်းတစ်ကွင်းလုံးထဲတွင် အော်ဟစ်အားပေးသံများဖြင့် ဆူညံသွားတော့သည်။ ထိုကွင်းထဲတွင် ရှိနေကြသည့် အင်္ဂါဂြိုဟ်အစိုးရအဖွဲ့ဝင်များ အားလုံးမှာ သိသိသာသာ စိတ်နှလုံး လှုပ်ရှားသွားကြ၏။ ဘုရင်ခံ၏စကားမှာ ကျောင်းသားများအပေါ် အလွန်အင်မတန်မှ သက်ရောက်မှုရှိပေသည်။
ဘုရင်ခံ၏ ကြေညာချက်ပြီးနောက် ကွင်းတစ်ကွင်းလုံး၏ အနေအထားမှာ အမြူးကြွဆုံးအဆင့်သို့ ရောက်ရှိသွားတော့သည်။ မြူခိုးတာအိုကျောင်းမှ လူတိုင်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီး ကျောင်းသားများမှာ ထိန်းမနိုင်သိမ်းမရ အောင်ပွဲခံနေကြတော့သည်။ မီးဝိညာဉ်ကျောင်းမှ ကျောင်းအုပ်နှင့် ဆရာများမှာမူ နာကျည်းနေသော အမူအရာများဖြင့် ခေါင်းငိုက်စိုက်ချထားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့မှမြင်ကွင်းကို မြင်လိုက်ရသောအခါ အတိုင်းမသိ ကျေနပ်သွား၏။ ထို့နောက် သူသည် ဘုရင်ခံအား ဦးညွှတ်အရိုအသေပေးလိုက်သည်။
” ဘုရင်ခံကို ကျေးဇူးတင်ပါတယ် ”
အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး နောက်သို့လှည့်ကာ ဧရာမသစ်ပင်ကြီးနှင့်အတူ ကွင်းထဲမှ ထွက်ခွာသွားတော့သည်။ ပြည်သူ့ရင်ပြင်ပေါ်ရှိ မြူခိုးတာအိုကျောင်းမှ ကျောင်းသားများမှာ ဘုရင်ခံနှင့် အပေါင်းအပါများ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ သူတို့ကိုယ်သူတို့ ချုပ်တည်းမနေတော့ပေ။ သူတို့မှာ လူငယ်ပီပီ စိတ်လွတ်လက်လွတ် အော်ဟစ်ပျော်ပါးလိုက်ကြသဖြင့် သူတို့၏ ကြွေးကြော်သံများမှာ ကောင်းကင်ပေါ်အထိ မြင့်တက်သွားတော့သည်။
ထို့နောက် ကွင်းကြီးတစ်ကွင်းလုံး ဆူညံပွက်လောရိုက်သွားကြ၏။
ကွင်းထဲမှ ထွက်ခွာသွားပြီဖြစ်သော အင်္ဂါဂြိုဟ်ဘုရင်ခံမှာ သူမ၏နောက်မှ ဆူညံသံများကို ကြားလိုက်ရသောအခါ ခပ်ရေးရေးခန့် ပြုံးလိုက်၏။
” ဝမ်ပေါင်လဲ့….. သူက စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ ”
ကျောင်းနှစ်ကျောင်း၏ ချစ်ကြည်ရေးပွဲပြီးနောက် တိမ်ပျံကျောင်းသားတပ်ပေါင်းစုမှာ နာမည်ကျော်ကြားလာ၏။ သူတို့၏အမည်မှာ အင်္ဂါဂြိုဟ်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး ပြည်ထောင်စုကြီးမှာလည်း ထိုပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သောကြောင့် သူတို့မှာ ပြည်ထောင်စုထဲ၌လည်း နာမည်ကျော်ကြားနေတော့သည်။
ဝမ်ပေါင်လဲ့၏ အမည်မှာလည်း ပြည်ထောင်စုကြီးထဲ၌ နောက်တစ်ကြိမ်ထပ်၍ လူပြောများသော အမည်တစ်ခု ဖြစ်လာပြန်သည်။ ထို့အပြင် သူသည် အင်္ဂါဂြိုဟ်ပေါ်၌လည်း ခြေကုပ်ကောင်းကောင်းတစ်ခု ရသွားပြီဖြစ်သည်။ ထိုချစ်ကြည်ရေးပြိုင်ပွဲပြီးနောက် သူသည် ပြိုင်ပွဲဝင်ကျောင်းသားအားလုံးကို စုဝေးလိုက်ပြီး သူတို့၏ မိဘများအား သူတို့၏ ကူညီထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်ကြောင်း ဆိုခိုင်းလိုက်၏။ ထို့နောက် သူတို့မှာ ပျော်ရွှင်ဝမ်းမြောက်စွာ စကားစမြည် ပြောဆိုနေကြတော့သည်။ သိပ်မကြာခင် မီးဝိညာဉ်ကျောင်းမှ ကျောင်းသားအချို့မှာ မြူခိုးတာအိုကျောင်းသို့ ကျောင်းပြောင်းခွင့်လျှောက်လွှာများ တင်လိုက်ကြ၏။
ဝမ်ပေါင်လဲ့မှာ သူ၏ ကျမ်းသစ္စာကျိန်ဆိုမှုကို ငှားရမ်းထားသော ဝိညာဉ်ဖန်သားပြင်များပေါ်၌ ထုတ်လွှင့်ပြသရန် လင်းတျန်ဟောက်အား ညွှန်ကြားထားခဲ့သည်ဖြစ်သလို ယခုလို အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပြီး ဘုရင်ခံ၏ အသိအမှတ်ပြုခြင်းကိုပါ ခံခဲ့ရသည်ဖြစ်ရာ သူ့အတွက် ဘွဲ့အမည်အသစ်နှစ်ခု ပေါ်လာ၏။ သူသည် နာမည်ကျော်ဆရာတစ်ယောက်သာမက တိမ်ပျံကျောင်းသားတပ်ပေါင်းစု၏ တည်ထောင်သူလည်း ဖြစ်နေပြီ ဖြစ်သည်။
၎င်းမှာ သူကိုယ်တိုင် ပြုစုပျိုးထောင်ကာ လေ့ကျင့်ပေးခဲ့သည့် တပ်ပေါင်းစုတစ်ခုဖြစ်သည်။ မြူခိုးတာအိုကျောင်း ပိုမိုအင်အားကြီးထွားလာသည်နှင့်အမျှ ထိုတပ်ပေါင်းစုမှာလည်း ပိုမိုအင်အားတောင့်တင်းလာမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့ဖြစ်လာရန် မျှော်လင့်တကြီးနှင့် စောင့်ဆိုင်းနေ၏။ သူ၏လက်ရှိ ရာထူးအဆင့်အတန်းနှင့်ဆိုလျှင် ဧရာမသစ်ပင်ကြီး သူ့အား ပြဿနာရှာနိုင်ရန်မှာ ခက်ခဲသွားပြီဖြစ်ကြောင်း သူက သိထား၏။
” ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းမှာလည်း ငါက အရင်တုန်းကထက် အများကြီးပိုပြီးတော့ အစွမ်းထက်နေပြီ ”
ဝမ်ပေါင်လဲ့က ဂုဏ်ယူဝင့်ကြွားစွာ တွေးလိုက်၏။ သူသည် ဧရာမသစ်ပင်ကြီးကြောင့် အန္တရာယ်ရှိနေသည်ဟု ခံစားနေရဆဲ ဖြစ်သော်လည်း ယခင်တုန်းကလောက် စိတ်ပူပန်မနေတော့ပေ။
” အရင်တုန်းကဆိုရင် သူ ငါ့ကို တစ်ခုခုလုပ်ဖို့ အတင်းအကျပ် စေခိုင်းမယ်ဆိုရင် ငါက သူ့ရဲ့အမိန့်တွေကို လွန်ဆန်နိုင်မှာမဟုတ်ဘူး။ အခုတော့ ငါ့မှာ ဒီလိုဘွဲ့နှစ်ခု ရှိနေပြီမလို့ သူ့ကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိသေးရင်တောင် သူခိုင်းတဲ့အတိုင်း လိုက်လုပ်နေစရာ မလိုတော့ဘူး ”
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်နေပြီး သူသည် အင်္ဂါဂြိုဟ်ပေါ်၌ ခြေကုပ်ကောင်းစွာ ယူပြီးသွားပြီဖြစ်ကြောင်း မှတ်ယူလိုက်၏။
မီးဝိညာဉ်ကျောင်းက ရှုံးနိမ့်သွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူနှင့် လီဝူချန်းတို့ကြားရှိ အလောင်းအစားကို နိုင်သွားပြီဖြစ်သည်။ ယခုမှစ၍ လီဝူချန်းမှာ ဝမ်ပေါင်လဲ့နှင့် ဆုံသည့်အခါတိုင်း သူ့အား အဘိုးဟု ခေါ်ရတော့မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အဘိုးဟု အခေါ်ခံရရန် စိတ်အားထက်သန်စွာနှင့် မျှော်လင့်နေစဉ်မှာပင် လီဝူချန်းမှာ တံခါးပိတ်ကျင့်ကြံခြင်း စတင်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မပျော်မရွှင် ဖြစ်သွားရတော့သည်။
” သူက ဒီ အလောင်းအစားထဲကနေ လစ်ထွက်ဖို့များ ချောင်းနေတာလား။ နာမည်လေး ခေါ်ရုံပဲကိုကွာ။ ဘာလို့ ဒီလောက်ကြီး တွက်ကပ်နေရတာလဲ ”
လီဝူချန်းမှာ အမှန်တကယ်ပင် သဘောထားသေးသိမ်သည့် အရှုံးသမားတစ်ယောက် ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး တိုက်ပွဲဝင်ပုဆိန်ဟိုတယ်မှ ရွှီကျန်းကျင့်ဆီသို့ အကြောင်းကြားစာတစ်ခု ပေးပို့ကာ နောက်ထပ် တိုက်ပွဲဝင်ပုဆိန်အလက်ငါးရာတိတိ ထပ်၍တည်ဆောက်ရန် ညွှန်ကြားလိုက်သည်။ ၎င်းတို့အားလုံးကို ဟိုတယ်ရှေ့တွင် နေရာချ၍ မီးဝိညာဉ်ကျောင်း ရှိရာဘက်သို့ မျက်နှာမူထားရမည် ဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် ထိုတိုက်ပွဲဝင်ပုဆိန်အလက်ငါးရာကြောင့် မီးဝိညာဉ်ကျောင်းအုပ်မှာ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။ ထို့ကြောင့် သူသည် လီဝူချန်းဆီသို့သွားကာ စကားစမြည်ပြော၍ ဝမ်ပေါင်လဲ့အား အလျှော့ပေးလိုက်ရန် သူ့ကို နားချလိုက်၏။ ထိုသို့ဆိုလျှင် ဤပြဿနာမှာ အလွယ်တကူပင် ပြေလည်သွားမည်ဖြစ်သည်။ သူတို့နှစ်ယောက်မှာ ကျောင်းနေဖော်ကျောင်းနေဖက်များ ဖြစ်ကြောင်း သူက သိထားသောကြောင့် ဤပြဿနာကြီးမှာ လူနှစ်ယောက်ကြားမှ သေးဖွဲ့သိမ်နုတ်သော အချင်းပွားမှု တစ်ခုသာဖြစ်ကြောင်း သူက နားလည်ထားသည်။
သို့သော် လီဝူချန်းမှာ ချက်ချင်းပင်ငြင်းဆိုလိုက်၏။ လက်ရှိတွင် သူသည် မနာလိုစိတ်များကြောင့် ရူးသွပ်လုမတတ် ခံစားနေရသည်ဖြစ်ရာ မည်သည့်နည်းနှင့်မှ ဝမ်ပေါင်လဲ့အား အလျှော့ပေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အယူမသည်းသင့်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်၏။ တိုက်ပွဲဝင်ပုဆိန် အလက်ငါးရာလောက်ကို ကြောက်နေစရာမလိုပေ။
သို့သော် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်နှင့် ပတ်သက်သည့် အယူသည်းမှုများမှာ အမှန်တကယ် ရှိနေသည့်ပုံပင်။ သိပ်မကြာခင် ဘုရင်ခံမှာ မီးဝိညာဉ်ကျောင်းကို မကျေမနပ်ဖြစ်နေကြောင်း ကောလာဟလများ စတင်ပျံ့နှံ့လာ၏။ သူမသည် သူတို့၏ သင်ကြားရေးနည်းစနစ်အပိုင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့သလို အထူးသဖြင့် ချစ်ကြည်ရေးပြိုင်ပွဲမှ သူတို့၏ စွမ်းဆောင်ရည်များကိုလည်း အထူးဝေဖန်ခဲ့၏။
ထိုသတင်းများကြောင့် လီဝူချန်းမှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားရတော့သည်။ ထို့ကြောင့် သူသည် မီးဝိညာဉ်ကျောင်းနှင့် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်တို့နှင့် ပတ်သက်၍ သူကြားဖူးထားသည့် ပုံပြင်ဇာတ်လမ်းများအကြောင်းကို ပြန်လည်တွေးတောမိနေတော့သည်။
သူသည် ဝမ်ပေါင်လဲ့အား အလျှော့ပေးသင့်၊ မပေးသင့် မဆုံးဖြတ်နိုင်ခင်မှာပင် သူ၏ ရာထူးပြောင်းအမိန့်စာ ရောက်ရှိလာ၏။
၎င်းမှာ အင်္ဂါဂြိုဟ်အစိုးရအဖွဲ့က တိုက်ရိုက်ချမှတ်လိုက်သည့် အမိန့်များဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်မှ ပြောင်းရွှေ့ကာ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုကြီးထဲသို့ ပြန်သွားရမည်ဖြစ်သည်။
လီဝူချန်းမှာ ထိုအချက်ကို သတိမမူမိခဲ့ပေ။ ချစ်ကြည်ရေးပြိုင်ပွဲအား ရှုံးနိမ့်သွားခဲ့မှုကြောင့် အင်္ဂါဂြိုဟ်ပေါ်ရှိ ဩဇာအာဏာကြီးမားသော ကျောင်းသားမိဘ တစ်ရာကျော်မှာ မကျေမနပ် ဖြစ်နေကြ၏။ ထို့ကြောင့် လီဝူချန်းမှာ မည်ကဲ့သို့သော မိသားစုနောက်ခံအင်အားမျိုးကို ပိုင်ဆိုင်ထားစေကာမူ သူတို့၏ စည်းလုံးညွှတ်မှုအပြည့်ရှိသော ရပ်တည်ချက်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လီဝူချန်းမှာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ကာ အင်္ဂါဂြိုဟ်ပေါ်မှ တိတ်တဆိတ် ထွက်ခွာသွားရတော့သည်။ ထို့နောက် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်မှာ ရုတ်တရက်ဆိုသလို လူအများ၏ကြားတွင် ရေပန်းစားလာ၏။
လီဝူချန်း ထွက်ခွာသွားပြီးနောက် ရက်အနည်းငယ်အကြာတွင် မီးဝိညာဉ်ကျောင်း၏ လက်ထောက်ကျောင်းအုပ်အသစ်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ တခမ်းတနား ရောက်ရှိလာတော့သည်။