အခန်း (၁၁၈)

ပုန်းကွယ်နေသည့်ရန်သူ

အခန်း (၁၁၈) ပုန်းကွယ်နေသည့်ရန်သူ

ကျန်းလန် ပေါက်ကရများကို လျှောက်မတွေးတော့ပေ။

လုန်ယွိထံသို့သွားပြီး နဂါးသုတ်သင်ဓားကို စမ်းသပ်ကြည့်ရန်မှာ မည်သို့မှ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်။

ထို့နာက် ကျန်းလန်က ဆိုင်ရှင်ဖမ်းခိုင်းသည့် ရေခဲပုဇဉ်းရင်ကွဲ (၂)ကောင်ဖမ်းဆီးရန် အာရုံစိုက်လိုက်သည်။

ဤသို့သောနေရာမျိုးတွင် ရေခဲပုဇဉ်းရင်ကွဲများကို မွေးမြူထားသူမှာ သေရည်ဆိုင်ပိုင်ရှင်ကိုယ်တိုင်ပင် ဖြစ်ဟန်တူသည်။

ကျန်းလန်ကို ရေခဲပုဇဉ်းရင်ကွဲ  (၂)ကောင်ဖမ်းရမည်ဟု တာဝန်ပေးလိုက်သော်လည်း ကိုယ်ဖမ်းချင်သည့် ပုဇဉ်းရင်ကွဲကို ဖမ်း၍ မရပေ။

ဆိုင်ရှင်ကိုယ်တိုင် မြေပုံထဲတွင်ပြထားသော နေရာတွင်ရှိသည့် ရေခဲပုဇဉ်းရင်ကွဲများကိုသာ ဖမ်းဆီးရမည် ဖြစ်သည်။

မြေပုံထဲတွင် အမှတ်အသားပြုလုပ်ထားသည့် ပုဇဉ်းရင်ကွဲကို ဖမ်းဆီးနိုင်မှသာ တာဝန်ပြီးဆုံးသည်ဟု ဆိုင်ရှင်အဘိုးအိုက သတ်မှတ်မည် ဖြစ်သည်။

ကျန်းလန် လမ်းအတိုင်း ရှေ့ဆက်လျှောက်လာခဲ့သည်။

ခြေလှမ်း (၂)လှမ်းခန့် လှမ်းပြီးနောက် အနောက်ဘက်မှ ကြီးမားသည့် စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

“ချွင်…”

ကျန်းလန်က ချက်ချင်းပင် တိုက်ခိုက်လာသူကို နဂါးသုတ်သင်ဓားသိုင်းဖြင့် ခုတ်ပိုင်းချလိုက်၏။

သို့သော် ဓားသံ ချွင်ခနဲမြည်သွားသည်မှလွဲပြီး တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။ ကျန်းလန် မည်သို့မှ မတတ်နိုင်ဘဲ မျောက်ဝံဝိညာဉ်မန္တန်အသုံးပြုကာ ခုန်ရှောင်လိုက်ရသည်။

ထို့နောက် သူ့ကို တိုက်ခိုက်သည့်အရာကို လှမ်းကြည့်လိုက်သည်။

တိုက်ခိုက်လာသူက လူတစ်ယောက် မဟုတ်ပေ။ သစ်ပင်တစ်ပင်၏ သစ်မြစ်ရှည်ကြီးတစ်ခု ဖြစ်သည်။

“ဒီနေရာမှာ သစ်ပင်တွေက နတ်မိစ္ဆာဖြစ်နေတာလား…”

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် ဤနေရာတွင ်ကြာကြာမနေရန် သူ ဆုံးဖြတ်လိုက်သည်။

သစ်မြစ်များ၏ တိုက်ခိုက်မှုကို ရင်မဆိုင်ရဲသောကြောင့် မဟုတ်ပေ။ ကျန်းလန်အနေဖြင့် သူ့ကို တိုက်ခိုက်လာသည့် သစ်မြစ်ရှည်များကို လွယ်လွယ်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။

သို့သော် သစ်မြစ်ရှည်များ၏ ပင်မခန္ဓာကိုယ်ဖြစ်သည် သစ်ပင်ကို မတွေ့ရှိလျှင် တိုက်ခိုက်မှုကို အဆုံးသတ်နိုင်မည် မဟုတ်ပေ။

ပင်မခန္ဓာကို မဖျက်စီးနိုင်ပါက သစ်မြစ်ရှည်များက ဘယ်တော့မှ ပျက်စီးသွားမည် မဟုတ်ပေ။

နဂါးသုတ်သင်ဓားကတော့ သစ်မြစ်များကို တိုက်ခိုက်ရာတွင် လုံး၀ အသုံးမဝင်ကြောင်း ကျန်းလန် သိလိုက်ရသည်။

ကျန်းလန် နောက်သို့ ခုန်ဆုတ်လိုက်စဉ်မှာပင် နောက်ထပ် သစ်မြစ်ရှည်ကြီးတစ်ခု ထွက်ပေါ်လာပြီး ကျန်းလန်၏ ခြေထောက်ကို ဦးတည်တိုက်ခိုက်လိုက်သည်။

ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းကိုပင် အသုံးပြုကာ ပြန်လည်ခုခံလိုက်သည်။

နဂါးသုတ်သင်ဓားသိုုင်းက သစ်ပင်များအပေါ် သက်ရောက်မှု ရှိ မရှိကို အတည်ပြုရန် သူက ဒုတိယအကြိမ် ထပ်မံအသုံးပြုလိုက်ခြင်း ဖြစ်၏။

“ချွင်…”

သို့သော် နဂါးသုတ်သင်ဓားသိုင်းက သစ်ပင်များအပေါ်တွင် လုံး၀ တိုက်ခိုက်နိုင်စွမ်း မရှိပေ။

ကျန်းလန် နောက်သို့ ထပ်ဆုတ်လိုက်သည်။ ထို့နောက် သာမန်ဓားသိုင်းကိုသာ အသုံးပြုတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

သစ်မြစ်ရှည်များနှင့် တိုက်ခိုက်ရသည်က ကျန်းလန်ကို စိတ်အနှောက်အယှက် မဖြစ်စေပေ။ သို့သော် ရွှေပြဒါးအမြုတေအဆင့် တန်ခိုးစွမ်းအားကို အသုံးပြုတိုက်ခိုက်နေရသည့်အတွက် အနည်းငယ်တော့ နှေးကွေးသလို ခံစားနေရသည်။

သစ်မြစ်ရှည်များကို တိုကခိုက်ရင်း ကျန်းလန် လမ်းအတိုင်း ရှေ့ဆက်လာခဲ့ပြီး ပတ်ဝန်းကျင်အနေအထားကိုလည်း လေ့လာကြည့်လိုက်သည်။

တောင်ပေါ်လမ်းတွင် ရင်ဆိုင်ရသည့် တိုက်ခိုက်မှုများက သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများ မဟုတ်ပေ။ တစ်စုံတစ်ယောက်က ဖန်တီးထားသည့် တိုက်ခိုက်မှုများ ဖြစ်သည်။

ဤတိုက်ခိုက်မှုများကို ဖန်တီးထားသူက သေရည်ဆိုင်ရှင်အဘိုးအိုများ ဖြစ်နေလေမည်လား။

ရှေ့သို့ အတန်ကြာသွားမိသည့်အခါ သူ့ရှေ့တွင် မြူခိုးများ ထွက်ပေါ်လာသည်ကို ကျန်းလန် တွေ့လိုက်ရသည်။

“လွင့်ပြယ်စေ…”

ကျန်းလန် ဝိညာဉ်စကားမန္တန်အသုံးပြုကာ မြူခိုးများကို အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် မြူခိုးများ လွင့်စင်ပျောက်ကွယ်သွားလေ၏။

မြူခိုးများ ရှင်းလင်းသွားသည်နှင့် သစ်ပင်တစ်ပင်ထက်တွင် နားနေသည့် ရေခဲပုဇဉ်းရင်ကွဲတစ်ကောင်ကို တွေ့မြင်လိုက်ရသည်။

ထိုပုဇဉ်းရင်ကွဲက ဆိုင်ပိုင်ရှင်ပေးလိုက်သည့် မြေပုံထက်တွင် သင်္ကေတဖြင့်ဖော်ပြထားသည့် ရေခဲပုဇဉ်းရင်ကွဲ ဖြစ်သည်။

ကျန်းလန် ချက်ချင်းပင် မိုးကြိုးလက်ဝါးသိုင်းကို အသုံးပြုပြီး ရေခဲပုဇဉ်းရင်ကွဲကောင်ကို ရိုက်ချလိုက်သည်။

“ဝုန်း…”

ကျန်းလန်၏ လက်ဝါးရိုက်ချက်ထိမှန်ပြီး ရေခဲပုဇဉ်းရင်ကွဲကောင် မြေပြင်ထက် ပြုတ်ကျသွား၏။

ကျန်းလန်က ရေခဲပုဇဉ်းရင်ကွဲကို သိမ်းဆည်းလိုက်ရင်း…

“တစ်ကောင်ရပြီ…”

ဆိုင်ရှင်ပေးအပ်သည့် တာဝန်ပြီးမြောက်ရန်အတွက် နောက်တစ်ကောင် ထပ်မံဖမ်းဆီးရပေဦးမည်။

ထိုသို့ဖြင့်…

အချိန်အတန်ကြာသွားခဲ့ပြီးနောက်…

ကျန်းလန် ရေခဲပုဇဉ်းရင်ကွဲတောအုပ်အတွင်းမှ ပြန်ထွက်လာလေသည်။

သူ့တစ်ကိုယ်လုံး အဝတ်အစားများ ဖရိုဖရဲ ၊ ဆံပင်များ ရှုတ်ပွလျှက်ဖြင့် သူ့လက်ထဲမှ ဝိညာဉ်ဓားမှာလည်း ထက်ပိုင်းကျိုးလျှက်ရှိလေ၏။

ဒုတိယမြောက် ရေခဲပုဇဉ်းရင်ကွဲကို ဖမ်းမိရန်အတွက် ကျန်းလန် တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။

ဤတောင်ပေါ်လမ်းက အလွန်မှ ထူးဆန်းလှသည်။

သူရင်ဆိုင်ခဲ့ရသမျှထဲတွင် သစ်မြစ်ရှည်များက အားအနည်းဆုံး ဖြစ်သည်။

လမ်းအတိုင်း ရှေ့ဆက်သွားပြီးနောက် စွမ်းအားပြင်းထန်လှသည့် ဝိညာဉ်သားရဲများ ၊ ထိုးဖောက်ရန်ခက်ခဲလှသည့် သဘာဝအရံအတားများကို ရင်ဆိုင်ခဲ့ရသည်။

ကျန်းလန်မှာ အတားအဆီးများကို ကျော်ဖြတ်နေရင်း လေထဲပျံသန်းနေသည့် ရေခဲပုဇဉ်းရင်ကွဲကိုပင် မဖမ်းနိုင်ဘဲ ကြည့်နေခဲ့ရသည့် အခြေအနေဖြစ်သည်။

အန္တရယ်များနှင့်တိုက်ခိုက်ရင်း လှစ်ခနဲ လှစ်ခနဲ ပြေးနေသည့် ရေခဲပုဇဉ်းရင်ကွဲကောင်ကို ဖမ်းဆီးရသည်မှာ စိတ်ရှုတ်စရာ ကောင်းလှသည်။

ကျန်းလန်က စိတ်တည်ငြိမ်သူတစ်ယောက် ဖြစ်သောကြောင့်သာ တော်တော့သည်။

ယခုတော့ ဒုတိယမြောက်ရေခဲပုဇဉ်းရင်ကွဲကို ဖမ်းမိပြီဖြစ်လေရာ ကျန်းလန် ဓားကိုစီးနှင်ပြီး ပြန်လာခဲ့သည်။

ကျန်းလန်တွင် ဝိညာဉ်ဓား များစွာ ရှိလေသည်။

စနစ်တွင်မှတ်ပုံတင်ခြင်းမှ ပုံသဏ္ဍန်မျိုးစုံ ၊ စွမ်းအားမျိုးစုံပါဝင်သည့် ဝိညာဉ်ဓားများစွာကို ရရှိထားခဲ့သည်။

ထို့ကြောင့် ဓားတစ်လက်ကျိုးသွားခြင်းက ကျန်းလန်အတွက် ပြဿနာမရှိပေ။

နှစ်ပေါင်းတစ်ရာကျော် စနစ်တွင် မှတ်ပုံတင်ခဲ့ခြင်းက သူ့တွင် မှော်ဝင်ပစ္စည်းများနှင့် ရင်းမြစ်ပစ္စည်းမျာစွာကို စုဆောင်းမိစေသည်။

စနစ်တွင်သာ မှတ်ပုံတင်နိုင်ခြင်း မရှိပါက မှော်ဝင်ပစ္စည်းများလိုချင်လျှင် ဝိညာဉ်ကျောက်တုံးများ အသုံးပြုကာ ဝယ်ယူရမည် ဖြစ်သည်။

မဝယ်ချင်ပါက ခွန်လွန်တောင်အဓိကခန်းမကြီးတွင် မှော်ဝင်ပစ္စည်းများပေးအပ်သည့်အချိန်၌ အခြားတပည့်များနှင့် ယှဉ်ပြိုင်ကာ သွားရောက်ရယူရမည် ဖြစ်သည်။

သို့သော် ခွန်လွန်တောင် အဓိက ခန်းမဆောင်တွင်ပေးအပ်သည့် မှော်ဝင်ပစ္စည်းများမှာ စွမ်းအားနည်းပါးလွန်းသည့် ပစ္စည်းများသာ ဖြစ်သည်။

ကျန်းလန်က အချိန်မအားသောကြောင့် သွားယူလေ့ မရှိပေ။ အချိန်အားလျှင်လည်း သွားယူရန် စဉ်းစားမထားခဲ့ပေ။

ပထမဆုံးအကြိမ် မှော်ဝင်ပစ္စည်းများ သွားယူစဉ်က သူရရှိခဲ့သည့် ပစ္စည်းသိုလှောင် အနီရောင်ဘူးသီးခြောက်ကဲ့သို့သော မှော်ဝင်ပစ္စည်းမျိုးကတော့ တကယ့်ရှားပါးပစ္စည်းတစ်ခု ဖြစ်၏။

………………

ကျန်းလန် ထွက်သွားပြီး သိပ်မကြာမီ နန်ရှင်းနှင့် ပုရှင်တို့ ခွေးတစ်ကောင်ကိုဆွဲလျှက် ထိုနေရာသို့ ရောက်ရှိလာကြသည်။

“သူရှိတဲ့နေရာကိုသိရဖို့ တန်ခိုးစွမ်းအားအသုံးမပြုဘဲ ဘာလို့ ခွေးတစ်ကောင်နဲ့ လိုက်ရှာရတာလဲ…”

ပုချင်က ဆီစိမ်စက္ကူထီးကို ကိုင်ထားရင်း မေးလိုက်သည်။

နန်ရှင်းက တဖျတ်ဖျတ်ခပ်နေသည့် သူ့ယပ်တောင်ကို ပိတ်လိုက်ရင်း…

“ဒီလိုနည်းလမ်းမျိုးက စိတ်ချရတယ်…”

ခဏနားပြီးမှ နန်ရှင်းက ဆက်ပြောလိုက်သည်။

“မင်း အလိုလိုသိမြင်စိတ်ဆိုတာကို ကြားဖူးလား…”

“ဘယ်လို အလိုလိုသိမြင်စိတ်လဲ…”

ပုချင်နှင့် နန်ရှင်းတို့ ရေခဲပုဇဉ်းရင်ကွဲတောအုပ်ရှေ့တွင် မတ်တတ်ရပ်လိုက်ကြသည်။

နန်ရှင်းက တောအုပ်ဆီသို့ လှမ်းကြည့်လိုက်ရင်း…

“အန္တရယ်ကို အာရုံခံနိုင်တဲ့ မွေးရာပါအစွမ်းနဲ့ မွေးဖွားလာသူတွေ လောကမှ ရှိကြတယ် ၊ တစ်စုံတစ်ယောက်က သူတို့ကို အာရုံစိုက်လိုက်ပြီဆိုတာနဲ့ သူတို့က အလိုလို သိသွားတတ်ကြတယ်… ၊ နဝမတောင်ထွတ်ကတပည့်မှာ အဲဒီလို သိစိတ်အာရုံမျိုး ရှိသလားဆိုတာ မသိပေမယ့် သတိထားတာ အကောင်းဆုံးပဲလေ… ၊ တကယ်လို့ သူ့မှာသာ အဲဒီလိုအစွမ်းမျိုး ရှိနေရင် ဘယ်လိုလုပ်မလဲ… ၊ ဒါကြောင့် ကျုပ်က တန်ခိုးစွမ်းအားသုံးပြီး သူရှိတဲ့နေရာကို ခြေရာမခံဘဲ ခွေးကို အသုံးပြုပြီး ခြေရာခံတာပေါ့…”

ခဏနားပြီးမှ နန်ရှင်းက ဆက်ပြောလိုက်သည်။

“နဝမတောင်ထွတ်က တပည့်မှာသာ အလိုလိုသိမြင်စိတ် ပိုင်ဆိုင်ထားမယ်ဆိုရင် သူ့ကို သတိပေးသလို ဖြစ်သွားလိမ့်မယ် ၊ ကျုပ်တို့ဘက်က သတိတစ်ချက်လွတ်သွားတာနဲ့ သူက လက်ဦးမှုရယူပြီး ကျုပ်တို့ကို သတ်ပစ်လိမ့်မယ် ၊ အဲဒီအချိန်မှ နောင်တရနေမယ်ဆိုရင်တော့ နောက်ကျသွားပြီ…”

ပုချင်က နန်ရှင်းကို ကြည့်လိုက်ရင်း…

“ရှင်က သတိလွန်ကဲနေတာပဲ…”

နန်ရှင်းက ယပ်တောင်ကိုဖွင့်လိုက်ပြီး နှစ်ချက်မျှ ယပ်ခတ်လိုက်သည်။

“ကျုပ် အစီအစဉ်ကို သဘောမကျဘူးဆိုရင် မင်းဟာမင်း သီးခြားလှုပ်ရှားလို့ရတယ်နော်… ၊ ကျုပ်စိတ်ထဲ မထားပါဘူး… ၊ မင်းကို ကျုပ်ပြောတဲ့အတိုင်း လိုက်လုပ်ရမယ်လို့လည်း မဆိုလိုပါဘူး…”

ပုချင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

“ဒါဖြင့် နောက်ခြေလှမ်းက ဘာလုပ်မှာလဲ… ဒီတောအုပ်ထဲဝင်ပြီး ကြည့်မှာလား…”

အတန်ကြာမှ ပုချင်က ရေခဲ့ပုဇဉ်းရင်ကွဲတောအုပ်ကို မေးငေါ့ပြရင်း မေးလိုက်၏။

နန်ရှင်းက ပြုံးလိုက်ရင်း…

“ဝင်ကြည့်စရာ အကြောင်းမရှိပါဘူး…”

ထို့နာက် နန်ရှင်းက နောက်ထပ်ဦးတည်ရာတစ်ခုဆီသို့ ခြေလှမ်းလိုက်ရင်း…

“နတ်လူသားမျိုးနွယ်တွေ စေလွှတ်ထားတဲ့ သူလျှိုကို သွားရှာရာအောင်… ကျုပ်ကြားတာတော့ သူတို့တွေ အဆက်အသွယ်ပြတ်သွားတယ်တဲ့…”

…………

ကျန်းလန်၏ ဓားက လေထဲတွင် ပျံသန်းနေလေသည်။

သို့သော် ကျန်းလန် သူထွက်ခွာလာရာနေရာသို့ ပြန်လှည့်ကြည့်ရင်း စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေသည်။

“ငါ တစ်ခုခုကို သတိထားမိဖို့ လွတ်သွားသလိုပဲ…”

ကျန်းလန် တွေးလိုက်သည်။

“ငါ ဒီရက်တွေမှာ ပိုပြီး သတိထားဖို့လိုတယ်… ၊ ငါ သတိမပြုမိနိုင်တဲ့ အန္တရယ်တွေ အများကြီး ရှိနေနိုင်တယ်…”

သူ့ကို စောင့်ကြည့်နေသည့် ခံစားချက်မျိုးကို မခံစားရသည့်တိုင် သူ့နောက်သို့လိုက်နေသည့် ရန်သူများ မရှိဟု မပြောနိုင်ပေ။

လက်ရှိတွင်တော့ သူ့ပတ်ဝန်းကျင်တွင် အန္တရယ်ကင်းနေဆဲ ဖြစ်သည်။

သို့သော် မနေ့က နန်ရှင်းနှင့် ပုချင်ကို တွေ့ဆုံခဲ့ရပြီးနောက် တစ်ခုခုလွဲနေသည်ဟု စိတ်ထဲတွင် ခံစားနေရသည်။

နန်ရှင်းက သူ၏ ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးကြည့်ပြီးနောက် ပြဿနာရှာခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်။ ဤသည်က ယခင် ရင်ဆိုင်ခဲ့ရသည့် အခြေအနေများနှင့်မတူညီဘဲ ကွဲပြားခြားနားနေလေသည်။

ရန်သူက အမြီးပင်မဖော်ဘဲ ပုန်းကွယ်နေသည်ဟု ကျန်းလန် ခံစားနေရသည်။

သို့သော် သူ သတိမမူမိချိန်တွင် သူ့ကို လာရောက် သတ်ဖြတ်သွားနိုင်သည်။ ထို့ကြောင့် ခါတိုင်းထက်ပိုပြီး သတိရှိရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန် သေရည်ဆိုင်သို့ ပြန်ရောက်သည်နှင့် မဲမှောင်ပုပ်သိုးနေသည့် မျက်နှာထားဖြင့် ကောင်တာတွင်ရပ်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

သူမကိုကြည့်ရသည်မှာ စိတ်ဘဝင်မကျစရာ ပြဿနာများနှင့် ကြုံတွေ့ထားရဟန် ရှိသည်။

သို့သော် ကျန်းလန်က သူမကို မေးမြန်းမနေတော့ပေ။

ဖမ်းလာသည့် ရေခဲပုဇဉ်းရင်ကွဲကောင်များကို သိမ်းဆည်းလိုက်ပြီး ကောင်တာနောက်တွင် ရှောင်ယွိနှင့်အတူရပ်ရင်း ဆိုင်ရှင်ပြန်အလာကိုသာ စောင့်နေလိုက်၏။

သူ ကောင်တာနောက်တွင် ရပ်နေစဉ် ရှောင်ယွိက စာရင်းစာအုပ်ထဲတွင် စာရင်းများရေးမှတ်နေသည်ကို တွေ့လိုက်ရသည်။

သူမ ရေးမှတ်နေသည်မှာ –

သေရည်အိုး (၇) အိုး ကျကွဲ ၊ အကြမ်းပန်းကန် (၈)လုံး ကျကွဲ ၊ ရေနွေးကြမ်းအိုး (၃) လုံးကွဲ နှင့် ပန်းကန်ပြား (၁)ချပ် ကွဲ ဟူ၍။

ကျန်းလန် ဆွံ့အသွားသည်။

ရှောင်ယွိမျက်နှာ ရှစ်ခေါက်ချိုးနှင့် ပုပ်သိုးကာ မကြည်မသာ ဖြစ်နေရသည့်အကြောင်းရင်းကို ကျန်းလန် သိရှိသွားသည်။

သို့သော် ပစ္စည်းကွဲအပိုင်းအစများကိုတော့ ဆိုင်ထဲတွင် မတွေ့ရပေ။

ဖီရှိုးသတ္တဝါပဲ ဝင်ပြီးစားသွားလေသလား  သို့မဟုတ် ရှောင်ယွိကိုယ်တိုင်ပဲ သန့်ရှင်းရေးလုပ်လိုက်သလား မပြောတတ်ပေ။

ဆိုင်ရှင် ပြန်ရောက်လာသည့်အခါတွင်တော့ ကျန်းလန်နှင့် ရှောင်ယွိ တောင်ပေါ်သို့ ပြန်ခဲ့ကြလေသည်။

ရှောင်ယွိက ဓားကို စီးနှင်ပျံသန်းသွားပြီး သူမ၏ ပျံသန်းနှုန်းက မနေ့ကထက်ပင် လျှင်မြန်နေလေ၏။

ကျန်းလန်ကတော့ ထုံးစံအတိုင်း လမ်းလျှောက်၍ ပြန်လာခဲ့သည်။ သို့သော် ယနေ့တော့ မည်သူနှင့်မှ တွေ့ဆုံခြင်း မရှိပေ။

မရဏဂူသို့ ပြန်ရောက်သည်နှင့် ကျန်းလန် တာအိုနားလည်ခြင်းလက်ဖက်ခြောက်များကို ဝါးစားလိုက်ပြီး ကျင့်ကြံခြင်း စတင်လိုက်သည်။

ယနေ့တော့ ကောင်းကင်ဘုံ ခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို ကျင့်ကြံရန် အာရုံစိုက်လိုက်သည်။

သို့သော် ညက မသိလိုက်မသိဘာသာဖြင့် ကုန်ဆုံးသွားသည်။

ကျန်းလန် ကျင့်ကြံခြင်းရပ်နားလိုက်သည့်အခါ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားက အနည်းငယ်မျှသာ တိုးတက်လာသည်ကို သိလိုက်ရသည်။

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအား၏ တိုးတက်မှုနှုန်းက နွားရိုင်းကိုးကောင်စွမ်းအား တိုးတက်မှုနှုန်းထက် များစွာနည်းပါးသည်။

“ကြည့်ရတာ တာအိုနားလည်ခြင်းလက်ဖက်ခြောက်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကိုတော့ သိသိသာသာကြီး နားမလည်နိုင်ဘူးထင်တယ်…”

ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို အောင်မြင်ရန်မှာ သူကိုယ်တိုင် ကျင့်ကြံခြင်းအဆင့် တက်ရောက်ပြီးမှသာ ဖြစ်နိုင်လိမ့်မည်ဟု ကျန်းလန် တွေးလိုက်သည်။

အမှန်တော့ ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို သိပ်ပြီး အသုံးပြုလေ့ မရှိပေ။ ထို့ကြောင့် ထိုတန်ခိုးစွမ်းအားအပေါ် နားလည်နိုင်ခြင်းက ကျန်းလန်အတွက် အကန့်အသတ်ရှိလေသည်။

နွားရိုုင်းကိုးကောင်စွမ်းအားကတော့ ကျန်းလန် အဆက်မပြတ်သုံးပြုနေသည့် စွမ်းအားတစ်ခု ဖြစ်၏။

ထို့ကြောင့် နွားရိုင်းကိုးကောင်စွမ်းအားက ပိုမိုနားလည်ရလွယ်ကူပြီး ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကတော့ အနည်းငယ် ခက်ခဲနေခြင်း ဖြစ်သည်။

နွားရိုင်းကိုးကောင်စွမ်းအား ကျင့်ကြံအောင်မြင်သွားပြီဖြစ်ရာ နွားရိုင်းကိုးကောင်စွမ်းအားကို အဆင့်မြှင့်တင်ထားသည့် အန္တရယ်ကိုးသွယ်စွမ်းအားကို ဆက်လက်ကျင့်ကြံရမည် ဖြစ်သည်။

အန္တရယ်ကိုးသွယ်စွမ်းအားက အင်မော်တယ်စွမ်းအားဖြစ်လေရာ လက်ရှိတွင် ကျင့်ကြံနိုင်ပါမည်လားဆိုသည်ကတော့ မသိရှိပေ။

တာအိုနားလည်ခြင်းလက်ဖက်ခြောက်အသုံးပြုပြီး စမ်းသပ်ကြည့်ရမည် ဖြစ်သည်။

နံနက်အရုဏ်တက်သည့်အခါ ကျန်းလန်က သားရဲဥလေးနှင့် သစ်ပင်ငယ်လေးထက်သို့ ဝိညာဉ်ဆေးရည်များ လောင်းချပေးပြီး သေရည်ဆိုင်သို့ ထွက်လာခဲ့သည်။

ယနေ့လည်း ကျန်းလန် သေရည်ဆိုင်သို့ ရောက်လာချိန်တွင် ရှောင်ယွိက သူ့ထက်အရင် ရောက်နှင့်နေသည်ကို တွေ့လိုက်ရသည်။

သူမကိုကြည့်ရသည်မှာ အနည်းငယ် စိတ်တိုနေပုံရလေသည်။ အဘယ်ကြောင့် သူမ စိတ်တိုနေမှန်း ကျန်းလန် နားမလည်ပေ။

မကြာမီ သေရည်ဆိုင်တံခါး ပွင့်လာလေသည်။

သေရည်ဆိုင်ပိုင်ရှင်က…

“ဒီနေ့တော့ ကျန်းလန်က ဆိုင်စောင့်… ၊ ရှောင်ယွိက ရေခဲပုဇဉ်းရင်ကွဲသွားဖမ်း…”

ကျန်းလန်နှင့်ရှောင်ယွိ ခေါင်းညိတ်သဘောတူလိုက်ကြသည်နှင့် ဆိုင်ရှင်အဘိုးအို သေရည်ဆိုင်မှ ထွက်ခွာသွားလေတော့၏။

မကြာမီ ရှောင်ယွိ ရေခဲပုဇဉ်းရင်ကွဲတောစပ်သို့ ထွက်ခွာသွားပြီး ကျန်းလန်ကတော့ ဆိုင်စောင့်ရင်း ကျန်ရစ်ခဲ့လေတော့၏။


Comment

Leave a Reply


Options

not work with dark mode
Reset