Switch Mode

အခန်း ( ၇၈ )

တာအိုအလင်းဆောင်ဌာန၊ သိပ်ကြောက်သွားလား

ဝမ်ပေါင်လဲ့က ထိုအဝိုင်းပြားကို ဖိလိုက်သည်နှင့်တစ်ပြိုင်နက် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများနောက်သို့ လိုက်နေသော ဓမ္မလက်နက်တောင်ထိပ်ပေါ်ရှိ ရုပ်သေးရုပ်များ၏ မျက်လုံးများမှာ ရုတ်တရက်ဆိုသလို ဖျတ်ခနဲလက်သွား၏။

သူတို့၏မျက်လုံးများ ထိုကဲ့သို့ လက်သွားချိန်တွင် သူတို့၏ ခြေလှမ်းများအားလုံးမှာလည်း ရပ်တန့်သွားသလို သူတို့၏ ညည်းသံများပင် ပျောက်ကွယ်သွားကြသည်။ ထို့ကြောင့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားအားလုံး အံ့အားသင့်သွားကြပြီး နောက်သို့ လှည့်ကြည့်လိုက်ကြ၏။

သူတို့ လှည့်ကြည့်လိုက်စဉ် ပို၍ပင် မာန်ပါသော ညည်းသံတစ်သံ ထိုရုပ်သေးရုပ်များ၏ ပါးစပ်ထဲမှ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာသည်။ ထိုရုပ်သေးရုပ်များ၏ အမူအရာများမှာလည်း ထူးဆန်းနေကြသလို ၎င်းတို့၏ မျက်လုံးများလည်း အရောင်တောက်လာကြ၏။ သို့သော် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများကို ပို၍ တုန်လှုပ်ချောက်ချားသွားစေသည့် အချက်မှာ….

သူတို့နှင့် တစ်ပုံစံတည်းတူသော ရုပ်သေးရုပ်များမှာ ၎င်းတို့၏ အဝတ်အစားများကို စတင်ချွတ်နေခြင်းပင် ဖြစ်သည်။

” ဘာ…ဘာလို့ သူတို့တွေက အဝတ်အစားတွေကို ချွတ်နေရတာလဲ ”

” မ… မဟန်ဘူးဟေ့။ ပြေးကြတော့ဟ မြန်မြန်လေး ”

တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ဆွံ့အနေကြစဉ် ဉာဏ်လျင်သည့် လူတချို့ကမူ ၎င်းတို့မှာ ပုံမှန်မဟုတ်တော့ကြောင်း ရိပ်မိသွားကြ၏။ သူတို့အားလုံး တုန်လှုပ်ချောက်ချားသွားကြပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသောမျက်နှာများဖြင့် စတင် ဆုတ်ခွာသွားကြတော့သည်။

သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထို ရုပ်သေးရုပ်များမှာ ထိုကဲ့သို့ အဝတ်အစားများကိုချွတ်ရင်း ၎င်းတို့နှင့် တစ်ပုံစံတည်းတူသည့် လူအစစ်များဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြ၏။

၎င်းတို့၏ ပါးစပ်များထဲမှ ထွက်ပေါ်လာကြသည့် ညည်းသံများမှာ ချက်ချင်းဆိုသလိုပင် အလွန် ကြောက်မက်ဖွယ် ကောင်းသွား၏။ ထို့အပြင် ၎င်းတို့မှာ အလွန်သန်မာပြီး မာကျောနေသောကြောင့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ၎င်းတို့ကို ဖျက်ဆီးနိုင်ရန် မလွယ်ကူပေ။ ထိုသို့ဖြင့် ကြောက်ရွံ့ထိတ်လန့်နေကြသည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများ၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး ထိတ်ထိတ်ပျာပျာနှင့် ထွက်ပြေးကာ အော်ဟစ်မြည်တမ်းနေကြတော့သည်။

” ဘုရားရေ။ ဒီ ရုပ်‌သေးရုပ်တွေက ရူးနေတာပဲ ”

” ဝမ်ပေါင်လဲ့။ မင်းက အရှက်မရှိတဲ့ကောင်ပဲကွ ”

တချို့ကျောင်းသားများမှာ ခြေထောက်များ တုန်ရီနေကြသောကြောင့် မပြေးနိုင်တော့ဘဲ ရုပ်သေးရုပ်များ၏ ခုန်အုပ်ခြင်းကို ခံလိုက်ရသည်။ သူတို့ထဲတွင် အဓိက တရားခံဖြစ်သည့် အစ်ကိုချန်ဆိုသော လူငယ်လေးလည်း ပါသည်။ သိပ်မကြာခင် သူတို့မှာ သွေးပျက်ချောက်ချားဖွယ်ရာကောင်းစွာ အော်ဟစ်မြည်တမ်းနေကြပြီး ခန္ဓာကိုယ်များကို လူးလှိမ့်ကာ တွားသွားရင်း ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားရုန်းကန်နေကြရတော့သည်။ သို့သော် ရုပ်သေးရုပ်များကမူ ရပ်တန့်သွားခြင်းမရှိဘဲ ညည်းသံများ ထုတ်လွှတ်ကာ သူတို့နောက်သို့လိုက်ရင်း တစ်ခါတစ်ရံတွင် ” ငါက တာအိုဉာဏ် အလင်းပွင့်နေတာ ” ဟူ၍ အော်ဟစ်နေကြတော့သည်။

ထို့အပြင် လူတိုင်း ဓမ္မလက်နက်ဌာနအပေါ် အာရုံရောက်နေကြသည်ဖြစ်ရာ ဌာနအသီးသီးမှာ ဖြစ်ကြောင်းကုန်စင်ကို ချက်ချင်းပင် သိရှိသွား၏။ ထို့ကြောင့် ဝိညာဉ်ကွန်ရက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုများပင် ပေါ်ပေါက်လာကြသဖြင့် တစ်ကျောင်းလုံး ဆူညံပွက်လောရိုက်သွားကြတော့သည်။

” ဓမ္မလက်နက်ဌာနဆီကနေ ထူးဆန်းတဲ့ ညည်းသံကြီးတစ်သံ ထွက်လာတာတဲ့ဟေ့ ”

” ငါ့ကောင်တို့ ကြည့်ကြဦး။ တာအိုအလင်းဆောင်ဌာနက လူတွေကို ညည်းသံတွေ ထုတ်နေတဲ့ ရုပ်သေးရုပ်တွေက လိုက်ဖမ်းနေကြတာ။ မိသာ မိသွားလို့ကတော့ ဘာဆက်ဖြစ်မလဲဆိုတာ ငါ မတွေးရဲဘူး ”

” ဝမ်ပေါင်လဲ့ … ဒီဗျူဟာက ဇီဝိန်ချုပ်ဗျူဟာပဲကွ ”

” ဟားဟား။ တာအိုအလင်းဆောင်ဌာနတောင်မှ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီ။ ကြည့်ရတာ လူယုတ်မာတွေကပဲ လူယုတ်မာတွေကို ပြန်ပြီးတော့ နှိပ်စက်နိုင်တဲ့ပုံပဲ။ သိပ်တော်တယ် ကျောင်းသားခေါင်းဆောင်ပေါင်လဲ့ရေ ”

အဆင့်နိမ့်ကျွန်းတွင် အုတ်အော်သောင်းနင်း ဖြစ်နေကြစဉ် ဓမ္မလက်နက်ဌာနထဲတွင်မူ ညည်းသံများမှာ လေထဲတွင် ပြည့်နှက်နေတော့သည်။ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများအားလုံး ရှိုက်ကြီးတင်ငင် ငိုကြွေးနေကြပြီး ခြေထောက်များ အပိုပါလျှင် ကောင်းမည်ဟု တွေးနေကြ၏။ သူတို့မှာ ကြောက်ရွံ့ထိတ်လန့်နေသောကြောင့် အားကုန်ထုတ်၍ အရူးများကဲ့သို့ ပြေးလွှားရင်း သေးများပင်ထွက်ကျကာ တောင်အောက်သို့ ပြေးဆင်းသွားကြတော့သည်။

သူတို့အားလုံးမှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး ဆံပင်များ ရှုပ်ပွကာ အဝတ်အစားများမှာလည်း ဖရိုဖရဲ ဖြစ်နေကြ၏။ သူတို့မှာ အကြီးအကျယ် စိတ်ထိခိုက်သွားကြပြီဖြစ်ပြီး အရိပ်မည်းကြီးတစ်ခုအောက်သို့ ရောက်နေသည့်အလား ခံစားနေရတော့သည်။ ယခုတွင် သူတို့၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ ဓမ္မလက်နက်ဌာနနှင့် ဝမ်ပေါင်လဲ့တို့၏ အဝေးတွင် နေရန် ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ နှာဗူးပုံစံမှာ ကမ္ဘာကြီးကို မီးလောင်တိုက်သွင်းသကဲ့သို့ပင်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ပေါ်လာ၏။ သူသည် ကျေနပ်မှုအပြည့်ရှိနေသည့် အမူအရာဖြင့် စိတ်လှုပ်တရှား ဖြစ်နေ၏။ သူသည် လက်ကိုနောက်ပစ်ကာ ဓမ္မလက်နက်ဌာနထဲတွင် လမ်းလျှောက်ရင်း တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများ ညည်းသံများ ထုတ်လွှတ်ကာ သူတို့အား လိုက်ဖမ်းနေကြသည့် ရုပ်သေးရုပ်များထံမှ ထွက်ပြေးသွားကြသည်ကို စောင့်ကြည့်နေ၏။ ထိုမြင်ကွင်းများကြောင့် သူသည် အလွန် ပျော်ရွှင်နေတော့သည်။

” တာအိုအလင်းဆောင်ဌာနက မင်းတို့ကောင်တွေက လူမိုက်ဂိုဏ်းကကောင်တွေနဲ့ တူပေမဲ့ ငါ့ရဲ့ ညည်းသံထုတ်တဲ့ သားရဲတွေကိုတော့ မယှဉ်နိုင်ပါဘူးကွ ”
ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောကာ တောင်အောက်သို့ ပြေးဆင်းသွားကြသည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများ၏ နောက်မှလိုက်ကာ သူတို့ ထွက်ခွာသွားကြသည်ကို ကြည့်နေလိုက်တော့သည်။

တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ ဝမ်ပေါင်လဲ့ကို လှမ်း၍ မြင်လိုက်ကြသဖြင့် ပူဆွေးသောကရောက်ကာ အမျက်ချောင်းချောင်း ထွက်လာကြပါ‌သော်လည်း မရပ်တန့်ရဲကြပေ။ သူတို့မှာ သူ့အား မမြင်ချင်ယောင်သာ ဆောင်လိုက်ပြီး အလျင်အမြန်ပင် ထွက်ပြေးသွားကြ၏။ ဝမ်ပေါင်လဲ့မှာမူ အလွန် ပျော်ရွှင်ကျေနပ်နေ၏။ သူသည် လမ်းလျှောက်၍ နတ်ဝိဇ္ဇာဂူသို့ ပြန်သွားသည့်အချိန်တွင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများမှာ ရိုသေလေးစားမှုများ ရောယှက်နေကြသည့် ထူးဆန်းသော အမူအရာများဖြင့် သူ့အား စိုက်ကြည့်နေကြတော့သည်။ သူကမူ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ရောက်သောအခါ မုန့်များကိုထုတ်ကာ သက်ပြင်းချလိုက်၏။

” နောက်ဆုံးတော့ တိတ်ဆိတ်ငြိမ်သက်သွားပြီပဲ။ ဟွန်း … တာအိုအလင်းဆောင်ဌာနရာ။ မင်းတို့တွေ ကြောက်သွားပြီလားကွ။ ငါ့ကို တိုက်တောင် မတိုက်ခိုက်ရဲတော့ဘူး ”

ဝမ်ပေါင်လဲ့မှာ ထိုအေးဆေးတည်ငြိမ်မှုကြီးကို တခဏမျှ ခံစားလိုက်၏။ သူသည် ရက်အနည်းငယ်ခန့် အနားယူလိုက်ပြီးနောက် ဓမ္မအဆောင်များကို ဆက်လက်သန့်စင်နေသည့် အချိန်တွင် ထွက်ပြေးလွတ်မြောက်သွားကြသည့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ သူတို့၏ ရှုံးနိမ့်မှုကို လက်မခံလိုကြပေ။ ထို့ကြောင့် သူတို့မှာ အစီအစဉ်တစ်ခုဆွဲကာ တိုက်ပွဲအသစ်တစ်ခု ထပ်တိုက်ရန် ပြင်ဆင်နေကြတော့သည်။

ဝမ်ပေါင်လဲ့၏ နောက်ဆုံး ရုပ်သေးရုပ်ဗျူဟာမှာ အလွန် ကြောက်မက်ဖွယ်ရာကောင်းသည်ဟု သူတို့က လက်ခံထားကြပါတော့လည်း ထိုရှုံးနိမ့်မှုကို ခေါင်းငုံ့မခံလိုကြချေ။ ထို့အပြင် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများမှာ အမြဲတမ်း အသာစီးရလေ့ ရှိကြသည် မဟုတ်ပါလော။ သူတို့မှာ ယခုမှ ပထမဆုံး အကြိမ်အဖြစ် ထိုကဲ့သို့ ဆင်းရဲဒုက္ခမျိုးနှင့် ကြုံဖူးကြသည်ဖြစ်ရာ သိက္ခာကျသည်ဟု မှတ်ယူလိုက်ကြ၏။ ထို့ကြောင့် သူတို့မှာ အကြံတစ်ခု ပေါ်လာရန်အတွက် အကောင်းဆုံးကြိုးစား၍ စဉ်းစားတွေးတောနေကြစဉ် ကြေညာချက်တစ်ခုက ဌာနအားလုံးရှိ ကျောင်းသားများ၏ အာရုံကို ဖမ်းစားသွားသည်။

တချိန်တည်းမှာပင် ထိုကြေညာချက်ကြောင့် တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများ၏ အာရုံမှာလည်း ဦးတည်ချက် ပြောင်းလဲသွား၏။ သူတို့၏ စိတ်ထဲတွင် ဝမ်ပေါင်လဲ့ ရှိမနေတော့ဘဲ အများစုမှာ စိတ်နှလုံး လှုပ်ရှားနေကြပြီဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ယခုနှစ်၏ အတန်းတင်စာမေးပွဲကို စောလျင်စွာ စတင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

ထိုအတန်းတင်စာမေးပွဲမှာ ကျောင်းသားများအား အဆင့်နိမ့်ကျွန်းမှ အဆင့်မြင့်ကျွန်းဆီသို့ မြှင့်တင်ပေးနိုင်သည့် စာမေးပွဲ ဖြစ်သည်။ ပုံမှန်အတိုင်းဆိုလျှင် ထိုစာမေးပွဲတွင် အသက်ကန့်သတ်ချက်မရှိပေ။ ပထမနှစ် ကျောင်းသားဖြစ်စေ၊ ပဉ္စမနှစ်ကျောင်းသားဖြစ်စေ မိမိမှာ အဆင်သင့်ဖြစ်နေပြီဟု ခံယူထားပါက ထိုစာမေးပွဲတွင် ဝင်ဖြေခွင့်ရှိသည်။

ဖြေဆိုသူအများစုမှာမူ ပဉ္စမနှစ်ကျောင်းသားများ ဖြစ်ကြ၏။ သူတို့မှာ အောင်မြင်သွားမည်ဆိုလျှင် အဆင့်မြင့်ကျွန်းသို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်း ကျရှုံးသွားလျှင်မူ တာအိုကျောင်းမှ နှုတ်ထွက်ကာ အခြားအသက်မွေးဝမ်းကျောင်းနည်းလမ်းတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။

ထိုစာမေးပွဲမှာ အဓိကကျသော စာမေးပွဲတစ်ခုဖြစ်သောကြောင့် အလွန် ခက်ခဲ၏။ လက်တွေ့တွင်မူ ၎င်းမှာ အထူးအခွင့်အရေးတစ်ခု၊ ကျောင်းသားများကို ရှေးဟောင်းအဆင့်မှ အာနာပါနအဆင့်သို့ တွန်းပို့ပေးနိုင်သည့် စာမေးပွဲတစ်ခုပင် ဖြစ်သည်။

ထိုစာမေးပွဲတွင် အောင်မြင်ရန် လိုအပ်သည့် တစ်ခုတည်းသော အချက်မှာ အာနာပါနအဆင့်သို့ တက်လှမ်းရန်ပင်ဖြစ်သည်။

ပုံမှန်အတိုင်းဆိုလျှင် ဤနှစ်စဉ်နှစ်တိုင်း ကျင်းပသော စာမေးပွဲထဲ၌ ဝင်ရောက်ဖြေဆိုသူ လေးသောင်းခန့် ရှိပါသော်လည်း သူတို့ထဲမှ အနည်းငယ်ကသာ အဆင့်မြင့်ကျွန်းသို့ တက်လှမ်းခွင့် ရကြသည်။

နဂိုအတိုင်းဆိုလျှင် ထိုစာမေးပွဲအား အားလပ်ရက်ကာလ ရောက်ခါနီးအချိန်တွင် ကျင်းပလေ့ရှိပါသော်လည်း ယခုအကြိမ်တွင်မူ ကျင်းပမည့်နေ့ရက်ကို ရှေ့သို့ တိုးလိုက်ခြင်းဖြစ်သည်။

ထိုသို့ ရှေ့သို့တိုးလိုက်ရသည့် အကြောင်းအရင်းမှာ ထိုစာမေးပွဲက ကျောင်းတစ်ကျောင်းချင်းစီ၏ အခြေခံပညာရပ်များကို စမ်းသပ်ရုံမျှသာမဟုတ်တော့ဘဲ အထူးချွန်ဆုံးသော ကျောင်းသားများအတွက် မှော်ဝင်နယ်မြေ စစ်ဆေးပွဲတစ်ခုကိုပါ ထည့်သွင်းပေးထားသောကြောင့် ဖြစ်သည်။

ယခင်က စာမေးပွဲများထဲတွင် ကျောင်းသားလေးသောင်းမှာ သူတို့၏ ကံတရားနှင့် အောင်မြင်မှုများကို အားကိုး၍ အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရရန် ကြိုးစားကြသည်။ ၎င်းမှာ ခက်ခဲပါသော်လည်း အလွန်တရာ ခဲယဉ်းနေသည်တော့ မဟုတ်ပေ။ ထို့အပြင် စာမေးပွဲဖြေဆိုသည့် လူများမှာ တာအိုကျောင်း၏ ဌာနအသီးသီးမှ ကျောင်းသားများ ဖြစ်ကြသည်။

မှော်ဝင်နယ်မြေ စစ်ဆေးပွဲကမူ ကောင်းကင်တာအိုကျောင်း တစ်ကျောင်းတည်းအတွက် မဟုတ်ဘဲ ပြည်ထောင်စုထဲရှိ ထိပ်ဆုံး တာအိုကျောင်း လေးကျောင်းမှ အထူးချွန်ဆုံးသော ကျောင်းသားများ အားလုံးအတွက် ဖြစ်သည်။ မှော်ဝင်နယ်မြေ စစ်ဆေးပွဲ ကျင်းပမည့်နေရာကို မည်သည့်တာအိုကျောင်းကမှ ပိုင်ဆိုင်ထားခြင်း မရှိပေ။ ထိပ်သီးကျောင်းကြီးလေးကျောင်းမှာ ထိုနေရာကို မျှဝေအသုံးပြုကြသည်သာ ဖြစ်သည်။ သားရဲစစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီးနောက် တာအိုကျောင်းကြီးလေးကျောင်းမှာ စုပေါင်း၍ ထို အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်သော နယ်မြေကြီးကို ပြည်ထောင်စုအပြင်ဘက်ရှိ အဖွဲ့အစည်းမြောက်မြားစွာထံမှ လုယုသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အကြောင်းအရင်းများစွာကြောင့် တာအိုကျောင်းကြီးလေးကျောင်းမှာ ထို အခွင့်အလမ်းနယ်မြေအား နှစ်အနည်းငယ်ခန့်ကြာမှသာ တစ်ကြိမ်ခန့် ဖွင့်လှစ်နိုင်၏။ ထိုစစ်ဆေးပွဲထဲတွင် ကျောင်းသားလေးထောင်မျှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်ဖြစ်ရာ တာအိုကျောင်းတိုင်း ၎င်းတို့၏ အထူးချွန်ဆုံး ကျောင်းသားတစ်ထောင်ခန့်ကိုသာ စေလွှတ်နိုင်၏။

ဤအတန်းတင်စာမေးပွဲ ဖြေဆိုမည့်နေ့ရက်အား ရှေ့တိုးလိုက်ရသည့် အကြောင်းရင်းမှာမူ တာအိုကျောင်းကြီးလေးကျောင်းမှာ ထို မှော်ဝင်နယ်မြေအား ဖွင့်လှစ်မည့်နေ့ရက်ကို ဆုံးဖြတ်ပြီးသွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်တာအိုကျောင်း တစ်ကျောင်းတည်းသာ မဟုတ်ဘဲ အခြားတာအိုကျောင်း သုံးကျောင်းကပါ ၎င်းတို့၏ အတန်းတင်စာမေးပွဲ ဖြေဆိုမည့်နေ့ရက်ကို ရှေ့သို့ တိုးလိုက်ရခြင်းဖြစ်သည်။

ထိုသို့တိုးလိုက်ရသည့် အကြောင်းရင်းမှာ တာအိုကျောင်းများသည် အထူးချွန်ဆုံးသော ကျောင်းသားအယောက်တစ်ထောင်ကို ရွေးချယ်ရန်အတွက် ကြီမားသော ပြိုင်ပွဲကြီးတစ်ခု ကျင်းပပေးရန် လိုအပ်သောကြောင့်ဖြစ်သည်။

ထိုသို့ ရွေးချယ်ခံရသည့် ကျောင်းသားအယောက်တစ်ထောင်မှာ တာအိုကျောင်းကြီးလေးကျောင်း၏ မှော်ဝင်နယ်မြေထဲသို့ ဝင်ရောက်ခွင့် ရကြမည်ဖြစ်သည်။ ကျန်ရှိနေသော လူများမှာမူ ယခင်အတိုင်း မိမိ တာအိုကျောင်း၏ ကိုယ်ပိုင်မှော်ဝင်နယ်မြေထဲကိုသာ ဝင်ခွင့်ရမည် ဖြစ်သည်။

ထိုကြေညာချက် ထွက်ပေါ်လာသောအခါ တာအိုကျောင်းတစ်ကျောင်းလုံး ဆူညံသွားကြ၏။ တာအိုကျောင်းကြီးလေးကျောင်းစလုံး ဝေမျှအသုံးပြုကြသော မှော်ဝင်နယ်မြေ စစ်ဆေးပွဲကျင်းပမည့် နေရာမှာ သာမန် စစ်ဆေးပွဲများ ကျင်းပသည့် နေရာများထက် ပိုမိုသာလွန်သော အခွင့်အရေးများကို ပေးစွမ်းနိုင်မည်မှာ သိသာထင်ရှားပေသည်။

အာနာပါနအဆင့်မှာ ရှေးဟောင်းသိုင်းအဆင့်၏ အထက်တွင် ရှိသည်။ သို့သော် အာနာပါနအဆင့်ထဲမှာပင် ခြားနားချက်သုံးခု ရှိသေးသည်။

” အာနာပါနအဆင့်ဆိုတာ ဝိညာဉ်အမြစ်ပဲ ”
နတ်ဝိဇ္ဇာဂူထဲတွင် တင်ပျဉ်ခွေထိုင်နေသော ဝမ်ပေါင်လဲ့မှာလည်း ပါမောက္ခကြီးဆီမှ ကြေညာချက်ကို လက်ခံရရှိလိုက်သည်။ ပါမောက္ခကြီးမှာ သူ့အား ထိုစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် တိုက်တွန်းနေ၏။

” အဆင့်တက်ဖို့အတွက်ဆိုရင် ဝိညာဉ်အမြစ်တွေကို လိုအပ်တယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှုလိုက်ပြီး အသံလွှင့်လက်စွပ်ထဲရှိ ပါမောက္ခကြီး ပေးပို့လိုက်သော အာနာပါနအဆင့်နှင့် ပတ်သက်သည့် အချက်အလက်များကို ဖတ်ရှုလိုက်သည်။

” ဝိညာဉ်အမြစ်တွေရဲ့ အရည်အသွေးက တစ်လက်မကနေ ရှစ်လက်မအထိ ရှိတယ်။ ရိုးရိုးစာမေးပွဲမှာဆိုရင် ငါးလက်မထက်ပိုတဲ့ ဝိညာဉ်အမြစ်ကို မရနိုင်ဘူး။ မှော်ဝင်နယ်မြေ စစ်ဆေးပွဲထဲမှာ ငါးလက်မထက်ပိုတဲ့ ဝိညာဉ်အမြစ်တွေ ရှိတယ် ”

” ဝိညာဉ်အမြစ်လို့ မခေါ်ဘဲ အာနာပါနအဆင့်လို့ ခေါ်ရတဲ့ အကြောင်းအရင်းက ဝိညာဉ်အမြစ်တွေက ပုံသဏ္ဍာန်အတိအကျမရှိတဲ့ အငွေ့အသက်တွေပဲ ဖြစ်နေလို့ ”

ရှေးဟောင်းသိုင်းအဆင့်သုံးဆင့်မှာ အာနာပါနအဆင့်အတွက် လိုအပ်သော ပြင်ဆင်မှုများ ဖြစ်ကြသည်။ လူသားများ၏ ခန္ဓာကိုယ်များမှာ ဇကာပေါက်များကဲ့သို့ အပေါက်များစွာ ပါရှိကြသည် မဟုတ်ပါလော။ သာမန်လူသားတစ်ယောက်မှာ ဝိညာဉ်အမြစ်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီးလျှင် ၎င်းကို ဆက်၍ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရှေးဟောင်းသိုင်းအဆင့် သုံးဆင့် ရှိနေရခြင်း ဖြစ်သည်။

အဆင့်တစ်ဆင့်ဖြစ်သော သွေးချီအဆင့်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်အား ပိုမိုတောင့်တင်းခိုင်မာလာစေရန်ဖြစ်သည်။ ဒုတိယအဆင့်ဖြစ်သည့် ခန္ဓာအချုပ်အနှောင်အဆင့်မှာ ခန္ဓာကိုယ်ထဲရှိ ချွေးပေါက်များအားလုံးကို ပိတ်ဆို့ပစ်ရန် ဖြစ်သည်။ နောက်ဆုံးအဆင့်ဖြစ်သော ဖွံ့ထွားသွေးကြောအဆင့်မှာမူ ခန္ဓာကိုယ်ထဲရှိ နောက်ဆုံးအပေါက်ကို အလုံပိတ်ပစ်ရန် ဖြစ်သည်။ သို့မှသာ လူသားတစ်ယောက်မှာ ခန္ဓာကိုယ်ကို အလုံပိတ်၍ ဝိညာဉ်အမြစ်ကို ထိန်းသိမ်းထားနိုင်ပြီး ၎င်းအား ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားအောင် ပြောင်းလဲနိုင်စွမ်းရှိမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အသံလွှင့်လက်စွပ်ထဲမှ စာများကို ဖတ်ရှုနေ၏။ သူသည် ထိုစာများထဲမှ တစ်ဝက်ကိုသာ သိထားပါသော်လည်း အခြားတစ်ဝက်ကို ယခုမှ ဖတ်ဖူးခြင်း ဖြစ်သည်။

” အာနာပါနအဆင့် …. ”
ဝမ်ပေါင်လဲ့မှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ၏ အတွေးထဲတွင် သူ အိမ်ပြန်ခဲ့စဉ်က အာနာပါနအဆင့် ရှိ သားရဲကြီးတစ်ကောင်ကို သတ်ဖြတ်ခဲ့သော လူငယ်လေးအကြောင်းအား ပြန်၍ အမှတ်ရသွားသည်။ သူသည် အချိန်အတော်အတန်ကြာအောင် စဉ်းစားလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုအရိပ်အယောင်များ ထင်ဟပ်သွား၏။ သူသည် ထိုစာမေးပွဲထဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset