ရွှေအစည်းအရုံး ၀င်ပေါက်အရှေ့တွင်ဖြစ်သည်။
“၀တ်ပေးမယ် ရော့”
မုကျစ်ရှီ၏ ခေါင်းပေါ်မှာ စုရှောင်ရှန် ခမောက်ကို တင်ပေးလိုက်သည်။ ထိုခမောက်က သူနှင့် ကွက်တိပဲဆိုပေမယ့် မုကျစ်ရှီအတွက်ကြတော့ ကြီးလွန်းလို့နေကာသူမ၏ မျက်နှာတစ်ခုလုံးကိုတောင် ဖုန်းသွား၏။ ကံကောင်းတာက ဘယ်လိုနေနေက သူမက ချစ်စရာကောင်းနေသောကြောင့်ပင်။
အခြားတစ်ယောက်ယောက်သာ ဤသို့ ၀တ်ပါက ရယ်ချင်ဖွယ် ဟာသ ဖြစ်နေလိမ့်မည်။
သူမ၏ ဆရာတူအကိုကြီး ပြုံး၍ မေးထောက်ထိုင်ပြီး သူမကိုကြည့်နေတာကြောင့် မုကျစ်ရှီ နီရဲနေသော မျက်နှာကလေးဖြင့် ဆိုသည်။ “ဒါက ဘာကြီးလဲ။ ရုပ်ဆိုးလိုက်တာ မ၀တ်ချင်ပါဘူး”
အကြီးအကဲစန်းလည်း ၀တ်တာမြင်ဖူးပေမယ့် သူမ အကြိုက်မဟုတ်ပါပေ။
ယခု သူမ၏ အစိမ်းဖျော့တော့တော့ကို ၀တ်ထားတာကြောင့် ထိုခမောက်ကြီးကိုစောင်းလိုက်သည့်အခါ လယ်ယာလုပ်ဖို့ သွားတော့မည့် ကောက်စိုက်မလေးနှင့်တူနေသည်။
“၀တ်ထားစမ်းပါ။ တစ်ယောက်ယောက်က ငါ့ကိုသတ်ချင်နေတာ ငါတို့မျက်နှာတွေမြင်သွားလို့မဖြစ်ဘူး”
မုကျစ်ရှီ စိတ်ထဲက ‘ဒါတွေ၀တ်ထားတော့ဘာလုပ်ရမှာ။ စိတ်ဝိညာဉ်အာရုံနဲ့ကြည့်လိုက်ရင် ဖောက်မြင်နေနိုင်တာကို’
သူမတွေးနေတာကိုသိသည့်အလား စုရှောင်ရှန်က ပုခုံးတွန့်ပြကာ “နင်နားမလည်ပါဘူး။ အပြင်ဘက် လောကကြီးမှာ ဘယ်သူမှ သာမန်ကာလျှံ စိတ်ဝိညာဉ်အာရုံနဲ့ မစစ်ကြည့်ရဲဘူး။ ဒါကြောင့် သာမန် ခမောက်လေးဆိုရင်တောင်မှ အလုပ်ဖြစ်တယ်။ မဟုတ်ရင် အဲ့ဒီနာမည်ကြီးဖြစ်ရပ်လို သွေးလွှမ်းသွားလိမ့်မယ်”
“ဘယ်နာမည်ကြီးဖြစ်ရပ်တုန်း”
“နင်နားမလည်ပါဘူး”
ကလေးမလေး၏ခေါင်းပေါ်က ခမောက်ကြီးကို စုရှောင်ရှန် သေချာ မျက်နှာဖုံး အောင်လုပ်ပေးပြီးတော့ သူလည်း ထရပ်လိုက်သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဒီမှာစောင့်နေ။ ငါလုပ်ကြံသူကိုသွားရှာလိုက်ဦးမယ်” သို့ပြောပြီးနောက်မှာ စုရှောင်က ထပ်လောင်း၍ “ပြဿနာတစ်ခုခုရှိလာပြီဆိုရင် ရွှေအစည်းအရုံးထဲမှာ သွားပုန်းနေလိုက်။ အဲ့မှာဆို ဘယ်သူမှ ပြဿနာမရှာရဲဘူး”
စောနက ခရမ်းရောင်ဖန်လုံးကို စမ်းကြည့်စဉ်က အနီရောင်နဂါးကြီးကိုပြန်တွေးမိပြီး တကယ် လုပ်ကြံသူပါလားဟု မုကျစ်ရှီ တွေးလိုက်၏။
ဒါပေမယ့် စုရှောင်ရှန်က ဘယ်လိုသိတာလဲ။ ခုပြောနေတဲ့ပုံကလည်း လုပ်ကြံသူများ ဘယ်မှာရှိသလဲကို သိသလိုလိုနှင့် ရှာတွေ့တယ်ထား သူတို့က အရှင်သခင်နယ်ပယ်ဖြစ်နေရင် ဘယ်လိုလုပ်မတုန်း။
သူက ကျန်းရှင်းရှုံကို သတ်လိုက်တယ်ဆိုပေမယ့် ပြိုင်ဘက်ကင်းသွားတာမှ မဟုတ်တာ။
“ဒါက ထျန်းစန်းမြို့တော်နော်၊ ဒီမှာ မြို့စောင့်တွေရှိတယ် တိုက်ခိုက်လို့မရဘူး။ ထွက်ပြေးရအောင်” စိတ်ချင်းဆက်ပြီး ပြောလိုက်သည်။
စုရှောင်ရှန့် ခြေလှမ်းများရပ်တန့်သွား၏။
မုကျစ်ရှီက တကယ် ငယ်သေးပေသည်။ ထျန်းစန်းနန်းတော်အပြင်စည်းလို တိုက်ခိုက်တာကိုတားမြစ်ထားတဲ့နေရာမှာတောင် သူက လူအတော်များများကို သတ်ဖြတ်ဖူးလေပြီ။
ယခုလို ထျန်းစန်းနန်းတော်တောင်မဟုတ်သည့် နေရာမျိုးမှာ လူတိုင်းက အမိန့်တွေကို နာခံမယ်လို့ထင်နေတာလား။
“အေးဆေးပေါ့။ ငါ့ကို မမိစေရပါဘူး” သူမကို နောက်ကျောပေးရင်းက လက်ဝေ့ရမ်းပြလိုက်ပါသည်။
မုကျစ်ရှီ စိုးရွံ့မိ၏။
သူမ၏ ခမောက်ကြီးကိုစောင်းထားသော ခေါင်းသေးသေးလေးက ရှုပ်ယှက်ခက်သည့်အရာများကို တွေးတောနေသည်။ စုရှောင်ရှန်၏ အတွေးတွေကို မလိုက်နိုင်တဲ့အဆုံး ခြေဆောင့်ပြီးတော့ “ငါပြောချင်တာက လုပ်ကြံသူတွေ မြို့ထဲမှာ မတိုက်ခိုက်ရဲလောက်လို့ နင့်ဘက်ကစပြီး မတိုက်ခိုက်ဖို့ပြောတာ…”
သူမ၏ စကားမဆုံးခင်မှာပဲ စုရှောင်ရှန် ပျောက်ကွယ်သွား၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ဘေးပတ်၀န်းကျင်က လူအုပ်ကြီးကိုတွေ့သောအခါ သူမ၏ အင်္ကျီစကို အလိုလိုနေရင်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိကာ ထောင့်တစ်နေရာ၌ သွားပုန်းလိုက်လေသည်။
ရွှစ်ကတည်း ဓားသမားသုံးဦး ရုတ်တရက်ပေါ်လာပြီး ဘေးဘီဝဲရာကို ကြည့်ကြတော့၏။
“လုပ်ကြံသူတွေလား”
မုကျစ်ရှီ စိုးရိမ်သွားပြီးတော့ ခမောက်ကို ပို၍ ဖိချလိုက်သည်။
ထိုစဉ်မှာ ဘာစိတ်ဝိညာဉ်စွမ်းအင်မှမရှိတဲ့ သာမန်ခမောက်လေးက သူမလိုအပ်တဲ့ လုံခြုံမှုဆိုတဲ့ အရာကြီးကို ပေးစွမ်းနေလေသည်။
ထိုခမောက်ကြီးက လောကကြီးနှစ်ခုကို ခြားပေးလိုက်ပေသည်။
“ညောင်”
ရွှေအစည်းအရုံး၏ ၀င်ပေါက်မှာ တံခါးစောင့်တွေတောင် သတိမထားမိတဲ့ ချစ်စဖွယ် ကောင်းသော ကြောင်တစ်ကောင်ပေါ်လာတော့သည်။
ထိုကြောင်က ချက်ခြင်းလေထဲကို ပျံတက်ပြီးတော့ စုရှောင်ရှန်ထွက်သွားသည့်ဘက်နှင့် ထောင့်တစ်နေရာက ခမောက်နှင့် ကူကယ်ရာမဲ့နေသော မုကျစ်ရှီတို့ကို ခေါက်တွန့်ခေါက်ပြန်ကြည့်လိုက်၏။ ၎င်း၏ ခရမ်းရောင်မျက်၀န်းများအတွင်း၌ ဆုံးဖြတ်ချက်ကို ဝေခွဲမရဟန်တို့ပေါ်လာလေသည်။
သူတို့ထဲက တစ်ယောက်က အစားအသောက်ကောင်းကြီးဆိုပေမယ့် အန္တရာယ်များလှကာ နောက်တစ်ယောက်က ပထမ အစားအသောက်ကောင်းကြီးလိုဆိုပေမယ့် အားနည်းပေသည်။ ဘာဖြစ်ဖြစ် ဒုတိယတစ်ယောက်က အန္တရာယ်ကင်းတာကြောင့် တုန့်ဆိုင်းနေခြင်းများပျောက်ဆုံးသွားကာ ရွစ်ကတည်း မုကျစ်ရှီ၏ ခေါင်းပေါ်ကို ခုန်တက်လိုက်သည်။
သူ့အောက်က ကြွယ်၀လှသော အသက်စွမ်းအင်ကို ခံစားမိတာကြောင့် ကြောင်ဖြူကလေး အံ့အားသင့်သွား၏။
သူ့တစ်ကိုယ်လုံးတလည်း ဆန့်တန်းသွားကာ ဖင်ဘူးတောင်း ထောင်တော့သည်။
ခရမ်းရောင်မျက်၀န်းများအတွင်း အလင်းတစ်ချက်လက်သွားပေကာ ရမက်ကို ထိန်းမရတော့တဲ့အဆုံးမှာ ပါးစပ်လေးကိုအသာဖွင့်ကာ ချွန်ထက်လှသော အစွယ်များကိုလှစ်ဟာပြလိုက်၏။ ထို့နောက် ခေါင်းကို ငုံ့လိုက်ပေပြီး သွားရေများက ထိန်းမရအောင် ယိုစီးကျလာတော့သည်။
“ညောင်”
“ညောင်”
၎င်း၏ မျက်နှာထက်၌ ပျော်ရွှင်နေစဖွယ်ဟန်ရှိကာ ခန္ဓာကိုယ်လေးကလည်း အတန်ငယ် တုန်ရင်သွားပေသည်။
ဓားသမားသုံးရောက် ကျရောက်လာသည့်နေရာက စုရှောင်ရှန်တို့ ရွှေအစည်းအရုံးထဲ မ၀င်ခင်မှာ စကားများချိန် ရပ်နေခဲ့သည့်နေရာဖြစ်သည်။
“ဓားအတွေးမရှိတော့ဘူး”
ဓားတစ်လက်ကိုင် ဓားသမားက မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။
သူ့ဓားက မီးခိုးစိမ်းရောင်ဖြစ်ကာ ရှည်လည်းမရှည် ပါးလည်းမပါးပဲ အနေတော်သာဖြစ်သည်။ ဒါတောင် ၎င်းကနေပြီးတော့ ထူးဆန်းသည့် အရှိန်အဝါမျိုးကိုထုတ်လွှတ်နေပြီး တစ်ချက်ကြည့်တာနဲ့ ဘယ်လောက်သန်မာကြောင်းကို သိနိုင်သည်။
ဓားကိုလည်း သူ့ရင်ဘက်မှာ ချစ်မြတ်နိုးရသူသဖွယ် ထာ၀စဉ်အလား ပိုက်ထားပေသည်။
“အကိုကြီးပြောတာမှန်တယ်။ ဓားအတွေးမရှိတော့ဘူး”
ကျော၌ ဓားကိုးချောင်းလွယ်ထားသော သမားကလည်း မျက်မှောင်ကြုတ်ကာ လက်ပိုင်ရင်းက ပြောလိုက်သည်။
“အကိုကြီးနဲ့ အကိုငယ်လေးတို့ ပြောတာမှန်တယ်။ ကျွန်တော်လည်း ဓားအတွေးကို မခံစားမိတော့ဘူး”
ပြီးနောက်မှာ ဓားမဲ့ဓားသမားက ဘာမှ မလုပ်ပဲနေလိုက်ရ၏။ သူတို့အကိုကြီးထံက သင်ယူနေကြသည်ဖြစ်ရာ အကိုငယ်လေးက လက်ပိုက်ပြီး မျက်မှောင်ကြုတ်ထားပြီဆိုမှတော့ သူ့အတွက်မကျန်တော့ပေ။ သို့ဖြင့် သူ့အကိုကြီး၏ မျက်နှာကိုသာ စိုက်ကြည့်နေလိုက်သည်။
ဓားတစ်လက်ကိုင်ဓားသမားက သက်ပြင်းချလိုက်ကာ “ငါဘယ်နှစ်ခါပြောရမလဲ။ ငါ့ကိုလိုက်တုနေလို့ ဘာမှ ဖြစ်မလာပါဘူးဆိုနေ”
“ဟူးးးးး”
နောက်ဆုံးတော့ လက်မှိုင်ချကာ “ထားပါတော့ လုပ်ချင်လည်းလုပ်ကွာ။ မင်းတို့ ဘယ်လောက်လုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့”
“အကိုကြီးရဲ့ အမိန့်ကို နာခံပါတယ်”
“အကိုကြီးရဲ့ အမိန့်ကို နာခံပါတယ်”
သူတို့အကိုကြီးဆိုသူ၏ နဖူး၌ မျက်စိဖြင့်ပင်အထင်းသားမြင်နိုင်သော သွေးကြောများ ထောင်ထလာခဲ့သည်။ သူ့ငတုံး ဂျူနီယာ ညီငယ်နှစ်ယောက်ကို လစ်လျူရှူလိုက်တော့၏။
ထို့နောက် လက်ကိုဆန့်ထုတ်လိုက်ပြီးတော့ ဘာမှမရှိသည့် လောဟာနယ်ကို ဖိညှစ်ကာ အနံ့ခံလိုက်သည်။
“ဓားကို အနံ့ခံတာပါလား” ကျန်နှစ်ယောက် မှင်တက်သွားကြသည်။
ဒုတိယ အကိုငယ်ဖြစ်သူက “အကိုကြီးက ဓားအတွေးကိုတောင် အနံ့ခံနိုင်နေပြီဆိုတော့ ဧကရာဇ်ဓားနယ်ပယ်ကိုရောက်ဖို့ ဆံချည်တစ်မျှင်စာလောက်ပဲ လိုတော့တာပေါ့”
ညီအငယ်ဆုံးဖြစ်သူက တ်ိတ်ဆိတ် နေစဲဖြစ်သည်။ နောက်တော့ သူ့အကိုကြီးအတိုင်း လိုက်လံပြုမူလိုက်ပြီး အတန်ငယ်ကြာသော် နှာချေလိုက်ပါသည်။
“တကယ် အနံ့ခံတာက ခက်ခဲတာပဲ”
“အကိုကြီးဆိုတဲ့အတိုင်းပါပဲ”
အကိုကြီးဆုံးဖြစ်သူ၏ နှာခေါင်းက ဖွင့်လိုက်ပိတ်လိုက် ခဏခဏ ဖြစ်သွားပြီးနောက် ရုတ်တရက် သူ့လက်ချောင်တုန်ခါလာခဲ့သည်။ ထိုလက်ချောင်းအပေါ်၌ ဓားအတွေးပေါ်လာခဲ့ပြီးတော့ ရစ်ပတ်လှုပ်ရှားစပြုလာခဲ့သည်။ ထို့နောက် စုရှောင်ရှန်အသုံးပြုလိုက်သော ဓားအတွေးအဖြစ်ကို ပြောင်းလဲသွားခဲ့၏။
“ဓားအတွေးပဲ။ အဆင့်နိမ့်တယ်ဆိုပေမယ့် တကယ် ဓားအတွေးပဲ”
“ဓားအတွေးကို ကျွမ်းကျင်ထားတဲ့သူတွေက လုံး၀ မရိုးရှင်းဘူး။ ဒီမှာရှိတဲ့ ငါတို့ ဓားသင်္ချိုင်းတောင်တန်းက သုံးယောက်ထဲက မဟုတ်ရင် လမိုက်အင်မော်တယ်မြို့တော်က ကောင်တွေပါ ရောက်လာတာဖြစ်မယ်”
အကိုငယ်ဖြစ်သူက “ရှစ်ယောက်မြောက် ဓားနတ်ဘုရားရဲ့ အကျွင်းအကျန်ဆိုတော့ သေချာပေါက် ရုန်းရင်းဆန်ခတ်ဖြစ်မှာသေချာတယ်”
ညီငယ်ဖြစ်သူ၏ မျက်နှာမဲ့ရွဲ့သွားရပြီးတော့ လှောင်ပြောင်ပြောလိုက်သည်။ “ဒီဓားအတွေးက ဒီလောက် အားနည်းတာ အဲ့လူက ကျွန်တော်တို့ရဲ့ ပြိုင်ဘက် မဖြစ်လောက်ပါဘူး”
“ညီငယ်လေး ဒါမျိုးက သတိထားရတယ်” အကိုငယ်ဖြစ်သူက သူ့ဘက်ကို လှည့်လာပြီး စကားဆိုလိုက်သည်။ “အကိုကြီးရဲ့ ဆုံးမမှုတွေထဲမှာ ဘယ်တော့မှ ပေါ့တိပေါ့စမနေရဘူးပါတယ်လေ။ မေ့သွားပြီလား”
ညီငယ်ဖြစ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီးတော့ မျက်ရည်များရွှန်းလဲ့နေသော မျက်၀န်းများဖြင့် ပြောလိုက်သည်။ “ကျွန်တော့်အမှားပါ။ ဓားကျမ်းကို အခေါက် ၃၀၀၀ ကူးရေးဖို့ ကျွန်တော့်ကို အကိုကြီး အပြစ်ပေးလိုက်ပါတော့”
“ဟမ့်” အကိုငယ်ဖြစ်သူက နှာမှုတ်လိုက်ပြီးတော့ “ညီငယ်လေး မင်းက တကယ် ယုတ်မာတာပဲကွ။ မင်းရဲ့ အကိုဖြစ်တဲ့ငါတောင် ဓားကျမ်းကို တစ်ခါမှ မမြင်ဘူးသေးဘူး”
“မဟုတ်တာ ကျွန်တော်က တကယ် အကိုကြီးရဲ့ အသင်အပြတွေကို မေ့သွားလို့ အပြစ်ပေးခံသင့်တာပါ”
“မင်းအပြစ်ကိုမင်းသိရင်လည်း ထျန်းစန်းစီရင်စုမှာ တစ်လတိတိ ဓားသိုင်းမကျင့်ဘဲ အပြစ်ပေးခံရမယ် ဟုတ်ပြီလား”
“မလုပ်ပါနဲ့။ အကိုငယ်လေးက ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီးတော့ ကျွန်တော့်ကို နောက်ချန်ခဲ့မှာ။ ဒီလိုအကြောခံလို့တော့မဖြစ်ဘူး။ ကျွန်တော့်ရဲ့ ပန်းတိုင်က အကိုငယ်လေးကို ကျော်ဖြတ်ပြီးတော့ အကိုကြီး၊ ပြီးတော့ ဆရာ့ကို…”
ဘုတ်…။
ဘုတ်…။
အကိုအကြီးဆုံးဖြစ်သူက သူ့ညီငယ်နှစ်ယောက်ကို ဓားထိပ်ဖြင့် ခေါင်းခေါက်လိုက်ရာ နှစ်ယောက်သား ခေါင်းကို ပိုက်ပြီး ထိုင်ကျသွား၏။
“ပါးစပ်ပိတ်ထားစမ်းကွာ”
ပြီးတော့ သူတို့ကို ငေါက်လိုက်သည်။ သူ့လက်ထိပ်က ဓားအတွေးကို အနံ့ခံကြည့်ပြီးတော့ ရွှေအစည်းအရုံး၀င်ပေါက် ထောင့်တစ်နေရာက ခမောက်စောင်းထားသော ကလေးမလေးကို လှည့်ကြည့်မိလိုက်၏။
ထိုကလေးမလေးက အိမ်ခြေရာမဲ့များလို လေအေးအလာမှာ တစ်ခိုက်ခိုက်တုန်နေပြီးတော့ ခန္ဓာကိုယ်ကို လက်ဖြင့် ပိုက်ထားလေသည်။
“ဒီဓားအတွေးက သူမနဲ့တော့ မကိုက်ညီဘူး။ သူမရဲ့ ဆရာ့ဟာ ဖြစ်ရမယ်။ ဟင်… အဲ့တာဘာလဲ”
ကလေးမလေး၏ အထက်က အရာကို အသေအချာစိုက်ကြည့်လိုက်ပြီးနောက်မှာ အကိုကြီးဖြစ်သူ၏ မျက်နှာဖြူဖျော့သွားပြီး ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာကြီးပေါ်လာခဲ့သည်။
“မိစ်ဆာသားရဲလား”
……………..
စတင်ခြင်းနယ်ပယ် (သို့) စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်
-အဆင့်ငယ် ဆယ်ခု
စစ်မှန်ခြင်းနယ်ပယ်
-မူလနန်းတော်နယ်ပယ် ✓ (စုရှောင်ရှန်လက်ရှိရောက်နေသောနယ်ပယ်)
-ဗလာနယ်ပယ်
-အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်
အရှင်သခင်နယ်ပယ်
-ကောင်းကင်ရုပ်လွှာနယ်ပယ် (ဒါအသုံးများပါတယ်) (သို့) ကြယ်တာရာနယ်ပယ်
-ယင်ယန်နယ်ပယ်
-ကြယ်ဘုံလွှားနယ်ပယ်
ဧကရာဇ်နယ်ပယ်
-လမ်းစဉ်နယ်ပယ် (တာအို)
-လမ်းစဉ်ဖြတ်ချခြင်းနယ်ပယ် (တာအိုဖြတ်ချခြင်း) ဒီဟာက အမြဲပြောင်းနေတာဗျ စာစဉ်ထဲမှာ။ ကျွန်တော်ကတော့ လမ်းစဉ်နဲ့ပဲရှေ့လျှောက်လိုက်ပါ့မယ်။