[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“မနောက်ပါနဲါ လျော့ဈေးလဲပေးပြီးပြီကို…”
တစ်ခုခုမှား နေတာသတိထားမိပြီး ဧည့်ကြိုလေး တုံ့ခနဲရပ်သွားပြီးနောက် သူ့ခေါင်းကိုပိုက်ကာ အော်လိုက်သည်။ “လခွမ်း။ ငါ လျော့ဈေး ကိုးဆယ် ရာခိုင်နှုန်းတောင်ပေးလိုက်တာလားဟ’
“တိုးတိုးလုပ်ဟ”
စုရှောင်ရှန် အလျင်အမြန် သူ့စီကိုသွားပြီး ပါးစပ်ပိတ်လိုက်သည်။ လျော့ဈေးလေးတစ်ခုတည်းနဲ့ ဒီလောက်ဖြစ်လာစရာလိုလို့လား။
စုရှောင်ရှန်သူ့လက်စွပ်ကို စစ်ကြည့်သောအခါ စိတ်ဝိညာဉ်ကျောက် သုံးသောင်းစွန်းစွန်းသာ တွေ့ရသည်။
လျော့ဈေးနဲ့ပေးထားတာတောင် ၀ယ်ဖို့မလုံလောက်သေးပါချေ။
သူလည်းရွေးချယ်စရာမရှိတော့ဘဲ ကျန်းရှင်းရှုံ၏ လက်စွပ်ကိုထုပ်ယူကာ စိတ်ဝိညာဉ်ကျောက်တုံး ပုံကြီးထဲက နည်းနည်း ဖဲ့ယူပြီးတော့ ကျန်စိတ်ဝိညာဉ်ကျောက်တုံးများနှင့်ပေါင်းကာ အိတ်တစ်ခုထဲထည့်ပြီး ဧည့်ကြိုလေးကိုပေးလိုက်သည်။
“ကျေးဇူးပါ။ နောက်တစ်ခါလဲလာ အားပေးပါဦးမယ်”
ဧည့်ကြိုလေး ကြက်သေသေသွား၏။ စုရှောင်ရှန်က ဖန်လုံးလေးကိုလည်း အဆမတန်ဈေးဆစ်သွားပြီးတော့ သူ့စကားကိုလည်း ခိုးသွားသေးသည်။ ဘာဖြစ်ဖြစ် သူလည်း စုရှောင်ရှန်ပြန်လာမှာကို မလိုလားလို့ အစကတည်းက ပြောချင်စိတ်မှမရှိတာ ထားလိုက်ပါတော့။
မုကျစ်ရှီက ထူးမခြားနားရှိနေသေးသည်။ ၎င်းက သူတို့ ဆရာစီက စုရှောင်ရှန်အရင်တစ်ခေါက် ဓားပြတိုက်တုန်းကလောက် မဆိုးဝါးတာကြောင့် အေးဆေးရှိနေစဲဖြစ်၏။
စိတ်ဝိညာဉ်ကျောက်တုံးငါးသိန်းရှိတဲ့ ၀ယ်ယူမှုကြီးအောင်မြင်သွားလေပြီ။ သို့သော် ဧည့်ကြိုလေးမပျော်နိုင်ပါ။ သူ့မျက်နှာထက်တွင်တောင် ကျွမ်းကျင်သူတို့ ရှိထားသင့်သည့် အပြုံးမျိုးကင်းမဲ့နေသည်။
စုရှောင်ရှန်နှင့် မုကျစ်ရှီတို့ကို အရောင်းအ၀ယ်ပြီးနောက် လှည့်ပတ်ပြသရန် ၀န်ဆောင်မှုလည်း မပေးချင်တော့သလို လုပ်ဖို့လည်း အားမရှိတော့ပေ။ ဒီပြဿနာကောင်များ မြန်မြန် ထွက်သွားလေလေ ကောင်းလေလေပင်။
သူက ခရမ်းရောင်ဖန်လုံးလေးကို ပြုံးကာ အသေအချာ ထုတ်ပိုးပြီးတော့ စုရှောင်ရှန်ကို ပေးလိုက်သည်။ “သိမြင်ခြင်းနဂါးလို ရတနာကောင်းကိုရသွားတဲ့အတွက် ဂုဏ်ယူပါတယ်”
ဖန်လုံးလေးပေါ်က အဆက်မပြတ် သွားရေကျနေသည့် အဖြူရောင်ကြောင်ငယ်လေးကိုကြည့်ပြီးတော့ ယူရမလား ဘာလား တုန့်ဆိုင်းသွား၏။
နောက်ဆုံးတော့လည်း ၎င်းကို တောက်ထုတ်ပစ်လိုက်ပါသည်။ သူဖန်လုံးကို၀ယ်ရတာ မုကျစ်ရှီကို လက်ဆောင်ပေးချင်လို့ဖြစ်ပြီး စိတ်ဝိညာဉ် သားရဲဘာညာ မွေးချင်စိတ်လည်းမရှိပေ။
ပြီးတော့ ထိုကြောင်ငယ်လေးကလည်း ထင်သလောက် ကြမ်းတမ်းသည့်ဟန်မပေါ်ဘဲ ကြီးလာတဲ့အထိဆို အတော်မွေးယူရဦးပေမည်။
အချိန်ဆိုမှ ထိုသားရဲလေး ကြီးလာတဲ့အထိတော့ သူစောင့်ကောင်းစောင့်နိုင်လောက်၏။ ကြောင်ငယ်လေး၏ မိစ္ဆာမျက်လုံးများ မှေးမှိန်သွားခဲ့ပြီးတော့ မျက်ရည်များအ၀ိုင်းသားဖြင့် လေထဲမှာ နောက်ကျွမ်းပစ်ပြီး ပြန်ကျလာသည်။
ထိုကြောင်က သူ့ကို ချဉ်းကပ်ချင်လာသောအခါ စုရှောင်ရှန် ခြေထောက်ဖြင့်ပြန်ကန်ထုတ်ပစ်လိုက်သည်။ ကြောင်လေး သူ့ကို မချဉ်းကပ်ရဲတော့ချေ။
စုရှောင်ရှန် လေထဲကိုကန်လိုက်တာ ဘုတ်ဟူသည့် အသံမြည်လာသောကြောင့် ဘေးနားက နှစ်ဦး ကြောင်အသွားကြသည်။
“ဧည့်သည်ခင်ဗျာ…”
“ဘာမှ မဖြစ်ပါဘူး”
ထိုအဖြူရောင်ကြောင်ငယ်လေးကို ဂရုမစိုက်တော့ဘဲ လှည့်လာကာ စုရှောင်ရှန်ကမေးလိုက်သည်။ “ဒီသိမြင်ခြင်းနဂါးက ဘေးနားမှာရှိတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေကို အာရုံနိုင်တယ်နော်”
၎င်းက မှန်ကန်သောကြောင့် ဧည့်ကြိုလေး ခေါင်းညိတ်လိုက်ပြီးတော့ “ဟုတ်ပါတယ်။ ဒါပေမယ့် ဒီမှာ ဘယ်သူမှမရှိတော့ သုံးရင်တောင် ဘာတုန့်ပြန်ချက်မှ မရလောက်ဘူး”
ဧည့်ကြိုလေးပြောပြောပြီးချင်း စုရှောင်ရှန် ၎င်းကို စိတ်ဝိညာဉ်အနှစ်များထည့်သွင်းလိုက်သောအခါ ခရမ်းရောင် ဖန်လုံးလေး တုန်ခါလာခဲ့သည်။
၎င်း၏ ခရမ်းရောင်ကြယ်တာရာကောင်းကင်အတွင်းတွင် အဖြူရောင်နဂါးကြီး ပြန်ပေါ်လာခဲ့ပြီး မကြာခင် အနီရောင်ချွတ်စွတ်ပြောင်းသွားကာ တုန်ရင်လာတော့၏။
ခန္ဓာကိုယ်အရွယ်အစာက နှစ်ဆကြီးလာပြီး မျက်လုံးများလည်းနီလာခဲ့သည်။ ကြယ်တာရာကောင်းကင်မှာ အေးဆေးမဟုတ်တော့ဘဲ ရုန်းရင်းကြမ်းတမ်းစွာ ကူးခတ်နေပေသည်။
မကြာခင် ထိုခရမ်းရောင်ကောင်းကင်ကလည်း သွေးရောင်လိုလို ခြောက်ခြားဖွယ်ရာကောင်းစွာ နီရဲလာ၏။ အချိန်ကြာလာတာနဲ့အမျှ သွေးများတောင် စိမ့်ထွက်လာတော့မတတ် ရဲရဲနီလာခဲ့လေသည်။
၎င်းကိုတွေ့ပြီး စုရှောင်ရှန် တိတ်ဆိတ်သွား၏။ နက်မှောင်နေသော မျက်နှာထားဖြင့် ဧည့်ကြိုလေးကိုကြည့်ကာ “ဒါဘာသဘောလဲ”
“ဒါ… ဒါ…”
ဧည့်ကြိုလေးလည်း ကြက်သေသေသွား လေသည်။ အဆောက်အဦးထဲမှာ လုပ်ကြံသူတွေရှိရင်တောင် ဒီလောက်ပြင်းထန်တဲ့ သတ်ဖြတ်ချင်စိတ်ကို အတိုင်းသား ခံစားရမည်ဖြစ်တာ ဘာလို့ ဘာမှ ထူးခြားတာ မတွေ့ရတာလဲ။
သူတို့က ဝါရင့် လုပ်ကြံသူတွေများလား။
စုရှောင်ရှန်ကလည်း မျက်လုံးများကိုမှေးကာ “ဒီမှာဘယ်သူမှမရှိဘူးဆိုရင် ဒီနဂါးက ဒီလိုတုန့်ပြန်သင့်လို့လား”
“ဟုတ်တယ် မတုန့်ပြန်သင့်ဘူး”
ဧည့်ကြိုလေးကလည်းမျက်မှောင်ကြုတ်ကာ မသေချာမရေရာ ရှင်းပြလိုက်သည်။ “ရွှေအစည်းအရုံးက ဈေး၀ယ်သူတွေရဲ့ လုံခြုံရေးကို အကောင်းဆုံးကာကွယ်ပေးတဲ့ စနစ်နဲ့ သွားနေတာ လုပ်ကြံသူတွေ မ၀င်လာနိုင်လောက်ဘူး”
စုရှောင်ရှန်၏ မျက်၀န်းများက သင်္ကာမကင်းသောအကြည့်ကိုမြင်သောအခါ ဧည့်ကြိုလေး၏ နှလုံးအပြင်းအထန်ခုန်သွားတော့သည်။
ဒါမှမဟုတ် ၎င်းက သူ၏ မသိစိတ်က သတ်ဖြတ်ချင်စိတ်ကို အာရုံခံမိသွားလို့လား။
“ဧည့်သည်ခင်ဗျား အထင်မမှားပါနဲ့” ဧည့်ကြိုလေး ထအော်လိုက်ပြီး “ကျွန်တော် ခင်ဗျားကို သတ်ချင်တဲ့ ရည်ရွယ်ချက်မရှိရပါဘူး။ တစ်ခုခုတော့ မှားနေပါပြီ”
စုရှောင်ရှန် မယုံကြည်နိုင်သော မျက်နှာထားဖြင့် သူ့ကို ကြည့်ပြီး နောက်သို့ ဆုတ်သွားလိုက်သည်။ ဖန်လုံးလေး၀ယ်တာ သူ့ရှေ့က ဧည့်ကြိုက သူ့ကို သတ်ချင်နေမယ်လို့ ထင်မထားပါချေ။
“ဧည့်သည်ခင်ဗျား။ အထင်မှားနေပါပြီ။ ကျွန်တော် တကယ်မဟုတ်တာပါ”
စုရှောင်ရှန်၏ အကဲခတ်နေသော မျက်နှာထားဖြင့် ဧည့်ကြိုလေး ပို၍ စိုးတထိတ်ထိတ်ဖြစ်လာရ၏။ အထူးလေ့ကျင့်ထားသော ဧည့်ကြိုအနေဖြင့် စုရှောင်ရှန် ဘာတွေးနေသလဲကို ကောင်းကောင်းသိပါသည်။
သို့ပေမယ့် သူက တကယ်သတ်ဖြတ်ချင်စိတ်ရှိတယ်ဆိုရင်တောင် မကျေနပ်လို့ ဘာညာ တွေးမိတာပဲရှိမှာပေါ့။ ဘာလို့ ခရမ်းရောင်ကြယ်တာရာကောင်းကင်က သွေးထွက်လောက်တောင်ရဲရဲနီလာရတာလဲ။
‘ဒီ ဧည့်သည်ကို အခြား တစ်ယောက်ယောက်က တကယ် သတ်ချင်နေတာများလား’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“အင်း…”
သူ့ရှေ့က ဧည့်ကြိုလေးကို သေချာအကဲခတ်ကြည့်တော့လဲ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်နှင့် မတူပေ။
အခြားတစ်ဘက်က မျက်ရည်များရွှန်းလဲ့နေသော မျက်ဝိုင်းကြီးများဖြင့် သူ့ကိုကြည့်နေသော ကြောင်ဖြူလေးလည်း မဖြစ်နိုင်…။ သူတောင် အကြားအမြင်ဖြင့် ဒီလိုသတ်ဖြတ်ချင်စိတ်ကို သတိမထားမိဘူးဆိုတော့ လုပ်ကြံသူက ကျွမ်းကျင်တစ်ယောက်ဖြစ်ရမည်။
အသိပေးချက်ဖန်သားပြင်က အသိပေးချက်များကို စုရှောင်ရှန် ပြန်လှန်လှောရှာဖွေလိုက်သောအခါ ထူးခြားတာ တစ်ခုခုကို တွေ့လိုက်ရသည်။
[စောင့်ကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
၎င်းက တခုတည်းမဟုတ်ဘဲ မကြာခဏဆိုသလို ပေါ်လာတတ်၏။ နောက်ဆုံးတစ်ခေါက်ကတောင် အသိပေးချက် တစ်ရာကျော်အထက်မှာ ကျလာခြင်းပင်။
ရွှေအစည်းအရုံးအတွင်းသို့၀င်ပြီးးနောက်မှာ အသိပေးချက် အသစ်ဖြစ်နှုန်းထားက သိသိသာသာကျသွားခဲ့ပေသည်။ သူ့အရှေ့က ဧည့်ကြိုလေးထံက ရသော အသိပေးချက်များအားလုံးကလည်း စုစု ပေါင်းရင်တောင် တစ်ရာမပြည့်ချေ။
ဆိုလိုတာက လုပ်ကြံသူတွေက အတွင်း၌ မဟုတ်ဘဲ အပြင်၌ ဖြစ်ချေမည်။
ဖုန်းကုန်းနှင့် မမျှော်လင့်ထားသော ထိုတိုက်ပွဲကိုပြန်မြင်ယောင်မိပြီးနောက်မှာ စုရှောင်ရှန်၏ ဦးနှောက်ဆဲလ်တစ်ခုချင်းစီတိုင်းက အခြေအနေကို တွက်ဆလိုက်၏။
သူမသေချာတာတစ်ခုက ထိုလုပ်ကြံသူများကို ဘယ်သူက လွှတ်လိုက်တာကို မသိနိုင်ခြင်းပင်။ ၎င်းက ကျန်းရှင်းရှုံနှင့်ပတ်သက်နေမယ်ဆိုရင်တောင် သူတို့လှုပ်ရှားတာ မမြန်လွန်းလှဘူးလား။
ထျန်းစန်းစီရင်စုရှိ မဟာမျိုးနွယ်စုကြီး လေးခုထဲကကျန်းမျိုးနွယ်စု၏ ခွန်အားဖြင့်ဆိုလျှင် ထိုမျှ မြန်ဆန်တာက ယုတ္တိရှိသည်ဟု တွက်လိုက်၏။
“ဒီလုပ်ကြံသူတွေက ကျွမ်းကျင်သူတွေဖြစ်ရမယ်”
စုရှောင်ရှန်၏ မျက်နှာထက်က အန္တရာယ်ရှိသလိုလို အမူအရာပို၍ နက်ရှိုင်းလာတာကိုမြင်သောအခါ ဧည့်ကြိုလေး ထိုင်မရ ထမရဖြစ်လာပေသည်။
ဤ နှစ်ယောက်ကို ဆက်လက်ပြီး ၀န်ဆောင်မှုပေးနေရင် သူရူးသွားရတော့မည်ဖြစ်တာကြောင့် “နောက်ထပ်ဧည့်ကြိုတစ်ဦးကိုခေါ်ပေးရမလား”
“မလိုပါဘူး” မျက်လုံးများကို ဆက်လက်မှေးထားရင်းက ပြုံး၍ သူ၏ ပုခုံးကိုပုတ်ကာ စုရှောင်ရှန်ဆိုလိုက်သည်။ “မင်းလို ကိုယ့် သိက္ခာကို ကာကွယ်ရဲတဲ့ သတ္တိရှိတဲ့လူတစ်ယောက်ကို ငါပိုသဘောကျတယ်”
ခရမ်းရောင်ဖန်လုံးလေးကို မုကျစ်ရှီထံပစ်ပေးပြီးမေးလိုက်သည်။
“ကြိုက်လား”
မုကျစ်ရှီက ခေါင်းတဆတ်ဆတ်ညိတ်ကာ “အင်း။ ကြိုက်တယ်”
“ကြိုက်တယ်ဆိုရင် စမ်းသုံးကြည့်ပေါ့”
“ဟုတ်ပြီ”
ထိုဖန်လုံးကြီးပေါ်မှာ သူမ၏ လက်သေးသေးလေးကိုတင်ပြီး စိတ်ဝိညာဉ်အနှစ်များထိုးထည့်လိုက်တော့သည်။
ဂျွိ ဂျွိ ဟူသောမည်သံဖြင့်အတူ ဖန်လုံးလေးတုန်ခါလာကာ အတွင်းက ကြယ်တာရာကောင်းကင်ကြီး ပြန်၍ ရဲရဲနီလာတော့သည်။ သွေးနီရောင်နဂါးကြီးလည်း ထပ်ထွက်လာခဲ့၏။
စုရှောင်ရှန်၏ မျက်နှာထက်က အပြုံး မဲ့ရွဲ့သွားရကာ “မင်းက တစ်ယောက်တည်းတောင်မဟုတ်ဘူး။ ငါ့တို့ နှစ်ယောက်စလုံးကိုသတ်ချင်နေတာပဲ”