ဤပစ္စည်းအတွက်ကိုအသုံးလည်းမလိုသလို ကြောင်ကိုလည်း စုရှောင်ရှန် စိတ်မ၀င်စားပါပေ။ ဤအကောင်လေးကိုမတော်တဆတွေ့ရတာသာဖြစ်ပြီး သူမြင်နေကြောင်းကိုလည်း သိသည့်ပုံမပေါ်…။
ဒါ့အပြင်ကိုကြောင်မွေးရတာက လွယ်တယ်ထင်နေလို့လား။ ချီးကိုပါချင်တဲ့ နေရာပါတာ လိုက်ကြုံးပေးရမယ်၊ အစာကျွေးရင်လည်း မာနကြီးသေး အကောင်းစားတွေမှစားချင်တာ၊ သူတို့ကြီးလာရင် ဘယ်လောက်တောင်၀လာလိမ့်မလဲကမသိရ၊ ညအခါ ဂျီကျရင်က ထနှိပ်ပေးနယ်ပေးချော့ပေးရနှင့်…။
အခြားတစ်ဘက်မှာတော့ သူ၏ ဆရာတူညီမလေးတစ်ယောက်တည်းက သူ့ခန္ဓာကိုယ်ကို မောင်ပိုင်စီးထား… အဟမ်း အသက်စွမ်းအင်ကို မောင်ပိုင်စီးထားတာ လုံလောက်နေပြီ။ ၀န်ပိုမရှာလိုတော့ချေ။
“မလိုဘူး ကျေးဇူးပဲ”
စုရှောင်ရှန် လက်ပြလိုက်ပြီးတော့ နောက်လှည့်ထွက်သွားသည်။ သို့ပေမယ့် မုကျစ်ရှီက သူ၏ အင်္ကျီလက်စကို မလွှတ်စတမ်းဆွဲထားပြီး နေရာမှာပင် မလှုပ်မယှက် ဖန်လုံးလေးကို ငူငူကြီးစိုက်ကြည့်နေ၏။
သူမ၏ မျက်၀န်းများအတွင်းမှာ ကြယ်များတောက်ပနေသည်ကိုတောင်မြင်ရပြီး နှုတ်ခမ်းထောင့်ကနေလည်း သွားရည်များကျလာပေသည်။
စုရှောင်ရှန် သက်ပြင်းချလိုက်ကာ “ဘယ်လောက်လဲ”
သူ၏ ဆရာတူအကိုကြီးဖြစ်လာကတည်းက လက်ဆောင်ဆိုရင် နှပ်… ပျားရည်ပုလင်းကလွဲလို့ ဘာမှ ဟုတ်တိပတ်တိမပေးရသေးတာကြောင့် ယခု ကလေးမလေးက ဖန်လုံးလေးကို နှစ်သက်နေတာမြင်လျှင် လက်ဆောင်ပေးဖို့ကြံရွယ်လိုက်သည်။
သူက ဧည့်ကြိုလေးကို ဈေးမေးလိုက်တာမြင်သောအခါ မုကျစ်ရှီလည်း မျှော်လင့်တကြီး ကြည့်လိုက်၏။
ဧည့်ကြိုလေး၏ အပြုံးက ပို၍ ကျယ်လောင်လာရပြီးတော့ ရွှင်ရွှင်ပြပြပဲဆိုလိုက်သည်။
“ဈေးမကြီးပါဘူး။ ဒီကောင်က အဆင့်(၅) အထွတ်အထိပ် အာရုံခံ အရှင်သခင်နယ်ပယ်လက်နက်ဆိုပေမယ့် တိုက်ခိုက်ရေးမှာ အသုံးမ၀င်တာကြောင့် ကျွန်တော်တို့က သင့်တင့်လျောက်ပတ်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းတည်းနဲ့ရောင်းပါတယ်”
ဖတ်…။
ကလေးမလေး၏ လက်ကို ပုတ်ထုတ်ကာ စုရှောင်ရှန် ချက်ခြင်းနောက်လှည့်ထွက်သွားလိုက်၏။
မုကျစ်ရှီ “…”
ပထမဆုံးအနေနှင့် မုကျစ်ရှီ သူ့ကို မကျိန်ဆဲလိုက်ပါဘဲ အပြေးလေး နောက်ကို လိုက်သွားလိုက်သည်။
စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းဆိုတဲ့ အမောက်က သူတို့ မောင်နှမနှစ်ယောက်လုံးကိုရောင်း၍တောင် ရလိမ့်မည်မဟုတ်ချေ။
ဧည့်ကြိုလည်း ယခုက ပထမဆုံးအကြိမ်အဖြစ် ဤသို့ပြတ်သားသော ဈေး၀ယ်သူကို မြင်တွေ့ဖူးခြင်းဖြစ်ပေသည်။
‘ပိုက်ဆံမရှိဘူးဆိုရင်တောင် ရှိချင်လေးတော့ယောင်ဆောင်ပါဦးဟ’ စိတ်ထဲကပြောလိုက်ပေသည်။
သူတစ်ခုခု ရောင်းမယ်ဆိုတိုင်း ဈေး၀ယ်သူတွေက ဒီလို ပြုမူကြတာမဟုတ်ဘူးလား။ ဧည့်ကြိုလေးက အနောက်အနေ အလျင်အမြန် “လေးစားရတဲ့ ဧည့်သည်ခင်ဗျား မစဉ်းစားတော့ဘူးလား”
စုရှောင်ရှန် နောက်ကိုပြန်လှည့်လာကာ “ပထမဆုံးအနေနဲ့ ဒီဟာက အာရုံခံဖို့ ကိုယ်တိုင်ကိုယ်ကျလုပ်ရတယ်။ အခြားသူတွေ ကိုယ့်ကိုယ်သတ်ချင်လားဆိုတာ မသုံးမချင်းမသိရဘူး။ သတ်ချင်နေတာမသိဘူးဆိုရင် ဘာလို့သုံးတော့မလဲ။ ဒီဖန်လုံးက ဆားပါတဲ့ ကြက်စွပ်ပြုတ်လိုပဲ ဆာလောင်နေတဲ့သူပဲ စားလိမ့်မယ်။ ဘာကို စိတ်၀ိညာဥ် ကျောက်တုံး သန်းတစ်၀က်တုန်း၊ တစ်သောင်းဆိုတာတောင် အတော်များနေပြီ”
စုရှောင်ရှန် ပြောတာမှန် နေသည့်အတွက် ဧည့်ကြိုလေး၏ အပြုံး မချိမဆန့်ဖြစ်သွားသည်။ မဟုတ်ရင် ဒီပစ္စည်းက အထွေအထွေ ပစ္စည်းပစ္စရာ ဌာနထဲမှာ ဘယ်လိုရှိနေပါလိမ့်ဦးမလဲ။
ဧည့်ကြိုလေးက သူ့ကို ဈေးလျော့ပေးတော့မည့်စဲစဲ စုရှောင်ရှန်က ထိုအရာကို လစ်လျူရှူကာ ဆက်လက်၍ “ဒုတိယအချက်အနေနဲ့ ဒီဟာက အရှင်သခင်နယ်ပယ်ဆိုရင်တောင်မှ စွမ်းဆောင်ရည်က အကန့်အသတ်နဲ့ရှိဦးမှာပဲ။ ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတွေရဲ့ သတ်ဖြတ်ချင်စိတ်ကို ထောက်လှမ်းနိုင်လားပြော။ ဒါ့အပြင်ကို ဘယ်လောက်အကွာအဝေးထိလည်းဆိုတာထည့်မပြောသေးဘူး။ ဧကရာဇ်နယ်ပယ်အောက်က ရန်သူဆိုရင်တော့ ငါ့အတွက် ပြဿနာမရှိလို့ ငါသုံးဖို့လဲလိုမှာမဟုတ်ဘူး။ ခုပြောမှ ဆားတောင်မဟုတ်ဘူး ဟင်းချိုမှုန့်တောင်မပါတဲ့ ကြက်စွပ်ပြုတ်။ စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တောင် မတန်တော့ဘူး”
ဧည့်ကြိုလေး စွံ့အသွားရ၏။
‘ဘာကို ဧကရာဇ်နယ်ပယ်အောက်မှာ ဘယ်သူ့ကိုမှ မကြောက်တာလဲ။ ငါ့ထက်တောင်အားနည်းတဲ့ မူလနန်းတော်နယ်ပယ်လေးကများ လာပြီးဘ၀င်ကိုင်နေသေးတယ်’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် သက်ပြင်းချလိုက်ပြီး စကားဆိုသည်။ “ငါဘာမှ မပြောချင်တော့ဘူး။ တကယ့်လုပ်ဆောင်ချက်ကြီးက ဘာမှ အသုံးမ၀င်ဘဲ ဒီကောင့်ရဲ့ ဘာမဟုတ်တဲ့ အသက်စွမ်းအင်လေးကပဲ အသုံး၀င်တော့မယ်ဆိုလာမှတော့ ဒီလိုလုပ်လေ မင်းတို့ဒီမှာဆက်ထားနေလဲ ရောင်းမထွက်တဲ့အဆုံး နောက်ဆုံးဈေး စိတ်ဝိညာဉ်ကျောက်တုံး ငါးရာ နဲ့ငါခေါ်မယ်။ ဘယ်လိုလဲ”
ဧည့်ကြိုလေး ကြက်သေပါ သေသွားသည်။
စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းနဲ့ရောင်းတာက ဘယ်က ဘယ်လို ငါးရာထိ ဈေးနှိမ်သွားရတာလဲ။ သူ သုံည ဘယ်နှစ်လုံးလောက် ဖျောက်လိုက်တာလဲဆိုတာ သိရဲ့လား။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ဈေး၀ယ်သူကို နတ်ဘုရားလိုဆက်ဆံပါဆိုတဲ့ သူတို့ရဲ့ စည်းမျဉ်းကြောင့်သာမဟုတ်ရင် ဧည့်ကြိုလေး ဤအကောင့်ကို ဆွဲထိုးနေပြီးလောက်ချေပြီ။ သို့တောင်သူ့မျက်နှာက မဲ့ရွဲ့သွားရကာ “ဘာကို စိတ်ဝိညာဉ်ကျောက်တုံးငါးရာလဲ သေလိုက်ပါလား။ ဓားပြတိုက်နေတာတောင်မဟုတ်တော့ဘူး ပေါ်တင်ကြီးယူနေတာဖြစ်သွားပြီ။ အဆင့်ငါး အရှင်သခင်နယ်ပယ် စိတ်ဝိညာဉ်လက်နက်ကွ လမ်းဘေးက သကြားလုံးတုတ်ထိုးမဟုတ်ဘူး”
သူ့ရုတ်တရက် ပေါက်ကွဲထွက်မှုကြီးက အနီးနားက ဈေးဝယ်သူတွေရဲ့ အာရုံကိုဖမ်းစားလိုက်၏။
[ခြောက်လှန့်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ဧည့်ကြိုလေးဤသို့ ပေါက်ကွဲထွက်လာလိမ့်မည်ဟု ထင်မထားတဲ့ စုရှောင်ရှန်လည်း မှင်တက်သွား၏။
“စိတ်လျော့ စိတ်လျော့”
ဈေးနှုန်းကို အဆမတန် မဟားတရားကြီးလျှော့ချမိလိုက်တာ ခုမှ သဘောပေါက်သွားပြီး ရှူးရှူးရှဲရှဲဖြစ်နေသော ဧည့်ကြိုလေးကို သွားနှစ်သိမ့်လိုက်သည်။
“ဈေး၀ယ်သူတွေအများကြီးကြည့်နေကြတယ်။ စီးပွားရေးဆက်မလုပ်ချင်တော့ဘူးလား”
ဧည့်ကြိုလေး ပင့်သက်ကိုရှိုက်ပြီး ပတ်၀န်းကျင်ကို စိတ်ဝိညာဉ်အာရုံဖြင့် စစ်ကြည့်မှ အခြေအနေက ကသိကအောက်ကြီးဖြစ်နေတာ တွေ့ရသည်။
ချက်ခြင်းပဲ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ စုရှောင်ရှန်ကို ဦးညွှတ်ပြီးတော့ အတင်းပြုံးနေရသော မျက်နှာထားဖြင့် “ကျွန်တော့်ရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်။ အနည်းဆုံး လျော့ဈေး (၁၀) ရာခိုင်နှုန်းပဲပေးနိုင်ပါမယ်”
“ဆယ်ရာခိုင်နှုန်း” စုရှောင်ရှန်၏ မျက်၀န်းများ၀င်းပသွားပြီး လက်ဖြင့်အတွက်အချက်ပြုလိုက်ပြီးတော့ “ဒါဆို စိတ်ဝိညာဉ်ကျောက်တုံး လေးရာ့ငါးဆယ်ပေါ့”
ဂျွတ်…။
သူ့လက်နှစ်ဖက်ကိုဆွဲညှစ်လွန်းလို့လားမသိ အရိုးအဆစ်လွဲသံကြီးတောင်ထွက်ပေါ်လာသည်။
သူကြားလိုက်ရတဲ့ အရာကို မယုံနိုင်စွာရှိနေသည်။ မျက်ထောင့်လည်းနီကာ ဟောဟဲလဲစိုက်နေ၏။ သူ့တစ်ကိုယ်လုံးက အတွင်းအင်္ဂါတွေ ပေါက်ကွဲပျက်ဆီးထွက်တော့မလိုတောင် ခံစားနေရပေသည်။
စိတ်ထဲမှ ‘လခွမ်းလိုပဲ။ ဆယ်ရာခိုင်နှုန်းလျော့ဈေးဆိုတာ ငါးရာမဟုတ်ဘူး စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းကွ’
“စိတ်လျော့ စိတ်လျော့…။ ငါကစနေတာပါ”
ဧည့်ကြိုလေး ဒေါသပြန်ထွက်လာတာကိုမြင်သောအခါ စုရှောင်ရှန် နှစ်သိမ့်လိုက်ပြန်သည်။ “ဒီလိုလုပ်လေ။ ငါလျော့ဈေးမယူတော့ဘူး။ ဈေးနှုန်းကိုပဲ မျှမျှတတ ပြန်ခွဲရအောင်။ ငါ့ဘက်က ဈေးအရင်ဆုံးတိုးပေးမယ် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုရင် ဘယ်လိုလဲ”
ဧည့်ကြိုလေး ပြောစရာစကားများပျောက်ရှသွားရကာ “လေးသိန်း” လို့အော်မိတော့မလို့ ပြန်ထိန်းလိုက်သည်။ အခြေအနေကိုသေချာဆင်ခြင်ကြည့်သောအခါ ‘မဟုတ်သေးပါဘူး။ ငါက ဈေးရောင်းသူလေ။ ဘာကို ဈေးကိုအညီအမျှခွဲဝေမှာလဲ။ ဒါက လေလံပွဲမှတ်နေတာလား’
နောက်ဆုံးတော့လဲ “မရဘူး။ လေးသိန်းက ကျွန်တော်တို့ဘက်က ကမ်းလှမ်းနိုင်တဲ့ အနိမ့်ဆုံးဈေးပဲ”
ဧည့်ကြိုလေးက ပိုပြီးတော ပြောရဆိုရလွယ်လာတာကြောင့် စုရှောင်ရှန် ပျော်ရွှင်နေတာကြီးကို ဖုံးဖိပြီးတော့ “ဒီလိုတော့မလုပ်နဲ့လေ။ အားလုံးက သူ့လူကိုယ့်ဘက်သားတွေချည်းပါ။ ဈေးကိုတစ်ခါတည်း သိန်းနဲ့ချီပြီးမသွားကြရအောင်။ ငါ့ဘက်က ဆယ်ဆတိုးပေးမယ်။ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆို ဘယ်လိုလဲ။ မဟုတ်လည်း ဒီဟာကြီးကမှ ရောင်းမထွက်တာကို”
ဆေးဆယ်စတိုးပေးတာ သတင်းကောင်းဖြစ်သည်။ ဒါပေမယ့် ဘာကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းလဲ။
“ချီးပဲ”
ဧည့်ကြိုလေး စုရှောင်ရှန်၏ သင်္ချာဆိုင်ရာ စွမ်းရည်ကြောင့် သွေးအန်မိတော့မလိုတောင် ခံစားနေရသည်။ သူဆယ်ဆတိုးပေးလိုက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းက မူလဈေးနှုန်း ငါးသိန်းထက် အဆမတန် နည်းပါးလေသည်။
၎င်းက ဆယ်ဆတိုးပေးတာမဟုတ်ဘဲ အဆငါးဆယ် လျော့ချလိုက်ခြင်းဖြစ်၏။ ဒါပေမယ့် သူပြောတဲ့ ရောင်းမထွက်ဘူးဆိုတာကြီးကတော့ မှန်သည်။
ဧည့်ကြိုလေး စိတ်ကိုလျော့လိုက်ပြီးနောက် စောနက အားနှင့်ဆွဲညှစ်လိုက်လို့ အကြောလွဲသွားတဲ့ လက်ချောင်းတွေကိုပြန်တည့်လိုက်ပြီးတော့ “စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း နောက်ဆုံးဈေးပဲ”
“တစ်သိန်း” စုရှောင်ရှန် မျက်လုံးပြူးမျက်ဆံပြူး လက်ကို ရမ်းပြကာ “မရဘူးလေ။ ဒီကောင့်ရဲ့ အသုံးကိုသိပြီးတာတောင် ဒီလောက်ခေါင်းပုံမဖြတ်ပါနဲ့”
“ရှစ်သောင်း”
ဧည့်ကြိုလေး ယခုလက်ရှိမှာ ဘာမှတောင် မရောင်းချင်တော့ဘဲ ချက်ခြင်းလက်ငြင်း ထွက်သွားချင်နေမိသည်။
“ရှစ်သောင်းက ကျေနပ်လောက်တဲ့ ဈေးနှုန်းပါ ဒါပေမယ့်” စုရှောင်ရှန်၏ မျက်တောင်ကလေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ “ငါ့ကိုစောနက အော်လိုက်တယ်။ ဒါလား ဈေး၀ယ်သူတွေကို ပေးနဲ့ ၀န်ဆောင်မှု”
“ငါးသောင်း”
ဧည့်ကြိုလေး၏ မျက်နှာထက်က မဲ့ရွဲ့နေသော အမူအရာချက်ခြင်းပျောက်သွားပြီးတော့ အပြုံးပန်းများ ပြန်ဝေဖြာလာကာ “စိတ်အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်”
စုရှောင်ရှန်က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီးတော့ “ကောင်းပြီလေ။ တစ်ခါ အော်ရင် ဈေးနှုန်းကို သုံးသောင်းအထိ တစ်ခါ လျော့မယ်။ ဘယ်လိုလဲ ကျေနပ်လား၊ ဆက်အော်ဦးမလား ငါနားစွန့် နေပေးမယ်”
ဧည့်ကြိုလေး ဒေါသအမျက်တထောင်းထောင်းပြန်ထွက်လာတော့သည်။