“ရွှေအစည်းအရုံးက ကြိုဆိုပါတယ် ဧည့်သည်များခင်ဗျာ”
ထိုနွေးထွေးသော နှုတ်ဆက်ခြင်းကြောင့် စုရှောင်ရှန် လန့်ဖျပ်သွား၏။ သူစကားမပြောနိုင်ခင်မှာ ထိုဧည့်ကြိုလေးက အပြုံးတစ်ခုဖြင့် ချဉ်းကပ်လာခဲ့ပေသည်။
“ရွှေ အစည်းအရုံးက ကုန်းမြေကြီးတစ်ခုလုံးမှာတောင် အဆင့် (၁၀) ၀င်ပါတယ်ခင်ဗျာ။ အစည်းအရုံးကပေးတဲ့ ၀န်ဆောင်မှုတွေနဲ့ ရတနာတွေရဲ့ အရည်အသွေးက အကောင်းဆုံးဆိုမှ အကောင်းဆုံးတွေပါ”
“ဒါကတော့ ထျန်းစန်းစီရင်စုမှာရှိတဲ့ ရွှေအစည်းအရုံးရဲ့ ဌာနခွဲပဲဖြစ်ပါတယ်။ ဒီမှာ အလွှာကိုးခုရှိပြီးတော့ ပထမခြောက်လွှာက သာမန်လူတွေအတွက် ဖွင့်ထားတာဖြစ်ပြီးတော့ ကျန်သုံးလွှာက စိတ်ဝိညာဉ်ကျင့်ကြံသူတွေအတွက်ပါ။ လူကြီးမင်းတို့ ဘယ်အလွှာရဲ့ ၀န်ဆောင်မှုကို ခံယူချင်ပါသလဲခင်ဗျာ”
စုရှောင်ရှန်၏ မျက်နှာမဲ့ရွဲ့သွားရပြီး လှည့်ပြေးချင်စိတ်များ တဖွားဖွားပေါ်လာတော့သည်။ သူတို့က ဘယ်လို၀န်ဆောင်မှုကိုပဲ ပေးပေး ဒီနေရာက ဘာမဆို ဈေးကြီးလွန်းတာနဲ့တူသည်။ သူက အ၀တ်အစားလေးနည်းနည်းပါးပါး ၀ယ်ချင်ရုံပါ။
သို့ပေမယ့် ဘာပဲဖြစ်ဖြစ် သူကလည်း စိတ်ဝိညာဉ်နန်းတော်ထဲက ပထမဆုံးအကြိမ်ထွက်ဖူးတာကြောင့် အပြတ်ကဲလိုက်မယ်လို့အားခဲထားသည်မလား။ ဒါကြောင့် ဘယ်လောက်ဈေးကြီးနေပါစေ ရှေ့ဆက်ရန် အံကြိတ်ပြီး ဆုံးဖြတ်လိုက်ပေသည်။
ဒါ့အပြင်ကို အပြင်ဘက်ကမ္ဘာက ဈေးနှုန်းဘာညာလည်းသိနိုင်မည် သူဓားပြတိုက်ထားသည့် ပစ္စည်းများကိုလည်း ထုတ်ရောင်းနိုင်မည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။
“စိတ်ဝိညာဉ်ကျင့်ကြံသူ”
“ကောင်းပါပြီ။ စိတ်ဝိညာဉ်ကျင့်ကြံသူ ၀န်ဆောင်မှုကို ယူပါ့မယ်” ဧည့်ကြိုလေး၏ အပြုံးက ပို၍ ကျယ်လောင်လာခဲ့ပြီးတော့ တစ်အောင့်ကြာသော် သူ့ထံက စိတ်ဝိညာဉ်စွမ်းအင်များ ဖြာထွက်လာခဲ့သည်။
စစ်မှန်ခြင်းနယ်ပယ် မူလနန်းတော်…။
ဘာလို့ ဧည့်ကြိုလေးက ဒီလို ကျင့်ကြံမှုရှိရတာလဲဟု စုရှောင်ရှန် မှင်တက်သွား၏။ မုကျစ်ရှိလည်း အလားတူပင်။
ရွှေအစည်းအရုံးက တကယ် ထူးခြားပေ၏။
“ကျေးဇူးပြုပြီး လိုက်ခဲ့ပါဗျ”
အပြုံးလေးနှင့် ဧည့်ကြိုက ဦးဆောင်သွားသည်။ သူတို့နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာကြည့်ပြီး နောက်ကလိုက်သွားလိုက်၏။
သတ္တမမြောက်အလွှာ…။
အောက်က အလွှာ ခြောက်ထပ်နှင့် မတူဘဲ စိတ်ဝိညာဉ်ကျင့်ကြံသူတွေအတွက် အလွှာက သိသိသာသာကြီး ကြီးမားပေသည်။
ကြည့်ရတာ အဆောက်အဦးမှာ အစီအရင်တစ်ခုခံထားလို့ အပြင်ဘက်က ကြည့်သောအခါ ထူးမခြားနားရှိတာဖြစ်မည်။
အကြားအမြင်ဖြင့် စုရှောင်ရှန် စစ်ကြည့်လိုက်သောအခါ ဤအထပ်က အောက်က ခြောက်ထပ် အားလုံးပေါင်းလောက်တောင် ကြီးမားတာကိုတွေ့ရသည်။
အံ့သြစရာကောင်းလွန်းပေစွ။
အပြင်ဘက်က ဌာနခွဲလေးရတောင် ဒီလောက် ခမ်းနားနေတာ ဌာနချုပ်ဆိုရင် ဘယ်လောက်ခမ်းနားလိမ့်မလဲ စုရှောင်ရှန် တွေးကြည့်လိုက်၏။
ဒါတောင် စီးပွားရေး အစည်းအရုံးတွေထဲမှာ ၎င်းက ထိပ်ဆုံးမဟုတ်သေးပေ။
“ကြည့်ရတာ မင်းတို့ရဲ့ စီးပွားရေးက စိတ်ဝိညာဉ်ကျင့်ကြံသူတွေအပေါ်မှာ မူတည်ပြီးလုပ်တာဖြစ်မယ်” ဘေးနားက လျှောက်နေရင်း ပြောလိုက်သည်။
“ဟုတ်ပါတယ်” ဧည့်ကြိုလေးက ရိုရိုသေသေ ဦးညွှတ်ကာ ဆက်လက်၍ “ကျွန်တော်တို့လို ၀န်ထမ်းတွေကို ထောက်ပံ့ပေးဖို့ဆိုရင် သာမန်လူတွေအပေါ်မှီခိုပြီး လုပ်ဖို့မဖြစ်နိုင်ဘူးလေ”
စုရှောင်ရှန် ခေါင်းညိတ်ကာ ဧည့်ကြိုလေးကို အသေအချာ အကဲခတ်လိုက်ပြီးနောက်မှာ “မင်းကိုကြည့်ရတာ တကယ် ငယ်တယ်နော်”
ဧည့်ကြိုလေးက ပြုံးနေစမြဲနှင့်ပင် “ကျွန်တော်တို့ ရွှေအစည်းအရုံကလည်း ဂိုဏ်းတစ်ခုလိုပဲလေ။ ဒါပေမယ့် ကျင့်ကြံတယ်ဆိုတာ မလုပ်သလောက်ပဲ စီးပွားရေးကိုအားစိုက်ကြတယ်။ ကျွန်တော်တောင် လက်ရှိမှာ အပြင်စည်းဂိုဏ်းသားသာသာပဲရှိသေးတယ်”
ကြည့်ရတာ ၎င်းက ကုန်းမြေတစ်လျှောက်လုံးမှာ ဌာနခွဲများဖွင့်ထားသည့် ဂိုဏ်းတစ်ခုဖြစ်ပုံရသည်။ ကြမ်းလှပါလားဟု စုရှောင်ရှန် တွေးတောလိုက်သည်။
ဒီဂိုဏ်းက လူငယ်လေးကတောင် စစ်မှန်ခြင်းနယ်ပယ်ကျင့်ကြံမှုရှိနေတာ စိတ်ဝိညာဉ်နန်းတော်မှာဆိုလျှင် ဒီဧည့်ကြိုကောင်လေးက အတွင်းစည်းဂိုဏ်းသားတောင်ဖြစ်နေနိုင်၏။
‘ဒီလိုတော့တွေးလို့မရဘူးလေ။ ဧည့်ကြိုဆိုတာက သူ့ရဲ့ အပြင်ပန်းပဲ။ တကယ် အရေးပါတာက ကျင့်ကြံခြင်းပဲ။ အင်း လူတွေပြောပြောနေတဲ့ သရုပ်ပြတဲ့ နည်းလမ်းဆိုတာ ဒါပဲဖြစ်ရမယ်’
စုရှောင်ရှန် တွေးရင်း လမ်းလျှောက်လာရာကနေ တုံ့ခနဲရပ်သွားသည်။ ခုနှစ်လွှာမှာ အရောင်အသွေးစုံလင်တဲ့ ရတနာပေါင်းစုံကို မတူညီ ထူးခြားတဲ့ စားပွဲလေးတွေပေါ်မှာ ပြသထားလေသည်။
ထို့ပြင် ၎င်းတို့ကိုလည်း မှော်ဆေးနယ်မြေ၊ စိတ်ဝိညာဉ်လက်နက်နယ်မြေ စသဖြင့် နယ်မြေများခွဲထား၏။
ယခုသူတို့သုံးဦးက အထွေထွေ ပစ္စည်းများနယ်ပယ်မှာ ရောက်နေခြင်းဖြစ်ကာ စုရှောင်ရှန် စားပွဲတစ်လုံးပေါ်က ခရမ်းရောင်ဖန်လုံးလေးတစ်လုံးကိုကြည့်လိုက်သည်။ တကယ်က ထိုဖန်လုံးလေးပေါ်က ကြောင်ကို စိတ်၀င်စားခြင်းဖြစ်ပါသည်။
“စိတ်ဝိညာဉ်သားရဲလား”
ထိုအဖြူရောင် စိတ်ဝိညာဉ်ကြောင်လေးက လက်သီးနှစ်လုံးစာလောက်အရွယ်အစားသာရှိပြီး ခရမ်းရောင်ဖန်လုံးလေးအထက်မှာ ကျောက်ရုပ်လိုရပ်နေခဲ့လေသည်။
အကြားအမြင်မှတစ်ဆင့် ဖန်လုံးလေးနှင့် ကြောင်တို့က တစ်ဆက်တည်းမဟုတ်တာကို သူသိလိုက်ရသည်။ ထို့ပြင် ထိုကြောင်လေးကလည်း သူ့လှုပ်ရှားမှုတိုင်းကို လိုက်လံစောင့်ကြည့်နေ၏။
“ဒါဘာလေးလဲ”
ဖန်လုံးလေးကို စုရှောင်ရှန် လက်ညိုးထိုးပြသည်။
ဘာလို့ စိတ်ဝိညာဉ်သားရဲကို စိတ်ဝိညာဉ်သားရဲ နယ်မြေမှာ မထားရတာလဲ ပဟေဠိဖြစ်သွား၏။
အဖြူရောင်ကြောင်လေးက တိုက်ခိုက်နိုင်စွမ်းမရှိလောက်ပေမယ့် မတော်တဆ လူတွေကို ပြေးကုတ်ရင်ဘယ်လိုလုပ်မတုန်း။ စုရှောင်ရှန် လက်ညိုးထိုးနေသည့်ဘက်ကို ဧည့်ကြိုလေးလိုက်ကြည့်ရာမှာ ပြုံးမိသွားသည်။ ထို့နောက် စာပွဲလေးအနားသို့သွားကာ ခရမ်းရောင်ဖန်လုံးလေးကို ကိုင်မြောက်ပြလိုက်၏။
“ဒီဟာက အာရုံခံပစ္စည်းပါ။ ကျွန်တော်တို့စီမှာတောင် အတော်ရှားပြီးတော့ ဒါကို သိမြင်ခြင်းနဂါးလို့ခေါ်တယ်။ ဒီဟာက အသက်စွမ်းအင် များပြားသိပ်သည်းစွာပါတဲ့ စိတ်ဝိညာဉ် လက်နက်တစ်ခုပေါ့။ ဒါပေမယ့် ဒီအရာကိုဖန်တီးခဲ့တဲ့ အဆင့်ငါးစိတ်၀ိညာဥ်ပန်းပဲဆရာက ကံကောင်းခြင်း၊ ကံဆိုးခြင်း နိယာမအပေါ်မှာ အခြေခံပြီး ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဘေးနားမှာရှိတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံနိုင်တယ်”
“အမြင်မဆန်းလို့ အထင်တော့မသေးလိုက်နဲ့ဦးနော် စိတ်ဝိညာဉ်စွမ်းအင်ထည့်လိုက်ရင် အထဲမှာ လှပတဲ့ သိမြင်ခြင်းနဂါးလေးကို ပုံဖော်ပေးတယ်”
ထိုသို့ပြောပြီး ဧည့်ကြိုလေက စိတ်ဝိညာဉ်အနှစ်များထည့်လိုက်တဲ့အခါ ခရမ်းရောက်ဖန်လုံးလေးထံက အလင်းတန်းများဖြာထွက်လာပြီး ကြယ်တာယာ ကောင်းကင်ကြီးကို ဖော်ပြပေးလိုက်သည်။
ထိုအထဲတွင် အဖြူရောင်နဂါးတစ်ကောင်က ကူးခပ်သွားလာနေတာကြောင့် တကယ် ရင်သက်ရှူမောဖွယ်ရာကောင်းလှ၏။
ထိုမြင်ကွင်းတွင် မုကျစ်ရှီ မျောပါသွားခဲ့သည်။
အဖြူရောင်နဂါးလားဘာလား သူမရုမစိုက်ပါဘဲ အသက်စွမ်းအင်အပေါ်တွင်သာ ပို၍ စိတ်၀င်စားပေသည်။
သူမမြင်ဖူးသမျှရတနာများအတွင်း စုရှောင်ရှန်၏ အသက်စိတ်ဝိညာဉ်တံဆိပ်ပြားသာ ၎င်းထက် သာလွန်ပေသည်။ ထိုဖန်လုံးကိုသာ သူမ ယူနိုင်ရင် အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးများ သုံးစွဲနေရန် လိုတော့မည်မဟုတ်ချေ။
သို့ပေမယ့်… ၎င်းက အဆင့်ငါး စိတ်ဝိညာဉ် လက်နက်ဖြစ်၏။
သူမကိုယ်သူမရောင်းလျှင်တောင် ထိုအရာကို တတ်နိုင်လိမ့်မည်မဟုတ်တာကြောင့် ကလေးမလေး၏ မျက်လုံးထဲက အလင်းရောင်များ မှေးမှိန်သွားခဲ့သည်။
စုရှောင်ရှန်လည်း မှင်တက်သွားရပေမယ့် သူက ထိုကြယ်တာရာ ကောင်းကင်ပေါ်မှာ ရပ်နေသည့် အဖြူရောင်ကြောင်လေးကြောင့်ဖြစ်သည်။
သူအကြည့်လွှဲလိုက်တာတောင် ၎င်းက သူ၏ ခရမ်းရောင်မျက်လုံးများဖြင့် သူ့ကို ကြည့်နေသေးတာ အာရုံခံစားရလေသည်။ အနီးသို့ကပ်သွားသောအခါ၎င်း၏ ပါးစပ်မှ သွားရည်များ စီးကျလာတာကိုတောင်တွေ့ရ၏။
“လခွမ်း။ တခြားသူတွေ ဒါကို မမြင်ကြဘူးလားဟ”
ဒီလိုအခြေအနေဖြစ်ဖူးတာ ခပ်ရေးရေးလေးသတိရပြီး စုရှောင်ရှန် တုန်လှုပ်သွားရသည်။
ထျန်းရွှမ်တံခါးအတွင်းမှာရှိတုန်းက မုကျစ်ရှီလည်း မီးခိုးမြူပုံရိပ်ကို မမြင်နိုင်သလိုမျိုး သတိမထားမိခဲ့ပါပေ။
ထိုသို့တွေးမိပြီး စိတ်ဝိညာဉ်အာရုံနှင့် ၎င်းကို စစ်ကြည့်ရာ နှလုံးခုန်မြင်းဒုန်းဆိုင်းသွားရ၏။
သာမန်မျက်စိနှင့်လည်းမမြင်နိုင်သလို စိတ်ဝိညာဉ်အာရုံဖြင့်လည်း မထောက်လှမ်းနိုင်ပေ။ အကြားအမြင်ဖြင့်သာ ၎င်းကိုမြင်ရ၏။
“မိစ်ဆာသားရဲလား”
ထိုကြောင်က လှုပ်လှုပ်ရွရွဖြစ်လာတာကိုမြင်သောအခါ စုရှောင်ရှန်၏ မျက်ဆံများကျုံ့သွားရသည်။
ဒီမိစ္ဆာသားရဲလေးကလည်း အသက်စွမ်းအင်ကို ကြိုက်တယ်ဆိုရင် မုကျစ်ရှီကို တွေ့တာနဲ့ စိတ်၀င်စားရမယ်မဟုတ်ဘူးလား။ ခုတော့ သူမကို မမြင်သလိုတောင်ပြုနေ၏။
သူ့ညီမလေး၏ အပြုအမူအရတော့ ထာ၀ရအသက်စွမ်းအင်က သားရဲများအတွက် ဆွဲဆောင်မှုကြီးတစ်ခုဖြစ်ဟန်ရသည်။ ဒီမိစ္ဆာသားရဲလဲ ဒီလိုများလားဟု တွေးလိုက်မိ၏။
“ဒါပေမယ့် ကမ္ဘာငယ်လေးက မိစ္ဆာသားရဲက ဘယ်လိုလုပ်ဒီမှာပေါ်လာတာလဲ။ ပြီးတော့ အားနည်းလိုက်တာ”
သူတို့နှစ်ဦး ဖန်လုံးလေးကို စိတ်၀င်စားနေတာမြင်သောအခါ နောက်ဆုံးတော့ ဖုန်သာစုဆောင်းနေသည့် ဤပစ္စည်းလေး အရောင်းထွက်တော့မယ်ဆိုပြီး ဧည့်ကြိုလေး ပီတိဖြာသွားသည်။
သူက ဆက်လက်၍ ရှင်းပြလိုက်သည်။ “ဒီသိမြင်ခြင်းနဂါးရဲ့ လုပ်ဆောင်ချက်က အနီးနားရှိတဲ့ လူတွေရဲ့ သတ်ဖြတ်ခြင်းဆန္ဒကို အာရုံခံပေးတာပဲ။ အင်း.. သူက နည်းနည်းလေးဆိုရင်တောင် အာရုံခံပေးနိုင်လို့ အတော်အသုံး၀င်တယ်”
“ဒီသိမြင်ခြင်းနဂါးက သတ်ဖြတ်ခြင်းဆန္ဒကို အာရုံခံမိတယ်ဆိုရင် အနီရောင်ပြောင်းသွားလိမ့်မယ်။ သတ်ဖြတ်ခြင်းဆန္ဓပိုပြင်းလေ အနီရောင်ပိုပြောင်းလေပဲ။ ဒါ့အပြင်ကို ထိန်းမရ သိမ်းမရလည်း တုန်ခါလာလိမ့်မယ်”