ထျန်းစန်းစီရင်စု…။
စီရင်စုတစ်ခုထဲမှာ မြို့ပေါင်းများစွာရှိသည်။ သာမန်လူတွေနေထိုင်တဲ့မြို့များကလွဲရင် ထျန်းစန်းစီရင်စု၏ အလယ်တည့်တည့်မှာရှိတဲ့ ထျန်းစန်းမြို့တော်က အကျော်ကြားဆုံးဖြစ်သည်။
၎င်းက လူ၁၀သန်းလောက် နေထိုင်နိုင်အောင်ကြီးမားသည့် မြို့ကြီးဖြစ်ရကာ ထျန်းစန်းစီရင်စုက စိတ်ဝိညာဉ်ကျင့်ကြံသူများ အရောင်းအလှယ်ပြုလုပ်သောနေရာလည်းဖြစ်သည်။
ထိုမြို့လေးတွင် သာမန်လူတစ်ယောက်နေထိုင်ဖို့က အခြားမြို့များထက် ဆယ်ဆလောက် ပိုဈေးကြီးပေသည်။
မြို့၀င်ခွင့်လေးရဖို့တောင် သာမန်လူအများစု ဒဏ္ဌာရီထဲမှာသာကြားဖူးသည့် အလွန်အဖိုးတန်လှသော စိတ်ဝိညာဉ်ကျောက်တုံးဆိုတာကြီးကို ပေးရ၏။
စိတ်ဝိညာဉ်ကျင့်ကြံသူများအတွက်တော့ အခြေအနေက ကွဲပြားသည်။
ယခုလည်း စုရှောင်ရှန်က မြို့တံခါး၀မှာ မုကျစ်ရှီနှင့်အတူ ရပ်နေပြီးတော့ အညောင်းအညာဆန့်ကာ သူ့ရှေ့က တံခါးစောင့်ကိုမေးလိုက်သည်။ “ဘာပေါတာလဲ”
“မြို့ထဲ၀င်ခွင့်ထောက်ခံစာ”
“အဲ့တာဘာကြီးလဲ။ စိတ်ဝိညာဉ်ကျင့်ကြံသူတွေမြို့ထဲ၀င်နိုင်တယ်ဆို”
“အာ ဒီကနှစ်ယောက်က စိတ်ဝိညာဉ်ကျင့်ကြံသူတွေများလားမသိဘူး။ ဒါဆိုရင် သက်သေပြပါ”
သက်သေပြရမယ်။
စုရှောင်ရှန်လက်ကိုဆန့်ထုတ်ပြီး မီးလျှံကိုပြသလိုက်ချင်ပေမယ့် သူ့မီးလျှံက အရောင်မရှိတာ သတိရသွား၏။ သူဘယ်လောက်သန်မာကြောင်းပြသမယ်ဆိုတော့လည်း သူ့ရှေ့ကလူက သူထိုးတာခံနိုင်လောက်မည့်ဟန်မရဘဲ ပွဲချင်းပြီးသေသွားနိုင်သည်။
“ဓားကွက်ပြရင်ရော”
စုရှောင်ရှန် ချီတုံချတုံ တိတ်တခိုးနာကျင်ခြင်းကိုဆွဲထုတ်လိုက်တာမြင်သောအခါ မုကျစ်ရှီ လန့်ဖျပ်သွား၏။
“မလုပ်နဲ့။ မလုပ်နဲ့”
ဒီနေရာက ထျန်းစန်းစိတ်၀ိညာဥ်နန်းတော်မဟုတ်ဘဲ သာမန်လူများဖြင့်ပြည့်နေသော နေရာဖြစ်သည်။ စုရှောင်ရှန်သာ ဒီမှာ ဓားကွက်ပြလိုက်ရင် ရုန့်ရင်းဆန်ခတ်တွေဖြစ်ကုန်တော့မည်။
ထိုသို့တွေးမိပြီး စုရှောင်ရှန်၏ အင်္ကျီစကို မုကျစ်ရှီလှမ်းဆွဲလိုက်၏။ ထို့နောက်မြေကြီးထဲမှ စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို ကိုင်ထားသော နွယ်နှစ်ပင်ထွက်လာစေလိုက်သည်။
တံခါးစောင့်ကလည်း အလန့်တကြား ဦးညွှတ်ပြီးတော့ သူတို့နှစ်ဦးကို လေးလေးစားစားပြောလိုက်၏။
“ကြွပါ။ ကြွပါဗျ”
သာမန်လူများ၏ အမြင်မှာတော့ စိတ်ဝိညာဉ်ကျင့်ကြံသူများက နတ်ဘုရားများဖြစ်ကြပေသည်။
ထျန်းစန်းမြို့တော်မှာ နေထိုင်သူအများစုကတောင် သာမန်လူများဖြစ်ကြပြီးတော့ ယခုကဲ့သို့ စိတ်ဝိညာဉ်ကျင့်ကြံသူများကို လက်ခံရရှိနှုန်းက နည်းပါးပေလေသည်။ မြို့ထဲ၀င်ပျောက်ကွယ်သွားသောနှစ်ယောက်ရဲ့ နောက်ကျောကိုကြည့်ပြီးတော့ တံခါးစောင့်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်မှုများဖြင့်ကြည့်လိုက်ကြသည်။
“စိတ်ဝိညာဉ်ကျင့်ကြံသူတွေက မြေကြီးထဲကနေလည်း နွယ်ပင်တွေပေါက်လာအောင်လုပ်နိုင်တယ်နော်”
“ချီး။ ဘာလို့သူတို့က ကောင်းကင်ပေါ်မှာ စာရင်းသွားမပေးဘဲ ဒီသာမန်လူတွေသွားတဲ့ မြေပြင်မှာ လာတာလဲမသိဘူး”
“ဘယ်သိမလဲ တစ်ချို့လူထူးခြားတွေက ထူးခြားတဲ့ အပြုအမူတွေလုပ်တတ်လို့နေမှာပေါ့”
“ဟေ့ကောင် အဲ့လိုလျှောက်မပြောနဲ့ဟ။ ဒါမင်းပြောရမယ့်အရာမဟုတ်ဘူး။ ငါတို့ပြောနေတာကို တစ်ယောက်ယောက်က နားထောင်နေရင် ဘယ်လိုလုပ်မတုန်း”
“ဗွာတေး ဗွာတေး”
စုရှောင်ရှန် ခေါင်းကိုမော့ပြီးတော့ မူလနန်းတော်နယ်ပယ် ကျင့်ကြံသူအနည်းငယ် စောင့်ကြပ်နေတဲ့ ကောင်းကင်ပေါ်မှ စာရင်းပေးတဲ့နေရာကိုကြည့်လိုက်သည်။
“ဒီလိုကိုး”
ဒါပေမယ့် ခုမှတော့ ဘာမှ မထူတာ့ကာ ရှေ့တည့်တည့်ကိုသာကြည့်ပြီး ကိုယ့်လမ်းကိုယ်ဆက်လိုက်တော့သည်။ အတန်ကြာအောင်လျှောက်လှမ်းလာပြီးမှ မြင်ကွင်းက စိတ်ဝိညာဉ်နန်းတော်နှင့် မတူကွဲပြားတာ တွေ့ရ၏။
လမ်းဘေးတစ်လျှောက်မှာ ပုံစံအမျိုးမျိုးဖြင့် အိမ်များ၊ တိုက်အိမ်ကြီးများ အစီအရီဆောက်လုပ်ထားပြီးတော့ လမ်းဘေးဈေးသယ်များကလည်း သူ့ထက်ငါ ကျယ်ကျယ်လောင်လောင်အော်ဟစ်ဈေးရောင်းနေကြသည်။ ၎င်းက သူမမြင်ရတာကြာပြီဖြစ်သော သာမန်လူတို့၏ နေထိုင်မှုဘ၀ဖြစ်လေသည်။
ထိုဆူညံပူညံသံများကြောင့်ခေါင်းကိုက်လာသဖြင့် စုရှောင်ရှန် ခေါင်းခါလိုက်ရသည်။ ၎င်းက အကြားအမြင်၏ ဆိုးကျိုးဖြစ်သည်။
ပင်ကိုယ်စွမ်းရည်တစ်ခုဖြစ်နေရာ သူပိတ်ချင်သည့်အချိန်ပိတ်၊ သုံးချင်သည့်အချိန် သုံးလို့မရပေ။ သတင်းအချက်အလက်မြောက်များစွာ သူ့ခေါင်းထဲကိုတစ်ချိန်တည်း၀င်ရောက်လာတာကြောင့် ခေါင်းပေါက်ကွဲထွက်မတတ် ခံစားနေရ၏။
[နှောက်ယှက်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် + ၁]
[နှောက်ယှက်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် + ၁]
[နှောက်ယှက်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် + ၁]
“ဟင်း…”
သူ့အသိပေးချက်ဖန်သားပြင်က အဆက်မပြတ် အသိပေးချက်အသစ်များဖြင့် တက်လာနေတာကြောင့် စုရှောင်ရှန် ပျော်သွားသည်။ သို့ပေမယ့် ထင်ထားသလို ပင်ကိုယ်မှတ်ရရှိနှုန်းက လျင်လျင်မြန်မြန် တက်မလာတာကြောင့် နားမလည်နိုင်ဖြစ်သွား၏။
“ဘာဖြစ်နေတာလဲ။ ငါ့အကြားအမြင်တာဝေးနဲ့ဆိုရင် လူတစ်သောင်းလောက် စကားပြောနေတာကိုတောင် ကြားနိုင်တာကို။ ဘာလို့ တစ်ခါတစ်ခါကို တစ်ရာတစ်ရာပဲ တက်လာနေတာလဲ။ မဟုတ်မှလွဲရော သာမန်လူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်တာက ငါ့ကို ပင်ကိုယ်မှတ် မပေးနိုင်တာများလား”
၎င်းက ဖြစ်နိုင်လောက်သည်ဟု စုရှောင်ရှန်တွက်လိုက်၏။ မဟုတ်ရင် သာမန်လူတွေအကြားမှာ တစ်လလောက်နေလိုက်တာနဲ့ သူပြိုင်ဘက်ကင်းနေလောက်ပြီဖြစ်ပေသည်။
နှမျောစရာပဲ…။
သို့တောင်မှ တစ်စက္ကန့်ကို တစ်ရာတက်နှုန်းကတော့ စုရှောင်ရှန်၏ ပင်ကိုယ်မှတ်များကို မြန်မြန်ဆန်ဆန်ထိုးတက်သွားစေပေသေးသည်။
မူလ ပင်ကိုယ်မှတ် ၁၆၀၀၀ကနေ ယခု အချိန်တိုအတွင်း ၂၀၀၀၀ ကျော်လာခဲ့၏။
ထိုမှ ပင်ကိုယ်မှတ် ရရှိနှုန်းလျော့ကျသွားသောအခါ ထိုဆူဆူညံညံ ပတ်၀န်းကျင်ကို သူအသားကျသွားလို့ဖြစ်ကြောင်းသိလိုက်ရသည်။ အသိပေးချက်ဖန်သားပြင်ကို သူကြည့်လိုက်ရာ…
[ပင်ကိုယ်မှတ် : ၂၃၃၃၃]
စုရှောင်ရှန် ၎င်းကို မကြည့်ရန် ကိုယ့်ကိုယ်ကိုယ်စိတ်ထဲကပြောလိုက်၏။
ပင်ကိုယ်မှတ်တွေ တက်လာတာကိုကြည့်ရတာက ပျော်ဖို့ကောင်းပေမယ့် အချိန်ဖြုန်းရာကျပြီး အဓိပ္ပာယ်လည်းကင်းမဲ့သည်။
အဆောက်အဦးတစ်ခုအရှေ့သို့ရောက်သောအခါ စုရှောင်ရှန် တုံ့ခနဲရပ်တန့်သွားသဖြင့် နောက်က လိုက်လာသော မုကျစ်ရှီသူ့ကိုတိုက်မိပြီး ပြန်ကန်ထွက်သွားသလို ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် လက်တစ်ဖက်ဖြင့် စုရှောင်ရှန်၏ အင်္ကျီစကိုကိုင်ထားလို့ပင်။ အခြားလက်တစ်ဖက်ဖြင့် သူမ၏ နဖူးကို ပွတ်လိုက်ပါသည်။
ထို့နောက် အဆောက်အဦးပေါ်က ရွှေအစည်းအရုံးဆိုတဲ့ စာရေးထွင်းထားတဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်၏။
“စုရှောင်ရှန်။ ငါတို့က မှော်ဆေးပညာရှင်များအစည်းအရုံးကိုသွားရမှာလေ”
စုရှောင်ရှန် သူ့အင်္ကျီစကို ကိုင်ထားသည့် သူမ၏ လက်ကလေးကိုငုံကြည့်ပြီးတော့ ပြောလိုက်သည်။ “နင်ကလေးလား”
မုကျစ်ရှီ၏ မျက်နှာကလေးနီရဲသွားပြီး ပြန်မဖြေလိုက်ပါချေ။
“နင်က လူစိမ်းတွေကိုကြောက်တတ်တယ်ပေါ့”
စုရှောင်ရှန် မျက်ခုံးပင့်ကာ “တစ်ခါမှ လူတောထဲမတိုးဖူးဘူးလား”
ကလေးမလေး၏ မျက်နှာပေါ်က ရှက်ကိုးရှက်ကန်းအမူအရာကိုကြည့်ပြီးတော့ သူခန့်မှန်းတာ မှန်သွားတဲ့အတွက် စုရှောင်ရှန် အံ့အားသင့်သွားသည်။
မဖြစ်နိုင်တာ။
သူမက သေးသေးလေးဆိုပေမယ့် ဆယ်ကျော်သက်လူငယ်တစ်ယောက်ပါ။ တကယ် ဒီလောက်လူတွေအများကြီးကိုမမြင်ဖူးဘူးတဲ့လား။ ဆယ်စုနှစ်တစ်ခုလုံး အိမ်တွင်းပုန်းနေခဲ့ပြီး ခုမှ မြို့ရောက်ဖူးတာများလား။
မုကျစ်ရှီက စုရှောင်ရှန်၏ အကြည့်ကို ရှောင်တိမ်းနေ၏။ သူမမှတ်မိသလောက်ဆိုရင် ဒီလောက်လူအများကြီးမြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒါကြောင့် စိုးတထိတ်ထိတ်ဖြစ်နေပါသည်။
“နင်ငါ့အမေးကို မဖြေရသေး…” သူမ၏ ခေါင်းကိုပွတ်နေသည့် လက်ကို အောက်ပြန်ချလိုက်သောအခါ စကားပြော ရပ်တန့်သွားခဲ့သည်။
လက်ပေါ်ကအနီရင့်ရောင် သွေးများကိုကြည့်ပြီးတော့ နားမလည်နိုင်စွာ “စုရှောင်ရှန် ငါသွေးထွက်နေတယ်။ ဘာဖြစ်နေတာလဲ”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် “အင်း…”
ပုခုံးတွန့်လိုက်ကာ မျက်နှာသေကြီးဖြင့် “ငါဘယ်သိမလဲ။ နင့်ကို တစ်ယောက်ယောက်က အမှောင်ထဲက တိုက်ခိုက်လိုက်တာနေမှာပေါ့”
ကလေးမလေး ကြောက်ရွံ့သွားသည်ကိုမြင်သောအခါ သူ့သင်ခန်းစာကိုဆက်လိုက်သည်။ “ငါတို့က အခု စိတ်ဝိညာဉ်နန်းတော်ထဲမှာ မဟုတ်တော့ဘူး။ ငါ့ကို အရမ်းယုံကြည်မနေနဲ့။ ကိုယ့်ကိုယ်ကိုယ် စိတ်ဝိညာဉ်စွမ်းအင်နဲ့ ကာကွယ်ထား”
တစ်စုံတစ်ယောက်က ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် စိတ်ဝိညာဉ်စွမ်းအင်ကို ဖယ်ရှား၍ မရပေ။ မဟုတ်ရင် အောက်က ဘယ်တိုက်ခိုက်မှုကိုမှ ခုခံနိုင်မည်မဟုတ်သော နူးညံ့သည့် ခန္ဓာကိုယ်လေးပေါ်လာပေမည်။
သူ့ကြော့ကွင်းကို ခံနိုင်သည်ဆိုစေငြား ချွန်ထက်ခြင်းကိုတော့ ခံနိုင်လိမ့်မည်မဟုတ်ပေ။ အသက်စွမ်းအင်ဝါးမျိုခြင်းသစ်ဓာတ်ခန္ဓာကိုယ်က စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်မဟုတ်ပါချေ။
မုကျစ်ရှီ မျက်လုံးဝိုင်းကြီးများပုတ်ခတ်ပုတ်ခတ်လုက်ကာ စုရှောင်ရှန်၏ လက်ညိုးထိပ်ကို သွားဖိကြည့်သည်။
ရွှစ်…။
သူမ၏ လက်ချောင်းမှ သွေးထွက်လာခဲ့၏။
“ဒါဘာကြီးလဲ” လူသားတစ်ယောက်အရည်ပြားက ဘာလို့ ဓားတစ်ချောင်းအလားချွန်ထက်ရတာလဲဟု ကလေးမလေး မှင်တက်သွား၏။
စုရှောင်ရှန် သူ့လက်ကိုပြန်ရုတ်သိမ်းလိုက်ကာ “အဲ့တာ ဓားလက်ချောင်းဆယ်ခန်းလို့ခေါ်တယ်”
မုကျစ်ရှီ : “ဘာကြီး”
စုရှောင်ရှန်ပြောတာသူမ မယုံပေ။ သူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်သွားတာလားဆိုပြီးတော့ စုရှောင်ရှန်၏ လက်ကိုလှမ်းဆွဲ၏။
စုရှောင်ရှန် အလျင်အမြန် သူမ၏ လက်ကိုဖမ်းဆုပ်ကာ ငေါက်လိုက်သည်။ “နင်ရူးနေလား”
“ဒါဘာနည်းစနစ်လဲလို့” မုကျစ်ရှီ တကယ်သိချင်နေပါသည်။
စုရှောင်ရှန်က အသက်ကိုခပ်ပြင်းပြင်းရှိုက်ကာ ပြောသည်။ “နင့်ကိုငါပြောတယ်လေ။ ဓားလက်ချောင်းဆယ်ခန်းပါဆိုနေ”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“မယုံဘူးလား”
လက်ညိုးကိုထောင်ကာ ၎င်းတွင် သာမန်အတွေးစွမ်းအား ပေါင်းထည့်လိုက်သည်။ ထိုလက်ချောင်းက မျက်စိကြိမ်းလောက်အောင် အလင်းများဖြင့် တောက်ပလာခဲ့၏။
မုကျစ်ရှီက မျက်စောင်းလှလှလေးထိုးကာ “နင့် ခန္ဓာကိုယ်လည်း လုပ်နိုင်တယ်လေ”
“အဲ့တာ ဓားခန္ဓာကိုယ် ဆယ်ခန်း”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် လက်မြှောက်အရှုံးပေးကာ ဆိုလိုက်သည်။ “အဲ့တာ ချွန်ထက်ခြင်းလို့ခေါ်တဲ့ ငါ့ရဲ့ ပင်ကိုယ်စွမ်းရည်ကြောင့်ပဲဟုတ်ပြီလား”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ဘုတ် …။
မုကျစ်ရှီ၏ ခေါင်းကိုဖိချကာ စုရှောင်ရှန်က စိတ်အနှောက်အယှက်ဖြစ်ဟန်ဖြင့် မေးလိုက်သည်။ “နင်က ဘာဖြစ်နေတာလဲ။ ငါလိမ်နေတော့မယုံဘူး။ မလိမ်ပြန်တော့လဲ မယုံဘူး။ နင့်ခေါင်းသေးသေးလေးက ဘာတွေတွေးနေတာလဲ”
မုကျစ်ရှီ : “လွှတ် …”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“သွားမယ်”
ရွှေအစည်းအရူံးဘက်သို့ လှည့်ကာ စုရှောင်ရှန် ၀င်သွားလိုက်သည်။
“မှော်ဆေးပညာရှင်များအစည်းအရုံးကို သွားရမှာလေ” နေရာကမရွေ့ မုကျစ်ရှီက အော်၏။
“နင် ငတုံးလားဘာလား”
“အဖိုးကြီးက တစ်လအတွင်းပြန်လာဖို့မှာထားတာ။ နင့်ကို တစ်ရက်တည်း ခေါက်တွန့်ခေါက်ပြန် ပြန်လာခိုင်းတာမဟုတ်ဘူး။ တံဆိပ်ရဖို့ စာမေးပွဲဖြေတာက ဘယ်လောက်ကြာမှာတဲ့လဲ။ အများဆုံး လေး၊ ငါး၊ ဆယ်မိနစ်ပေါ့”
စုရှောင်ရှန်ပြောတာ သဘာ၀ကျနေသည့်အတွက် မုကျစ်ရှီ ဘာပြန်ပြောရမှန်းမသိဖြစ်သွား၏။
‘ပြီးတော့ ငါနင့်နောက်ကိုဆက်လိုက်ရင် ငါတုံးတယ်လို့ ပြောလိုက်တာပဲမဟုတ်ဘူးလား’ စိတ်ထဲက ပြောလိုက်သည်။
“မှော်ဆေးပညာရှင်များအစည်းအရုံး”
“သွားချင်ရင် နင့်ဟာနင်သွား” စုရှောင်ရှန် လက်ဝေ့ရမ်းပြကာ ဆက်လျှောက်သွားနေရင်းက “ငါတို့လမ်းခွဲမယ်။ ပြီးမှ နင့်နောက် ငါလိုက်ခဲ့မယ်”
သူမ ပတ်လည်က လူတွေကိုကြည့်ပြီးတော့ မုကျစ်ရှီ ကုပ်သွားကာ စုရှောင်ရှန်နောက် အပြေးလေးလိုက်သွားလိုက်သည်။
“စုရှောင်ရှန်။ ငါတို့ဘာလို့ ဒီရွှေအစည်းအရုံးဆိုတာကြီးထဲ ၀င်သွားနေရတာလဲ”
“အ၀တ်အစား၀ယ်မလို့”
“အိုး တကယ်လား။ ငါ့အတွက်၀ယ်ပေးမယ်ဆိုလည်း စောစောကတည်းက ပြောလေ”
“အိပ်မက် မက်နေလိုက်၊ နင့်အတွက်မဟုတ်ဘူး ကလေးအတွက်”
“ကလေးဟုတ်လား။ ဘယ်သူ့ကလေးလဲ”
“ငါ့ကလေး”
“စုရှောင်ရှန်။ နင်ဘယ်တုန်းက ကလေးယူလိုက်တာလဲ” မုကျစ်ရှီ လန့်ဖျပ်သွားခဲ့၏။
“နင်ထင်နေသလိုကလေးမဟုတ်ဘူး လျှောက်တွေးမနေနဲ့”
“ဒါဆို ဘယ်လိုကလေးလဲ”
“အင်း… ကလေးသေးသေးလေး”
မုကျစ်ရှီ ပဟေဠိဖြစ်သွားပြီးနောက်…
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
မြို့တံခါးတွင်…။
ဓားသမားသုံးယောက် လာနေကြသည်။
တစ်ယောက်က ဓားတစ်လက်ကိုကိုင်ထားပြီး နောက်တစ်ယောက်က ဓားကိုးချောင်းပါသော ဓားအိမ်ကိုလွယ်ထားကာ ကျန်တစ်ယောက်က ဘာဓားမှ မကိုင်ထားပေ။
ထိုဓားသမားသုံးယောက်၏ ထူးဆန်းသော ၀တ်စားဆင်ရင်ပုံကိုမြင်သောအခါ မြို့တံခါးစောင့်က “စိတ်ဝိညာဉ်ကျင့်ကြံသူတွေလား”
ဓားကိုင်ထားခြင်းမရှိသော အစိမ်းရောင်၀တ်ဓားသမားက ပြန်ဖြေလိုက်သည်။ “ကျုပ်တို့က စိတ်ဝိညာဉ်ကျင့်ကြံသူတွေမဟုတ်ဘူး။ ရှေးဟောင်းဓားလမ်းစဉ်ကို ကျင့်ကြံနေကြတဲ့ ဓားသမားတွေ”
“စိတ်ဝိညာဉ်ကျင့်ကြံသူမဟုတ်ဘူးဆိုရင်တော့ ၀င်ခွင့်ထောက်ခံစာပြပါ”
“ဟင်… အဲ့တာ ဘာကြီးတုန်း”
ထိုအမေးကြောင့် တံခါးစောင့်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ မမူမှန်တာကို သတိထားမိလိုက်ကြသည်။ ဘာလို့နောက်လာတဲ့လူတိုင်း စည်းမျဉ်းစည်းကမ်းအကြောင်း တစ်စက်လေးတောင်မသိကြတာလဲ။
သူတို့အားလုံး ပထမဆုံးအကြိမ်ရောက်ဖူးတာလား။
“ခင်ဗျားပျံနိုင်လား” လုံခြုံရေးအရ နောက်ထပ် မြို့တံခါးစောင့်ကမေးလိုက်သည်။
“ပျံနိုင်တယ်” အစိမ်း၀တ် ဓားမဲ့ ဓားသမားက ပြောကာ အပေါ်တည့်တည့် ပျံပြလိုက်သည်။
ဖြစ်ချင်တော့ သူကစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၏။
မြို့တံခါးစောင့်က ရိုရိုသေသေပဲ အထက်ကို လက်ညိုးထိုးပြလိုက်သည်။ “စိတ်ဝိညာဉ်ကျင့်ကြံသူတွေဆို အပေါ်ဘက်မှာ စာရင်းသွားပေးပေးပါ။ ဒီမှာပေးချင်ရင်လည်း စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပေးနိုင်ပါ…”
သူ့စကားမဆုံးခင်မှာ တိတ်ဆိတ်နေသော ဓားတစ်လက်ကိုင် အဖြူ၀တ် ဓားသမားက မျက်ခုံးများပင့်ပြီးတော့ “ဓားအတွေး”
ဓားကိုးချောင်းလွယ် အနက်၀တ်ဓားသမားကလည်း ပထမတစ်ယောက်အတိုင်း မျက်ခုံးပင့်ကာ “ဓားအတွေး”
ထိုသူပြောလို့ပြီးပြီးချင်းမှာပဲ ဓားမဲ့ ဓားသမားကလည်း မျက်ခုံးပင့်လိုက်၍ “ဓားအတွေး”
မြို့တံခါးစောင့်နှစ်ယောက်လုံး ဒီလူတွေ တစ်ယောက်ကို တစ်ယောက် ကူးချပြီးဘာလုပ်နေကြတာလဲ မှင်တက်သွား၏။
သူတို့မျက်နှာပေါ်က အမူအရာတွေက တစ်ထေရာတည်းပဲဆိုပေမယ့် ပုံပန်းသွင်ပြင် မတူညီတာကြောင့် သုံးမွှာပူးမဖြစ်နိုင်တာကို သိပေသည်။
ပြီး နောက်မှာ အစိမ်း၀တ် ဓားမဲ့ဓားသမားက အခြားဓားသမားနှစ်ယောက်ဘက်ကိုလှည့်၍ လက်ခုပ်လက်ဝါးတီးလိုက်ပြီး ပြောသည်။ “အကိုတို့နှစ်ယောက်က တကယ် ပထမအကိုကြီးနဲ့ ဒုတိယအကိုကြီးပါပဲ။ အကိုတို့ရဲ့ ညီငယ်လေးထက် ပိုပြီး သတိကြီးကြတယ်”
ဓားကိုးချောင်းလွယ် ဓားသမားက “အကိုက တကယ်ကို ပထမအကိုကြီးပါပဲ။ အကို့ရဲ့ ညီငယ်လေးတွေထက် ပိုပြီး သတိကြီးတယ်”
ထို့နောက် ဓားမဲ့ဓားသမားလေးဘက်ကိုလှည့်လိုက်ပြီးလဲ မှတ်ချက်ပြုသည်။ “ညီငယ်လေးလဲ မဆိုးဘူး။ တိုးတက်လာပြီ”
ဓားတစ်ချောင်းတည်းကိုကိုင်ထားသော ဓားသမား၏ မျက်နှာက မဲ့ရွဲ့သွားပြီးတော့ မာမာထန်ထန်ပြောလိုက်သည်။ “ငါ့အပြောအဆို အမူအရာတွေကို လိုက်မကူးချနဲ့လို့။ ငါ့ဓားဆန္ဒကို ဒီလို နည်းနဲ့ ဘယ်တော့မှ ပုံတူမကူးနိုင်ပါဘူးဆို”
“ဒီလိုပေါ့လေ။ ဒုတိယ ညီငယ်လေး သင်ခန်းစာရလိုက်ပါပြီ” ဓားကိုးချောင်းလွယ်ဓားသမား၏ မျက်နှာထက်၌ အလင်းပေါက်သလို အမူအရာပေါ်လာ၏။
“ဒီလိုပေါ့လေ။ တတိယ ညီငယ်လေး သင်ခန်းစာရလိုက်ပါပြီ” ဓားမဲ့ ဓားသမား၏ မျက်နှာထက်၌လည်း အလားတူ အလင်းပေါက်သလို အမူအရာပေါ်လာခဲ့ပေသည်။
ဓားတစ်လက်ကိုင်ဓားသမား ဒေါသထွက်သွား၏။
မြို့တံခါးစောင့်များ ကြောင်အသွားကြသည်။
‘ဘာလဲဟ။ ဒီသုံးယောက် ကျပ်မပြည့်ဘူးလား’
မြို့တံခါးစောင့်များ စိတ်ထဲက ရှုတ်ချလို့မပြီးသေးခင်မှာပဲ ဓားတစ်ချောင်းကိုင်ဓားသမားက အသံ တိုးတိုးကလေးဖြင့် ပြောလိုက်သည်။ “သွားမယ်။ ဓားအတွေးကိုရှာမယ်”
သူတို့သုံးဦးစလုံးပျောက်ကွယ်သွားခဲ့၏။
“လခွမ်း”
“သူတို့ဘယ်ရောက်သွားတာလဲ”
“ဟေ့လူတွေ စိတ်ဝိညာဉ်ကျောက်တုံးမပေးရသေးဘူးလေ။ မသွားသေးနဲ့ဦး”
“ပြန်လာခဲ့”