ဆယ်ရက်ကြာသော်…။
ထျန်းစန်နန်းတော် အပြင်စည်း ၀င်ပေါက်၌…။
နွေရာသီကုန် ဆောင်းဦးရွက်တို့ဝေကာ မြောက်လေကလေးက ပြင်းထန်စွာတိုက်ခိုက်ချိန်ဖြစ်သည်။ မနက်ခင်းနေအလင်းရောင်မှတစ်ဆင့် နေရာတိုင်းမှာ နှင်းစက်ကလေးများ ရစ်သီခိုနေကြတာကိုမြင်ရသည်။ အပူချိန်မြင့်တက်လာသောအခါမှာ ထိုနှင်းစက်ကလေးတို့က မြက်များ၊ အပင်များ၊ ပန်းများ၊ ကျောက်တုံးများကနေ မျက်ရည်လိုစီးဆင်းကျလာကြသည်။
စိမ်းလန်းဆိုပြေသော မြင်ကွင်းကြီးက အင်မတန်ကို စိတ်လန်းဆန်းတက်ကြွဖွယ်ရာ ကောင်းလှတော့၏။
မုကျစ်ရှီကလည်း အစိမ်းဖျော့ဖျော့၀တ်ရုံကို ၀င်ဆင်ထားစဲဖြစ်ပေမယ့် အရင်နေ့များနှင့်မတူစွာ ဆံပင်အကြားမှာ လှပသော ဆံထိုးကလေးထိုးထားတာကို မြင်ရသည်။ ပါးပြင်နှစ်ဖက်မှာလည်း မျက်နှာချေးအနည်းငယ်လိမ်းကျံထားတာကြောင့် ပန်းရောင်သန်းနေကာ နှစ်လိုဖွယ်လေးဖြစ်ချေတော့သည်။ သူမ ခန္ဓာကိုယ်က သေးငယ်ပြီး ချစ်စဖွယ်ကောင်းပေမယ့် ထိုသို့ အပြင်အဆင်များကြောင့် ရင့်ကျက်တဲ့ပုံလည်းပေါက်ပေသည်။
သစ်ပင်များပေါ်မှ အသီးများကဲ့သို့ ဆောင်းအစောပိုင်းမှာ နုဖက်သေးပေမယ့် ရာသီအလိုက် ကြီးထွားလာသည့် စနစ်အရဆိုရင် ဆောင်းအကုန်မှာ ရင့်မှည့်လောက်ပေပြီ။
မုကျစ်ရှိက အရောင်အသွေးစုံလင်လှပသော အ၀တ်ကိုရွေးချယ်၍ ၀တ်ဆင်ထားပြီးတော့ စောင့်ဆိုင်းနေရတာ စိတ်မရှည်ဟန်ဖြင့် ရှေ့နောက် ခေါက်တွန့်ခေါက်ပြန်လျှောက်နေသည်။ ဘေးကလူတောင် သူမ ဘယ်လောက် စိတ်အလိုမကျဖြစ်နေသလဲကို ကြည့်တာနှင့် သိနိုင်၏။
“ဒီကောင်စုတ် စုရှောင်ရှန်တော့နော် … နေထွက်တာကိုကြည့်ရအောင် တောင်အောက်ဆင်းဖို့ အာရုံမတက်ခင်အမှီလာပါလို့ပြောထားတာ ငါစောင့်နေတာ နှစ်နာရီတောင်ကြာပြီ ခုထိ ပေါ်မလာသေးဘူး”
သူမ အရှေ့ဘက်အရပ်ကို ကြည့်လိုက်သောအခါ မိုးကုတ်စက်ဝိုင်းအလွန်က နေမင်းကြီးက အမှောင်ထုတို့ကို တွန်းလှန်တိုက်ခိုက်ကာ တိုးထွက်နေသည်။ ထိုမှ အရိပ်တို့ကလည်း အနောက်အရပ်ကို မခုခံနိုင်ဘဲ ဆုတ်ခွာကြရတော့၏။
သူတို့နှစ်ဦးသာ ယခုလို နေထွက်ချိန်ကို အတူတကွ ကြည့်လိုက်ရရင် ဘယ်လောင်တောင် ကြည်နူးပျော်ရွှင်စရာကောင်းလိုက်လိမ့်မလဲ။ သူမ စောင့်ရကျိုး ဘယ်လောက်တောင်နပ်လိုက်မလဲ။
ဒီလူကတော့…
နေထွက်တာကို အထီးကျန်ဆန်စွာကြည့်နေရင်းက အလွန်အမင်း မခံမရပ်နိုင်ဖြစ်ရသော ခံစားချက်တို့ ကြီးစိုးလာတော့၏။
“အမြင်ကပ်စရာကောင်းတယ်။ ငါ့ကို စောင့်ခိုင်းရဲတယ်။ ဖရဲသီး ငတုံးကြီး။ ကောင်းကင်ပေါ်မှာပျံသန်းရင် ပြုတ်ကျပါစေ၊ လမ်းလျှောက်နေရင် ချော်လဲပါစေ၊ ရေကူးနေရင် ရေနစ်ပါစေ၊ အစာစားရင် သီးပါစေ၊ ရေသောက်ရင် ပြန်အန်ထွက်ပါစေ…”
“မုကျစ်ရှီ”
သူမ၏ အနောက်က အသံနက်ကြီးနှင့် ဟိန်းသံကြီးကိုကြားလိုက်ရသည်။ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အဝိုင်းများဆွဲနေသော မုကျစ်ရှီ
လည်းရပ်လိုက်ပြီးတော့ အနောက်ကိုဆတ်ကတည်းလှည့်လိုက်ရာ ကျစ်ဆံမြှီးနှစ်မွှာ လှုပ်ရမ်းသွား၏။
“ဘာလို့ ဒီလောက်အကျယ်ကြီးအော်ပြောတာလဲ ငါနားမလေးသေးပါဘူး” လက်နှစ်ဘက်ကိုပိုက်ကာ နှုတ်ခမ်းကြီးစူပြီး မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့်ဆိုသည်။
အခြားသူနောက်ကျတာ သူမ အပြစ်မဟုတ်တာကြောင့် သူမမှာ စိတ်ဆိုးပိုင်ခွင့်ရှိပေသည်။
စုရှောင်ရှန်လည်း အသိပေးချက်ဖန်သားပြင်ပေါ်က ကျိန်ဆဲခံလိုက်ရပါသည်ဟူသော အသိပေးချက်များကိုကြည့်ပြီး နက်မှောင်နေသော မျက်နှာထားဖြင့်လျှောက်လာခဲ့၏။ ဖြစ်ချင်တော့ သူက နေ့တိုင်း ဒီလိုကျိန်ဆဲခံနေရတာဖြစ်ပေသည်။
သူမပါးစပ်နဲ့ သူမ ဆဲနိုင်တယ်ဆိုပြီး ဒီလို ဆဲနေလို့ရမလား။ တကယ် ပါးစပ်စီးသွားရင်ဘယ်လိုလုပ်မလဲ။
“နင်ဘယ်ရောက်နေတာ” မုကျစ်ရှီကမေးသည်။
“ငါ အိပ်ယာထနောက်ကျတာမဟုတ်ဘူး” တစ်ယောက်ယောက်ကို အတော်လေးစိတ်ဆိုးဒေါသထွက်သွားစေနိုင်သော ဆင်ခြေကို စုရှောင်ရှန် ဖယ်ထုတ်လိုက်သည်။
“ဟမ့်။ ငါတော့ နင်အိပ်နေတာလို့ပဲထင်တယ်”
“ငါအရေးကြီးကိစ္စတစ်ခုနဲ့ ရင်ဆိုင်နေရလို့နောက်ကျသွားတာ။ လာသွားမယ်”
စုရှောင်ရှန် ဆက်လက်၍ ရှင်းပြမနေတော့ဘဲ လက်ပြပြီး တောင်အောက်ဆင်းသွားခဲ့သည်။
မုကျစ်ရှီလည်း အပြေးလေး သူ့နောက်ကို လိုက်သွားပါသည်။
“ဘာအရေးကြီးကိစ္စလဲ”
“ငါနင့်ကိုပြောလို့မရတဲ့ အရေးကြီးတဲ့အရာပေါ့။ ထားပါ။ ပြောရင်လည်း နင်သိမှာမဟုတ်ဘူး”
“နင်မပြောရင် ငါက ဘယ်လိုသိမှာလဲ”
“ဖန်ဂဲလ်လေးတွေဟေ့။ နားလည်ပြီလား”
“ဘာတုန်း ဖန်ဂဲလ်လေးတွေက…”
“ဟားဟား။ ပြောပါတယ် နင်မသိဘူးလို့”
“ဟင်း…”
မုကျစ်ရှီဒေါကန်သွားပြီးတော့ သူ့နောက်ကလိုက်ရင်း မကျေမနပ်မေးသည်။ “စုရှောင်ရှန် နင်ငါ့ကိုလိမ်နေတာမလား”
ရွှစ်…။
စုရှောင်ရှန် ရုပ်ချည်းနောက်လှည့်လိုက်ပြီး သူမ၏ ပါးနှစ်ဖက်ကိုကိုင်ကာ မှတ်ချက် ပေးသည်။ “နင်က ဒီနေ့ ပိုပြီး လှနေတယ်နော်”
ထိုမမျှော်လင့်ထားသည့် ချီးမွမ်းမှုကြောင့် မုကျစ်ရှီ မှင်တက်သွား၏။ သူသတိထားမိတာလား။
ကလေးမလေး၏ မျက်နှာတစ်ခုလုံးရဲရဲနီလာကာ ခြင်ဝီသံလောက်ကလေးဖြင့် ရေရွတ်လိုက်သည်။ “တ-တကယ်လား…”
“ငါတကယ်ပြောနေတာပေါ့”
စုရှောင်ရှန် ခေါင်းညိတ်လိုက်ပြီး သူ့ညီမလေး၏ မျက်နှာထက်က အနီရောင်သန်းလာတာ ပို၍ နက်ရှိုင်းလာသည်ကိုမြင်သော အခါ အလျှင်အမြန်ရှင်းပြလိုက်သည်။ “ငါ့ကိုတော့ အထင်မလွဲနဲ့ဦးနော်။ ငါက နင်ပြောတဲ့အတိုင်း ပြန်လုပ်ပြနေတာ”
“ငါဘာပြောလို့လဲ” မုကျစ်ရှီ ပဟေဠိဖြစ်သွား၏။
“ဟင်…။ နင်ပဲငါက လိမ်နေတာပါဆို” စုရှောင်ရှန် ပြုံးလိုက်ပြီးတော့ “အေး။ ငါလိမ်နေကြောင်းပြတာ”
မုကျစ်ရှီ နားမလည်နိုင်ဖြစ်သွားပြီးတော့…
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် အလျင်အမြန် သူမအနားက ခွာလိုက်ပြီးတော့ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည့် တိတ်ဆိတ်နေသော ကောင်မလေးကို သတိကြီးစွာကြည့်လိုက်၏။
တိတ်တဆိတ်လည်း တိတ်တခိုးနာကျင်ခြင်းကို ထုတ်ယူလိုက်သည်။
“လာစမ်းပါ။ မကျေနပ်ဘူးလား။ ချမယ်လေ” လို့ပြောလိုက်ပြီးနောက် “နင်ငါ့ကိုနိုင်တာလဲမဟုတ်ဘဲနဲ့”
ဂျွတ်…။
မုကျစ်ရှီ၏ အပန်းရောင်လက်သီးသေးသေးလေးက ကျစ်ကျစ်ဆုပ်နေခဲ့ပြီးတော့ သွားကို တဂျွတ်ဂျွတ်ကြိတ်ထားတာတောင် ကြားနေနိုင်သည်။ သူမကိုယ်ထဲက စွမ်းအင်တွေကလည်း ထိန်းချုပ်မှုလွတ်ကင်းတော့မည့်အလား တဆတ်ဆတ် တုန်ခါနေ၏။
ဘုန်း…။
နောက်တော့ အပင်ကြီး၊ အပင်ငယ်မကျန် တောတောင်တစ်ခုလုံး တုန်ခါသွားတာကြောင့် စုရှောင်ရှန်မှင်တက်သွားခဲ့သည်။
“လခွမ်း။ ငါတို့ရှိနေတာ အပင်တွေနဲ့ပြည့်နေတယ်ဆိုတာ မေ့နေတယ်…”
ပတ်၀န်းကျင်မှ အပင်တွေ အဆက်မပြတ်ရှည်ထွက်လာနေတာကိုမြင်တော့ စုရှောင်ရှန် သူပြေးနိုင်သလောက် မြန်မြန် သုတ်ခြေတင်ပြေးတော့သည်။ တစ်ချိန်တည်းမှာလည်း ငိုသံကြီးဖြင့် “စတာပါ တောင်းပန်ပါတယ်လို့။ ဒေါသမထွက်ပါနဲ့လို့။ နင်က လှပါတယ်၊ နေ့တိုင်းလည်းလှပါတယ်။ ရပ်လိုက်ပါတော့လို့”
မုကျစ်ရှီ မျက်နှာသေကြီးဖြင့် လက်ခုပ်အသာလေးတီးကာ ထူးမခြားနားလေသံဖြင့် “သစ်ပင်လေးတွေ ပေါက်ကွဲစမ်း”
ဘုန်း ဘုန်း ဘုန်း ဘုန်း…။
…
မနက်ခင်းပေါက်ကွဲသံကျယ်ကြီးက စောစောစီးစီး ထကျင့်ကြံနေကြသည့် ကြိုးစားနေသော အပြင်စည်း ဂိုဏ်းသားများကို ဒေါသ တထောင်းထောင်းထွက်သွားစေခဲ့သည်။ ထို့နောက် အသံလာရာ မိုးကုတ်စက်ဝိုင်းအလွန်ကို နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
“ကြည့်ရတာ အတွင်းစည်းက အကိုအမေတွေ လေ့ကျင့်နေကြပြန်ပြီထင်တယ်”
…
အတွင်းစည်း၌…။
ကောင်းကင်အမြင်ကိုပြန်ရုတ်သိမ်းလိုက်သော ရဲ့ရှောင်ထျန်းက ပီတိတို့ဝေဖြာပြီးပြုံးနေတာ နားရွက်ချိတ်တတ်ချိတ်မတတ်တောင် ရှိနေ၏။
“သူသွားပြီ။ နောက်ဆုံးတော့ ဂြိုလ်ကောင်မရှိတော့ဘူး။ အဖိုးကြီးစန်း ဘ၀မှာ ပြုလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေအထဲမှာ ဒီတစ်ခါ အကောင်းဆုံးပဲ”
အကြီးအကဲစန်းက ခမောက်ကို ပင့်ပြီးတော့ ကောင်းကင်ကြီးကိုကြည့်ကာ ခံစားချက်ကင်းမဲ့သောလေသံဖြင့်ပြောလိုက်သည်။ “ငါလည်း ခဏလောက် ခရီးထွက်ဦးမယ်”
“ဟင်” ရဲ့ရှောင်ထျန်း၏ အပြုံးများရပ်တန့်သွားရပြီး “ဘယ်ကိုလဲ”
“မသိဘူး” အကြီးအကဲစန်း သူ့ဘက်ကိုလှည့်ကြည့်ပြီးတော့ “မစိုးရိမ်နဲ့။ ဒီအတောအတွင်းမှာ သူတော်စင်အစေအပါးပြန်လာဦးမှာ မဟုတ်ဘူး”
“ပြန်လာရင်ဘယ်လိုလုပ်မတုန်း”
“ပြန်လာရအောင်လည်း စိတ်ဝိညာဉ်နန်းတော်မှာ တန်ဖိုးရှိတာ ဘာရှိတော့လို့လဲ”
ရဲ့ရှောင်ထျန်း “အဲ…”
‘ဘယ်လိုလုပ် ခပ်ဆတ်ဆတ် ပြောလာတာလဲဟ။ ဒီအဖိုးကြီး စကားပြောပြန်လည်ချေပနည်းများ သွားသင်လာတာလားမသိဘူး’
“တစ်ခုရှိသေးတယ်” အကြီးအကဲစန်း ထွက်မသွားခင်ဆက်ကြားလေးမှာ တစ်စုံတစ်ခုကို သတိရဟန်ဖြင့် “လှိုဏ်ဂူဖြူ၀င်ခွင့် နှစ်နေရာ ငါလိုချင်တယ်”
“နှစ်နေရာတောင်မှလား” ရဲ့ရှောင်ထျန်း၏မျက်လုံးများ ချက်ခြင်းပြူးကျယ်သွားပြီးတော့ “ထျန်းစန်းစီရင်စုတစ်ခုလုံးအပါအ၀င် အနီးနားပတ်၀န်းကျင်က မြို့တွေနဲ့ အပြင်ဘက်က အင်အားစုတွေကပါ ဒီသတင်းကြားလို့ လာကြမှာနော်။ မင်းဒီကလေးနှစ်ယောက်ကို တကယ်လွှတ်တော့မလို့လား”
ခမောက်ကို ကိုင်ထားသော အကြီးအကဲစန်းက ထေ့ငါ့သလိုပြုံးပြီးပျံတက်သွားသည်။
“ဘာကောင်ကြီးပဲလာလာ စုရှောင်ရှန်ကို လှိုဏ်ဂူဖြူကိုပို့လိုက်ရင် ရုန့်ရင်းဆန်ခတ်တွေဖြစ်လာလိမ့်မယ်”
ဘုန်း ဘုန်း
အဝေးက မြေကမ္ဘာတုန်ဟီးမတတ် ပေါက်ကွဲသံကြီးနှစ်ခု ပဲ့တင်ထပ်လာပြီး ရဲ့ရှောင်ထျန်းလည်း ငြိမ်ကျသွားသည်။
အကြီးအကဲစန်းပြောတာ သဘာ၀ကျပေသည်။
…
စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန…။
ရှည်လျားကြီးမားသော အနက်ရောင် အဆောက်အဦးကြီး၏ အရှေ့၌ ကွင်းပြင်ပေါ်၌ ရုပ်ဆိုးအကျဉ်းတန်သော သားရဲကြီးတစ်ကောင်လှဲလျောင်းနေ၏။ ၎င်း၏ ပါးစပ်တွင်လည်း ဓားတစ်ချောင်းစိုက်နေကာ သွေးများစီးဆင်းကျလာနေခဲ့သည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို နေရာတိုင်းမှာ ခံစားနိုင်နေပြီး ငှက်များတောင် ဖြတ်၍ ပျံသန်းရဲခြင်းမရှိပေ။
အနက်ရောင်ဂါ၀န်နှင့် မိန်းမပျိုတစ်ယောက်က အဆောက်အဦး၏ အရှေ့တံခါးကို လမ်းလျှောက်လာနေခဲ့သည်။ တံခါးကိုစောင့်ကြပ်နေကြည့်သည့် ဂိုဏ်းသားများ အလန့်တကြား ဘေးသို့ ခုန်ဆုတ်လိုက်ကြ၏။
သူမ၏ ဂါ၀န်သာမက ဆံနွယ်များ၊ လက်သည်းများကအစ အနက်ရောင်ဆိုးထားပေသည်။
ထိုမိန်းမပျိုလေး၏ မျက်နှာက ဖြူဖျော့နေပြီး နှင်းဆီရောင်နှုတ်ခမ်းများရှိသည်။ တစ်ကိုယ်လုံးနက်မှောင်နေတာဖြင့် အလွန်လိုက်ဖက်စွာ လှပနေ၏။
သူမထံမှ ထုတ်လွှတ်နေသော အရှိန်အဝါများကလည်း အေးတိအေးစက်နှင့် တံခါးစောင့်ဂိုဏ်းသားများကိုတောင် အသက်ရှူမရဖြစ်သွားစေသည်။
ထိုမိန်းမပျို အဆောက်အဦးထဲကို ၀င်သွားပြီးတော့မှ ထိုနှစ်ယောက် အသက်ရှူချောင်သွားခဲ့၏။ သို့တောင် နောက်ကျောတစ်ခုလုံးချွေးစေးများဖြင့် စိုရွှဲနေသေးသည်။
“သူမက ဘယ်သူလဲ။ ငါထင်တာမမှားရင် လန်ရှင်းရှီမလား”
“ချီးပဲကွာ။ သူမရဲ့ လှပတဲ့ပခုံးသားလေးတွေမလှစ်ဟာပြတော့ဘူး။ နှမျောစရာကြီး…”
“လခွမ်း။ မင်းရူးနေလားကွ။ ဘာတွေလျှောက်ကြည့်နေတာလဲ။ သူမရဲ့ အပြုအမူတွေပြောင်းလဲသွားတယ်လို့မထင်ဘူးလား”
“အပြုအမူတော့မသိဘူး ကျင့်ကြံခြင်းတော့ပြောင်းလဲသွားတာသိတယ်”
“ဘာကိုလဲ”
“အရှင်သခင်နယ်ပယ်ကို”
“လ…”
ထိုဂိုဏ်းသားနှစ်ဦး လခွမ်းလို့မပြောလိုက်ရသေးခင်မှာ ချက်ခြင်း သူတို့ စောင့်ကြပ်နေသည့် နေရာကိုပြန်သွားလိုက်ပြီးတော့ ရိုရိုသေသေ ဦးညွှတ်ကာ တိတ်ဆိတ်နေလိုက်၏။
ဒက်…။
ဒက်…။
စောနက အနက်၀တ် မိန်းမပျိုက လှပကြော့ရှင်းစွာ ခြေလှမ်းတိုင်းကို အိန္ဒြေရရ လျှောက်လှမ်းလာခဲ့သည်။
သူမ၏ ဂါ၀န်က ခြေမျက်စိကိုတောင်ဖုံးနေရာ လမ်းလျှောက်လိုက်တိုင်းမှာ ဖိနပ်က အဖြူရောင်အစက်အပျောက်များကို မြင်ရသည်။
သူမက ခံစားချက်များကင်းမဲ့နေသော မျက်နှာသေကြီးဖြင့် စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနထဲကနေထွက်လာခဲ့ လေသည်။ မျက်၀န်းထောင့်မှာ လိမ်းကျံထားသော အနက်ရောင် မျက်နှာချေးကြောင့် သူမက အဆိပ်ရှိသော ပန်းအလား ခံစားရသည်။ သူ၏ မျက်၀န်းများကလည်း မလှုပ်မယှက်ရှိနေခဲ့သည်။
ဟူးးးး…။
သူမ၏ အနောက်မှ ပင့်သက်ရှိုက်သံကြီးနှင့်အတူ အသံခြောက်ကပ်ကပ်ကြီးက ပျော်ရွှင်နေသလိုလိုဖြင့် ထွက်လာခဲ့၏။
“နေရောင်ကို ပြန်မြင်ရတာကောင်းလိုက်တာ”
တံခါးနှစ်ဘက်က ဂိုဏ်းသားများ မနေနိုင်ဘဲ ချောင်းကြည့်လိုက်ကြသည်။
ထိုအနက်၀တ်မိန်းမပျိုလေး၏ နောက်ကလိုက်လာတာ မျက်နှာတစ်ခြမ်းကိုဖုံး၍ ပုခုံးသားထက်သို့ ဆံနွယ်များကျနေသော လူတစ်ယောက်ဖြစ်သည်။ ထိုသူ၏ မျက်၀န်းများက ကြယ်များအလား တောက်ပနေပြီးတော့ မျက်ခုံးများကလည်း ဓားအလား ထူထပ်ပေသည်။ သူ့မျက်နှာက ပေကျံနေတာတောင် ချောမောခန့်ညားသော လူတစ်ယောက်မှန်းသိသာပေသည်။
သူ၏ ဓားဆန္ဒကလည်း ဘာကိုမှ မမှုသည့်အလား နေအလင်းရောင်အောက်မှာ လူးလွန့်လှုပ်ရှားကစားနေသည်။ ထိုမှ အစောင့်ဂိုဏ်းသားနှစ်ဦး၏ အ၀တ်အစားများ လေအလာမှာ လှုပ်ရှားသွားတာကြောင့် ထိုလူ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဓားဆန္ဒများကို ပြန်ရုတ်သိမ်းလိုက်ကာ ဓားရှည်ကို ပုခုံးအထက်တင်လိုက်သည်။ ထိုသူက သွေးစွန်းထင်းစုတ်ပြတ်သတ်နေသော အကျဉ်းသား၀တ်စုံကို ၀တ်ဆင်ထား၏။
အနက်၀တ် မိန်းမပျိုနှင့် ထိုလူတို့ အဝေးသို့ရောက်သွားမှာသာ အစောင့်ဂိုဏ်းသားနှစ်ဦး တံတွေးများကို ခက်ခက်ခဲခဲ မျိုချကာ သက်ပြင်းချသွားနိုင် ပေသည်။
“သူက အရူးဟဲမလား”
“အေးဟုတ်တယ်။ သူ့ဓားဆန္ဒက အစွမ်းထက်လွန်းတယ်လို့မထင်ဘူးလား။ ငါ့အမြင်မှာတော့ စုရှင်းရှင်းထက်တောင် ပိုကြမ်းနေတယ်…။
“ဟင်။ မဟုတ်လောက်ပါဘူး။ မင်းအထင်မှားနေတာနေမှာပါ။ စုရှင်းရှင်းရဲ့ ဓားဆန္ဒက အရှင်သခင်နယ်ပယ်ကိုတောင်ရောက်သွားပြီလေ”
“ဟင်း…”
ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှာ သူတို့ထဲကတစ်ယောက်က ထမေးလိုက်သည်။ “အရူးဟဲဆိုမှ နောက်ဆုံး တစ်ခေါက်က သူတိုက်ခိုက်တာ ဘယ်လောက်တောင်ကြာသွားပြီလဲမင်းသိလား”
“မသိဘူး”
“ချီး မင်း အရူးဟဲရဲ့ ဒဏ္ဌာရီကိုတောင် မကြားဖူးဘူးလားဟ”
“အာ ဘာ ဒဏ္ဌာရီလဲ မကြားဖူးဘူး”
ထိုအမေးကို မေးလိုက်သည့်သူက သူ့အဖော်ကို မယုံကြည်နိုင်စွာကြည့်လိုက်ပြီး အချိန်အတန်ကြာမှ တုန်တုန်ရင်ရင်ဖြင့် စကားစပြောတော့သည်။
“ဒဏ္ဌာရီတွေအရတော့။ အရင် အတွင်းစည်း နံပါတ်(၁) ဓားသမားကသာ ပြစ်ဒဏ်စီရင်ရေးခုံရုံးကို မကြောက်တဲ့ တစ်ဦးတည်းသောသူတဲ့။ သူပျင်းလာတာနဲ့ ပြဿနာအမြဲရှာတတ်တယ်တဲ့…”
“ဘာလို့တုန်း”
“ညှင်းပန်းနှိပ်စက်ခြင်းအကျဉ်းထောင်မှာ လာပြီး ကျင့်ကြံဖို့ပေါ့”
“ဟင်”
နားထောင်နေသည့် ဂိုဏ်းသားကြက်သေသေသွားပြီးနောက် အလန့်တကြား မေးလိုက်သည်။ “သူ့ရဲ့ အရူးဆိုတဲ့ နာမည်က အဲ့က လာတာလား”
“ဟုတ်တယ်”
“ညှင်းပန်းနှိပ်စက်ရေးအကျဉ်းထောင်ကိုတောင် မကြောက်တဲ့ သူ့လိုလူက အတွင်းစည်းနံပါတ်(၁)ဓားသမား ဆိုတဲ့ ခေါင်းစဉ်ကို စုရှင်းရှင်းလုတာ ခံပေးလိုက်တယ်ပေါ့”
အခြားဂိုဏ်းသားက ခေါင်းခါရမ်းကာ သက်ပြင်းချလိုက်သည်။ “အချို့လူတွေရဲ့ အတွေးက ငါတို့လိုက်လို့မမှီဘူးလေ”
…
ဟွဲယွဲ့ရှင်း ပုခုံးပေါ်မှာ ဓားရှည်ကိုတင်ထားရင်းက ရှုပ်ပွနေသော သူ၏ ဆံပင်များကို နောက်မှာ စုချည်လိုက်လေသည်။ သူ၏ နဂို တင့်တယ်သော အရှိန်အဝါ တဖန်ပြန်ပေါ်လာခဲ့၏။
သို့ပေမယ့် ကြည့်ရဆိုးသော ဒဏ်ရာများက ခြောက်ကပ်သွားသော သွေးများကြောင့်တော့ ဘယ်လိုကြည့်ကြည့် ကြောက်ဖို့ကောင်းနေစဲဖြစ်သည်။
အနက်၀တ်မိန်းမပျိုနောက်က လိုက်လာရင်းက သူမကို စကားလုံးဖြင့်တောင် ဖော်မပြနိုင်သော ချစ်မြတ်နိုးမှုတို့ဖြင့် ကြည့် နေ၏။
သူမ၏ ၀တ်စားဆင်ရင်ပုံ၊ အပြုအမူနဲ့ ခန္ဓာကိုယ်အနည်းငယ်ပိန်ချိသွားပါစေ သူမက သူ့မျက်လုံးထဲတွင်တော့ ဘာအကြောင်းမှ မရှိဘဲ သူ့ရင်ကို ဖိုစေသည့် ယခင်က မိန်းမပျိုလေးဖြစ်သေးပေသည်။
“ကျန်းရှင်းရှုံ နင့်ကို အနိုင်ကျင့်ပြန်ပြီလား”
အတွင်းစည်းမှာ ကျန်းရှင်းရှုံကလွဲပြီး သူမကို ဒီလောက်မပြောင်းလဲစေနိုင်တာကြောင့် ဟဲယွဲ့ရှင်း၏ မျက်၀န်းထဲ အန္တရာယ်ရှိသော အလင်းများ ဖြတ်ပြေးသွား၏။
“မဟုတ်ဘူး” လန်ရှင်းရှီက အေးတိအေးစက်လေသံဖြင့် ခေါင်းခါရမ်းပြီး ပြောလိုက်သည်။
ဟဲယွဲ့ရှင်း သူမပြောတာကို ယုံပေသည်။ လန်ရှင်းရှီက အနိုင်မကျင့်ခံရဘူးဆိုမှတော့ တကယ်မဟုတ်လို့ပေါ့။
ဒါဆို ကျန်းရှင်းရှုံမဟုတ်ရင် ဘယ်သူလဲ။
သူ့ရှေ့က လန်ရှင်းရှီ ဘာမှ ဆက်ပြောရန် ရည်ရွယ်ချက်မရှိတာကြောင့် သူလည်း ဘာမှ ဆက်မေးမြန်းခြင်းမပြုလိုက်ပေ။ သူလုပ်ရမှာက သူမနောက်က တကောက်ကောက်လိုက်ရန်သာ။
သူတို့အတွင်းစည်းကထွက်လာပြီး ငန်းရေကန်သို့ရောက်သောအခါ ဟဲယွဲ့ရှင်း မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
“ဒါက ငါတို့ စိတ်ဝိညာဉ်ခြံကို သွားတဲ့လမ်းမဟုတ်ဘူးလေ”
“ငါတို့ တောင်အောက်ဆင်းမှာ”
“ဘယ်ကိုလဲ”
“ကျန်းမျိုးနွယ်စုစီ”
ဟဲယွဲ့ရှင်း တုန့်ခနဲရပ်သွားပြီး သူတို့ဘာလို့ ကျန်းမျိုးနွယ်စုကို သွားရတာလဲ နားမလည်နိုင်ဖြစ်သွားသည်။
ယခုက (၇) နှစ်တာအတွင်း လန်ရှင်းရှီ အပြင်ထွက်သည့် ပထမဆုံးအကြိမ်လည်းဖြစ်ပေသည်။
ဘာတွေဖြစ်သွားတာလဲ။
သူမေးမြန်းလိုက်ချင်ပေမယ့် လန်ရှင်းရှီ၏ မျက်မှာသေကြီးကိုမြင်သောအခါ ထိန်းထားလိုက်သည်။
ပြီးနောက် သူ၀တ်ထားသော သွေးများပေကျံနေသည့် အ၀တ်အစားကိုကြည့်ပြီးတော့ ချီတုံချတုံဖြစ်နေသော အမူအရာမျိုးဖြင့် “ငါ ရေချိုးချင်သေးတယ်…”
“မလိုဘူး။ နင်က ဒီလိုလည်း ကြည့်ကောင်းတယ်”
ချလန်း …။
ဓားရှည်မြေပြင်ပေါ်ကိုကျသွားပြီး ဟဲယွဲ့ရှင်း ခန္ဓာကိုယ်လည်း ဆတ်ကတည်း တောင့်တင်းသွားသည်။ သူ့အေးစက်စက်မျက်၀န်းများအတွင်း၌ ပျော်ရွှင်မှုတို့ ၀င်ရောက်လာခဲ့ပြီး “ကြည့်လို့ တကယ်ကောင်းတာလား”
“အင်း”
ဘုန်းကတည်းဟူသော မြည်သံကြီးဖြင့် အရှင်သခင်နယ်ပယ်ဓားဆန္ဒတို့ ပေါက်ကွဲထွက်လာခဲ့သည်။ ငန်းရေကန်ထဲက ၀၀ဖြိုးဖြိုး ငန်းကြီးများ အကြောက်လွန်ပြီး မျက်ဖြူစိုက်ကာ မေ့လဲသွားကြ၏။
ဟဲယွဲ့ရှင်းက သူ့ဓားကိုပြန်ယူပြီးတော့ ဆွဲထုတ်ကာ အေးတိအေးစက်ပြောလိုက်သည်။
“သွားမယ်။ ကျန်းမိသားစုကိုသွားမယ်။ သူတို့အားလုံးကိုသတ်ပေးမယ်”