စုရှောင်ရှန်ကို ဤသို့ ကြောင်အသွား စေတာ ရှားပါးတာကြောင့် အကြီးအကဲစန်း ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ သူ့လက်ကောက်၀တ်ကို ချိုးလိုက်ရာ အရိုးအဆစ်မြည်သံများထွက်လာ၏။
“စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေက ရှားတယ်ဆိုပေမယ့်လို့ အရမ်း သန်မာနေတာကြီးတော့မဟုတ်ဘူး။ ပြီးတော့စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ဆိုတာကိုတောင် စိတ်ဝိညာဉ်ခန္ဓာကိုယ် အမျိုးအစားတစ်မျိုးလို့သတ်မှတ်လို့ရတယ်။ ဒါတောင် တော်တော်ကြမ်းတဲ့အမျိုးအစားထဲမှာပါမယ်။ ခုမင်းရဲ့ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နဲ့ဆိုရင်တော့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပါရမီရှင်အများစုကို အေးဆေး ဖြတ်ရိုက်လို့ရနေပြီ”
စုရှောင်ရှန်က ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရာမှာ တော်တာတောင် နည်းနည်းတော့ ဘ၀င်မြင့်သွားသည်။
အရင်ကမ္ဘာမှာ မွေးကတည်းက ချို့ယွင်းချက်ပါသော ခန္ဓာကိုယ်ဖြင့်မွေးဖွားလာရသဖြင့် သန်မာသည့် ခန္ဓာကိုယ်ရဖို့ဆိုတာ ဘယ်လောက်ခက်သလဲသိပါသည်။ တကယ်ကို ဇွဲနပဲကြီးပါတယ်ဆိုတဲ့လူတွေတောင်မှ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကို ရရှိနိုင်ခြင်းငှာ မစွမ်းသာခဲ့ပေ။
အခြေအနေက သူလိုချင်တဲ့အတိုင်း ကွက်တိကျလာတာကိုသိသောအခါ စုရှောင်ရှန်၏ မရှိမဲ့ရှိနဲ့ မာနလေးကို ရိုက်ချိုးရန် အကြီးအကဲစန်း ပြောလိုက်သည်။ “ဒါပေမယ့် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ဆိုတာကြီးက ပြိုင်ဘက်ကင်းနေမှာတော့မဟုတ်ဘူး”
“ဟင် ဘာလို့လဲ” သူတွက်ထားသည့်အတိုင်း စုရှောင်ရှန် ပဟေဠိဖြစ်သွားတာမြင်ရသည်။
အကြီးအကဲစန်းက ပြုံး၍ “စိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိတိုင်း စစ်မှန်တဲ့ ပါရမီရှင်မဟုတ်ဘူးကွ။ ဒီလို နယ်မြေကြီးငါးခုထဲက ပါရမီရှင် အစစ်အမှန်တွေကို တွက်ကြည့်လိုက်ရင် သူတို့အကြားမှာ ခွဲထွက်နေတဲ့ ထူးခြားကြောက်မက်ဖွယ်ရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က မွေးလာကတည်းက နတ်ဘုရားတွေရဲ့ ကောင်းချီးပေးခြင်းခံထားရတဲ့ မြင့်မြတ်ခန္ဓာကိုယ် တစ်ဖြစ်လဲ သူတော်စင်ခန္ဓာကိုယ် တွေကိုပိုင်ဆိုင်ထားကြတယ်”
“သူတော်စင်ခန္ဓာကိုယ်” ထိုနာမည်ဖြင့်တောင် ၎င်း၏ နောက်က ဘယ်လောက်ကြောက်စရာကောင်းမလဲကို နားလည်ပေသည်။ “စိတ်ဝိညာဉ်ခန္ဓာကိုယ် အထက်မှာလား”
“ဟုတ်တယ်”
အကြီးအကဲစန်းက ခါးသက်သက်ပြုံးကာ “ပါရမီရှင်လို့ ဆိုလာရင် မင်းရဲ့ အဆင့်လေးက ဘာမှ မဟုတ်သေးဘူး။ သူတော်စင်ခန္ဓာကိုယ်နဲ့ ပါရမီရှင်တွေက စိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ ပါရမီရှင်တွေကို လက်သီးတစ်ချက်တည်းနဲ့ ခြေမွပစ်လိုက်နိုင်တယ်”
“ဟူးးးး…” စုရှောင်ရှန် ပင့်သက်ရှိုက်လိုက်သည်။ ကြည့်ရတာ စောနက သူ့ကိုချီးကျူးခဲ့တာတွေက သူ့မာနကို အကြီးအကဲစန်း ချိုးနှိမ်ပေးချင်လို့မှန်း သဘောပေါက်သွား၏။
“အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကရော” သူမေးသည်။
“အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နဲ့ဆို နည်းနည်း ပိုပြီးတော့ ခံနိုင်ရည်ရှိမှာပေါ့” အကြီးအကဲစန်းက ရယ်လိုက်ကာ “ဒါပေမယ့် နည်းနည်းလေးဆို နည်းနည်းလေးနော်”
စုရှောင်ရှန် သက်ပြင်းချလိုက်၏။ ကြိုးကြိုးစားစား မဆုတ်မနစ်ကျင့်ကြံတယ်ဆိုတာ တကယ် အသုံးတည့်ရင်ဘာလို့ အစကတည်းက ပါရမီရှင်ဆိုတဲ့ အရာကြီးက ရှိနေတာလဲ။
“ဖန်ဆင်းရှင်က မတရားဘူး”
စုရှောင်ရှန်၏ မာနကိုချိုးဖျက်တဲ့ သူ၏ အကြံအစည်အောင်မြင်သွားတာကို အကြီးအကဲစန်းတွေ့သောအခါ စုရှောင်ရှန်ကို အားပြန်ပေးလိုက်သည်။ “ကံကောင်းတာက သူတော်စင်ခန္ဓာကိုယ်က ဒီကမ္ဘာကြီးထဲမှာ ဧကရာဇ်နယ်ပယ်တွေထက်တောင်ရှားလို့ပေါ့။ အကုန်ခြုံကြည့်ရင်တောင် မဟာဟင်းလင်းပြင်မျိုးနွယ်စုတွေ၊ သူတော်စင်တစ်ပိုင်း မျိုးနွယ်စုတွေမှာပဲတွေ့ရတယ်။ တောကြို တောင်ကြားလေးမှာ မွေးလာတာမရှိသလောက်ဘဲ”
စုရှောင်ရှန် မျက်ခုံးများကိုပင့်ကာ နောက်ထပ် တစ်ခုခုပြောရန်ပြင်လိုက်စဉ် အကြီးအကဲစန်းက လက်ပြလိုက်ပြီး “မမေးနဲ့တော့။ ထပ်ပြောနေရင်လည်း မင်းအတွက်ကောင်းမှာမဟုတ်ဘူး”
“ချီးပဲ။ လုပ်ပြန်ပြီ”
“ဘာကြီး”
“အာ။ ကျုပ်ပြောတာ… ပြောတာ… ဟုတ်ပါပြီလို့”
အကြီးအကဲစန်း သက်ပြင်းမောကြီးချလိုက်သည်။
စုရှောင်ရှန်ကလည်း မနက်ဖြန်ပြဿနာကို မနက်ဖြန်မှ ဖြေရှင်းတတ်လေရာ မူလ စကားလမ်းကြောင်းကို ပြန်သွားလိုက်၏။
“ညီမလေးမုရဲ့ ခန္ဓာကိုယ်ကိစ္စပြီးတော့ နောက်ထပ် ထူးဆန်းတဲ့အရာတစ်ခုကျန်သေးတယ်။ ထျန်းရွှမ်တံခါးရှေ့မှာတုန်းက ခေါင်းဆောင်ရဲ့ကို မျက်ကန်းက ပုံရိပ်ယောင်လိုလို ဘာလိုလိုနဲ့ ထိန်းချုပ်ထားတာ။ အဲ့မှာ ညီမလေးမုက အကြည့်တစ်ချက်နဲ့ ချုပ်နှောင်မှုကနေ ကင်းလွတ်အောင်လိုက်ပေးလိုက်ရော။ ဒါက ဘာသဘောတရားကြီးလဲ။ အသက်စွမ်းအင်ဝါးမျိုခြင်း သစ်ဓာတ်ခန္ဓာကိုယ်လုပ်နိုင်တဲ့အရာလား”
အကြီးအကဲစန်းလည်း အံ့အားသင့်သွားပြီး တစ်ခဏကြာမှ “အသက်စွမ်းအင် ဝါးမျိုခြင်းသစ်ဓာတ်ခန္ဓာကိုယ် ဒါမျိုးလုပ်နိုင်လောက်အောင် မသန်မာဘူး”
“ဆိုတော့ ခင်ဗျားတောင် မသိဘူးပေါ့” စုရှောင်ရှန် စိတ်ပျက်သွား၏။
“ဟို…” အကြီးအကဲစန်း၏ မျက်နှာမဲ့ရွဲ့သွားရကာ “မင်းက ငါ့ကို အရာအားလုံးသိမြင်နိုင်စွမ်းရှိတဲ့ ဘုရားသခင်မှတ်နေတာလား”
“ဒါပေမယ့် သူက ခင်ဗျားရဲ့ တပြည့်လေ”
“သူက မင်းရဲ့ ဆရာတူညီမလေးလေ”
စုရှောင်ရှန် “…”
စုရှောင်ရှန်ကို ပြောစရာစကားမဲ့အောင်လုပ်လိုက်နိုင်တာကြောင့် အကြီးအကဲစန်းကျေနပ်သွား၏။
သူ့နှုတ်ခမ်းထောင့်များ အပေါ်သို့ကွေးတက်သွားပြီး ကိုယ်ကို ရှေ့သို့ကိုင်းညွှတ်ကာ ပြောလိုက်သည်။ “ပြောကာမှ မင်းရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း တကယ်ထူးဆန်းတယ်။ မင်းခန္ဓာကိုယ်ထဲက အသက်စွမ်းအင်က မင်းညီမလေးအောက်ကို တစ်စက်ကလေးမှ နိမ့်ကျမနေဘူး…”
“အဲ..”
ဘာအကြောင်းပြောပြော နောက်ဆုံးတော့ မျှားဦးက သူ့ဘက်ပြန်လှည့်လာတာကြောင့် စုရှောင်ရှန် ဘာပြောရမှန်းမသိဖြစ်သွား၏။
‘ဟာသပဲ။ ငါက ဘာပြန်ပြောရမှာလဲ’
“လုပ်စရာလေးရှိသေးလို့ သွားလိုက်ပါဦးမယ်” စိတ်ဝိညာဉ်စာကြည့်တိုက်ထဲကနေ တမင်တကာ ခြေသံကျယ်ကျယ်မြည်အောင်လုပ်ပြီး ထွက်သွားလိုက်လေသည်။
အကြီးအကဲစန်း အူရွှင်သွားပြီးတော့ သူ့ကို မတားလိုက်ဘဲ နောက်ကသာ အော်လိုက်သည်။ “ကောင်လေး။ ရန်သူ့လျှိုဝှက်ချက်ဆိုတာ ဖော်ထုတ်လာတာကောင်းပေမယ့် အချို့ လျှို့ဝှက်ချက်တွေက ပေါ်မလာတာ ပိုကောင်းတယ်ကွ”
ဆိုလိုချင်သည့် အနက်အဓိပ္ပာယ် မပြတ်သားသော ထိုစကားကြောင့် စုရှောင်ရှန် တုံ့ခနဲရပ်သွား၏။
မှန်ပေသည်။ လူတိုင်းမှာ လျှိုဝှက်ချက်များရှိကြသည်။
“စိတ်မပူပါနဲ့။ သူက ကျုပ်ရဲ့ ညီမလေးပါ။ ကျုပ် နာကျင်အောင်မလုပ်ပါဘူး” တံခါးကိုဖွင့်ရင်းက စုရှောင်ရှန်က ပြန်အော်လိုက်သည်။
အကြီးအကဲစန်းသူ၏ ကောက်ရိုးခမောက်ကို ဖိချလိုက်ပြီးတော့ လေးနက်နေသော အမူအရာဖြင့် “မဟုတ်ဘူး။ ငါပြောချင်တာက အနာဂါတ်မှာ သူမက မင်းရဲ့ ရန်သူဖြစ်လာခဲ့ရင် ညှာတာမနေဘဲ ဖြေရှင်းလိုက်ဖို့ပြောတာ”
ဘုတ်…။
စုရှောင်ရှန် ကြမ်းခင်းပေါ်ကိုခွေကျသွားပြီး အဖိုးကြီးကို မယုံနိုင်သော အမူအရာဖြင့် လည်ပြန်ကြည့်လိုက်သည်။
“ခင်ဗျား နောက်နေတာလား”
အကြီးအကဲစန်းဘာမှ ပြန်မပြောဘဲ သူ့ကို လက်သာဝှေ့ရမ်းပြလိုက်၏။ “သွားတော့”
…
“ဘာလဲကွာ”
စိတ်ဝိညာဉ်စာကြည့်တိုက် တတိယအလွှာကနေ လက်ရန်းကိုကိုင်ရင်း စုရှောင်ရှန် လှေကားပေါ်မှ ဆင်းလာနေသည်။
ဒီအဖိုးကြီးက တစ်ခါတစ်ရံမှာ ထူးဆန်းပြီး တစ်ခါတစ်ရံမှာ သာမန်ဖြစ်သည်။ သူက သာမန်ပါဟု သူတွက်ထားသည့်အချိန်ဆို တစ်ခုမဟုတ် တစ်ခုတော့ မျှော်လင့်မထားသောအရာများကို ပြောတတ်၏။
“သူမက ငါ့ရန်သူဖြစ်လာရင် ညှာတာမနေသင့်ဘူးဆိုတာ ဘာသဘောလဲဟ။ ဒါက ဆရာတစ်ယောက်ပြောသင့်တဲ့ စကားလား…”
ထိုစိတ်ရှုပ်ထွေးစေသော အတွေးများကို စုရှောင်ရှန် ခေါင်းခါရမ်းပြီးထုတ်ပစ်လိုက်လေသည်။ အကြီးအကဲစန်းကိုယ်၌က လူထူးဆန်းဖြစ်ရာ သူ့အတွေးအမြင်ကို သွားခန့်မှန်းနေလို့ ဘာမှ ရလိမ့်မည်မဟုတ်ပေ။
ပထမအလွှာကိုရောက်လာသောအခါ သူလာစဉ်က တိမ်တိုက်လို အဖြူရောင်အလင်းတန်းများရှိနေသေးတာကို ပြန်တွေ့လိုက်ရသည်။
ထိုကြမ္မာငင်သည့်နေ့က စာကြည့်တိုက်က စာအုပ်စင်တွေအားလုံးကို ပြာကျလုနီးပါး မတော်တဆ သူမီးရှို့လိုက်မိ၏။ ယခုတော့ ၎င်းတို့အားလုံးကို အလားတူ မတော်တဆမျိုးထပ်ဖြစ်လာရင် ကာကွယ်နိုင်ဖို့ အစီအရင်များဖြင့် ဖုံးအုပ်ထားပါသည်။
မီးလျှံများအကြားမှာ စာကြည့်တိုက်ကိုမီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့သည့် သူ့အဖြစ်ကို ပြန်မြင်ယောင်မိသောအခါ စုရှောင်ရှန်၏ စိတ်ပြန်လည် ကောင်းမွန်လာခဲ့ပြီး ပြုံးလိုက်မိသည်။
သို့ဖြင့် မကြာခင် စာကြည့်တိုက်တံခါးလေးစီသို့ ရောက်လာပြီး ဖွင့်ရန် ပြင်လိုက်၏။
“မင်းသွားတော့မယ်ပေါ့”
ရုတ်တရက် အသံတစ်သံထွက်ပေါ်လာခဲ့ပြီး သူ့ကို တစ်ခုခုမေးလိုက်လေသည်။ စုရှောင်ရှန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အသံလာရာဘက်ကို ဆတ်ကတည်းလှည့်ကြည့်လိုက်၏။
ပထမအလွှာ၏ ထောင့်တစ်နေရာမှာ သစ်သားစားပွဲလေး တစ်လုံးရှိနေပြီး ၎င်း၏ အနောက်တွင် ပုံပျက်ဆင်းပျက်နှင့် လူတစ်ယောက်ကိုမြင်ရသည်။
ထိုလူက အမှောင်ထဲမှာ နေနေသောကြောင့် သူ၏ မျက်နှာကို ကောင်းကောင်း မမြင်နိုင်ပါချေ။ ထိုမှ သိသာထင်ရှားသည်က အဆက်မပြတ် သစ်သားကိုထွင်းနေသဖြင့် လှုပ်ရှားနေသော သူ၏ လက်များဖြစ်သည်။
ထိုသူက ဓားတိုတစ်ချောင်းကိုကိုင်ထားပြီး ခေါင်းငိုက်စိုက်ချနေရင်းက သူ့ကို မေးခွန်းထုတ်လိုက်ခြင်းဖြစ်၏။
စုရှောင်ရှန်က အကြားအမြင်ကြောင့် အရာအားလုံးကို ကွက်ကွက်ကွင်းကွင်းမြင်ရပါသည်။ သို့ပေမယ့် ဒီအဖိုးကြီးကို ကြည့်လိုက်သောအခါမှာ ဝေဝေဝါးဝါးဖြစ်နေသော ပုံရိပ်ကိုသာ မြင်ရလေသည်။
ဒီလိုအခြေအနေမှာတောင် ထိုလူ၏ လက်မနှစ်ချောင်းစလုံးက အက်ကွဲနေမှန်းကို သူပြောနိုင်သည်။ သို့တောင် ထိုလူက သစ်သားထွင်းနေတာကိုမရပ်ဘဲ ဆက်တိုက်ထွင်းနေရာ သစ်စတို့ အောက်မှာ အဆက်မပြတ်ပုံလာနေပြီး သူထွင်းနေသော အရုပ်လေးကလည်း ပို၍ ပုံပေါ်လာပေသည်။
“ဟုတ်ပါတယ်…”
စုရှောင်ရှန် တောင့်တောင့်ကြီး ဦးညွှတ်လိုက်၏။
ဒီအဖိုးကြီးကို အရင်တစ်ခေါက် ငရဲမီးတောက်ကောင်းကင်နည်းစနစ်ကို စာရင်းလာပေးတုန်းကလည်း တွေ့ဖူးလေသည်။ သို့ပေမယ့် ထိုစဉ်က စကားတစ်ခွန်းမှ မပြောခဲ့ပေ။
သို့ဖြင့် ထိုသူက အစောင့်ဒါမှမဟုတ် အကြီးအကဲစန်း၏ အစေခံတစ်ယောက်ယောက်ဟုသာ သူထင်နေ၏။
ယခု စိတ်ဝိညာဉ်စာကြည့်တိုက် အဖန်ဖန်လာရောက်ပြီးမှ ဒီလူကြီးလည်း မရိုးရှင်းတာ သူသိလိုက်ရသည်။
သူ့လို စာကြည့်တိုက်ထဲကနေ အပြင်ဘက်ကို တစ်ခါမှ မျက်နှာမပြသည့်သူက ဘုရားကျောင်းရှေ့မှာ တံမြက်စည်းလှဲသည့် ဘုန်းကြီးတွေလို အစွမ်းထက်သည့် ပုန်းကွယ်နေသော ဆရာကြီးတစ်ဦးဦးဖြစ်နိုင်သည်။
မသိလျှင် အပြင်ကမ္ဘာကြီးတွင်ဖြစ်ပျက်နေသည်များအားလုံးက သူနှင့်မသက်ဆိုင်သလိုလိုနှင့် သူတော်စင်အစေအပါးတို့ နှစ်ခါလာရောက်တိုက်ခိုက်ရာမှာ ဒီလူ လှုပ်ရှားသည်ကို တစ်ခါမှ မမြင်ဖူးပါချေ။
ယခုတော့ သူ့ကို ဦးစွာ စကားပြောလာခဲ့၏။
ထူးဆန်းတယ်ဟု စုရှောင်ရှန် တွေးလိုက်ပြီး ‘ငါ့ကို သူ့တည်ရှိမှုကို တမင် ပြချင်တာများလား’
“ဘာအလိုရှိလို့လဲ မသိဘူး” စုရှောင်ရှန် စနစ်တကျ ဂရုတစိုက် ပြင်ဆင်ပြီးမှ မေးလိုက်သည်။ ဓားဖြင့် ထွင်းသံကို ဆက်တိုက်ကြားရပြီး မကြာခင် ခရမ်းရောင် တံဆိပ်ပြားတစ်ခု ဖြစ်လာတော့သည်။
အတန်ကြာအောင်တိတ်ဆိတ်နေပြီးနောက်မှ ထိုလူ၏ အသံက သူ့ခေါင်းထဲတွင် နောက်တစ်ခါပေါ်လာခဲ့သည်။
“ဘယ်ကိုလဲ”
ဒီစကားနှစ်လုံးကိုမေးဖို့ ဒီလောက်တောင်အချိန်ယူရသလားဆိုပြီးတော့ စုရှောင်ရှန်၏ နှုတ်ခမ်းများ လှုပ်သွား၏။
“အပြင်ကို” ဤနေရာကနေ သူထွက်သွားတော့မည်ဖြစ်ကြောင်းကို စာကြည့်တိုက်တံခါးကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။
ဒီလူက ဆရာကြီးတစ်ယောက်ယောက်ဆိုရင်တောင် သူနှင့် ဘာမှ မဆိုင်ပေ။ သူ့ကို အထင်အမြင်ကြီးမိလို့ လက်ဆောင်ဘာညာ အဖြစ်တစ်ခုခုပေးမှာကိုလည်း စုရှောင်ရှန် စောင့်စားမနေပါပေ။
လိုမှလည်းမလိုတာ။ ကံမကောင်းရင် ၎င်းက ပြဿနာတွေရဲ့ အရင်းအမြစ်ကြီးတောင်ဖြစ်လာနိုင်သေးပေသည်။
ထို့နောက် အချိန်အတော်ကြာတာတောင် ဘာအဖြေမှ ပြန်မရသလို သူ့ကျောနောက်ဘက်ကလည်း ချမ်းစိမ့်လာတာကို စုရှောင်ရှန် ခံစားလိုက်ရလေသည်။
‘ငါသူ့ကို ခွန်းတုန့်ပြန်တာများ မှားသွားလို့လား’ တွေးလိုက်သည်။
သူထင်ထားသည့်အတိုင်း ဆရာကြီးတွေက စကားတစ်ခွန်းကို ရွှေလိုတန်ဖိုးထားတတ်ပြီး အခြားသူများကို ခန့်မှန်းခိုင်းတာကြိုက်ပုံရပေသည်။
စုရှောင်ရှန်လည်း မနေသာတော့ဘဲ ထိုလူ၏ မေးခွန်းနှစ်ခုကို စဉ်းစာရတော့၏။
“မင်းသွားတော့မယ်ပေါ့”
“ဘယ်ကိုလဲ”
စာကြည့်တိုက်အပြင်ဘက်ကိုထွက်မှာသိရက်နဲ့တော့ ထိုလူက ဤသို့မေးခွန်းမမေးလောက်ပေ။ သို့ဖြင့် လက်ရှိအခြေအနေကို မေးနေတာမဟုတ်ကြောင်းတွက်လိုက်၏။
အကြီးအကဲစန်း၏ တာ၀န်အရတော့ သူနှင့် မုကျစ်ရှီတို့ နောက်ဆယ်ရက်အကြာမှာ ပြန်တွေ့ဖို့ သဘောတူထားလေသည်။
ထိုသို့တွေးမိပြီး နောက်ထပ် အချိန်အနည်းငယ်ကြာအောင်စောင့်ပြီးနောက်မှာတောင် ထိုလူက စကားပြောရန် ရည်ရွယ်ချက်မရှိတာကို သိလျှင် သိချင်း သူကဘဲဆက်၍ “ထျန်းစန်းစီရင်စုကို သွားမလို့”
ထိုလူကိုင်ထားသည့် ဓားတိုလေးက ခဏရပ်သွားပြီးနောက်မှာ ဆက်လက်၍ ပြန်ထွင်းလိုက်သည်။
“သွားပါ” ရိုးရှင်းသော ထိုစကားနှစ်ခွန်း သူ့ခေါင်းထဲမှာ ပြန်ပေါ်လာခဲ့၏။
စုရှောင်ရှန် စိတ်အနည်းငယ်ဆိုးသွားပေသည်။ မသိရင် ဒီလူကပဲ သူ့ကို စကားမပြောခဲ့သလိုလို ဘာလိုလိုနှင့် အရည်မရ အဖက်မရ မေးခွန်းနှစ်ခုမေးပြီးနောက်မှာ သူ့ကို မေ့သွားဟန်ရလေသည်။
“ကျုပ်…”
စုရှောင်ရှန် အဒွန့်တက်လိုက်ချင်ပေမယ့် ကံကောင်းစွာ အချိန်ကိုက်လေး ပြန်ထိန်းနိုင်လိုက်သည်။
ထို့နောက် ထိုလူ့ လက်ကို ဘာများထွင်းနေသလဲဆိုပြီးကြည့်လိုက်ပေမယ့် ခပ်ဝါးဝါးသာမြင်ရပေသည်။ သူ့အကြားအမြင်တောင် မတတ်စွမ်းသာပေ။
‘ဒီလူက တကယ်ဆရာကြီးတစ်ယောက်များလား’ တွေးလိုက်ပါသည်။
သူ့အကြည့်များကို အထက်သို့တက်လိုက်ရာ ထိုလူ၏ လည်ပင်းအရောက်မှာ ရပ်တန့်သွားခဲ့သည်။
ဖြစ်ချင်တော့ ထိုလူ၏ လည်မျိုမှာ နက်ရှိုင်းအကျဉ်းတန်သော ဒဏ်ရာကြီးတစ်ခုကို ဝေဝေဝါးဝါးမြင်လိုက်ရ၏။ ၎င်းက ပြန်လည်ကောင်းမွန်လာပြီဆိုပေမယ့် အမာရွတ်ကြီးကျန်နေတာက ထိတ်လန့်စရာကောင်းလှသည်။
ထိုအမာရွတ်ကြီးက လည်ပင်းတစ်ခြမ်းလုံးကိုနေရာယူထားပြီး သူဘယ်လောက် ခံစားခဲ့ရမလဲဆိုတာကို ပြသနေ၏။ ဒါပေမယ့် ဒီလို လည်ပင်တစ်ခြမ်းလုံး ပြတ်တောက်လောက်မည့် ဒဏ်ရာကနေ သူက ဘယ်လိုသက်သာလာနိုင်တာလဲ။
‘ဒီလူက အန္တရာယ်များလိမ့်မယ်။ ငါဘာမှပြောတာပဲကောင်းတယ်။ လစ်မှ”
ထိုသို့တွေးမိပြီး စောနက အဒွန့်တက်ချင်သော သူ၏ စကားလုံးများကို ပြန်မျိုချလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ “နှုတ်ဆက်ပါတယ်”
ထိုသို့ပြောပြီး တံခါးကိုတွန်းဖွင့်ကာ နေရောက်အောက်၀င်သွားလေတော့သည်။
…
ဒက်…။
သစ်သားတံခါးလေးက လုံး၀မပိတ်သွားပါဘဲ အမှောင်ထဲမှာ အကြီးအကဲစန်း၏ ပုံရိပ်ပေါ်လာခဲ့သည်။
သူက သစ်သားတံခါးလေးကို ကျောမှီ၍ ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့်ရပ်နေ၏။ ထို့နောက် အတန်ကြာအောင်သစ်သားထွင်းနေသော ထိုလူကိုကြည့်ကာ “ဒီအဖိုးကြီး မင်းကို ထွက်သွားဖို့ပြောခဲ့တယ်မလား”
“ဖူးးးးး”
ထိုလူက ရပ်တန့်လိုက်ပြီးတော့ ခရမ်းရောင်တံဆိပ်ပြားလေးကို မှုတ်လိုက်ကာ သစ်သားမှုန်များလုံး၀ကွယ်ပျောက်သွားပြီဆိုမှ ခေါင်းကိုမော့လိုက်၏။
ထို့နောက် အကျဉ်းတန်စွာပြုံးကာ လေသံ ခပ်ဩဩဖြင့် “မကြာခင်ဖြစ်လာတော့မယ့် ငါ့တပြည့်လေးက ကိစ္စဝိစ္စတွေပြီးတော့ ဘယ်လို နေလဲဆိုတာ ကြည့်ချင်လို့ပါ”
အကြီးအကဲစန်းက ဒေါသသံပါသော လေသံဖြင့် မာန်မဲလိုက်သည်။ “အဲ့တာ ဒီအဖိုးကြီးရဲ့ တပြည့်ကွ။ မင်းနဲ့ ဘာမှ မဆိုင်ဘူး”
ရွှစ်…။
ထိုလူက စကားတစ်ခွန်းမဆိုဘဲ တံဆိပ်ပြား၏ ထိပ်ကို ဓားအလား လက်ညိုးတစ်ချောင်းဖြင့် အပေါက်ဖောက်လိုက်သည်။
ထိုအပေါက်ပေါ်လာသည်နှင့် တံဆိပ်ပြားက တုန်ခါလာကာ ခရမ်းရောင်အလင်းတန်းတစ်ခုကို ထုတ်ပေးတော့ပြီး မတူညီသော အမူအရာများရှိနေသည့် သူတို့နှစ်ယောက်၏ မျက်နှာများကို ထင်ဟပ်ပြသလိုက်၏။
ထိုဓားအလားလက်ညိုးကို အချိန်အတန်ကြာအောင်ကြည့်ပြီးနောက်မှ အကြီးအကဲစန်းက ထေ့ငေါ့ပြောလိုက်သည်။ “ဒီအရာကို ထွင်းတော့ဘာထူးမှာမလို့လဲ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကအတိုင်း မင်းကို လေးစားကြမယ်ထင်လို့လား”
“အသုံးလိုလာပါလိမ့်မယ်” အနက်၀တ်လူက ပြုံးသာပြုံးလိုက်ပြီး အကြီးအကဲစန်း၏ စကားကို ချေပခြင်းမပြုပေ။ ထို့နောက် ခရမ်းရောင်တံဆိပ်ပြားကို စားပွဲပေါ်မှာ မှောက်ခုံတင်လိုက်သည်။
ဘုန်း…။
ခရမ်းရောင်အလင်းများက ပထမအလွှာရှိ ထိုထောင့်လေးကို အလင်းရောင်ဖျော့ဖျော့တစ်ချို့ပေးစွမ်းလိုက်ပေသည်။
အကြီးအကဲစန်းခေါင်းငုံ့ပြီးတော့ ထိုတံဆိပ်ပြားပေါ်က ထွင်းထားသောအရာကို ကြည့်လိုက်သည်။
၎င်းက အမို့အမောက်ကောက်ကြောင်းများဖြင့် လှပသော ကိုယ်လုံးတီး မိန်းမပျိုတစ်ဦး၏ ပုံဖြစ်သည်။ ထို့ပြင် ဒူးနှစ်ဖက်ကိုပိုက်ကာ မျက်နှာအပ်ပြီး ငိုယိုနေသော ပုံက အသက်၀င်လွန်းလှရာ မြင်မိသူတောင် သနားညှာတာစိတ်များ၀င်သွားနိုင်လောက်၏။
သူမ၏ ခြေလက်များမှာ စည်းနှောင်ထားတဲ့ လေးလံဟန်ရသော ဧရာမ သံကြိုးကြီးများ ကျောတချမ်းချမ်းခံစားချက်ကိုပေးနေသည်။
ထိုသံကြိုးကြီးများက မကြာခင် တံဆိပ်ပြားလေး၌ ဘောင်စီသို့တိုး၀င်ပျောက်ကွယ်သွားကြ၏။ လူသားတို့ကို ချုပ်နှောင်သည့် ၎င်း၏ သဘာ၀ကို ပြချင်သလိုလို ပြရုပ်ကိုဖော်ဆောင်သည်။
ထို့အတူ ပထမအလွှာလည်း အပ်ကျသံကြားရလောက်အောက်ကို တိတ်ဆိတ်သွားတော့သည်။
နောက်ဆုံးတော့ ထိုလူက ခပ်အက်အက် သက်ပြင်းချသံတစ်ခုပေးကာတံခါးလေးကိုတွန်းဖွင့်ပြီးနောက် အမှောင်ထုထဲပျောက်ကွယ်သွားခဲ့၏။
“ငါလည်းသွားတော့မယ်။ မင်းသေချာစဉ်းစားပါ။ ပြန်လာမလားမလာဘူးလားဆိုတာ အဖြေတစ်ခုပဲရှိတယ်။ သူတော်စင်အဖြစ်နေမလား၊ အစေအပါးအဖြစ်နေမလား…”