Switch Mode

အခန်း (၂၄၆)

စိတ်ဝိညာဉ်ခန္ဓာကိုယ်

‘လခွေး။ ဒီက‌လေးဘယ်က ဆေးစားလာလို့ ဒီဟာတွေအားလုံးကို ချိတ်ဆက်ပြီး ဖော်ထုတ်နိုင်တာလဲဟ။ မဟုတ်မှလွဲရော ငါပြီးပြည့်စုံတယ်ထင်နေတဲ့အကြံတွေက တကယ်တော့ လူတိုင်း ဖြတ်မြင်နိုင်နေတာလား။ မဟုတ်သေးပါဘူး။ မဖြစ်နိုင်ပါဘူး’

ကြမ်းခင်းပေါ်မှာ လဲကျနေတဲ့ အကြီးအကဲစန်း၏ လက်များ အတန်ငယ် တုန်ခါသွား၏။ ဤအဖြစ်အပျက်ကြီးတစ်ခုလုံးမှာ စုရှောင်ရှန်က ‌သူတောင် အဖြေရှာမရတဲ့ ပုစ္ဆာတွေကို ဖော်ထုတ်သွားပေသည်။

ဖြစ်ချင်တော့ မိုမိုက လှိုဏ်ဂူဖြူအနားမှ မိစ္ဆာသားရဲပူးကပ်ခံရသည့် ပထမမျိုးဆက်ဖြစ်လာခဲ့လေပြီး နတ်ဘုရားနန်းတော်နှင့် သူတော်စင်အစေအပါးတို့ ရှာနေသည့်ကြားမှာ စိတ်ဝိညာဉ်နန်းတော်အတွင်းမှာ လာပုန်းအောင်းနေခဲ့၏။

‘ဒါက သာမန်လူတစ်ယောက် အဖြေရှာဖော်ထုတ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ ဒီကလေးကို အရင်က ငါဖိအားတွေများ လုံ‌လုံလောက်လောက်မပေးခဲ့လို့များလား’

အကြီးအကဲစန်းသူ့‌အတွေးတွေကိုပြန်စုစည်းလိုက်ပြီးတော့ တစ်ဘက်ကိုလှိမ့်သွားတဲ့ သေရည်အိုးကို ပြန်ကောက်ယူကာ မော့လိုက်သည်။

သူက “မင်းဒီဟာတွေကိုဘယ်လိုသိတာလဲ” မေးချင်နေပြီး ဖြစ်နိုင်လျှင် “ရှောင်ရှန် မိစ္ဆာသားရဲတွေက လှိုဏ်ဂူဖြူထဲ ထပ်၀င်ကြဦးမလား” လို့တောင် အကြံတောင်းလိုက်ချင်သည်။

ဒါပေမယ့် ဆရာတစ်ယောက်အနေနှင့် တပြည့်တစ်ယောက်ကို မေးရလောက်သည်အထိ မျက်နှာပျက်လို့ဘယ်ဖြစ်မလဲလေ။

“ဟီး ဟီး…”

အကြီးအကဲစန်း ကသိကအောက်ရယ်လိုက်သည့်ကြားက စောနက သေရည်‌အိုးမှောက်တုန်းက ကြမ်းခင်း‌ပေါ်ကိုဖိတ်သွားတာသိလိုက်ရ၏။ သူ့မျက်နှာများမဲ့ရွဲ့သွားရကာ ကြမ်းခင်းပေါ်လှဲချပြီး အကျောဆန့်လိုက်သည်။

“အားးး… နေလို့ကောင်းလိုက်တာကွာ”

ထို့နောက် ဘေးတစ်ဘက်ကိုလှိမ့်ပြီးတော့ ထရပ်ကာ ကောက်ရိုးခမောက်ကို ဆောင်းလိုက်သည်။ ပြီးနောက် စုရှောင်ရှန်ကို အသိအမှတ်ပြုသလို အမူအရာမျိုးဖြင့် ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

“မဆိုးဘူး။ ခန့်မှန်းတာ တော်တယ်”

[မှတ်ချက်ပေးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[အထင်ကြီးလေးစားခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန်၏ ပါးနှစ်ဖက်ဖောင်းသွားပြီး ရယ်မိလုမတတ်ဖြစ်သွား၏။ သို့ပေမယ့် သူ့ပုခုံးကတော့ တဆတ်ဆတ် တုန်နေတာကိုတော့ မထိန်းနိုင်ပါပေ။

‘ခင်ဗျား သေရည်ဖိတ်သွားတာ ကျုပ်မသိဘူးထင်မနေနဲ့။ ပြီးတော့ ခင်ဗျား ဖုန်းကွယ်ဖို့လုပ်လိုက်တာက ပိုပြီးတော့တောင် သိသာထင်ရှားသွား‌စေသေးတယ်။ ဘာတဲ့ အကျောဆန့်ပြီး ညည်းတယ်တဲ့…’

စုရှောင်ရှန် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရတော့သည်။ အတန်ကြာမှ စိတ်ပြေလျော့လာပြီးနောက်မှာ အကြီးအကဲစန်းစီက သင်ပြမှုကို တောင်းသလိုလို ဟန်ဖမ်းလိုက်ပြီးတော့ “ကျုပ်ခန့်မှန်းတာ မှားနေလို့လား”

“အေးပေါ့ ပြီးပြည့်စုံတယ်ဆိုတာတော့ မရှိဘူးလေ”

အကြီးအကဲစန်း ‌လက်နောက်ပစ်ပြီး‌ ရှေ့နောက် ခေါက်တွန့်ခေါက်ပြန်လျှောက်လိုက်သည်။ ကြားထဲက အ၀တ်မှာစိုနေသည့် သေရည်များကိုလည်း တိတ်တဆိတ်ခမ်းခြောက်အောင်လုပ်လိုက်ပြီးတော့ လက်ညိုး ဆတ်ကတည်း ထောင်လိုက်ကာ “ပထမ အချက်အနေနဲ့ သူတော်စင်အစေအပါး‌က နှင်းမြို့တော်ရဲ့အလွမ်းကို လိုချင်ဟန်ဆောင်တာမဟုတ်ဘဲ တကယ်လိုချင်တာ။ သူတို့က နာမည်ကြီး ဓား(၂၁) ချောင်းကို စုစည်းချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်နေကြတာပဲ”

သူတော်စင်အစေအပါးတို့၏ ရည်ရွယ်ချက်ကိုကြားပြီး စုရှောင်ရှန် မျက်ခုံးများပင့်လိုက်၏။

နာမည်ကြီးဓား(၂၁) ချောင်းနဲ့ ဘာလုပ်လို့ရမှာမလို့လဲ။ နတ်နဂါးကြီးတစ်ကောင်ကို ဆင့်ခေါ်နိုင်မှာမလို့လား။

“နောက်ထပ်ရော” စုရှောင်ရှန်က အကြံ‌ထပ်တောင်းလိုက်ပါသည်။

“ဒုတိယ…”

အကြီးအကဲစန်း လက်ပြန်ချလိုက်ကာ “ဒုတိယအချက်… ‌ဒုတိယအချက်အနေနဲ့…”

နောက်ဆုံး အမှားရှာမရတော့တဲအဆုံး စုရှောင်ရှန်ကို မျက်ကွင်းညိုကြီးများဖြင့် လှည့်ကြည့်ကာ “ဒီအဖိုးကြီး မင်းကိုဆက်မပြောတော့ဘူး။ မင်းအနေအထားနဲ့ ပိုသိလေ ပိုပြီးတော့ အန္တရာယ်ရှိလေပဲ”

အဖိုးကြီးများ တကယ်မသိဘဲ ဟန်ထုတ်နေတာလား စုရှောင်ရှန် သင်္ကာမကင်းဖြစ်သွား၏။

‘မသိဘူးဆိုရင်လည်းပြောပေါ့။ ဆရာတပြည့်ကြား ဘာကို မျက်နှာပျက်မှာကြောက်နေရတာလဲ။ ငါမမြင်နိုင်ဘူးများထင်နေလားမသိဘူး’

“အိုး… ကောင်းပါပြီ…” စုရှောင်ရှန် ခေါင်းညိတ်ပြီး နားလည်ကြောင်းပြသလိုက်သည်။ သူ့ဆရာကို ဒေါသထွက်စေလို့မကောင်းမှတော့ မျက်နှာချိုသွေးရန်သာ ရှိတော့၏။ “ဆရာ့စီက သင်ယူလိုက်ရပါတယ်”

အကြီးအကဲစန်း သက်ပြင်းချလိုက်သည်။ ထိုစကားများက အနှစ်မပါတာ ဘယ်သူက မမြင်နိုင်လို့လဲ။

“ကောင်လေး မင်းတော့ နာချင်နေပြီထင်တယ်”

စုရှောင်ရှန် ပြုံးဖြဲဖြဲလုပ်ကာ နောက်ခုန်ဆုတ်လိုက်သည်။

“မေးစရာကျန်သေးလား”

အကြီးအကဲစန်းလည်း စုရှောင်ရှန်ကို အမြန်အဆန် နှင်ထုတ်ချင်နေမိ၏။ သူသာ ဒီကောင်စုတ်နှင့် စကားထပ်ပြောနေလျှင် စာကြည့်တိုက်ကြီးကို ဘယ်တော့ ဖြိုချမိမလဲမသိ…။

ထိုမှ သူ့နှာခေါင်းထဲ၀င်သွားသော မီးတောက်အစေ့ကို ပြေးမြင်ယောင်မိသည်။ ဘယ်လောက်ဆိုးလဲဆိုရင် ထိုမီးတောက်အစေ့ကို အိပ်မက်ဆိုးများမက်ပြီး ညစဉ်ညတိုင်း အိပ်နေရင်းက လန့်နိုးရ၏။

“ရှိတယ်…”

စုရှောင်ရှန် တစ်ခဏ တွေးလိုက်ပြီးတော့ “နောက်ဆုံးမေးချင်တာတစ်ခုရှိသေးတယ်”

အကြီးအကဲစန်း စိတ်မရှည်သောလေသံဖြင့် “ပြောစရာရှိတာ အမြန်ပြောကွာ”

“အင်း… ညီမလေးမုက… ဘာကြီးလဲ” စုရှောင်ရှန် မျက်မှောင်ကြုတ်လိုက်သည်။

သူဒီမေးခွန်းကို မေးချင်နေတာ ကြာပြီဖြစ်၏။

မိုးတိမ်လေပြိုင်ပွဲတုန်းက အသက်စွမ်းအင် စုပ်ယူရသည့် ရည်ရွယ်ချက်၊ အတွင်းစည်းက ရဲ့ရှောင်ထျန်း၏ အခက်အခဲကို ဖြေရှင်းပေးလိုက်သော လုပ်ရပ် တို့က ဒီကောင်မလေး မရိုးရှင်းဘူးဆိုတာ ဖော်ပြနေသည်။ ရံဖန်ရံခါလည်း သူမထံကနေ အန္တရာယ်ရှိသလို အငွေ့အသက်များကို သူခံစားရ၏။

ဒီလို အန္တရာယ်အငွေ့အသက်ကို ကျန်းရှင်းရှုံ၏ နောက်ဆုံး ဧရာမ ၀က်ဝံကြီး သဏ္ဌာန်ကတောင် မခံစားရပေ။

မိုမိုနှင့် ယွဲ့ကျစ်၀မ်တို့က ထည့်တွက်လို့ရပြီး ထိုမျက်ကန်းကလည်း မူမမှန်ပေ။ သို့ပေမယ့် မုကျစ်ရှီထံမှ ခံစားရတာက တကယ် ထူးဆန်းသည်။

သူနှင့် သူမအကြားက ခင်မင်ရင်းနှီးမှုဖြင့်ဆိုလျှင် ဤသို့ အန္တာရယ်အငွေ့အသက်ခံစားရတာက လုံး၀ ထင်မှတ်မထားစရာဖြစ်၏။

“မင်းရဲ့ ညီမလေးက…” အကြီးအကဲစန်း ထိုမေးခွန်းကို ဘယ်လိုဖြေရမလဲ ခေါင်းငိုက်စိုက်ချကာ စဉ်းစားလိုက်သည်။

မုကျစ်ရှီကိုဆိုလာလျှင် အသက်စွမ်းအင်ဝါးမျိုခြင်းသစ်ဓာတ်ခန္ဓာကိုယ်မှလွဲပြီးတော့ အခြား လျှို့ဝှက်ချက်တွေရှိသေးလို့လား။

စုရှောင်ရှန်ကလည်း ထိုခန္ဓာကိုယ် တည်ဆောက်ပုံအကြောင်းကိုသိပြီးတာကြောင့် ဒီမေးခွန်းကိုမေးမြန်းတာ တကယ် ထူးဆန်းသည်။

တစ်ခုခု မူမမှန်တာ သူတွေ့သွားလို့များလား။

အကြီးအကဲစန်း သူ့ဟာသူ ယောင်လည်လည် အတွေးနက် မနေတော့ဘဲ စုရှောင်ရှန်ကို ဆိုလိုက်သည်။ “မင်းဒီကုန်းမြေကြီးမှာရှိတဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေအကြောင်းကြားဖူးလား”

“စိတ်ဝိညာဉ်ခန္ဓာကိုယ် ဟုတ်လား” စုရှောင်ရှန် ၎င်းကို တစ်စိတ်တစ်ဒေသ
တော့ ကြားဖူးသည်။

အကြီးအကဲစန်းက ခေါင်းညိတ်ကာ “ဟုတ်တယ်။ ကျန်းရှင်းရှုံရဲ့ သွေးမျိုးဆက်စွမ်းအင်က သူတို့ ကျန်းမိသားစု ဘိုးဘေး‌ဖြစ်တဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်သူစီကနေ ဆင်းသက်လာတာပေါ့။ သူတို့မိသားစုကကြတော့ ခွန်အားကိုတိုးမြှင့်စေတာ။ ဒီတော့ သာမန်လူတွေထက် သူတို့က အကောင်ပိုကြီးပြီး ပိုသန်မာကြတာပေါ့”

ကျန်းရှင်းရှုံကို ကြွက်သားကြီးဆေးတွေစားထားတာလို့ ထင်နေသည့် စုရှောင်ရှန် ၎င်းကိုကြားသောအခါ အံ့ဩဘနန်းဖြစ်သွားရသည်။

သူ့မျက်၀န်းများထဲမှ အံ့ဩတုန်လှုပ်မှုတို့ကို အကြီးအကဲစန်း ခံစားရကာ “စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေက တွေ့ရခဲတယ်။ ကျန်းရှင်းရှုံကိုလည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်တာလို့ပြောနိုင်ပေမယ့် သူက အဆင့်အဲ့လောက်မမြင့်ဘူး။ မင်းရဲ့ ညီမလေးကြတော့ လုံး၀ကို ထိပ်ပိုင်းထဲကပါတာ”

“ကုန်မြေတစ်လျှောက်လုံးက စိတ်ဝိညာဉ်ခန္ဓာကိုယ် အသိုင်းအဝိုင်းထဲမှာတောင် သူမရဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ဖြစ်တဲ့ အသက်စွမ်းအင်ဝါးမျိုခြင်း သစ်ဓာတ်ခန္ဓာကိုယ်က မရှိသလောက်ရှားတယ်။ သူမ ကြီးထွားလာဖို့ဆိုရင် အသက်စွမ်းအင်ပမာဏ ကြီးကြီးမားမားကိုစုပ်ယူဖို့လိုတယ်။ နောက်ပိုင်းကျင့်ကြံမှုအဆင့်တွေမှာ သူမစုပ်ယူတဲ့ အသက်စွမ်းအင်တွေက မလုံလောက်ဘူးဆိုရင် ခန္ဓာကိုယ်က သူမကိုတောင် ပြန်ဝါးမျိုသွားလိမ့်မယ်”

စုရှောင်ရှန် အံ့အားသင့်သွားပြီး မေးလိုက်သည်။ “အဲ့တာဆိုရင် အသက်စွမ်းအင်ကို မုကျစ်ရှီက စုပ်ယူနေတာ အဆင်ပြေပါ့မလား”

အပြင်စည်းမှာတုန်းက ထာ၀ရအသက်စွမ်းအင်ကြောင့် သူ့အသက်စွမ်းအင်စုပ်ယူခံလိုက်ရတာက ပြဿနာကြီးကြီးမားမားမရှိပေမယ့် အခြားသူများကတော့ ကွဲပြားသည်။

သူတို့၏ အသက်စွမ်းအင်တွေ ခမ်းခြောက်သွားမယ်ဆိုရင် အလောင်းကောင်ခြောက်ကြီးများဖြစ်လာကြလိမ့်ပေမည်။

ဤသို့ ဝါးမျိုခြင်းမျိုးကို ဘယ်သူက သည်းခံနိုင်မည်နည်း။ ကမ္ဘာကြီးကတောင် သူတို့ကို တားမြစ်ထားလောက်ပေသည်။

အကြီးအကဲစန်းက ပြုံးကာ “အခြားနေရာမှာဆိုရင်တော့ ပြဿနာဖြစ်မှာပေါ့။ ဒါပေမယ့် သူမရဲ့ အသက်စွမ်းအင်ဝါးမျိုခြင်းသစ်ဓာတ်ခန္ဓာကိုယ် မကြီးထွားလာသေးခင်မှာ ငါတပြည့်တော်လိုက်တော့ အခြားသူတွေက ဘာလုပ်ရဲမှာလဲ။ ဒီကမ္ဘာကြီးထဲမှာ အသက်စွမ်းအင်အများကြီးနဲ့ နတ်သတ္တဝါကြီးတွေရှိလည်းရှိတာပဲ စိတ်ပူဖို့တော့မလိုဘူး။ မဟုတ်လည်း အသက်စွမ်းအင်စုစည်းခြင်းဆေးလုံးတွေနဲ့ အသက်ဆက်လို့ရတော့ အဆင်ပြေပါတယ်”

သူထင်ထားသလို အဖိုးကြီးက အံ့ဩစရာကောင်းပေသည်။ တိတ်တဆိတ်လေးစားနေရင်းက ထပ်မေးလိုက်သည်။ “ဒါပေမယ့်… သူမက အထိန်းအချုပ်လွတ်ကင်းသွားရင်ရော”

အကြီးအကဲစန်းက ‌ပြုံးရုံလောက်လေး ပြုံးကာ ထူးမခြားနားဖြေလိုက်သည်။ “အထိန်းအချုပ်လွတ်ကင်းတော့ဘာဖြစ်လဲ။ သူမက မိစ္ဆာသားရဲတွေထက် အစွမ်းထက်လာမှာမလို့လား။ အကြောင်းဖန်လို့ မိစ္ဆာသားရဲ ဆယ်ကောင်၊ အကောင်တစ်ရာလောက်အလား သန်မာသွားပြီလို့ ချဲ့ကာပြီးပြောမယ်ဆိုရင်တောင် နတ်ဘုရားနန်းတော်က အနီ၀တ်က ချက်ခြင်းဖြေရှင်းနိုင်တယ်”

စုရှောင်ရှန် မှင်တက်သွား၏။ အခြားရှုထောင့်တစ်ခုကနေကြည့်မည်ဆိုလျှင် တကယ် ကွဲပြားတာကိုတွေ့ရသည်။

သူစိတ်ပူနေသော အကြောင်းအရာကို အကြီးအကဲစန်းက စိတ်ပူစရာ လို့တောင် မသတ်မှတ်ထားပါလေ။

“အဟမ်း။ တကယ်က ကျုပ်ပဲ စိတ်ပူလွန်နေတာထင်တယ်”

အကြီးအကဲစန်း ခေါင်းကိုခါရမ်းလိုက်သည်။ “မဟုတ်ဘူး။ မင်းစိုးရိမ်တာက တကယ် အသုံးမ၀င်တာတော့မဟုတ်ဘူး။ တစ်နေ့နေ့မှာ မင်းရဲ့ ညီမလေးတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင် မင်းလည်း ရှောင်လွှဲနိုင်မှာမဟုတ်ဘူး”

စုရှောင်ရှန် အံ့အားသင့်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset