အကြီးအကဲစန်း၏ အမူအရာက အလွန်အမင်း အကျဉ်းတန်နေခဲ့၏။ ပြူတင်းပေါက်ဘောင်ကို လက်ဖြင့်တောက်ပြီး ဘယ်လိုပြောရမလဲ စကားစီနေတော့သည်။
“မိစ္ဆာသားရဲတွေက ကမ္ဘာကြီးအတွက်တော့ အန္တရာယ်ကောင်တွေကလွဲပြီး ဘာမှမဟုတ်ဘူး”
ထိုစကားအချီကိုက လေးနက်လွန်းနေလေပြီ။ စုရှောင်ရှန်ကို တည့်တည့်ကြည့်ပြီးတော့ အကြီးအကဲစန်း သူ့စိတ်ထဲက အရာတွေပြောတော့၏။
“သူတို့က ကမ္ဘာငယ်လေးတွေလို အပြင်ဘက်နယ်ပယ်တွေမှာသာ တည်ရှိပြီးတော့ တစ်သောင်းမှာ တစ်ကောက်လောက်သာပေါက်ဖွားတယ်။ ဒီလိုအခွင့်အလမ်းက နည်းပါးတယ်ဆိုပေမယ့် ကုန်းမြေတစ်ခုလုံးနဲ့ ခြုံငုံကြည့်ရင်… နယ်မြေကြီးငါးခု၊ အဆုံးအစမဲ့ သမုဒ္ဒရာတွေပါ ထည့်တွက်ရတော့ ကမ္ဘာငယ်လေးတွေက မိနစ်တိုင်းလိုလိုမှာကို ပေါ်ပေါက်လာနေတာပေါ့။ ဒါကြောင့် တစ်ရက်အတွင်းကို မိစ္ဆာသားရဲအကောင်တစ်ရာလောက် ပေါက်ဖွားဖို့က မဖြစ်နိုင်တာမဟုတ်ဘူး။ သူတို့ရဲ့ ခွန်အားကလည်း အနည်းဆုံး ဧကရာဇ်နယ်ပယ်လောက်မှာရှိတယ်”
စုရှောင်ရှန် ကြက်သေသေသွားသည်။ မိုမို့ထံက မိစ္ဆာသားရဲအကြောင်းကိုကြားခဲ့ရတယ်ဆိုပေမယ့် သူမက အကြီးအကဲစန်းနှင့် ဘယ်လိုယှဉ်နိုင်မှာလဲ။ ယခုမှ မိစ္ဆာသားရဲတွေရဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း ပထမဆုံးအကြိမ်အဖြစ်ကြားရခြင်းဖြစ်ပေသည်။
“တစ်ရာလောက်တောင်လား။ ပြီးတော့ အကုန်လုံးက ဧကရာဇ်နယ်မှာ” စုရှောင်ရှန်၏မျက်နှာထက်၌ မယုံကြည်နိုင်သော အမူအရာတို့ အထင်းသားပေါ်နေ၏။
သို့ဆိုပါက မီးခိုးမြူပုံရိပ်ကို ကမ္ဘာငယ်လေး၏ နိယာမတွေက မကန့်သတ်ထားဘူးဆိုရင် သူ့ကျင့်ကြံခြင်းအစစ်အမှန်က ဧကရာဇ်နယ်ပယ်မှာဖြစ်နေမှာပေါ့။
ထိုမှ စောနက “မင်းအသက်ရှင် နေသေးတာ တကယ်ကံကောင်းလို့ပေါ့ကွာ” ဆိုတဲ့ အကြီးအကဲစန်း၏ စကားကို နားလည်သွား၏။
၎င်းတို့က တကယ်ကို သာမန် အတွေးအမြင်ဖြင့် လိုက်မမှီနိုင်သော သတ္တဝါများဖြစ်ပေသည်။ အခြားနေရာ အခြားအချိန်၌ ထိုမီးခိုးမြူပုံရိပ်နှင့် တွေ့ရလျှင် စုရှောင်ရှန် မြေပြင်မှာ ဒူးထောက်နေလောက်ပြီးချေပြီ။
အကြီးအကဲစန်းက ခေါင်းအသာအယာညိတ်ကာ “ဒါတောင် ငါတို့ရှာတွေ့ထားတဲ့ မိစ္ဆာသားရဲနဲ့ပဲတွက်ထားသေးတာ။ နယ်မြေကြီးငါးခုကိုမရောက်လာသေးတဲ့၊ ရှာမတွေ့ထားသေးတဲ့ မိစ္ဆာသားရဲတွေဆို ပိုပြီးတော့တောင် အန္တရာယ်များမယ်။ သူတို့က ပြဿနာတွေကြားထဲက တကယ့် ပြဿနာတွေပေါ့”
“ဒီလို ကမ္ဘာငယ်လေးတွေဖြစ်ပေါ်လာတာက နှစ်နဲ့ချီပြီးဖြစ်နေတာဆိုတော့ မရေမတွက်နိုင်တဲ့ မိစ္ဆသားရဲတွေက ချိတ်ပိတ်ခံရတာမဟုတ်ရင် အမြဲအသတ်ခံရတာချည်းပဲ။ ဒီလောက်လုပ်နေတဲ့ကြားက အသက်ရှင်ကျန်ရစ်တဲ့အကောင်တွေ ဘယ်လောက် ကြောက်စရာကောင်းမလဲတွေးကြည့်လိုက်။ သူတို့သာ တစ်စုတစ်ပေါင်းတည်းစည်းလုံးသွားရင် ဘာဖြစ်လိမ့်မလဲ”
ထိုစကားကို ဘယ်လိုခွန်းတုန့်ပြန်ရမလဲ စုရှောင်ရှန် မသိပေ။
သူ့ကျင့်ကြံခြင်းနယ်ပယ် အဆင့်နိမ့်နိမ့်ကလေးဖြင့် ထိုသို့ အံ့ဩဖွယ်ရာကောင်းသည့် အရာကို စိတ်ကူးယဉ်နိုင်ခြင်းငှာ မစွမ်းသာပါပေ။
သို့ဖြင့် “ကမ္ဘာပျက်မယ်၊ လူသားတွေမျိုးသုဉ်းမယ်”
အကြီးအကဲစန်း ဖျော့တော့တော့ ပြုံးလိုက်ပြီး “ဒါတော့ချဲ့ကားလွန်းရာကျသွားပြီပေါ့”
ထို့နောက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးမှ စကားဆက်လိုက်၏။
“သူတို့ကဘာဖြစ်ဖြစ် လူတိုင်းသတ်ပစ်ချင်နေကြတဲ့ လမ်းဘေးက ကြွက်တွေပဲလေကွာ။ သူတို့ဟာသူတို့ ဘယ်လောက်ကြီးကြီး ဘယ်လောက်အကောင်များများ ကြွက်ကကြွက်ပဲ။ ဒီလိုကြွက်တွေကို စောင့်ကြပ်ဖို့လည်း လူတစ်ချို့က အမြဲရှိမှာပဲ။ ဒါပေမယ့် ကမ္ဘာငယ်လေးတွေ ဖြစ်ပေါ်လာတာ မရပ်မချင်းတော့ ဒီအမှောင်ခေတ်ကြီးက သံသရာလည်နေဦးမှာပဲ”
“ဘယ်သူက စောင့်ကြပ်ကြတာတုန်း” စုရှောင်ရှန်မေးသည်။
“မြင့်မြတ်နတ်ဘုရားနန်းတော်”
ကျန်းပင်းယန်ကို တွေးမိသွားပြီး သူက “ဒီလိုလူတွေစောင့်ကြပ်တာအပေါ် တကယ် မှီခိုတယ်ပေါ့”
ကျန်းပင်းယန်ကလည်း သန်မာပေမယ့်လို့ မီးခိုးမြူပုံရိပ်နှင့်ယှဉ်လျှင်တော့… ။
ဘုတ်…။
စုရှောင်ရှန်၏ ခေါင်းကို အကြီးအကဲစန်း ထုကာ ငေါက်လိုက်သည်။ “မြင့်မြတ်နတ်ဘုရားနန်းတော်က ကုန်းမြေကြီးရဲ့ နံပါတ်တစ် အဖွဲ့အစည်းကြီးကွ။ မင်းမြင်နေရတာက ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ရေခဲထိပ်ပိုင်းပဲရှိသေးတယ်။ ဒီလိုပဲ မြင့်မြတ်နတ်ဘုရားနန်းတော်မှာ မိစ္ဆာသားရဲတွေကို ကိုင်တွယ်ဖို့အတွက် အနီ၀တ်လို့ခေါ်တဲ့ အထူးတပ်ဖွဲ့တစ်ခုရှိတယ်”
“အနီ၀တ်ဟုတ်လား” မျက်နှာဖုံးတပ်လူ ဒုတိယတစ်ကြိမ်လာရောက်တိုက်ခိုက်တုန်းက အကြီးအကဲကျောက် အဖြူ၀တ်လူတွေလို့ ပြောလိုက်တာ မြင်ယောင်မိပြီး မျက်ခုံးများပင့်လိုက်သည်။
“အဖြူ၀တ်နဲ့ အနီ၀တ်က ဘာကွာလို့တုန်း”
“အနီက မိစ္ဆာသားရဲသတ်ပြီး အဖြူက လူသတ်တယ်”
ဤသို့ ရိုးရှင်းကြမ်းတမ်းသော တည့်တိုးဆန်သည့် စကားလုံးများကို ကြားရမယ်ဟု မထင်ထားပါပေ။
အသေအချာ တွေးတောလိုက်ပြီး နောက်မှာ စုရှောင်ရှန်က ဆက်၍ “ဆိုတော့ နတ်ဘုရားနန်းတော်က မိစ္သာသားရဲတွေသတ်ပြီး ကမ္ဘာကို ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးနေတာပေါ့”
ကမ္ဘာကြီးကိုငြိမ်းချမ်းအောင်ဆောင်ရွက်ပေးတယ်ဆိုတဲ့ စကားကြောင့် အကြီးအကဲစန်း၏ နှုတ်ခမ်းများ ကဲ့ရဲ့သလို ကွေးတက်သွားကာ သာမန်ကာလျှံဆိုလိုက်၏။ “ဒီလိုပဲပေါ့”
“ဒါပေမယ့် အဲ့တာက သူတော်စင်အစေအပါးနဲ့ ဘာပတ်သက်လို့လဲ” အကြီးအကဲစန်း၏ မျက်နှာထက်က ထူးဆန်းသော အမူအရာကို မရိပ်မိဘဲ သူက ဆက်ပြီးတော့ မေးလိုက်သည်။ မိစ္ဆာသားရဲက သူတော်စင်အစေအပါးနဲ့ ဘာမှလည်းမဆိုင်ဘူး။
“စောနက မေးခွန်းကိုပြန်သွားရရင်…” အကြီးအကဲစန်း ကြမ်းခင်းပေါ်တွင်ထိုင်ချကာ အခြားတစ်ဘက်ကို ပုတ်ပြလိုက်သည်။ ဒီနားမှာ စုရှောင်ရှန်လာထိုင်ပါပေါ့။
“မိစ္ဆာသားရဲတိုင်းက အစွမ်းထက်တယ်ဆိုပေမယ့် အဖွဲ့လိုက်လုပ်ဆောင်ရတယ်ဆိုတာ ဘာလဲမသိကြဘူး။ အေးပေါ့ချွင်းချက်အနေနဲ့ မျိုးနွယ်စုတစ်ခုကို ဦးဆောင်နေတဲ့သူ ဒါမှ မဟုတ် မိစ္ဆာသားရဲကို လက်နက်အနေနဲ့ အသုံးပြုချင်တဲ့ ရည်ရွယ်ချက်နဲ့လူတွေ ဘာညာနဲ့တော့ ရှိမှာပေါ့”
စုရှောင်ရှန် အကြီးအကဲစန်းဘေးနားမှာထိုင်ပြီး ဖင်တောင်မပူသေးဘူး ချက်ခြင်း ဆတ်တကည်းပြန်ထလိုက်ပြီး “ဒါဆို မျက်နှာဖုံးတပ်လူက မိစ္ဆာသားရဲပေါ့”
အကြီးအကဲစန်း ပြောစရာစကားများပျောက်သွားသည်။
ဒီကောင် ဘယ်လို ဦးနှောက်နဲ့တွေးလိုက်တာလဲ။
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
အကြီးအကဲစန်းဘာမှထပ်မပြောဘဲ မျက်နှာသေကြီးဖြင့် ကြည့်နေတာကို မြင်ပြီး သူလည်း အဖြေကို သဘောပေါက်သွားပါသည်။ ထိုမှ စိတ်လျော့နိုင်သွားကာ ပြန်ထိုင်လိုက်၏။
“မျက်နှာဖုံးတပ်လူက မိစ္ဆာသားရဲမဟုတ်တော့ မိစ္ဆာသားရဲက သူတို့ရဲ့ ပစ်မှတ်များဖြစ်နေတာလား” အကြီးအကဲစန်း တစ်ခုခုပြောရန်လိုအပ်သလိုခံစားလိုက်ရ ပေမယ့် ဘာပြောရမှန်းမသိပါချေ။
သို့ဖြင့် အင်တင်တင်ကြီးခေါင်းညိတ်လိုက်ရသည်။
စုရှောင်ရှန် ဘာမှ ဆက်မပြောဘဲ အသေအချာ စဉ်းစားလိုက်ကာ “ခင်ဗျားပြောသလိုဆို မျက်နှာဖုံးတပ်လူက စိတ်ဝိညာဉ်နန်းတော်ကို မိစ္ဆာသားရဲအတွက်လာခဲ့ပြီးတော့ နှင်းမြို့တော်ရဲ့ အလွမ်းကြောင့်မဟုတ်ဘူးပေါ့။ မိုမို့အကြောင်းသူတို့ဘာသိလို့တုန်း။ ဒါမှမဟုတ် မိုမိုက သူတော်စင်အစေအပါးကများဖြစ်နေမလား”
အကြီးအကဲစန်း ပြုံးလိုက်သည်။ ၎င်းက စုရှောင်ရှန်လို ကလေးတစ်ယောက် ဖြေရှင်းနိုင်သော ပုစ္ဆာတစ်ခုမဟုတ်ပေ။
သေရည်တစ်အိုးထုတ်ယူလိုက်ပြီး သောက်ကာ စုရှောင်ရှန် ဘယ်လို အဖြေရှာမလဲ စောင့်နေလိုက်သည်။
စုရှောင်ရှန် အတန်ကြာအောင်မျက်မှောင်ကြုတ်နေပြီးမှ တစ်ခုခုကို နားလည်သလိုရှိသွားပြီး ပြန်ပြေလျော့သွားသည်။
“မဟုတ်တာ… မိုမိုက သူတော်စင်အစေအပါးက မဖြစ်နိုင်လောက်ဘူး…။ ထျန်းရွှမ်တံခါးထဲက သူမရဲ့ စကားအရဆို သူတော်စင်အစေအပါး တည်ရှိတယ်ဆိုတာတောင် သိမှာမဟုတ် လောက်ဘူး။ သူမရဲ့အပြုအမူက လှိုဏ်ဂူဖြူက သူမကို ပူးကပ်ထားတဲ့ မိစ္ဆာသားရဲကြောင့်ဖြစ်ရမယ်”
“လှိုဏ်ဂူဖြူ…”
စုရှောင်ရှန် အတွေးပေါက်သွားကာ အကြီးအကဲစန်းကို ကြည့်ပြီး ထအော်ပြောလိုက်သည်။ “ကျုပ်သိပြီ”
လှိုဏ်ဂူဖြူကို ဆက်စပ်မိပြီးတော့ စုရှောင်ရှန်ဘယ်လို နားလည်သဘောပေါက်သွားလဲ အကြီးအကဲစန်း မှင်တက်သွား၏။
သူပါးစပ်မဟရသေးခင်မှာ စုရှောင်ရှန်ထံက အသိဉာဏ်အလင်းတန်းများဖြာထွက်လာတာ ထင်ယောင်ထင်မှား မြင်လိုက်ရသည်။
“သူတော်စင်အစေအပါးတွေရဲ့ အပြင်ပန်းက ပစ်မှတ်က နာမည်ကြီးဓားဆိုပေမယ့် တကယ်က ဓားအိမ်ကို ယူဖို့ တိတ်တဆိတ် ပြင်ဆင်ထားတာဖြစ်ရမယ်။ ဓားနတ်ဘုရားကိုင်ဆောင်ခဲ့တဲ့ ဓားအိမ်ဆိုတော့ သာမန်ဆို မိစ္ဆာသားရဲနဲ့ ဘာမှမဆိုင်လောက်ဆိုပေမယ့် သူတို့ရှာနေတယ်ဆိုမှတော့ မိစ္ဆာသားရဲနဲ့ တစ်နည်းနည်းနဲ့ ဆက်နွယ်နေလို့ဖြစ်ရမယ်”
“မိုမို့စကားအရလည်း သူမက လှိုဏ်ဂူဖြူအနားမှာ မိစ္ဆာသားရဲပူးခံရတဲ့ ပထမမျိုးဆက်ဖြစ်တယ်။ လှိုဏ်ဂူဖြူကလည်း မိစ္ဆာသားရဲ မွေးဖွားနိုင်ချေများတော့ သူတော်စင်အစေအပါးကတော့ အဲ့တာကို စောင့်ကြည့်မှာပဲ။ တိုတိုပြောရရင် သူတို့က မိုမို့ကိုရှာတာ ဒါပေမယ့် မတွေ့ခဲ့ဘူး။ ဒါကြောင့် မိစ္ဆာသားရဲ တွေ့နိုင်တဲ့ လှိုဏ်ဂူဖြူထဲ၀င်ပြီး သဲလွန်စရှာလိမ့်မယ်”
အကြီးအကဲစန်း၏ မျက်နှာပေါ်က အမူအရာကိုမြင်သောအခါ စုရှောင်ရှန် သူပြောနေတာများ ပို၍ သေချာသလိုရှိသွားပြီးတော့ “ကမ္ဘာငယ်လေးပွင့်မှာက လွယ်တာတော့မဟုတ်ဘူး။ အထူးသဖြင့် မိစ္ဆာသားရဲ မွေးတဲ့ကမ္ဘာငယ်လေးတွေဆို ပိုဆိုးတယ်”
ထို့နောက် ဘာဆက်ပြောရမလဲ တစ်ခဏ စဉ်းစားလိုက်ပြီးတော့မှ “လှိုဏ်ဂူဖြူ၊ လှိုဏ်ဂူဖြူနဲ့ ဖြစ်နေတာ အဲ့တာက ပြန်ပွင့်လာတော့မှာမလား”
အကြီးအကဲစန်း ထိုင်တောင်မထိုင်နိုင်တော့ဘဲ ထိတ်လန့်နေသော မျက်နှာကြီးဖြင့် ထရပ်လိုက်၏။
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“အနက်ရောင်ဓားဆိုမှ ဓားနတ်ဘုရားရဲ့ အကျွင်းအကျန်ဖြစ်တဲ့ နံပါတ်လေးဓားကိုလည်း အဲ့မှာ တွေ့ရမှာပဲ”
ဘန်းးး..။
အကြီးအကဲစန်း၏ လက်ထဲက ဝိုင်အိုးတောင် ပြုတ်ကျသွားပြီး လူလည်း အနောက်ကို ယိုင်တိုင်တိုင် ဆုတ်သွားလိုက်ရသည်။
: [သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဓားအိမ်ကိုပိုင်ဆိုင်တဲ့လူက မပြိုင်ခင်က အသာစီးရနေတယ်ဆိုသလို နံပါတ်လေးဓားကို ယှဉ်လုတဲ့နေရာမှာ ပိုပြီး မျက်နှာသာရမှာပဲ။ ဒါဆို မိစ္ဆာသားရဲတွေနဲ့ပတ်သက်တဲ့ သဲလွန်စရမယ်”
အကြီးအကဲစန်း အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး စုရှောင်ရှန်ကို ပြန်ကြည့်လိုက်ရာ ဟိုက အဓိပ္ပာယ်ရှိရှိပြုံးပြနေတာကိုမြင်ရသည်။
“အဖိုးကြီး ကျုပ်ကို တစ်လအတွင်းပြန်လာဖို့ပြောတာ အဲ့အချိန်က လှိုဏ်ဂူဖြူ ဖွင့်တဲ့အချိန်မလို့်မလား”
ဘုတ်…။
အကြီးအကဲစန်း ကြမ်းခင်ပေါ်ကို ဖင်ထိုင်ကျသွားသည်။
“ဒါက…”