Switch Mode

အခန်း (၂၄၄)

လျှို့ဝှက် ဆက်နွယ်မှုကြီး

မုကျစ်ရှီနှင့် နောက်ဆယ်ရက်အကြာမှာ ပြန်တွေ့ဖို့ စုရှောင်ရှန် သဘောတူပြီးသောအခါ ကလေးမလေး စာကြည့်တိုက်ထဲက ထွက်သွားတာကို ကြည့်နေလိုက်သည်။ ယခုတော့ အကြီးအကဲစန်းနှင့် သုံးလွှာမှာ နှစ်ယောက်သားကျန်တော့သည်။

“ဘာကျန်သေးတုန်း” သူ့ကိုကြည့်ကာ အကြီးအကဲစန်းမေးလိုက်သည်။

စုရှောင်ရှန်လည်း ခေါင်းညိတ်ပြလိုက်ပြီး သူခေါင်းခြောက်နေသည့်အကြောင်းအရာများကို ထုတ်ဖော်ပြောကြားလိုက်၏။ ဤအဖိုးကြီးက တမူထူးခြားပြီး သာမန်လုပ်ထုံးလုပ်နည်း အတိုင်းမလုပ်ဘူးဆိုပေမယ့် သူပိုင်ထားတဲ့ အတွေ့အကြုံနဲ့ ဉာဏ်ပညာတို့က သူမတူအောင်ရှိပေလေသည်။

“ကျုပ် တစ်ချို့ ပြဿနာလေးတွေကို အဖြေရှာမရဖြစ်နေတယ်”

“ဘာများတုန်း ပြောလေ”

စုရှောင်ရှန် ကျင့်ကြံခြင်းကလွဲပြီး အခြားအကြောင်းအရာမေးမယ်ဆိုတာကြောင့် အကြီးအကဲစန်း၏ မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာခဲ့၏။

စုရှောင်ရှန်က တိတ်တခိုးနာကျင်ခြင်းကို ထုတ်ယူကာ အနက်ရောင်ဓားအိမ်ထဲက ဆွဲထုတ်လိုက်သည်။ “ထျန်းရွှမ်တံခါးထဲမှာ လျှိုလင်းလင်းနဲ့ တွေ့တုန်းက သူမကိုကြည့်ရတာ ဒီအရာကို အသည်းအသန်လိုချင်နေတဲ့ပုံပဲ။ ပြောရရင် သူတော်စင် အစေအပါးတို့ရဲ့ ရည်ရွယ်ချက်ပေါ့”

ဒီဓားအိမ်က သူတော်စင်အစေအပါးနှင့် ပတ်သက်နေတာကြောင့် အကြီးအကဲစန်းဘာအမူအရာမှ မဖော်ပြဘဲ မျက်နှာသေကြီးဖြင့် နေလိုက်သည်။

“ပြောထားရဦးမယ်။ ခုမင်းရဲ့ ကျင့်ကြံခြင်းနယ်ပယ်လေးနဲ့ ဒီအဖိုးကြီးက သူတော်စင်အစေအပါးအကြောင်းကို မပြောပြနိုင်ဘူးနော်။ မဟုတ်ရင် မင်းအတွက်ပဲ အန္တရာယ်ကိုဖိတ်ခေါ်သလိုဖြစ်သွားလိမ့်မယ်”

အကြီးအကဲစန်း ဘာလို့ မပြောချင်ရသလဲ စုရှောင်ရှန် ‌တွေးမရဖြစ်နေ၏။

မျက်နှာဖုံးတပ်လူက သူ့အပေါ်မှာ ဒုတိယတစ်ကြိမ် အကြည့်စိုက်ထားတာလောက် အန္တရာယ်များတာ မရှိတော့တာကို အကြီးအကဲစန်းက ဘာတွေဖုန်းကွယ်ချင်နေရတာလဲ။

“ကျုပ်က သူတော်စင်အစေအပါးအကြောင်းမေးမလို့လဲ မဟုတ်ပါဘူး”

သူ့ဆက်မေးလည်းမဖြေမှာသိတာကြောင့်လဲ စုရှောင်ရှန်က နောက်တစ်ခုကိုထပ်ဆက်လိုက်သည်။ “ကျုပ်သိချင်တာက ထျန်းရွှမ်တံခါးတစ်ခုလုံးမှာ ရတနာ(၁၂) ခုရှိတာကို သူတို့က ဒီတစ်ခုအပေါ်မှာပဲ အာရုံစိုက်ထားရတာလဲ။ ပြီးတော့ ဒီဓားအိမ်အတွက် စိတ်ဝိညာဉ်နန်းတော်မှာ နှစ်ရှည်လများ ပုန်းသျှိုး‌၀င်ရောက်လာတဲ့ လျှိုလင်းလင်းကိုတောင် ထုတ်ဖော်ဖို့ မတွေဝေသွားဘူး။ ဘယ်လိုကြည့်ကြည့် လုံး၀ မတန်ဘူး”

စုရှောင်ရှန် နောက်ထပ်မဆက်ခင်မှာ မျက်နှာအမူအရာကို တည်နိုင်သလောက်တည်လိုက်ပြီးတော့ “ဒီဓားအိမ်က ကျုပ်ထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးနေတယ်မလား”

အကြီးအကဲစန်း အံ့အားသင့်သွားပေမယ့် စုရှောင်ရှန်၏ အမေးကို မျှော်လင့်ထားသလို အမူအရာပြသလိုက်သည်။

“မဆိုးဘူး မြင်သားပဲ” အကြီးအကဲစန်းတစ်ဘက်သို့လှည့်ကာ လက်နောက်ပစ်လိုက်သည်။ သူ့မျက်နှာတွင်လည်း အတိတ်ကိုမြင်ယောင်သလို အမူအရာမျိုးဖြင့် “ငါပြောတဲ့ ဓားနတ်ဘုရားကိုမှတ်မိမှာပေါ့”

“အင်း” ဘာလို့ ပန်ကျုအန်ကို စကားထဲထည့်ပြောလာရသလဲ စုရှောင်ရှန် နားမလည်ဖြစ်သွားသည်။

“ဒီဓားအိမ်က သူ့ရဲ့ဓား၊ နံပါတ်လေးဓားရဲ့ ဓားအိမ်”

ထိုဓားအိမ်နက်ကြီးက ဓားနတ်ဘုရားကိုင်ဆွဲသော နံပါတ်လေးဓား၏ ဓားအိမ်ဖြစ်နေမယ်မထင်ထားတာကြောင့် စုရှောင်ရှန် အံ့အားသင့်သွား၏။

ထိုမှ ဓားလက်ချောင်းဆယ်ခန်း၊ ဓားဆန္ဒသက်သက်တည်းဖြင့် တိုက်ခိုက်ခြင်းလမ်းစဉ်၊ သာမန်အတွေးစွမ်းအားတို့ကို ဆက်၍ မြင်ယောင်လိုက်သည်။ ထိုအရာသုံးခုလုံးက ဤဒဏ္ဌာရီလာ ပုံရိပ်ဖြင့် သက်ဆိုင်နေပေသည်။

တိုက်ဆိုင်မှုကြောင့်လော…။

“နံပါတ်လေးဓားရဲ့ ဓားအိမ်…”

ဤဓားအိမ်ကြီး၏နောက်မှာ ဖုန်းကွယ်ထားသော အရာနှင့် အချိတ်အဆက်တွေကို တွေးမိသွားပြီး စုရှောင်ရှန်၏မျက်လုံးများ ကျဉ်းမြောင်းသွား၏။ အနက်ရောင်ရေတံခွန်အောက်က ကျောက်ဖြာကြီးမှာလည်း ပန်ဟူသည့် စာလုံးကို သူတွေ့ခဲ့ရသည်မဟုတ်ပါလား။

ဓားနတ်ဘုရားများ ထျန်းရွှမ်တံခါးထဲကိုလာပြီး သူ့နာမည်လာထွင်းသွားတာလားလို့ စုရှောင်ရှန် အတွေးပေါက်သွား၏။

ဒါပေမယ့် ဘာလို့ ဒီလို ဒဏ္ဌာရီလာ လူတစ်ယောက်က ထျန်းစန်းနန်းတော်နဲ့ အချိတ်အဆက်ရှိနေနိုင်မှာလဲ။ ပြီးနောက် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို စုရှောင်ရှန်တွေးမိသွားပြီး “မျက်နှာဖုံးတပ်လူက…”

အကြီးအကဲစန်း ခေါင်းကိုခါရမ်းကာ သူ့ကို ကြား၀င်ဖြတ်လိုက်သည်။ “ဒီအဖိုးကြီးပြောထားသလိုပဲ သူတော်စင်အစေအပါးအကြောင်းကို လုံး၀ပြောမှာမဟုတ်ဘူး”

“ချီးပဲ”

“ဘာကြီး” အကြီးအကဲစန်း နောက်ကိုချက်ခြင်းလှည့်လာပြီး တင်းမာနေသော မျက်နှာထားဖြင့် “ဘာပြောလိုက်တယ်”

“အဟွတ် အဟွတ် ဘာမှမပြောပါဘူး”

စုရှောင်ရှန်သူ့ခေါင်းကို ရှက်ကိုးရှက်ကန်းကုတ်လိုက်သည်။ အကြီးအကဲစန်း၏ အရှေ့မှာ သူ့စိတ်အတွင်းက မကျေနပ်ချက်တွေ ပေါက်ကွဲထွက်သွားမယ်လို့ မထင်ထားပါလေ။

‘ချုပ်တည်းထားစမ်း။ ခုက အချိန်မကျသေးဘူး’

နောက်ဆယ်နှစ်ကြာလို့ သူ့ကျင့်ကြံခြင်းနယ်ပယ် ထိပ်ဆုံးကိုရောက်လာတဲ့အခါ အကြီးအကဲစန်းကို ရိုက်နှက်ပစ်လိုက်မည်ဟု စုရှောင်ရှန် အားခဲထား၏။ သို့ပေမယ့် ထိုအတွေးကို အကြီးအကဲစန်း၏ ကြောက်မက်ဖွယ်ရာ ခန္ဓာကိုယ်ခွန်အားဖြင့် အထိုးခံရတဲ့ညမှာပဲ ဘေးပစ်ထားလိုက် တော့သည်။

အကြီးအကဲစန်းကို သာမန်နည်းလမ်းဖြင့် အနိုင်ယူနိုင်မည် မဟုတ်တာကြောင့် သည်းခံရုံမှတစ်ပါးမရှိတော့ချေ။

စုရှောင်ရှန်ကို ကြည့်ပြီးတော့ အကြီးအကဲစန်း သက်ပြင်းချလိုက်သည်။ “မင်းရဲ့ ဓားအိမ်ကို လျှောက်ထုတ်ပြမနေနဲ့။ လူတိုင်းကလိုချင်နေတာ၊ ကိုယ့်ဒုက္ခကိုမရှာနဲ့။ အနာဂါတ်မှာလည်း အရေးပါလာဦးမှာဆိုတော့ သေချာသိမ်းထား”

အနက်ရောင်ဓားအိမ်ကို ကျော၌လွယ်ပြီး ဟန်မထုတ်နိုင်တော့တာကိုတော့ သူနှမျောမိသည်။ သို့ဖြင့် အကြီးအကဲစန်း၏ အကြံပေးချက်ကို ခေါင်းညိတ် သဘောတူလိုက်ပြီး နောက်ထပ် ပစ္စည်းတစ်ခုဖြစ်တဲ့ ချိတ်ပိတ်ခြင်းကျောက်တုံးကို ထုတ်ယူလိုက်၏။

အကြီးအကဲစန်း အမြင်များမှားနေသလား မျက်လုံးများကို ပွတ်သပ်ပြီး ၎င်းကိုအသေချာအကြည့်လိုက်ပြီးနောက်မှာ ဒေါသထွက်သွားတော့သည်။

“ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်ထိန်းထားပေးတဲ့ ရတနာ။ ချိတ်ပိတ်ခြင်းကျောက်တုံးမလား…”

“အင်း”

“မင်းထျန်းရွမ်တံခါးထဲကနေ ရတနာဘယ်နှစ်ခုတောင်ယူလာတာလဲဟ” ရုတ်တရက် အရေးကြီးတာကို သတိရသွားပြီး မေးလိုက်သည်။

“လေးခု။ အာ … ဒါက အရေးမကြီးပါဘူး တကယ်က…”

“လေးးးးခု” အကြီးအကဲစန်း၏ မျက်နှာဖြူဖျော့သွားပြီး သူ့ကောက်ရိုးခမောက်ကိုတောင် မချွတ်တော့ဘဲ အောက်က လျှိုပြီး တဗျစ်ဗျစ်ကုတ်လိုက်သည်။ “အဲ့တော့ ထျန်းရွှမ်တံခါးပျက်ဆီးအောင်လုပ်တာ မင်းပေါ့ဟ…”

“ဘယ်ကသာ ကျုပ်က တစ်၀က်လောက်ပဲတာ၀န်ရှိတာပါ။ ဒါက အရေးမကြီးပါဘူးဆို… တကယ်အရေးကြီးတာက…” စောနက သူပြောနေသည့် စကားကိုဆက်ရန် စုရှောင်ရှန် ကြိုးပမ်းလိုက်၏။

“မင်းကြောင့်ဖြစ်တာ ဟုတ်လား မဟုတ်ဘူးလား” အကြီးအကဲစန်း အသံနက်ကြီးဖြင့် အော်သည်။

“အာ” စုရှောင်ရှန်က ချီတံချတုံဖြင့် အားအင်ချိနဲ့စွာ “ဆိုပါတော့…”

အကြီးအကဲစန်း၏ မျက်နှာ အရောင်စပြောင်းလာသည်ကိုမြင်သောအခါ အလျင်အမြန်ပဲ “ဒီကိစ္စကို ခေါင်း‌ဆောင်ရဲ့ လည်းသိပြီးပါပြီ။ သူကတောင် ကျုပ်ကို ဒီလိုယူနိုင်တဲ့အတွက်ချီးကျူးနေသေးတာဗျ။ တခြား ဆုလဒ်တွေလည်းပေးမယ်ပြောထားပေမယ့် သူမေ့နေတယ်။ တွေ့ရင်ပြောပေးပါဦး”

အကြီးအကဲစန်း ပြောစရာစကားများပျောက်ရှသွား၏။

စုရှောင်ရှန်၏ စကားများကြောင့် အတန်ငယ် စိတ်ရှုပ်သွားခဲ့ပြီး ခေါင်းပြန်ရှင်းသောအခါတွင် “စကားကိုဝေ့လည်ကြောင်ပတ်မပြောနဲ့။ မှန်မှန်ပြောစမ်း…”

“ အဖိုးကြီး ခင်ဗျား မိစ္ဆာသားရဲတွေအကြောင်းသိလား” စုရှောင်ရှန် စကားလမ်းကြောင်းချက်ခြင်း ကြားဖြတ်ပြောင်းလိုက်သည်။

မိစ္ဆာသားရဲဆိုတဲ့စကားလုံးက အကြီးအကဲစန်း၏ အာရုံကို ချက်ခြင်းဖမ်းစားသွား‌လေသည်။ သို့ပေမယ့် ဘယ်လိုသိတယ် ဘာညာသိတယ်တော့ မထုတ်ဖော်လိုက်ပါပေ။

‘ရတနာ ကိစ္စနဲ့ခေါင်းဆောင်လက်ထဲကတောင် ကံကောင်းပြီးလွတ်လာတာ အဖိုးကြီးရဲ့ လက်ထဲမှာ လျှောလို့တော့မဖြစ်ဘူး’ စိတ်ထဲကပြောလိုက်သည်။

စုရှောင်ရှန် ထိတ်လန့်နေရသည်က အကြီးအကဲစန်းက အကြောင်းစုံသိသွားလျှင် မိုမို့ကိုသွားသတ်လိုက်မည်ဖြစ်၏။ အဖိုးကြီး၏ အကျင့်အရတော့ ထိုသို့ လုပ်ကိုလုပ်ပေလောက်သည်။

“မိစ်ဆာသားရဲလား”

စုရှောင်ရှန် စကားလမ်းကြောင်းပြောင်းတာ အောင်မြင်သွားပြီး အကြီးအကဲစန်း၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။ “မင်းဘယ်လိုသိတာလဲ”

သူ့လေသံက တည်ငြိမ်နေပေမယ့် အကြီးအကဲစန်း ပြောစရာစကားရှာမရအောင် အံ့အားသင့်နေရပေသည်။

စုရှောင်ရှန်ကို အန္တရာယ်ဖြစ်စေမှာစိုးလို့ အစက မသိသင့်မသိထိုက်တာတွေကို မပြောသေးဘူး ကြံထားခြင်းဖြစ်သည်။ သို့ပေမယ့် မမျှော်လင့်ထားစွာ စုရှောင်ရှန်က သိနှင့်ပြီးဖြစ်နေ၏။

ရုတ်တရက် စုရှောင်ရှန်ကြောင့် အနာဂါတ်မှာ အရာအားလုံးက အစီအစဉ်ချထားသလို မဖြစ်မှာကို မသက်မသာခံစားချက်ကြီးရနေတော့သည်။

“မိစ္ဆာသားရဲတွေအကြောင်းကို ပြောပြပါလား” နောက်တစ်ခေါက်ထပ်ပြောသည်။

အကြီးအကဲစန်း၏ မမူမှန်သော မျက်နှာထားနှင့် သူ့အသိပေးချက်ဖန်သားပြင်မှာ “သံသယ၀င်ခံရပါသည်” ဟူသည့် အသိပေးချက်ပင် ပေါ်လာသောကြောင့် အံ့အားသင့်သွား၏။ မိစ္ဆာသားရဲနှင့်ပတ်သက်သည့် ကိစ္စက အင်မတန် ရှုပ်ထွေးပေတော့မည်။

အဆုံးမှာ အကြီးအကဲစန်းကို ထျန်းရွှမ်တံခါးထဲက မီးခိုးမြူပုံရိပ်နှင့် ဘယ်လိုဘယ်ပုံတွေခဲ့ရကြောင်းကို အသေးစိတ်အချက်အလက်ကျကျရှင်းပြလိုက်၏။

သို့ပေမယ့် ထျန်းရွမ်တံခါးအတွင်းကြုံတွေ့ခဲ့ရတာ အများစုကိုတော့ မပြောပါချေ။ ၎င်းတို့က သူ၏ ဝှက်ဖဲများနှင့် မိစ္ဆာသားရဲအပေါ်ကို ဘယ်လိုနားလည်သလဲဆိုတာတို့ဖြစ်သည်။ သူ၏ ခန့်မှန်းချက်တွေက ဟုတ်သလားမဟုတ်သလားမသိ အတည်ပြုဖို့လိုသေးသည်။

အကြီးအကဲစန်း အတန်ကြာတိတ်ဆိတ်နေပြီးနောက်မှ ပြောလိုက်သည်။ “ဆိုတော့ မိုမို့ကိုယ်ထဲကို အဲ့အရာကို မင်းပြန်ချိတ်ပိတ်လိုက်တယ်ပေါ့” အကြီးအကဲစန်းမေးသည်။

“ဟုတ်တယ်။ ကံကောင်းလို့ပေါ့ ကမ္ဘာငယ်လေးရဲ့ နိယာမတွေက အဲ့အရာကို ထိန်းချုပ်ထားတာ။ ကျုပ်တစ်ချက်ထိုးလိုက်တာနဲ့ လဲကျသွားရော”

“ဟင်း” အကြီးအကဲစန်း၏ မျက်နှာထက်၌ အကျဉ်းတန်သော အမူအရာရှိနေပြီးတော့ သုန်မှုန်သော လေသံဖြင့် “မင်းအသက်ရှင် နေသေးတာ တကယ်ကံကောင်းလို့ပေါ့ကွာ”

“ဟမ်” စုရှောင်ရှန် ဟာသမလုပ်ရဲတော့ဘဲ အကြီးအကဲစန်းကို မျက်နှာသေကြီးဖြင့်ပြောလိုက်သည်။ “အဲ့လောက်တောင်လား”

အကြီးအကဲစန်း ဘာမှ ပြန်မပြောဘဲ စိတ်ဝိညာဉ်အာရုံကို ဖြန့်ချက်လိုက်ပြီး တစ်ခဏ အကြာ ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်ပြီးတော့ “မိုမိုက စိတ်ဝိညာဉ်နန်းတော်ထဲမှာမရှိတော့ဘူး။ ကြည့်ရတာ သူမက ဒုတိယ သူလျှိုဖြစ်ရမယ်”

အကြီးအကဲစန်း စိတ်ဝိညာဉ်နန်းတော်တစ်ခုလုံးကို စိတ်ဝိညာဉ်အာရုံဖြင့် ဘယ်လိုကြည့်လိုက်နိုင်တာလဲ စုရှောင်ရှန် ကြက်သေသေသွား၏။ ဒီလိုလုပ်နိုင်ဖို့ သူ့ကျင့်ကြံခြင်းက ဘယ်လောက်တောင် အစွမ်းထက်ဖို့ လိုလိမ့်မလဲ။

ရုတ်တရက် ဘွဲ့လွန်ဖို့နေ့ရက်တွေက လက်လှမ်းတစ်ကွာစာလေးကနေ ဖြတ်ကတည်း ပျောက်သွားတာ ခံစားလိုက်ရသည်။

“မင်းတကယ် သူတော်စင်အစေအပါးအကြောင်းကိုသိချင်လား” သူ့ရှေက စုရှောင်ရှန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက်မှာ နောက်ဆုံးတော့ မေးလိုက်၏။

စုရှောင်ရှန်၏ မျက်၀န်းများ ၀င်းပသွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset